အကြိတ်အနယ် အသည်းအသန် အပြင်းအထန် အသေအကြေ အသေအလဲ ..ဒီစကားလုံး အားလုံးဟာ ပြင်းထန်စွာ ပြုလုပ်မှုတရပ်ကို ဆိုလိုရင်းဖြစ်ကြောင်း သိကြမှာပါ ။ အသေအကြေ အသေအလဲ ဆိုတဲ့အထဲက “သေ” ဆိုတဲ့ စကားလုံး တလုံးပါရှိနေတာမို့  ပိုပြီး ပြင်းထန်တဲ့ သဘောများရှိနေမလား လို့  စဉ်းစားစရာ ဖြစ်ရပ်တခု မကြာမှီရက်ပိုင်းအတွင်းမှာ ဖြစ်လာခဲ့တယ် ။ တကယ့်ကို အသေအကြေပါပဲ ။ အဖြစ်ကဒီလို..
ဒီနိုင်ငံမှာတင်မဟုတ်ပါ ။ဒီခေတ်ကြီးမှာ အီး ခေတ်လို့ ဆိုတဲ့ အတိုင်း လူတိုင်းလိုလို အတွက် အရာရာမှာ အီး နဲ့ ပါတ်သက်တဲ့ အသုံးအဆောင်များစွာ နဲ့ ခွဲခြားလို့ မရနိုင်လောက်အောင် တွယ်နှောင်ရစ်ပတ်နေလျှက်ရှိကြပါပြီ ။ အင်တာနက်ခေတ် ဆိုတော့ ဂိမ်းကစားနည်းမျိုးစုံမှာတောင် တဖက် နဲ့ တဖက် လူမမြင် လူမသိကြပေမဲ့ ၊အွန်လိုင်းကနေ ဆော့ကစားကြ လို့ ရတယ် ။ ဒီအတိုင်း ကစားရတာ ငြီးငွေ့ လာကြ လို့ လားတော့ မပြောတတ် ၊နောက်ပိုင်းကျတော့ အလောင်းအစား ပုံစံမျိုးနဲ့ ဆော့ကစားကြတယ် ။ လောင်းကစားဆန်ဆန် ဂိမ်းမျိုးစုံကိုထွင်ကြတဲ့ ကုပ္မဏီတွေကလည်း သူ့ ထက်ငါ အပြိုင်အဆိုင် ရင်ဖို ရင်ထိတ်စရာ ကစားနည်းတွေကို တီထွင်ထုတ်လုပ်လာကြတော့ အဲလိုဂိမ်းတွေကို စွဲစွဲလန်းလန်း ဆော့လာကြသူများလည်း တိုးပွားလာကြတယ်ပေါ့ ။ တချို့ လူငယ်တွေများဆို ကျောင်းပြေးပြီးတော့ အင်တာနက်ဂိမ်းဆိုင် အင်တာနက်ကော်ဖီဆိုင်တွေမှာ အချိန်ဖြုန်း ငွေဖြုန်း လာကြတယ် ။ အိမ်က မိဘတွေခမျာမတော့ ငါ့သားလေး ငါ့သမီးလေး ကျောင်းတက်တယ် စာကြိုးစားတယ် ထင်နေကြမှာ ။
ဟိုးတလောက သတင်းထဲမှာ ပါလာတဲ့ အသေအလဲ ကစားတဲ့ အဖြစ်ရဲ့ အကျဉ်းချုပ်ကတော့ အသက် ၂၃ နှစ် အရွယ် လူငယ်တယောက်၊ နှစ်သစ်မကူးခင် ကာလအတွင်းမှာ အလုပ်ပြုတ်သွားခဲ့ပြီးနောက် စိတ်ပြေလက်ပျောက်လား ဒီကစားနည်းကို အသေစွဲနေလို့ ပဲလား မသိ ။ သူ ဆော့နေကြ ဂိမ်းဆိုင်ကို လာပြီး နေ့မအိပ် ညမအိပ် ဂိမ်းဆော့ပါသတဲ့ ။သူဆော့တဲ့ ဂိမ်းအမည်က “ League of Legends,”အတိုကောက် LOL လို့ခေါ်ကြ သတဲ့။ စိတ်လှုပ်ရှားဖွယ် ကစားနည်းကြောင့်လား ၊ သူ့ နဂို ရောဂါအခံကြောင့်ပဲလား မသိ ။ ၂၄ နာရီနီးပါး ဂိမ်းဆော့နေလိုက်တာ ... သူ့ ဘေးမှာ ဝင်ဆော့နေကြသူတွေ သာ ပြောင်းသွားတယ် သူကတော့ ထိုင်ရာမထ ၊ နောက်ဆုံးကျမှ ဆိုင်က အလုပ်သမားတယောက် သတိထားကြည့်မိချိန်မှာ သူ အသက်ပျောက်နေခဲ့ပြီ ။ တောင့်တင်းညိုမဲနေပြီ ။ ထိုင်ခုံပေါ် မှီရက် ဘယ်လက်က ကီးဘုတ်ကိုင် ညာလက်ကကြွက်( မောက်စ် ) ကို ဆုပ်ကိုင်ရက် နဲ့ ၊ အသက် ဘယ်အချိန်ထွက်လို့ ထွက်သွားမှန်း ဘယ်သူမှ မသိလိုက်ကြပါဘူး တဲ့..။ သူ့  အလောင်းဟာ တောင့်တင်းနေတာမို့  ရေခဲတိုက် ပို့ဖို့ ကားပေါ်တင်ရာမှာတောင် အတော်လေး ကသီလင်တ ဖြစ်ခဲ့ရပါသတဲ့ ။သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးကြည့်ရာ မှာ ၊ သူ့ ရဲ့ အိတ် အတွင်းမှာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆေးထုတ်ကိုတွေ့ ရပါသတဲ့ ။
