လူ့ မနော ပြော ရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ ။ လူ့ စိတ်က အတော်ခက် ။ “ ရတာ မလို ၊ လိုတာ မရ ” ဆို ပြီးပြောကြတယ် ။ ပြီးတော့လည်း “ ရလေ လိုလေ၊ အိုတစ္ဆေ” ဆိုပြီး သူ့ ဟာသူ နေတဲ့ တစ္ဆေ ကိုပါ ဆွဲထဲ့ပြီး ပြောကြသေးတယ် ။ တစ္ဆေ က မတော် လောဘ ရှိနေတာမို့ လို့ လား ။ လူတွေကသာ လောဘ ဒေါသ မောဟ မီး တွေ မငြိမ်းသတ် နိုင်ကြသေးတာပါပဲလေ ။
သူများအကြောင်း ပြောရင် အတင်းဖြစ်နေမစိုးလို့  ကိုယ့်အကြောင်း အရင်ပြောရပါအုံးမယ် ။ လောဘစိတ် နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန် စမ်းစစ်ကြည့်မိတဲ့ အကြောင်းလေးပါ ။
ခုတလော မယ်ကိ ဘုံပျောက်နေတာ ။ တကဲ့ကို နေစရာ အိမ်မရှိတော့ တာ ပါပဲ ။ မျောက်သစ်ကိုင်းလွတ် ဆိုတာ ခုမှ ယုံမိတယ် ။ အကြောင်း ကြောင်း ကြောင့် ခုလောလောဆယ် နေ့ ရော ညပါ တရက်မှာ ၂၄ နာရီ ၊ တပါတ်မှာ ၇ ရက် လုံးလုံး အလုပ်ထဲမှာ ပဲ နေ နေရ၊ အိပ်ရ ပါတယ် ။ စနေ နေ့ ညနေ အလုပ်ဆင်း ပြီးရင် အားနေပြီ ။တနင်္ဂနွေလည်း အလုပ်နားတော့ ဘယ်သွားရမှန်းမသိ ။ တနေ့ က စနေနေ့ ည ၊ ညနေစာ စားပြီး ယောင်လည်လည်မို့  အီလက်ထရောနစ် ပစ္စည်းရောင်းတဲ့ဆိုင် သွားပတ်မိတယ် ။ အကြောင်းရင်းကတော့ Sale ချလို့  ၊ ဆိုင်က ကောင်မလေး တယောက်က ဖုံးဆက် အသိပေးတာ နဲ့ အညောင်းပြေလမ်းလျှောက်ရင်း အဲ့ဒီဆိုင် ရောက်သွားတယ်ပေါ့ ။ ထုံးစံအတိုင်း သူတို့ ဆိုင်မှာ မင်ဘာကဒ်လုပ်ထားတဲ့သူ မှန်သမျှ Sale ချတဲ့ အချိန်ဆိုင်ထဲလာရင် လက်ဆောင် တခုခု ပေးပါတယ်။( ဒါကြောင့်လည်း တမင် ရောက်သွားတာ ပဲ လို့ စိတ်ထဲ ထင်လိုက်ပါတယ်။ အလကား ရမှာကိုး၊ ကိုယ့်မှာလည်း ရှိနေပြီးသား ၊ ဘာမှ လည်း အသုံး မလိုပေမဲ့လည်း ၊ အလကားရ လို့  လာယူကြသူတွေ ချည်းပါပဲ ၊ )။
ဒီလိုနဲ့ ဟိုကြည့် ဒီကြည့် ။ ဘာဝယ်ရင်ကောင်းမလည်းပေါ့ ၊လျှော့ဈေး ဆိုတော့လည်း ဈေးကသက်သာနေတော့ ထုံးစံအတိုင်း လက်ယား စိတ်ယားပေါ့ ။ ( လိုချင်တပ်မက်စိတ် တမျိုးပါပဲ ) ။ကိုယ့်အကြိုက် Musical Instrument တွေ ရောင်းတဲ့ နေရာလေးမှာ သီချင်းနားထောင်ရင်း ဟိုစမ်း ဒီစမ်း( သီချင်း အစမ်း နားထောင်တာ ပါ ) နဲ့ sound box တစုံတွေ့ တယ် ။ ကိုယ့်မှာ ရှိပြီးသား ၃ ၊ ၄ မျိုး ရှိနေပေမဲ့ ဒီဇိုင်းသစ်လေး တွေ့ တော့ လိုချင်မိပြန်ရော ။ ဒီင်္လို နဲ့ ear phone တွေ ရောင်းတဲ့ နေရာမှာ သားအဖ နှစ်ယောက် အပြန်အလှန်ပြောနေတဲ့ စကား ကို ကြားမိလိုက်တယ်။ သားက ၁၂ နှစ် အရွယ်လောက် ရှိမယ် ။
“အဖေ ။ ကျွန်တော့်ကို ဒီ ear phone တခု ဝယ်ပေးပါ ”
“ မင်း ကို ဟိုတလောက ပဲတခု ဝယ်ထားပေးပြီးသားလေ ။ ဘာလည်း ပျက်သွား ပြီလား ”
“ မပျက်ပါဘူး အဖေရ ။ အဲ့ဒါ က MP3 နားထောင် တာလေ ။ ဟို အရင် တခု က ဖုံး မှာ တပ်ထားတာ ။ ခု ကျွန်တော့ ကွန်ပြူတာမှာ တပ်ပြီး နားထောင်ချင်လို့ ပါ ”
“ ဟကောင်ရ ငါ့လချီးမှ ပဲ ။ မင်းမှာ နား က ဘယ်နှစ်ခုတောင် ရှိလို့  ဒီလောက် နားကြပ်တွေ အများကြီး လိုနေရတာ လည်းကွ ၊ ပြောစမ်းပါအုံး ” တဲ့ ။
အဖေကြီး ပြောတဲ့စကား က ရုတ်တရက် ကြားလိုက်ရတာ နဲနဲ ရိုင်းသလို ဖြစ်နေတော့ သူ့ ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတယ် ။ သူကတော့ ခပ်တည်တည်ပါပဲ ။ သူ့ သားကို အော်ကြီးဟစ်ကျယ် မြည်တွန်တောက်တီးရင်း ဆိုင်အပြင် ထွက်သွား ပါလေရော ၊
ဒီတော့ မှ လိုချင်တပ်မက်တဲ့ လောဘကြောင့် ။ ဆိုတဲ့ အသိတရား ဝင်လာ မိလို့ ၊ အဲ့ဒီနေ့ က ပိုက်ဆံတပြားမှ မထွက်ပဲ တပ်ခေါက် လာမိ ပါတော့တယ် ။ သူပြောတာလည်း ဟုတ်နေတာပဲလေ ။ ဒီရုပ်ဝတ္ထု ပစ္စည်း ဆိုတာ မရှိမဖြစ် လိုအပ်လှတဲ့ အရာ တခု မှမဟုတ်တာ ၊ ရောင့်ရဲ စိတ်ကလေး ထားတတ်ရင် မလိုလားစရာ အပူမီးတွေ လောင်ကြွမ်းနိုင် မယ် မထင်ပါ ။
အရင်ကဆို တွေ့ သမျှ အဆန်းတွေ အသစ်တွေ တွေ့ တာ နဲ့ လိုချင်စိတ် ပေါက်မိတယ် ။ အရမ်းကြိုက်တဲ့ ပစ္စည်းဆို ဘာမှ သိပ် မစဉ်းစား ပဲ ဝယ်ဖြစ်တယ် ။ ကြာလာတော့လည်း ရိုးသွား အီသွားတဲ့ သဘောပဲ နဲ့ တူပါတယ် ။ ဒီလောက်ကြီး ခရေးဇီး မဖြစ်မိတော့ဘူး ၊ အသစ်တွေ က နေ့စဉ် နဲ့ အမျှ ပေါ်ထွက်နေကြတဲ့ ရုပ်ဝထ္ထု ကြီးစိုး တဲ့ ခေတ်ကြီးမှာ ထွက်သမျှ အသစ်ပေါ်သမျှသာ လိုက်ဝယ်နေရရင် ဘယ်တော့မှ အဆုံးသပ်နိုင်မယ်မထင် ။ကိုယ့်အိုး ကိုယ့်ဆန် တန်သလောက် သာ ဝယ်ခြမ်းသုံးစွဲ မှသာ အကြွေးမတင် နောက်ကြောင်းရှင်းရှင်းနဲ့ စိတ်အေးချမ်းသာ ရနေနိုင်မှာပါ ။
အကြွေးဝယ်ယူခွင့် ရတဲ့ ခရက်ဒစ် ကဒ် တွေ ဆိုတာ လည်း ရွှေပြည်ကြီးက လွဲရင် ကမ္ဘာ အ နှံ့  နေရာတိုင်း နိုင်ငံတိုင်းမှာ အလွယ်တကူ သုံးစွဲ လို့ ရနေတော့ ကောင်းကျိုးတွေ ရှိသလို မကောင်းကျိုးတွေပါ ဖြစ်တတ်ကြတယ် ။ခရက်ဒစ်ကဒ်ကို ရွှစ်ကနဲ ဆွဲပြီး ပစ္စည်းတခုကို လွယ်လွယ်ကူကူ ရလိုက်ချိန်မှာ လောလောဆယ် ကိုယ့်အိတ်ထဲက ငွေစက္ကူလေးတွေ မထွက်သွားတော့ ပျော်စရာကြီးလိုလို ပဲ ။အလကားရတာ ကျနေတာပဲလေ ပျော်လို့  ပြုံးလို့ ပေါ့ ။ နောက်တစ်လ နေလို့  ငွေတောင်းတဲ့ ဘီလ် စာရွက် လာတော့ မှသာ မျက်လုံး ရော မျက်ဆန်ပါ ပြူးကြတယ် ။ ဟိုက် ...ငါ ဘယ်တုံးကများ ဒီလောက် အများကြီး သုံးမိပါလိမ့် ၊ ဘာတွေများ ဝယ်မိပါလိမ့် လို့ စဉ်းစားရင်း ၊ ဟဲ့ ငါ့ကဒ်ကို ဘယ် သူများ သုံးသွားပါလိမ့် လို့ ဇဝေဇဝါ ယုံထင်ကြောင်ထင် ဖြစ်တတ်ပါသေးရဲ့  ။ တချို့ များဆို လူတယောက်ထဲ နဲ့ အကြွေးဝယ်ခွင့် ကဒ်တွေ အခု လေးငါးဆယ် လုပ်ထားပြီး ဂုဏ်ယူဝံ့ကြွားစွာ ဝယ်ဟယ် သုံးဟယ် နဲ့  ကြွေးစာရင်း လာတော့ မှ အချိန်မီ မဆပ်နိုင် ၊ အတိုးတွေ တက် ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ တဲ့ ထိတောင် အခြေအနေ ဆိုးဝါးသွားကြတာတွေလည်း တွေ့ ရ ကြားရတာ မကြာခဏပါပဲ ။ ဒါက ရလေ လိုလေ ။ မချိန်ဆပဲ ဖြုံးမိလို့  ဖြစ်ကြရတဲ့ အဖြစ် တွေပါ ။ အသုံး နဲ့  အဖြုံးကို ခွဲခြား နားလည် ဖို့  အရေးကြီးတာပေါ့ ။
တချို့ များဆို ရလေ လိုလေ က ပိုဆိုးသေး ။ ကိုယ်တိုင်ဘာမှ အားစိုက် မလုပ်ရပဲ မလုပ်ချင်ပဲ အလကား ရနေတာကို တောင် မတင်းတိမ်နိုင်သေး ။ ရပြီးရင်း ရချင်နေတော့တာလေ ။ ရှာရတဲ့သူက မောမောပန်းပန်း ရှာပြီး ပေးရ တာကို သဘောမပေါက် ၊ ဝါဇီ ငွေလုပ်စက် ကြီးတခု အပိုင်ရထားသလား မှတ်တယ် ၊တခုခုဆို ရီမုတ်ကွန်ထရိုး စက်ခလုပ်နှိပ်လိုက်ရုံနဲ့ လိုတာ ရတယ် ထင်နေတော့ နှိပ်ပြီးရင်းနှိပ် ပေါ့။ ပေးသူ ယူသူ လွန်ကြည်ဖြူ နေကြတဲ့ အခိုက် အတန့် လေး မှာ လောကကြီး သာယာလိုက်တာလေ ၊ အဆင်မပြေကြတဲ့ အခါများ မတော့ ခက်ကုန်ကြပြီ ။ တောင်းသလောက် မပေးရ ကောင်းလားဆိုပြီး ရန်သူသဖွယ် သဘောထားတာတွေ ဖြစ်လာတယ် ။ ဒီမှာ မကြာခဏ ကြားရတဲ့ သတင်းတွေကတော့ အရက်သမား ။ ဘိန်းစား ။ လောင်းကစား သမား သား သမီး ၊ တွေက မိအို ဖအိုကြီးတွေ ဆီ လက်ဖြန့် တောင်းတာ မရ တဲ့ အခါ ရိုက်လား ၊ သတ်လား ဖြစ်ကုန်ကြတယ် ။ လင်မယား တွေလည်း ထိုနည်း ၄င်း ပေါ့ ။ ထားလိုက်ပါတော့ ။ ကိုယ့်အပူ မဟုတ် ပူနေမိသေးတယ် ။
ဒီတော့ ကိုယ့်စိတ်ပဲ ကိုယ်နိုင်အောင် အရင် ထိန်းဖို့  လိုနေသမို့  အသုံး နဲ့  အဖြုံး ကို သေချာ ခွဲခြား စမ်းစစ်မိတယ် ။ လောဘစိတ်ကို ထိန်းနိုင်ရင် နောက်ဆက်တွဲ ဖြစ်လာမဲ့ ဒေါသ တွေ မောဟတွေလည်း နည်းပါးသွားမှာပါ ။ဒီလောက်လေး တွေးမိပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မိပြန်တယ် ။ ဒီတော့ ထုံးစံ အတိုင်း ဆ.. ဆရာကြီး လုပ်ချင်မိပြန်ရော ။ တခြားသူတွေ ကို ပြော မရမဲ့ အတူတူ ကိုယ် နိုင် တဲ့ သူ ကိုပဲ ပြောရမယ် လို့  ပစ်မှတ် ရှာ ကြည့် နေတုံး တွေ့  လိုက် တော့ အတော်ပဲ လို့ဝမ်းသာ အားရ နဲ့ ..
“ ငလုံးရေ ၊ အိမ်သားတွေ နေကောင်းကြလား၊ စာကြိုးစား နော် ။ အပိုတွေ မဖြုံး နဲ့  ”လို့ ဂျီတော့မှာ ခဏတွေ့ လိုက်ရတဲ့ တူတော်မောင်ကို ဆရာလုပ်ပြီး ပြောလိုက် မိပါတယ် ။မီးစိမ်းလေးက ဖြတ်ကနဲ ပျောက်သွား ပါလေရောလား၊ အင်းလေ ။ ရွှေပြည်ကြီးက လိုင်းတွေဆိုတာ လူတွေလိုပဲ ဂဏှာ မှ မငြိမ်တာ ၊ တက်လိုက် ကျလိုက် ဖြစ်တာ နေမှာ ပဲ လို့  စိတ်ထဲ ထင်မိသေး ၊ ဒီတော့လည်း မေ့မေ့လျောလျော့ ပဲ နေလိုက် တာပေါ့ ။ နောက်နေ့  ကိုယ့် ဂျီတော့ ပြန် အဖွင့်မှာ မြင်လိုက်ရတာ က ....
“ ဒေါ်ကိ ရေ ..သား Wii က ရီမုတ်ကွန်ထရိုး အကောက်တံလေး တချောင်း ထပ်လို နေသေးတယ် ၊ ၂ စုံ ပြည့်မှ သူငယ်ချင်း တွေ နဲ့  ကစားလို့ ကောင်းမှာ ဗျ ” လို့  ဂျီတော့မက်ဆေ့ ခ်ျလေး တခု ချန်ထားခဲ့တာ တွေ့ လိုက်ရတော့ .... ဪ ... ငါ့နှယ် ၊ မပြောမိ အကောင်းသား ရယ်၊ အင်းလေ ၊ဟုတ်ပါရဲ့  ငါ့ကိုယ်က လိုပါတယ်၊ အစတည်းက တစုံ နဲ့  တချောင်းပဲ ဝယ်ပေးလိုက်မိတာကိုး .. လို့  သူ့ ဖက်ကို ဖေါ့တွေးတွေးပြီး တယောက်ထဲ ငြီးတွား နေရပါတော့တယ် ။
ကိုယ့် တူ၊ တူမလေး တွေတောင် ပြောမရတော့ ၊ အင်း လေ ။ ဘယ်သူ့ မှ လည်း မပြောချင်တော့ ပါဘူး ။ ဟို“ ရလေ . ၊လိုလေ ” ကြီးတွေ ဆို ပိုခက် အုံး မှာ ... ခုတောင် ဘောင်းဘီစိမ်းကြီးတွေ ချွတ် ပြီး “ ပုဆိုး နဲ့ တိုက် ပုံ ဝတ်လာ ပါ ” လို့  ဒေါ် နွဲ့ ယဉ်ဝင်း ဆိုခဲ့ဖူးတဲ့ သီချင်း လေးကို သဘောကျ လို့  သရုပ်ဖေါ် ကြ ဦး မတဲ့  ။သီချင်း ထဲကထက် ပိုသာတာက “ ဘောင်းတော်စ ” ပါ တဆင်စာ ပါသေးသတဲ့လေ ။
အဲ... နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်ပြန်တာပါပဲလား ။
ဟိုးတလောက ပြောမနာ ဆိုမနာ မိတ်ဆွေ အပေါင်းအသင်းများ နဲ့ အားလပ်ရက် တရက် ၊ ဆိုင်တဆိုင် မှာ စားရင်းသောက်ရင်း စကားစမြည်ပြောဆိုကြတော့ သောကြာသမီး မဟုတ်ပေမဲ့ စကားအလွန်များသော မယ်ကိ တယောက် အစသန် အနောက်သန် နဲ့ မို့  ထမင်းတူတူ စားနေတဲ့ ဘလော့ဂါ ညီမငယ်လေးတယောက် ကို စချင်စိတ်ပေါ်လာမိတယ် ။ ဘာလို့ ဆိုတော့ တဝိုင်းလုံး စကားဖေါင်ဖွဲ့ ပြောဆိုနေကြပေမဲ့ သူကတော့ ဘာမှ မဆိုင် သလို မြိန့်  မြိန့် ကြီး ထိုင်လို့  ၊ ပြုံးတယ် ဆိုရုံလေး ပြုံး နေလို့  ၊ သူ့ ကို နောက်ပြောင် ပြောဆို ချင်လာမိတယ် ပေါ့ ။ သူ့ နာမယ် ကို ပူး လို့ ပဲ အတိုကောက် ခေါ် ပါတယ် ။ ဒီတော့“ ပူးမှာ ပါးစပ်ပေါက် မပါဘူး ထင်တယ်” လို့  တယောက်က ပြောတဲ့ အခါမှာ မယ်ကိ ရဲ့  ပုံပြင်လေးတပုဒ် မထင်မှတ်ပဲ ပြောဖြစ်သွားတယ် ။ သူ့ ကို နစ်နာစေလို လို့  ပြောတာ မဟုတ်ပဲ စရုံ သက်သက် ပါ ။ ဒါပေမဲ့ အရောင်တွေ ပါတဲ့ ရယ်စရာ မို့ ၊အပျိုဖြန်းလေး သူ့ ခမျာ ရှက်သွားရှာလေ မလား လို့  ခုမှ တွေးမိတာ နဲ့ ဒီစာလေးတပုဒ် ရေးဖြစ်ပါတယ် ။သူ့ ကို အရှက်ရစေလား တော့မသိ ၊ မယ်ကိ အဖေတော့ ရှက်သွားဖူးတာ နဲ့ မို့ ပါ ။
( သတိ / အသက် ၁၈ နှစ်အောက် များ မျက်စိ တဖက်မှိတ်ပြီး ဖတ်ပါရန် )
ဒီပုံပြင်လေး အကြောင်း မပြောခင် အဖေ နဲ့  အမေ အကြောင်း အနဲငယ်မျှ ငယ်ကျိုးငယ်နာ ဖေါ်မှ ဖြစ်မယ် ။ ဘာလို့ ဆိုတော့ ဒီင်္ ပုံတိုပတ်စ ၊ အပြာရောင် ၊ အဝါရောင်တွေ ဆိုးထားတဲ့ ဟာသ များ ဟာ မယ်ကိတို့  ငယ်စဉ် ကတည်းက အဖေနဲ့ အမေတို့ ၊ တယောက်နဲ့ တယောက် စရင်းနောက်ရင်း ပြောနေကြ မို့  ကြားဖူးနားဝ ဖြစ်နေခဲ့တာပါ ။
ဒီလို ..ဒီလို .. ရှင်းလေ ရှုပ်လေ မို့  တည့်တည့် ပဲ ပြောပါတော့မယ် ။ အဖေက ငယ်ငယ်တည်းက စစ်သားပါ ( ခုခေတ် စစ်သား မဟုတ် ) ။ လူပျို ဘဝ တည်းက အားကြီး အလှအပကြိုက် ။ သူ တို့ ခေတ်က ကျော်ဆွေ တို့  ခင်ယုမေ တို့ ခေတ်ဆိုတော့၊ သူ့ ကိုယ်သူ မင်းသား ကျော်ဆွေများ မှတ်နေသလား မသိ ၊ဆီတွေ ပြန်နေအောင် လိမ်းပြီး ဆံပင်ကို အမောက်ထောင် တယ် ။ ကျော်ဆွေ စတိုင် လိုက်ဖမ်းတယ် ပေါ့ ။ အံမယ် ဒါနဲ့တင် မပြီးသေး ၊ကျော်ဆွေ ထက် ပိုတာက နှာခေါင်းမွှေးစစ ပါ ထားလိုက်သေးတယ် ဆိုပဲ ။ဒီလိုနဲ့ သူ ဘာဖြစ်တယ် မသိပါဘူး ။ ဆေးရုံ တက် ရတော့ သူနာပြု ဆရာမပေါက်စ အမေ နဲ့ တွေ့ ပြီး ။ အပြောကောင်း ၊အကျူ ကောင်းတာ နဲ့ သမီးရည်းစား ဖြစ်ကြရော တဲ့ ။ (ခုလို အီးခေတ်ကြီးထဲမှာဆို အဖေလည်း အွန်လိုင်း ချက်တင် မင်းသား ဖြစ်လောက်တယ် ) ။ အဖေ့ ကို တပ်ထဲမှာ“ နှုတ်ခမ်းမွှေး” လို့  ခေါ်ကြတယ် ။ အမေက နမ့်ခမ်း ဒေါက်တာ ဆီးဂရေ့ ဆေးရုံက သူနာပြုဆရာမ ပေါ့ ။ ( ဒေါက်တာ ဆီးဂရေ့ ဆိုတာ မြန်မာ ပြည်မှာ တာဝန်ထမ်းပြီး ဆေးရုံ ရယ်၊ လူနာတွေရယ် ။ ဆရာဝန် ဆရာမတွေရယ် ကို အလွန်သံယောဇဉ်ကြီး တဲ့ ၊ စည်းကမ်းကြီးတဲ့ အမေရိကန်သား ဆရာဝန်ကြီးပါ ) ။
အဲ့ဒီမှာ တွေ့  ပြီး ချစ်ကြိုက်ကြ ပြီးတဲ့ နောက် အိမ်ထောင်ပြုပြီးနောက် ။ ယောင်နောက် ဆံထုံးပါ ဆိုသလို အဖေ့နောက် အမေပါသွားရော ။ ဒီတော့ မြေပြန့် ရောက်လာပြီး သူနာပြု ဆက်လုပ်တယ် ။ အစိုးရဝန်ထမ်း ထုံးစံအတိုင်း ဟိုပြောင်း ဒီရွှေ့ နဲ့ မယ်တရွာ မောင်တမြို့ ပေမဲ့ လဲ ကလေးတွေ တပြွတ်ပြွတ် မွေးဖြစ်တယ်၊ စုရင်းဆောင်းရင်းနဲ့ ဒါဇင်ဝက် ရှိသွားတယ် ။ (ခုခေတ်မှာ ဒီလောက်မွေးရရင် ဒုက္ခပေါ့ ) ။ဒီလိုနဲ့ အဖေ့ နှုတ်ခမ်းမွှေးကလည်း ပို ရှည် ရှည်လာ တော့ တယ် ။့ ၊ တနေ့ မှာ အမေက ပြောတယ် “ ရှင့်အမွှေးတွေ လူမြင်မကောင်းတော့ဘူး ၊ ရိတ်ပါအုံး ” လို့  ပြောသတဲ့ ။ အဖေကလည်း ပေကပ်ကပ် နဲ့ မရိတ်ပဲ ဒီအတိုင်းထားသတဲ့ ။ အမေတို့ ဆရာမတွေ ဆိုတာကလည်း အလုပ်သဘောအရ မတော်တရော်တွေ မြင်ရ ၊ကိုင်တွယ်ရတာတွေ နဲ့ ၊ အလုပ်ထဲမှာ အပြာရောင် အဝါရောင် ဟာသတွေ အချင်းချင်းပြောနေကြတာ ရိုးနေပါပြီ ။
အဲ့ဒါ နဲ့ ပဲ အမေက အဖေ့ ကိုဆက်ပြောသတဲ့ ၊ ဒီမှာ ရှင် ရိတ် မလား ။ ကျွန်မ ပြော ရမလား ပေါ့ ။ ဒီလို နဲ့ပဲ အမေ့  ဟာသလေးတပုဒ် ပြောဖြစ်တာပါ ။
တနေ့ မှာ လင်မယား နှစ်ယောက် နဲ့ ကလေးများ ပါတဲ့ မိသားတစု ဟာ အိန္ဒိယ စားသောက်ဆိုင်တခု မှာ စားသောက်နေကြသတဲ့ ။ အိန္ဒိယအစားအစာ ဆိုတော့ ထုံးစံ အတိုင်း ပဲဟင်း က ရှောင်မလွတ်ဘူးပေါ့ ။ ပူရီဟင်း ။ ချပါတီ ။ နံပြား ။ တို ရှည် ။ ဘာပဲ စားစား ပဲနီလေးတို့ ၊ ကုလားပဲ ဟင်းရည်တို့  ကတော့ ပါကြ တာလေ ။ ပြီးတော့ ချပ်သနီတို့  မန်ကျီးအချဉ်ရည် တို့  ရောပြီး ၊ ဟင်းဖတ်တွေကို ငှက်ပျောရွက်မှာ ထဲ့ ၊ ပြီးတော့ လက်နဲ့ အားရပါးရ တွယ်ကြရတာ ကိုး ။ ဒါတင်မက လက် ၅ ချောင်းစလုံး တပြွတ်ပြွတ် စုပ် တတ်ကြသေးသတဲ့ ။(ခုတော့ ဒို့ မိတ်ဆွေ တို့  ၊သဲဝါရ် တို့  ၊ မြို့ တော် တို့  အပါအဝင် အိန္ဒိယ စားသောက်ဆိုင် တွေမှာ ပုံစံခွက်ဒန်ပုဂံပြးတို့၊ ကြွေပန်းကန်ပြားတို့ ၊ ဇွန်းခက်ရင်းတို့  နဲ့ ဖြစ်နေကြပါပြီ ၊ဒါပေမဲ့  လက်နဲ့စားသူများလည်း အများကြီး ရှိနေပါသေးတယ်၊ ဒီလိုစားမှ အရသာ ပိုရှိတယ် ဆိုပဲ ) ။ ဒီ မိသားစု အနားမှာ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးရှည်ကြီးနဲ့  ကုလားအဖိုးကြီး တယောက် လဲ စားသောက်နေသတဲ့ ။
ကလေးများက ထုံးစံ အတိုင်း စပ်စုတတ်ပေသမို့  သူတို့  အနားမှာရှိနေတဲ့ ကုလားအဖိုးကြီး ရှလူးရှလဲ အသံပေါင်းစုံ နဲ့  စားနေတာကို ငေးပြီးကြည့် နေကြသတဲ့ ။ ပြီးတော့ သူတို့ချင်းချင်း လက်တို့  ပြောရာက အငြင်းပွားလာကြသတဲ့ ။
အငယ်ကလေးက ပြောတယ် ။ ဟို အဖိုးကြီး က ပါးစပ်လဲ မပါပဲ ဘယ်လို စားသလည်း လို့  သူ့  အကို ကို မေးတာပေါ့ ။ဒါနဲ့ အကိုလတ်က အေး ၊ဟုတ်တယ် ။ ဘယ်လိုစားသလည်း မသိဘူး ။ ငါလည်းသိချင်တယ် ပေါ့ ။ ဒီတော့ အကိုကြီး က
သူ့ မှာ ပါးစပ်တော့ ပါမှာပေါ့ ။ ဒါပေမဲ့ ဘယ်နေရာမှာမှန်းမသိဘူး ။ လို့ဆိုတယ် တဲ့ ။ ဒီလို နဲ့  တယောက် တပေါက် မေးရင်း ပြု ရင်း ဘာမှန်းမသိတော့ ကလေး သုံးယောက်စလုံး အဖိုးကြီး ရှေ့ မှာ သွားထိုင် ပြီး တအံ့တသြ ကြည့်ကြသတဲ့ ၊ အဖိုးကြီး မုတ်ဆိတ်တခုလုံးလည်း ပဲဟင်းရည်တွေ နဲ့  ပေကျံ ရှုပ်ပွ နေလေတော့ ဘာနဲ့တူမှန်းမသိ ကြလို့  ။ မေမေရေ ၊ဒီအဖိုးကြီး မှာ ပါးစပ်လည်းမရှိဘူး ။ဒါပေမဲ့ လမ်းထိပ်က အရူးမကြီး အီးပန်းတုံးက လိုမျိုး တူတူ ပဲ ဆို ပြီး သူ တို့  အမေ ဖြစ်သူ ကို လှမ်းအော် ပြောသတဲ့ ။ ဒီတော့မှ အဖိုးကြီးလည်း ရိပ်မိသွားတော့ ဒေါသတကြီး ပြန်ပြောတာ က
“ ဟဲ့ ကလေးတွေ ၊ ဒီ မှာ ကြည့် ကြ ။ ဒါ ငါ့ပါးစပ် မဟုတ်လို့  နင်တို့  အမေ X X ကြီးလား ဟဲ့ ” လို့ ဆိုလေသတဲ့ ။
ဒီဟာသ လေး ကို အမေက အဖေ့ ကို ပြော ပြ ပြီး နောက်သကာလ မှာ အဖေလည်း သူ့  နှုတ်ခမ်းမွှေး ကိုစမ်းလိုက် မုတ်ဆိတ်မွှေးငုတ်စိလေးကို စမ်းလိုက် နဲ့ တဟဲ ဟဲ ရယ် ပြီး၊ နေ့ မကူး ပဲ သူ့ အမြတ်တနိုးနှုတ်ခမ်းမွှေးတွေကို ရှင်းလိုက် ပါလေရောတဲ့ ကွယ် ။
ဪ .. ပါးစပ်ပေါက် ။ ပါးစပ်ပေါက် ။ စားတတ်တဲ့ သူတိုင်း ပါးစပ်ပေါက် ပါမှ ဖြစ်တာပါလား ။ ပါးစပ်ပေါက် မတွေ့ တိုင်း မစားတတ် မဝါးတတ် ထင်ရင် မှားသွားပါလိမ့်မယ် ...
( အထက်ပါ ပုံလေးကို ဂူဂယ် မှ ရှာဖွေ ရယူ ထားပါတယ် ) မယ်ကိ အဖေ ဒီလောက် မချောကြောင်းပါး))
တမလွန်ဘဝမှ အဖေ အား အမှတ်တရ ငယ်ကျိုးငယ်နာ ဖေါ်မိတာ ခွင့်လွှတ်တော်မူ ပါ အဖေရေ ....
( ဇာတ်လမ်း မစမှီ ထဆင်ထူး ဘော်ဒါကြီးများ နေထိုင်သော သီရိ ဂေဟာ အိမ်ကြီး၏ ဖွဲ့စည်း တည်ဆောက်ပုံအကြောင်း အနည်းငယ် မိတ်ဆက်ပေးပါမည် ၊ သို့ ပါမှ အလွယ်တကူ မြင်ယောင် နိုင်မှာ ဖြစ်သည် ။ သူတို့ ၏ ၅ထပ်ပေါ်သို့ တက်ရာ လှေခါးမှာ ၄ထပ်ရှိ သူမအိမ်ရှေ့  တံခါးတည့်တည့်မှ ချိုးပတ်ပြီး တက်ရသည်မို့  ၅ထပ်သို့  အတက် အဆင်း လုပ်သူတိုင်းကို သူမ အခန်းမှနေပြီး ကြည့်မြင် နိုင်ပါသည် )
အခန်း(၁) တခုသော ကြားရက် ၊ ညနေစောင်း ညီအကို မသိ တသိ အချိန်....
“ ကလင် ကလင် ကလင် ”
တံခါးခေါင်းလောင်းသံ ကြား၍ အမောင် မျှစ်ချိုးဟင်းက သူ့ ရည်းစား ပြန်လာပြီ အထင်ဖြင့် ကမန်းကတမ်း ပြေးဖွင့်ပေးလိုက်သည် ။ပြီးတော့ အသက်ရှု ရပ်ပြီး၊ ကြက်သေသေ သွားသကဲ့သို့  မတ်တပ်ကြီး မှ မလှုပ် မရှား ဘာသံမှ မကြားရ ပါသဖြင့် ၊ အိပ်ခန်းထဲတွင် နှပ်နေသော ကိုညောင်ရမ်း လည်း ဧည့်ခန်းဘက် ထွက်အလာ မှာ သူ၏ ခြေလှမ်းများမှာ လည်း ကြမ်းပြင်မှာ ဆူပါဂလူး ( အကြီးစား ကော် ) ဖြင့် အကပ်ခံထားရသကဲ့သို့  နေရာမှ မရွေ့ လျှား နိုင်တော့ပေ ။ သူတို့  နှစ်ယောက်သား ပါးစပ်မှာအာစေး အထဲ့ ခံ ထားရ ပြီး ၊ စပါးကြီးမြွေ အညှို့ ခံ ထားရ သကဲ့ သို့  ပြုစား လိုက်သူ လေး မှာ ဆင်မယဉ်သာ ဟန်မျိုးဖြင့် သူ တို့ ၏ လူပြို ဂေဟာ ကြီးထဲသို့ တလှမ်းချင်း ဝင်ရောက်လာပါတော့သည် ။
အိမ်ရှေ့  ဧည့် ခန်း ထဲရောက်မှ ..ထန်းညက်ခဲပေါ်တွင် ပျားရည်လောင်းထားသကဲ့သို့ အသံလေးဖြင့်...
“ကျွန်မက ၄ ထပ်မှာ နေတာလေ ။ အိပ်ခန်းသော့ အထဲမှာ ကျန်နေရစ်လို့ အိမ်ရှင်ဆီ ဖုန်းဆက်ချင်လို့  ခွင့် ပြု ပါနော် ။”
၎ ထပ်မှာ လည်း သူတို့ တွေ ကဲ့သို့  အခန်းငှားနေကြသူများ ရှိကြသည် ။ ထိုအခန်းများ၏ ပိုင်ရှင်မှာ တဦးတည်းဖြစ်ပြီး ထိုပိုင်ရှင်၏ ဖုန်းနံပတ်ကို ဖိုးဆိုချင် မျှစ်ချိုးဟင်းက သိသည် ။ ဒီတော့ မြှားဦးက သူ့ ဖက်သို့ ဦးတည် လာပေပြီ ။ အိမ်ပိုင်ရှင်ဆီသို့ ဖုန်းဆက်အပြီး မှာတော့ ပြသနာ မပြီးသေးပဲ ခုမှ ဇာတ်လမ်းစ ပေသည် ။ အကြောင်းမှာ ၄င်း အိမ်ကြီးရှင် က အဝေးသို့ ရောက်နေသဖြင့် ထို အခန်းသော့အား ချက်ခြင်း လာမဖွင့်ပေးနိုင်သေးကြောင်း ။ ထို့ ကြောင့် မြန်မာပီပီ “ ကူညီ ပါရစေ” စိတ်ရှိနေကြသော ထိုသူ မောင်မင်းကြီးသားနှစ်ဦးမှာ မိန်းမပျိုလေး တယောက်တည်း ညအချိန်ကြီး အိမ်ပြင်မှာ ရပ်စောင့်နေရသည် မှာ မသင့်တော် ပါကြောင်း တွေးမိပြီး ထို သူမလေး အား အိမ်ရှင်သော့လာဖွင့်ပေးချိန်အထိ သူတို့ ၏ အိမ်တွင် ထိုင်ပြီး စောင့်နိုင် ပါကြောင်း၊ လူမှုရေးအရ လောကွတ် ပြုမိလေတော့သည် ။ ( ဤမိန်းကလေး၏ နေရာတွင် ကိုးတောင်ကျားကြီး အဲ့ လေ အတောင် ၂၀ ဝတ် မြင်းယောကျာင်္း ပါ ဆိုပါက ဘယ်သို့  ဘယ်ပုံ ပြောဆို လွှတ်ပေ မလည်း ဟု အကျွန်ုပ် မှာ မဆီမဆိုင် တွေးမိလိုက်သေးသည် )
ဒီလိုနဲ့ စကားစမြည်ပြောကြရင်း ထမင်းစားချိန်ရောက်လာပြီဖြစ်သည် ။ ဒီတော့လည်း အိမ်ရှင်ပီပီ ထမင်းအတူ စားသွားဖို့ အကြောင်း ဖိတ်ခေါ်ရပေတော့သည် ။ ခေတ်ကာလ မိန်းကလေးမို့လား မသိ ၊ ပွင့်ပွင့် လင်းလင်းရှိလှ သူ ထို မိန်းကလေး မှာ တချက်မျှ ဟန်လုပ်၍ပင် မငြင်း ၊ နှစ်ခါ မခေါ်ရ ။ ထမင်းဝိုင်းသို့  ဝင်လွေးပါတော့သည် ။ ဟင်းတခွက် ပိုစေလိုသော စေတနာ ဖြင့် ကိုညောင်ရမ်းက ဂေါ်ဖီထုတ်ကြီး လှီးကာ ကမန်းကတမ်း ထပ်ကြော်ပေးသေးသည် ။ ဆာ လောင်မွတ် သိပ် နေသူ အလား ၊ အားရပါးရ စားသောက်နေ သူ မိန်းကလေးအား ကြည့်၍ အလှူရှင် နှစ်ဦး မှာ သဒ္ဒါပေါက်ကာ ကြည်နူးနေကြသည် ပေါ့ ။ စား ပြီး သောက်ပြီးမှာတော့ လုပြည် ဝပြည် ထုံးစံအတိုင်း ရေနွေးကြမ်းလေးသောက်ရင်း ဖြင့် အိမ်ရှင် အလာကိုစောင့်ကြသည် ၊ ထို အချိန်တွင် ညအတော်မှောင်နေပြီ ဖြစ်သဖြင့် ဆောင်းလေအေး အဝှေ့  သူငယ် မလေးခမျာ ချမ်းလို့  ခိုက်ခိုက်တုန်လာပြီ ဖြစ်သည် ။( ချမ်းရှာပေမပေါ့ ဝတ်ထားသည်က ဘောင်းဘီ တိုတို ၊အကျီင်္ တိုတို ဆိုတော့ သူ့ ခမျာ ဒီဇင်ဘာ အချမ်းကို အံမတုနိုင်ပေဘူးပေါ့ ) ။
“ ရှင်တို့  အိမ်မှာ အရက် ကလေးများ မရှိဘူးလား ဟင် ”
ငါးပါးသီလ ထဲမှ မုသာဝါဒ ကို မချိုးဖေါက် လိုသော မောင်မင်းကြီးသား ၂ ယောက် တယောက် မျက်နှာ တယောက်ကြည့်ကာ အဓိပ္ပါယ်ဖေါ်အပြီး တွင် ရိုးသားသော မျှစ်ချိုးဟင်း ( အသားမပေါ ၊ အရိုးများသော ချေးခါးသော ဟုယူဆလျှင်လည်း ရနိုင်၏) က အခန်းထဲတွင် ဖွက်ထားသော တစ်ဝက်မျှကျန်နေသေးသော ဗော့ဒကာ ( Vodka)ပုလင်းကြီးအားထုတ်ပြီး ဧည့်ခံရပါတော့သည်။အမျိုးကောင်းသား နှစ်ယောက်ခမျာ မတော့ အရှက်အကြောက် ကြီး သူများပီပီ သူစိမ်း မိန်းကလေးရှေ့ မှာ ဗိုင်းကောင်းကျောက်ဖိ သဘောနှင့် ရေနွေးကြမ်းကိုသာ လှိမ့် သောက် နေကြလေသည် ။
ဆေးလိပ်ကို အသည်းအသန်ဖွာလိုက် ၊ ဗော့ဒကာလေး မော့လိုက် နှင့် ငြိမ့်နေသော ထို မိန်းကလေးမှာ လက်ကျန် ပုလင်း တဝက်လုံး ပြောင်သွားသည့်တိုင် အာမစွတ် လျှာမစွတ် ဖြစ်နေပုံရသည် ။ အားမနာတတ်စွာဖြင့် ..
“ ရှင်တို့ဆီမှာ ဝိုင်ကလေးများ ရနိုင်အုံးမလား ဟင် ”
ဒီတော့လည်း အားနာတတ်သော အမျိုးကောင်းသားနှစ်ယောက်မှ တယောက် ကို တယောက် မျက်လုံးခြင်း စကားပြောရပြန်သည် ။အထာများဖြင့် အချက် ပြပြီးသကာလ ၊ ကိုညောင်ရမ်းခမျာ တရမ်းရမ်းဖြင့် အောက်ထပ်ဆင်းပြီး ၇-၁၁(ဆဲဗြင်း-အလဲဗြင်း ) မှာ စပျစ်ဝိုင်တလုံး သွားဆွဲခဲ့ရလေသည် ။ ဩော် .. ဧည့် ဝတ်ကျေချင် သူမို့ ပါ ။
အဆိုပါ စပျစ်ဝိုင်တပုလင်းအား အလျှင်အမြန်သွားဝယ်ပြီးသကာလ အိမ်ပေါ်တွင် မဖိတ်ခေါ်ပဲ ရောက်လာသော ရွှေဧည့်သည် မိန်းကလေးအား ပျူငှာစွာ ဧည့်ခံရပြန်လေသည် ။ ကိုမျှစ်ချိုးဟင်း မှလည်း စေတနာ သဒ္ဒါ များလှစွာဖြင့် ငါးမုတ်ကြော် ကလေး ကို ထပ်ခါ ကြော်၍ အမြည်းဖန်တီးပေးရရှာသည် ။အံ့သြဘွယ်ရာ တပါးမှာ ဤမျှလောက်သော တပုလင်းခွဲသောက်ပြီးသည့်တိုင်အောင် ထိုမိန်းကလေးမှာ မူးသည့်ဟန် တစက်မျှ မပြ ပဲ ၊ ရေနွေးကြမ်းကိုသာ ဖိသောက် နေကြရရှာသော အမျိုးသားကောင်း နှစ်ဦးမှာ မူးချင် သလို ရူးချင်သလို ဖြစ်နေရခြင်းပါပေတည်း ။
ဤအချိန်တွင် ရေနံအလုပ်သမားကြီး အမိတဗဂျမ်း အဖြူလေး ခမျာ ဘုမသိ ဘမသိ ဖြင့် နေအိမ်သို့ ပြန်ရောက်လာပေသည်။ စားတော် မတည်မီ ၊ ရေမိုးချိုး ရန်ပြင်ဆင်လျှက်ရှိ ရာတွင် ၊စားတော်ဆောင်အတွင်းမှ ဖြစ်ရပ်မှန်များအား မသိသေးသဖြင့် လူပြိုကြီးများ လွပ်လပ်စွာ နေကြသော ထုံးစံအတိုင်း ၊ နံငယ်ပိုင်းဖြင့် အိပ်ဆောင်မှ ရေချိုးဆောင်တော်အကူး မြင်လိုက်ရသော မြင်ကွင်းတခုကြောင့် မိမိမျက်စိ မိမိမယုံနိုင်လောက်အောင် ခံစားလိုက်ရပြီး ကြက်သီးမွှေးညင်းများ ဖြန်းကနဲ ထသွားရရှာသည် ။ ခွန်နှစ်ဆောင်ပြိုင် ခန်းအတွင်း မီးမထွန်းပဲလင်းသွား လေပြီလား ၊ အရှင်လတ်လတ် နတ်ပြည်ရောက်သွားလေပြီလား ဟု ဝေခွဲ မရနိုင်လောက်အောင်ပါပေ ။ ချိုးတော်ဆောင် အတွင်းဝယ် နတ်မိမယ် တပါး ရောက်နေပါပေါ့လား ။သို့ ပေသောကြောင့် ဗိုက်ခေါက်လိန်ဆွဲနေကြ သူ့ မဟေသီ ကိုတောင် သတိမရနိုင်အား တော့ပါပေ ။
“ ခင်... ခင်. . ဗျား ... ဘ... ဘယ် သူ .. သူ လဲ ... ” တုန်ရီစွာဖြင့် မေးလိုက်သော ခြောက်ကွဲအက်ကြေ အသံဝေ များက ခလုတ်တိုက် ပြီး အဖြူလေး ဆိုသူထံ မှ ထွက်ပေါ်လာခြင်းပါ ။ ( ဤတွင် ချိုးတော်ဆောင် အတွင်းမှ အဖြစ် အပျက်များအား ၁၈ နှစ်အောက်များ ဖတ်မိမည် ကို စိုး၍ ဆင်ဆာ ဖြတ် ခြင်းခံလိုက်ရပေသည် ).......
မိန်းကလေးက ဘာမှပြန်မဖြေပဲ ချိုးတော်ခန်းမှ အပြေးတပိုင်း ထွက်သွားရှာတော့ ၊အမောင် အဖြူလေး ခမျာ ရင် တုန် ပန်းတုန် မချိတင်ကဲ ဖြစ်သွားရသည် ။ ရေဆေးငါး စင်းလုံးချော ဖြူဝင်းဝင်းလေး မှာ သူ့ မျက်စိထဲမှ မထွက်တော့ ။ ဒီလို နဲ့ ဘဲဥတလုံး ကျက်မျှကြာသောအချိန်တွင် သန့်စင်ခြင်းလုပ်ငန်းပြီးဆုံးသဖြင့် စက်တော်ရာ ခန်းသို့ ဝင်အလာ မှာ အင်္ဂါဂြိုလ်ကြီးခွန်နှစ်လုံးပြူး သူ့  ဦးခေါင်းသို့ အရှိန်ပြင်းစွာ လာဆောင့်သကဲ့သို့  မူးမိုက် သွားရသည် ။ အကြောင်းမှာ ထိုထို ပျိုပျိုမေ ကညာ တပါးမှာ သူ့ ၏ သလွန်အိပ်ယာတော် ထက်ဝယ် ခြေတပ္ပလင်ချိတ်ကာ အခန့် သားထိုင်ပြီး မျက်နှာချင်းဆိုင်တွင် ဖွင့်ထားခဲ့ပါသော ဗီဇက်အို တဖက်မှ လှမ်းမြင်နေရသော မဟေသီအား လက်ပြ နှုတ်ဆက် နေခြင်း ကြောင့် ဖြစ်ပါလေ၏ ။ အဖြူလေး တယောက် ငယ်ထိပ်မြွေပေါက် ခံရသည်ထက် အဖြစ် ဆိုးပေပြီ ။ ဘယ်လိုမှ ဖြေရှင်း ၍ ရတော့မည် ကို ကြိုတင် သိရှိနေရသောကြောင့် ဖြစ်လေသည် ။ သို့ ဖြစ်ပါ၍ ၄င်း၏ လက်တော့ ကွန်ပူတာ ကြီးအား အလျှင် အမြန် ပိတ်၍ ထို မိန်းမပျိုအား အခန်းတွင်းမှ တွန်းဖယ်ထုတ်လိုက် မိလေသည် ။
ယမကာ တန်ခိုးဖြင့် ယိုင်ထိုး နေသော မိန်းမပျို နှင့် အမောင် အမိတဗဂျမ်း တို့ ၏ အာရာဒါးနား ပြကွက်များကို ပိတ်ကားပေါ်တွင် ဆက်လက် ရှုစား စေလိုပါသည် ။ အကင်းပါးသော ကိုမျှစ်ချိုးဟင်းက သူငယ်ချင်းကောင်း ပီပီင်္ ဒုက္ခနှင့် လှလှ တွေ့နေရှာသော အဖြူလေးအား ကူညီရန် အလို့ငှာ လိမ်မာ ပါးနပ်စွာ ပရိယါယ် သုံး၍ အနှီ မိန်းမပျိုအား ဧည့်ခန်းတွင်းမှာ လာစောင့်ရန် ဖြောင်းဖျ လိုက်ရလေသည် ။ သူ သာ ဝင် မကယ်ပါက အဖြူလေးတယောက် ရေတိမ်နစ်ရရှာပေတော့မည် ဟူသော ကယ်တင်ရှင်ကြီး မျက်နှာပေး နှင့် မျှစ်ချိုးဟင်းက မင်္ဂလာ ယူနေလိုက်သေးသည် တမုန့် ။
ဗိုက် အဆာလွန်နေသော အဖြူလေးတယောက် ထမင်းစား ရန် စားတော်ခန်းသို့  ခြေဖွပြီးကူးအလာ မှာ ထိုမိန်းကလေးက လျှစ်ကနဲ မြင်လိုက်သဖြင့် စွတ်ကနဲ ရောက်လာပါတော့သည် ။ စားတော်ခန်း တွင် ဆုံကြ ပြန် ပြီပေါ့ ။ အရှက်ကြီးသည်ထက် ၊မဟေသီအား အကြောက်ကြီးသော အဖြူလေး တယောက် ဘာမှ မပြောပဲ သူ့ ထမင်း သူစား နေတော့လည်း မိန်းမပျိုလေးက စွေ့ ကနဲ အနားမှာ ထိုင်ကာ ဂေါ်ဖီထုတ်ကြော် ပေးမည် ဖြစ်ကြောင်းပြောရှာ သည် ။ထမင်းနင်နေသော အဖြူလေး၏ ပုံသဏ္ဍန်မှာ သနားစရာ မကောင်းပဲ ဝါးလုံးကွဲ ရယ်ချလိုက်စရာသာ ကောင်းနေပါတော့သည် ။
ထိုအချိန်တွင် အားကိုးရသော သူငယ်ချင်းကြီး နှစ်ဦး ဖြစ်သူ ကိုမျှစ် နှင့် ကိုရမ်း တို့ မှာ အခန်းတွင်းသို့  အသီးသီး အသက ဝင်ရောက် ပျောက်ကွယ် ကာ အလုပ်ရှုပ်ချင်ယောင်ဆောင်နေကြလေသည် ။ သို့ ဖြစ်ပါ၍ အဖြူလေးတယောက် ငြုပ်သီးဟင်း မစားရပါပဲ နှင့် မျက်နှာကြီးနီ၍ အသံတိတ် ပြဇာတ်က နေရရှာပေတော့ သည်။
ကံကောင်းချင်တော့ ဤအချိန်တွင် ကယ်တင်ရှင် ပေါက်ချ လာပေတော့၏ ။အိမ်ကြီးရှင် အဖွားကြီး ပြန်ရောက်လာပေပြီတည်း ။ သော့တချောင်းကိုင်၍ ဒေါနှင့် မောနှင့် တက်လာပြီး ထို မိန်းကလေး အား
“ နင်ကလည်း အတော် အသုံးမကျပါလား အေ့ ။ ဘယ်နှစ်ခါ ရှိနေပြီလည်း ။ သော့မေ့ကျန် နေတာ ။ နောက်တခါဆို ငါလာမဖွင့် ပေးတော့ဘူး ”
“ အို .. အဒေါ် ကလည်း ၊ ကျွန်မ ဒီအောက်နားလေးတင် ဆင်းပြီး ဟင်းဝယ်တာ ၊ ကမန်းကတန်း နဲ့ မို့ပါ ၊ ကျေးဇူးတင်ပါတယ် အဒေါ်ရယ်” ဟု လေပြေသွေးတော့ အဖွားကြီးမှလည်း ဆက်ပြီး မဆူဖြစ်တော့ပါလေ ။
ဤသို့ ဖြင့် ပထမ တည ကုန်ဆုံး သွားရလေသည် ။ လူပြို ကြီး ၃ ယောက်မှာ တော့ အတွေးကိုယ်စီ ဖြင့်......
ဆရာကြီး ဦးသုနြေ္ဒမှာ အိမ်တဆောင် မီးတပြောင်ဖြင့် သီးသန့်  ခန်းနားစွာ နေပါသဖြင့် ဤ လူပြို ဂေဟာ ၏ ရင်မောဘွယ် ဇာတ်လမ်းအစ အား မသိလိုက် ရှာပါပေ ။
....................................................................................................................
အခန်း(၂) ။
နောက်တရက် အကြာ ၊ နေဝင်ရီ တရော အချိန် ၊ ( ဒုတိယ အကြိမ်မြောက် ဝင်ရောက်ခြင်း)
ဆောင်းတွင်းဆိုတော့ နေ့ တာ တိုလှသည် ။ ညနေစောင်း ၅ နာရီအချိန်ခန့်  သာ ရှိပေမဲ့ အပြင်မှာ မှောင်ရီလို့နေပေပြီ ။
“ ကလင် ကလင် ကလင် ”... မြည်ပြန်ချေပြီ ဒီင်္ ခေါင်းလောင်း ၊ ထွက်ကြည့်လိုက်တော့ မနေ့  ညက မိန်းကလေး ပေပဲ ။
ဒီတခါ ဒုက္ခ အထုတ် ဖြေမိသူမှာ ကိုညောင်ရမ်း ။ အားနာ ပါးနာ ဖြင့် တံခါးဖွင့်ပေးလိုက် ပြန်ပေပြီ ။
“ မင်္ဂလာပါ ညီမရေ ..သော့ကျန်ခဲ့ ပြန်ပြီလား ” မေးတော့
“ မဟုတ်ပါဘူး အကိုရယ် ။ ကျွန်မ တယောက်တည်း အခန်းထဲ မှာ တနေကုန် ။ ပျင်းလာ လို့ လေ ”
စကားလည်းပြောရင်း ၊ လက်ကိုလည်းမြှောက်ပြရင်း ၊ ကြည့်လိုက်တော့ ဝီစကီ တစ်ပုလင်း ၊
“ ဗုဒ္ဒေါ့ ..” ဘုန်းကြီးကျောင်းသားလူထွက် ကိုညောင်ရမ်း တယောက် ဘုရားတလိုက် မိလေသည်။“ ကျားမြှီးသာ ပြေးဆွဲ လိုက်ချင်တော့တယ်” ဟူသော အတွေးဝင်လာပေမင့် ၊ မြန်မာ ပီပီ ဧည့်ဝတ်ကျေတတ်သော အိမ်ရှင်တို့ ၏ ထုံးစံ အတိုင်း
“ ဩော် ဟုတ်တာပေါ့ဗျာ ။ တယောက်ထည်း ဆိုတော့ ပျင်းနေရှာမပေါ့ ။ အပေါ်ထပ် နဲ့ အောက်ထပ် အိမ်နီးချင်းတွေပဲဗျာ ။အချိန်မရွေး လာနိုင်ပါတယ် ။ ထိုင်ပါအုံးခဗျာ ”
မချောလေးမှာ ဧည့်ခန်းတွင် ထိုင်မနေတော့ပဲ အလွန်ရင်းနှီးသူတို့ ၏ ပုံစံဖြင့် ထမင်းစားခန်း သို့ ဝင်ကာ ပါလာသော ပစ္စည်းများကိုချ ၊ မီးဖိုချောင် မှာ အလုပ်ရှုပ်နေသော အိုးသူကြီး ကိုညောင်ရမ်းအား ဝိုင်းဝန်းကူညီ ကာ တက်ညီ လက်ညီ ချက်ပြုတ် ပါတော့သည် ။ ဤနေရာတွင် ဂေါ်ဖီထုတ်ကြီးကြော်မှာ မပါမဖြစ် ဟင်းတခွက် ဖြစ်ရပြန်ပေတော့သည် ။ မီးပြင်းပြင်းဖြင့်  ဆီပူပူထဲ ရှဲကနဲ ရှဲကနဲ ကြော်နေသော ဂေါ်ဖီကြော်မှာ ဂေါ်မစွံသော လူပြိုကြီးအား ပြောင်လှောင်နေသကဲ့သို့ ပင် ။
ချက်လို့  မှ မပြီးသေးမှီ အမောင် မျှစ်ချိုးဟင်း အလုပ်မှ ပြန်ရောက်လာပြီ ဖြစ်သည် ။ ကမန်းကတန်း ရေမိုးချိုး ပြီး မဝင် မနေတတ်အောင် စွဲနေသော ဘလောဂင်းကို ခဏတာမျှ ဝင်ရောက်လည်ပတ် နေလိုက်သေးသည် ။
ထိုအချိန်တွင် ဟင်းပွဲ အတူချက်နေကြ သူ နှစ်ဦးမှာ စကားစမြည်ပြော ရင်း...
“ အစ်ကို ရယ် ။ ကျွန်မ အရေးတကြီး လိုနေလို့  ပိုက်ဆံ နည်းနည်းလောက် ချေးပါနော် ”
“ ဘုရားရေ .. ” ကိုညောင်ရမ်းကြီး တယောက် ညောင်ပင်တင် မက ၊ မာလကာပင်၊ ဦးသျှစ်ပင် များပါ ရမ်းသွားရှာသည် ။ မရှိဘူး လို့  အပြတ် ငြင်းရမှာလည်း အားနာ ၊ ပေးလိုက်ပြီး ပြန် မရမှာလည်း ကြောက်သေး၊ မြွေမသေ ၊တုတ်မကျိုး ဘယ်လိုနည်းနဲ့  ရှောင်ရမတုံးလို့ တွေးနေစဉ်မှာပဲ ၊ ကယ်တင်ရှင် ကိုမျှစ်က ဘလောဂင်း တန်လန်း ဗိုက်ဆာသဖြင့် ထမင်းစားခန်းဆီသို့  ပေါက်ချလာတော့သည် ။
ဒီတော့ ပစ်မှတ် က ကိုမျှစ်ဆီ သို့  ဦးတည်သွားလေတော့သည်ပေါ့ ။
“ ဒီက မောင်လေးရယ် ။ အစ်မ အရေးတကြီး အသုံးလို လို့  ၊ ပိုက်ဆံ နဲနဲ လောက် ချေးပါ လားကွယ် ”
ကိုမျှစ်တယောက် ရှိသမျှ ခေါင်းမွှေးများ ထောင်တက်သွားပြီး ၊ အသည်းအသန် စဉ်းစားလိုက်လေသည် ။
“သူက မိုဟာမက် အလီလို လက်သီးလည်းအထိုးကောင်းတယ် ၊စကားလည်း အပြောကောင်းတယ် .. မိုဟာမက် .. မိုဟာမက် အလီ ”...
( အခန်းတွင်းရှိ ကက်ဆက်မှ ထွက်ပေါ်လာသော သီချင်းသံ )
သူက စာလည်း အရေးကောင်း၊ စကားလည်း အပြောကောင်း သူ ဆိုတော့ လူရိုးကြီး ကိုညောင်ရမ်းက အားကိုးတကြီး လှမ်းကြည့်လိုက်သည် ။ ဒီတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ထုံး နှလုံးမူ၍ ...
“ အဟမ်း ။ ဒါက ဒီလို ရှိပါတယ် ခင်ဗျာ ၊ ကျွန်တော်တို့  သူငယ်ချင်းတွေ က ဒီမှာလာ အလုပ်လုပ် ပြီး ၊ ရတဲ့လခတွေ ကို မိဘ ဆီ ပြန်ပို့ နေကြတာ ၊ လက်ထဲမှာ အပို သိပ်မရှိပါဘူး။ ခုတောင် သူဌေးဆီက လခ မရတာ ၃ လ ရှိတော့မှာ ”
“ ဟုတ်ရဲ့လားရှင် ။ ကျွန်မတော့ မယုံပါဘူး ။ ဒါဆို ရှင်တို့  အခု ဘာနဲ့ စားနေကြတာလည်း ”
“ တကယ်ပြောတာဗျ ၊မယုံရင် ကြည့်ပါလား ” ၊ ဂေါ်ဖီထုတ်ကြော် ပန်းကန် လေးအား မှင်သေသေဖြင့် လက်ညှိုးထိုးပြလိုက် သည် ။
ဒီတော့လည်း မယုံတဝက် ယုံတဝက်ဖြင့်ပေါ့ ၊
ဤသို့ ဖြင့် ကယ်တင်ရှင် ဂေါ်ဖီ ရွက်ကြော်ဟင်းဖြင့် ထမင်းဝိုင်းကို မြိန်ရှက်စွာ စားသုံးဖြစ်ကြသည် ။ ပြီးတော့ ယမကာ တန်ခိုးဖြင့် အာဝဇ္ဖန်းရွှင်နေသော သူမ ကို ထုံးစံ အတိုင်း၊ ကိုမျှစ်က ရေစီးကမ်းပြို စေတနာ ဖြင့် ငါးမုတ် ကြော်များကြော် ပေးအပြီး ၊သူတို့ နှစ်ယောက် မတော့ ရေနွေးကြမ်း တအိုး ဖြင့်သာ တင်းတိမ် နေလိုက်ကြရသည် ။ ( အိမ်ရှင်ဆိုတော့လည်း ဧည့် ဝတ် ကျေရရှာပေတာပေါ့ )....
မိန်းမပျိုလေး ကတော့ သူ့ အိမ် သူ့ ယာ မှတ်နေသလား ၊ထင်ယောင် မှားစရာပါပေ ၊ စီးကရက် လေးဖွာလိုက်၊ အသူရာရည်လေး မော့လိုက်၊အမြည်းလေး ဝါးလိုက် ၊ စကားလေးတွေ ပြောလိုက် ၊ ရယ် လိုက် ဖြင့် ၊ ဘေးမှ နှစ်ယောက်သားမတော့ မရယ် နိုင်ပဲ မောနေကြရပါလေပြီ ။
“တရက်လာတော့ ရွှေ ဧည့်သည် ။ နှစ်ရက် လာတော့ ငွေဧည့်သည် ။ ရှေးလူကြီင်္းများစကား မှန်လှတယ် ”။
ကံဆိုးသူ အဖြူလေး လည်း ဒီနေ့ မှ အလုပ်နောက်ကျစွာ ပြန်ရောက်လာ တော့ ထမင်းစားဖို့ ရန်မှာ တယောက်တည်း ဖြစ်နေရလေသည် ။ လက်လွှဲ ဖျော်ဖြေရေး သမားတဦး ရောက်လာတော့ ကိုမျှစ် နှင့် ကိုရမ်းတို့ နှစ်ယောက်သား ဟိုယောင်ယောင် ဒီယောင်ယောင် ဖြင့် အခန်းထဲ သို့  ဝင်သွားကြလေ တော့ သောကြောင့် ထမင်းဝိုင်းတွင် သူတို့  နှစ်ဦးသာ ကျန်နေလေတော့သည် ။ဂေါ်ဖီကြော်ကြိုက်သူ မိန်းကလေးက အလိုက်သိစွာ ဖြင့် အဖြူလေးအတွက် နောက်တပွဲ ထပ်ကြော် ပေးပြီး ၊ဘေးမှာ ထိုင်ကာ အဖေါ်လုပ်ပေးရင်း ၊ မော့ရင်း ၊ မြည်းရင်း၊ စီးကရက်လေးဖွာရင်း ဖြင့် အချိန်တွေ ကုန်မှန်းမသိ ကုန်လာပြီ ဖြစ်သည် ။
မနေ့ ည က မဟေသီ အထင်လွဲ ခံလိုက်ရသဖြင့်  ကျွဲမြီးတို နေသော အဖြူလေး တယောက် ၊ ဒီနေ့ တော့ ရင်တုန် ပန်းတုန် မဖြစ်အားတော့ ၊ ထိုမိန်းကလေး အား ဗြမ္မာကြီးဦးခေါင်းရွက်ထားရသကဲ့သို့ ပူလောင် စွာဖြင့် ၊အမြင် မကြည်မလင် ဖြစ်နေလေပေပြီ ။ မိန်းကလေး လက်ရာ ဂေါ်ဖီကြော်ကိုတောင် လက်ဖျား နဲ့ မတို့  ။ ရွှေပြည်သားများက အဲ့ ဒီလို ကို ပြတ်သားပါသည် ။
ဒါပေမဲ့ အိမ်ရှင်ဖြစ်နေတော့လည်း ရိုင်းစိုင်းစွာ မပြောလိုပေ ။ ရေလိုက် ငါးလိုက် သည်းညီးခံပြီး အထိုက်အလျှောက်နေရပေတော့သည် ၊
အချိန်လည်း အတော်လင့်လာပြီမို့  ပွင့်လင်းစွာ ပြောလိုက် ရပေတော့သည် ။ အချိန်တန်တော့ အိမ်ပြန်သင့် ပြီဆိုသည့် အကြောင်း ။
သို့ ပေမင့် အနှီ ဘာသာစကား ဆက်သွယ်ရေးဖြင့် လည်လည်ဝယ်ဝယ် ပြတ်ပြတ် သားသား ပြောဆိုရန် အတွက်တော့ အဖြူလေး ခမျာ အခက် အခဲ ဖြစ်နေရ သည် ။ သို့ အတွက် ဆရာကြီး ဖြစ်သူ ဦးသုနြေ္ဒ အား ညကြီးမိုးချုပ် ဖုံးဆက်ကာ အကြောင်းစုံ သံတော်ဦးတင်ပြီး အကူအညီ တောင်းခံရလေတော့သည်၊ ဆရာကြီးဆိုတော့လည်း အရေးကြီးမှ ထွက်ပေတော့မပေါ့ ။ တပည့်တွေ၏ ဗယုတ်သုက္ခ ဒုက္ခများအား ကယ်တင်ရန် အလို့ငှာ ဆရာသုန် တို့  ၊ နှစ်ခါမကုန်ရစေအောင် ၊ ဟိတ်ကြီး ဟန်ကြီး ဖြင့် မိန့် မိန့် ကြီင်္း ရောက်လာပေပြီင်္။၆လဗိုက်ကြီး လွယ်ကာ ထားရပေမင့် လူကဲခပ်တာ တော့ မညံ့ ဟုပြောနိုင်ပေသည် ၊ (ဆူးအချွန်ဖြင့် ဆူးပုံပေါ် မြှောက်တင်ပြီး ပြောပေး ၊ ရေးပေးလိုက်ခြင်းဖြစ်သည် ကို သတိချပ်ကြပါစေရန် ) ။
ထို မိန်းကလေး၏ မျက်ဝန်းမှာ ဂဏာမငြိမ်မှု များ နှင့် ၊သူမ၏ပြောဟန် ဆိုဟန် လှုပ်ရှားမှု ဟန်ပန် များကိုကြည့်ပြီး ၊ စိတ်မမှန်သူတဦး ဖြစ်ရလေမည် ဟု ကောက်ချက် ချ ကာ၊ ဆရာကြီးက မိမိတင်သွင်းသော အဆိုကို မိမိဘာသာ ထောက်ခံပေးလိုက်လေသည် ။ သို့ ဖြစ်ပါ၍ ချော့ကာတလှည့် ၊ ခြောက်ကာ တသွယ်ဖြင့် တစိမ်းယောကျာင်္းများသာ ရှိနေသော အိမ်သို့  မိန်းမပျိုလေး တယောက်တည်း၊လာပြီး သောက်စားခြင်း မပြုသင့်ကြောင်း၊ မိန်းကလေးတို့  ညကြီး သန်းခေါင် ထိ အပြင်မှာ ရှိမနေသင့်ကြောင်း ။အာပေါက်မတတ် နားချ ပြောကြား ရလေသည် ။ ထို အခါတွင်မှ အဆိုပါ မိန်းကလေး မှ ကျေ နပ်စွာ ဖြင့် သူ့ ၏ ဂေဟာ သို့ ပြန်ကြွသွားပါလေတော့သည် ။
္ကဤသို့ ဖြင့် ဒုတိယ တည ကုန်လွန် ခဲ့ရလေသည် ။
......................................................................................
အခန်း(၃) ။ အလားတူ အချိန် ၊ မိုးချုပ်ကာစ ။
“ကလင် ကလင် ကလင် ”.......
ကိုညောင်ရမ်း မှလည်း အမှတ် မရှိ တံခါးဖွင့်ပေးပြန်တော့ ၊ အမှတ်မရှိသူ မိန်းမပျို မှာလည်း မိမိအိမ်လို သဘောထားပြီး ဝင်လာသည်၊ သူ့ ဖာသာ ချက်ပြုတ်စားသည် ။ သူမ အဆင်မပြေ၍ လာ စားသောက်ခြင်းအား မည်သူမျှ ဘာမှ ဝင်မပြောပါ ။စေတနာထားတတ်လျှင် ကုသိုလ်ပင်ရသေး၏ မဟုတ်ပါလော ။ စားပါစေ ပေါ့ ။ “တယောက်စားတာ ဘယ်လောက်မှလည်း ပိုကုန်မသွားပါဘူး” ဟု ဆိုကြခြင်းမှာ ရွှေ မြန်မာတို့ ၏ ချစ်စဖွယ် ဓလေ့ ၊ အယူ အဆ များ ဖြစ်ကြလေသည် ။
လူရည်လည်သော ကိုမျှစ်ချိုးဟင်း မှာတော့ ဥာဏ်နီ ဥာဏ်နက် က ထွက်ပြီးသား ။ အိမ်ထဲမှာ ရှိ နေလျှင် ဧည့်ခံ နေရမစိုး၍ ၊ ကိစ္စဖြင့် အပြင်သွားမည့် ဟန် ပြင်ရသေးသည် ။ ရေမိုးချိုး အဝတ်စားလည်းကာ သူ အခု အပြင်သွားစရာ ရှိ ကြောင်း၊ ကိုညောင်ရမ်းလည်း ယခုလေးတင် သူငယ်ချင်းတယောက် နှင့် ချိန်းထားသောကြောင့် အပြင်ထွက်တော့မှာ ဖြစ် ကြောင်းပြောပြပြီး ၊ မိန်းကလေးအား တဖက်လှည့်ဖြင့် စောစော ပြန်စေလိုက်ရသည် ။ သူနှင့် ကိုညောင်ရမ်း တို့ နှစ်ယောက် သူမနှင့်အတူ ၅ ထပ်မှ ဆင်းပြီး ၊ ၄ထပ် ရောက်တော့ သူမအားကိုယ့်အခန်းကိုယ်ပြန်ဝင်စေခဲ့သည် ။ကိုညောင်ရမ်းကတော့တချီထဲ အပြီးလစ်ပြေးပြီး ပြန်မလာတော့ပေ။ အပြင်ထွက်ဟန်ပြကာ ရှိုးစမိုး ပြင်ထားပြီး ဖြစ်ပေမင့် မျှစ်ချိုးဟင်းမှာ ဘလော့ လည်ရန် ချက်တင်ရန် အချိန်ကျနေပြီ ဖြစ်၍ ၊ အောက်ဆုံးရောက်တော့ ခဏမျှ အချိန်လင့်အောင်စောင့်ကာ ၊ ၅ ထပ်သို့  တိတ်တဆိတ် ပြန်ဝင်လာရသည် ။ ၄ထပ် ရဲ့  လှေကားထစ်များကို နင်းနေရစဉ် အချိန်မှာ ၊သူ့ ရင်တွေ တဒိန်းဒိန်း ခုန်နေရသေးသည်၊ ဟို တယောက်များ စောင့်ကြည့် နေပေမလား ဟု စိုးရိမ် စိတ်များကြောင့် ဖြစ်ပေသည် ။
အိမ်ထဲ ပြန်ရောက်တော့ ဧည့်ခန်းမီးတောင် မထွန်းရဲ ၊ တော်ကြာနေ မီးရောင် မြင်၍ သူမ လာနေမှာစိုးရသောကြောင့် ဖြစ်သည် ။ သို့ ဖြစ်ပါ၍ သူ့  စက်တော်ရာအခန်းလေးထဲ ကမန်းကတန်းဝင်ကာ အထဲမှ မီးအလင်းရောင် ထွက်နိုင်သည့် တံခါးမကြီး အောက်ပိုင်း နေရာလပ်ကလေးများအား အဝတ်စ ဖြင့် လိုက်ပိတ်ထားလိုက်ရသေးသည် ။ ဪ .. ကိုယ့်အိမ် ထဲမှာ ကိုယ့်ဟာကိုယ် ပိတ်လှောင်ခံ ၊ အမှောင်ချခံ နေရတဲ့ အဖြစ်ပါလားဟု တွေးမိရှာသေးသည် ။
..............................................................................................
အခန်း(၄) ။ အသံတိတ် ၊ စစ်ဆင်ရေး နှင့် အမှောင်ချထားခြင်း
ကလင် ကလင် ကလင် ... မြည်ပဲ မြည်နိုင် လွန်းတဲ့ ဤ တံခါးခေါင်းလောင်း ကြောင့်သာလျှင် ဤ ရန်သူက ဤစစ်မြေပြင် အတွင်း ဝင်ရောက် သိမ်းပိုက် နိုင်ခြင်းဖြစ်သည် ။ သို့ ဖြစ်ပါ၍ ထို ခေါင်းလောင်းမှ အသံ မမြည်စေရန် ခေါင်းလောင်းဆွဲသော ကြိုးအားအထဲမှ နေပြီး ဆဲလ်လိုတိတ်ပ် ဖြင့် ကပ် ကာ ငြိမ်အောင် ထိန်းထားသည် ။ ခေါင်းလောင်းမှာလည်းကော်များကပ်ပြီး အသံမမြည်အောင် ဖန်တီးထားလိုက်သည် ။ သို့ ဖြစ်ပါ၍ အကျွန်ုပ် ပထမ ပိုင်းတွင် တင်ပြထား သကဲ့သို့  လူခေါ် ခေါင်းလောင်း ဆွဲ လိုက်ချိန် မှာ ကလင် ကလင် ကလင် ...အသံ အစား ဗလပ် ဗလပ် ဗလပ် ဟုသာ မြည်ရခြင်းဖြစ်ပေတော့သည် ။
ပြီးတော့ ညအချိန်ရောက်သည်နှင့် အိမ်ရှေ့  ဧည့်ခန်းမီးအား မထွန်းပဲ အမှောင်ချ ပြီင်္း နေကြလေသည် ။ တော်ပါသေးသည် ၊ ရွှေပြည်သားတို့  မီးအမှောင်ထဲ နေရခြင်းကို ကျင့်သားရနေပြီး ဖြစ်ပါသဖြင့် မည်သို့ မျှ ထုးထူးထွေထွေ နေရခက်ခြင်းမရှိလှပါ ။ ဗိုက်ဆာ ၍ စားတော်တည်ကြမည် ဆိုလျှင်လည်း ထမင်းစားခန်းမှာ ဒင်းလိုက် ကလေး ဖြင့်သာ ရိုမဲန့်တစ် ဆန်ဆန်၊ ဘိုဆန်ဆန် စားကြရပေသည် ။ အချိန်တန် ၍ ဘလော့ဂင် တို့ ၊ ချက်တင် တို့  လုပ်ကြသည့် အခါတွင်လည်း သူတို့ ၏ လက်တော့ လေး ကိုယ်စီအား အယ်စီဒီ စကရင်မှ မီး အလင်းရောင်များ ဖြာမကျ စေရန် လက်တော့ပ် အဖုံးလေးများကို အနည်းငယ် မျှသာ ဟ .. ပြီး သုံးကြရရှာလေသည် ၊ ဤသို့ ဖြင့်ကိုယ့်အိမ်ထဲ တွင် ကိုယ်နေ တာတောင်မှ လွတ်လပ် လင်းထင်းစွာ မနေရပဲ ၊ခိုးကြောင် ခိုးဝှက် နေရခြင်းမှာ စိတ်ကုန်စရာ ကောင်းလှပေသည် ။
သို့ ပေမဲ့ မီးဘေးရှောင် မလောင်ခင်တား၊ ဆိုသည့် စကားအား သူတို့ အားလုံး တသွေ မတိမ်း လိုက်နာ စေရသော အကြောင်းရင်း ၊ ထို မိန်းကလေးအား အိမ်ထဲ သို့ နောက်တခါ ဖိတ်မခေါ် ရဲ တော့ သော အကြောင်းရင်း မှာတော့ ဆ၊ ဆရာကြီး ဦးသုနြေ္ဒ ၏ မှတ်သားဘွယ်ရာ ကြိုတင် နိမိတ်ဆောင် ပြောကြားချက်ကြောင့် ဖြစ်ပါတော့သည် ။
“ မင်းတို့ကောင်တွေ သတိသာ ထား နေကြ ပေတော့ ကွ ။ နောက်တခါဆို ဒီထက် ပို ဆိုးလာမယ် ။ ဒီကောင်မလေး က စိတ် မမှန်ဘူး ။ စကားပြောတဲ့ အချိန် သူ့ မျက်လုံးတွေ ကြည့် ပါလား ၊ တစက်မှ ဂဏာမငြိမ်ဘူး ။ စီးကရက် သောက်တာ ကလည်း အလောတကြီး ၊ စိတ် ဖေါက်ပြီး ဒီအပေါ် ထပ် ဝရံတာ ကနေ ခုန်ချ လိုက်မှ ဖြင့် မင်းတို့ အားလုံး ဒုက္ခရောက်ကုန်မယ် ။ ” ဟူသတတ် ။
ဂုံးဆင်းမှာ တွန်းလွှတ် တတ်သူ အကျွန်ုပ် ကလည်း ဖျောက်မရသော ဝသီ အတိုင်း ဝင်ပြောလိုက်မိတာ ကတော့ “ ဟုတ် ပါ့အေ ။ တော်ကြာ ..အိမ်ထဲ မှာ သူရောက် နေတုံး မတော်တဆ စိတ်ဖေါက်လာ ပြီး ကယ်ကြပါ ကျွန်မကို မတော် မတရား လုပ်နေပါတယ် လို့ စွတ်အော် လိုက်ရင် ၊ အသင်တို့  အလကား နေရင်း ဟိုထဲ တန်းဝင် နေရမယ် ” ဟူ၍ ဖြစ်လေသောကြောင့် အနှီ လူပြိုကြီးများ ချဲမထိုးပါပဲ အပိုဆု ပေါက်ရကိန်းကို ကြောက် လန့် နေ ကြရဆဲ ဖြစ်ပါလေတော့သည်။
သို့ ဖြစ်ပါ၍ ယခုဆိုလျှင် ထဆင်ထူး ဘလော့ဂါ များ ၏ သီရိဂေဟာ အိမ်ကြီးထဲမှာ အသံတိတ် ၊ အမှောင်ချ စစ်ဆင်ရေးကို အားကြိုးမာန်တက် ဆက်လက် ဆင်နွှဲလျှက် ရှိနေပါကြောင်း နောက်ဆုံးရ စက်ရပ်သတင်း အား တင်ပြရင်းဖြင့် နိဂုံးချုပ် အပ်ပါသည်။
( ဝန်ခံချက် ။ ။ အဆိုပါ အပေါ်ထပ် နဲ့ အောက်ထပ် ဇာတ်လမ်းအား ကျောရိုးပြုကာ ဖြစ်ရပ်မှန် များ နှင့် စိတ်ကူးအတွေးများကို ၊ စာရေးသူမှ လိုတိုး ပိုလျှော့ ရေးသားထား ချက်များကြောင့် အားလုံး ကို အမှန် မယူစေလိုကြောင်းပါ ။ ဥပမာ .. အဖြူလေး၏ မဟေသီအား ထို မိန်းကလေးက ဗီဇက်အို မှ ကလိခြင်း မှာ စိတ်ကူးဖြင့် ထည့်သွင်းထားခြင်း .. ..း)) )) .. ( အဖြူလေးသို့--> စိတ်မဆိုးကြေး .. )
အကျွန်ုပ်အား အမျက်တော် မရှ ကြစေရန် ဘော်ဒါကြီးများ အား ဤ နေရာမှ တောင်းပန် အပ်ပါသည် ။ ဤမျှနှင့် မကျေနပ်သေးပါက နောင် အခါ လမ်းကြုံရင် ဂွမ်းပုံ တို့ အိမ် ဝင် ပြီး စာရင်းရှင်းပါမည် ။ ခုလောလောဆယ် မတော့ ဒီမျှလောက်ဖြင့်သာ အဖြစ်မှန်ဇာတ် လမ်း တခန်းရပ်ပါမည် ။
( မျက်စိညောင်းခံ ၊အချိန်ကုန်ခံကာ လာဖတ်ပေးကြသော မိတ်ဆွေ အပေါင်းတို့ အားလုံးကို လည်းကျေးဇူး အထူးတင်ရှိပါသည် ။ချမ်းမြေ့  ပျော်ရွှင်ကြပါစေ )



ဒီပုံနဲ့  ဆင်တဲ့ သူကတော့ ဒိုးဆလံ တင်းဆလံ ။ ဘာမှန်းမသိ မျက်နှာကျော မတဲ့ ၂ကောင်ထဲ က တကောင်ပါ ။ကြည့်လိုက်တော့သာ ကျားကျားရားရား ၊ ကောင်းတဲ့ အချိန် သိပ်မရှိ ၊တချိန်လုံး နှာစေး ချောင်းဆိုး ၊ ဆေးရုံ မကြာခဏတက် နေရတဲ့ အကောင်ကြီး ။ သူ့ ဝိတ်ကြီး နဲ့  နှိပ်စက်လွန်းလို့  တွန်းရတဲ့ သူ အသက်ထွက် မတတ် မို့  အမြင်ကတ်တာ ။

ဒီလို ပုံစံမျိုး တကောင်ကတော့ အဖေ က အမေ့ကို အသိပေးသလို မျိုး ပြောရုံပြောပြီး သွားဝယ်လာတာ ။။ ကြားဖူးကြရဲ့ လား ။ ကားဝယ်ပြီးပြန်လာတာ ။ ခြံထဲကို မောင်းပြီးဝင်လာတာ မဟုတ် ၊ ကြိုးနဲ့ ဆွဲ ပြီး ဝင်လာတဲ့ အကောင် ။ တွေ့ တာ နဲ့ကို ဘယ်လို မှ ကြည့်မရ ။ ဂျာမဏီဖြစ် ဆိုတော့  ဂျပန်ကားတွေလို ပေါ့ပေါ့ ပါးပါး မဟုတ် ။ သံထည်ကြီးကတင် အတော်လေး တာ ။ အကျင့် ကလည်း မကောင်း ။ တစီးလုံး ပြင်ပြီး အင်ဂျင်ချပြီး တာတောင် လူရှေ့သူရှေ့ ကျရင် ထိုးထိုး ပြီး ရပ်တတ်သေး ။ အရှက် အခွဲ ဆုံး တကောင်ပေါ့ ။
ကိုယ့်ကိုလူအမြင်ကတ်ကြတဲ့ အကြောင်းရင်း ဆိုတာ ကိုယ့်ဟာကိုယ် ပြန်ရေးပြလို့ ဘယ်လိုလုပ်မှန်နိုင်ပါ့မလည်း ။ဒါပေမဲ့ရေးခိုင်းတဲ့ သူကလည်း ရေးခိုင်းတယ် ။ ၂ ခါမြောက်မှ မရေးပေးဘူး ဆိုရင် အမြင်ကတ် ခံရတဲ့ အကြောင်းရင်းထဲ တကြောင်းထပ်တိုး သွားနိုင်တယ်လေ ။