အင်တာနက်ဆိုင်တွေမှာ နာရီပိုင်း နဲ့ အသုံးပြုကြသူအများဟာ လူငယ်တွေ ဖြစ်ကြတယ် ။အထူးသဖြင့် အမိရွှေပြည်ကြီးမှာ အိမ်တိုင်း ကိုယ်ပိုင်အင်တာနက်လိုင်းချိတ်ဖို့  သိပ်အဆင်မပြေကြတော့ ဆိုင်တွေမှာ အချိန်ပိုင်းသုံးလေ့ရှိကြတယ်။ အသုံးပြုတဲ့ အကြောင်းအရာများမှာလည်း ဂိမ်းဆော့ ၊ ချက်တင်ထိုင်၊ အစရှိတာတွေ က ရာခိုင်နှုန်းပိုများကြတယ် ။ ကိုယ့်အတွက် တိုးတက်ရာတိုးတက်ကြောင်း ပညာ ဆည်းပူးဖို့ ၊အချက်အလက်ရှာဖွေဖို့၊ အလုပ်အကိုင်ရှာဖွေဖို့ ၊ နိုင်ငံရပ်ခြား နိုင်ငံပေါင်းစုံနဲ့ မြန်ဆန် သက်သာစွာ ဆက်သွယ်ဖို့  ၊ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ သုံးစွဲကြသူတွေ လည်း ရှိတော့ရှိပါတယ် ။ နည်းတယ်ပေါ့ ။
စီးပွားရေးအတွက် ဖွင့်ထားကြရတဲ့ ဆိုင်တွေမှာလည်း အဖွဲ့ ဝင် (မင်ဘာ ဝင် ) ရင် ဘယ်လောက် ရာနှုန်းလျှော့ဈေးပေးမယ် ။ နာရီ ပိုများများ သုံး လေ ၊ ဈေးလျှော့လေ ဆိုတဲ့ မက်လုံး များ နဲ့ ဆွဲဆောင် ထားတတ်ကြတာမို့  ၊ ကိုယ်သုံးနေကြ ဆိုင်တွေမှာပဲဖေါက်သည်သဘောနဲ့ အသုံးပြုလာကြတယ် ။ အင်တာနက်ကဖေး ဆိုင်တွေမှာ စားသောက်စရာ တွေပါ တွဲပေးထားတာမို့  တချို့ဆို အိမ်မပြန်ကြတော့ပဲ နေ့ ရော ညပါ လောင်းကစား ဂိမ်းမျိုးစုံကို မနားမနေ ဆော့ကြပါလေတော့တယ် ။ အချိန်ကုန်မှန်းမသိ ၊ လူညောင်းမှန်းမသိ၊ ဆီးချုပ် ဝမ်းချုပ် အညောင်းမိတဲ့ အထိကို အသေအလဲ အသည်းအသန် ဆော့ကြတယ် ။ ဒီလို နာရီပေါင်းများစွာ ကိုယ်လက်လှုပ်မှု မရှိပဲနေရာမှ ရုတ်တရက် ထရပ်လိုက်လို့ ၊ သန့် စင်ခန်း ထဲဝင် သွားလိုက်တဲ့ အချိန်မှာ သတိလစ် မူးမေ့သွားသူတွေ ၊ဦးနှောက်သွေးကြော သွေးလျှောက်မမှန်လို့  လေဖြတ်သွားသူတွေလည်း ရှိခဲ့ဖူးတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ နာရီပေါင်းများစွာ လှုပ်ရှားမှု မရှိပဲ ထိုင်နေရာမှာ ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့် ခြေထောက်မှာရှိတဲ့ သွေးလှည့်ပတ်မှု နှေးကွေးပြီး သွေးခဲလေးများ( blood clot သို့ မဟုတ် Thrombus) ဖြစ်လာတတ်တယ် ( Thrombosis လို့ ခေါ်တယ်) ။ ဒီသွေးခဲလေးတွေက သွေးပြန်ကြောမှတဆင့် နှလုံးနဲ့အဆုပ်၊ သို့မဟုတ် ဦးနှောက် သွေးကြောတနေရာရာမှာ သွားရောက် ပိတ်ဆို့ နိုင်တယ်(Thromboembolism လို့ ခေါ်တယ် ) ။ ဒီတော့ ရုတ်တရက် နှလုံးခုန်ရပ် ၊ အသက်ရှူ ရပ် ၊ ဦးနှောက်သွေးကြော ပိတ် ၊လေဖြတ် အစရှိတာတွေ ဖြစ်စေနိုင်တယ် ။
ဒါကြောင့် “တန်ဆေး ၊လွန်ဘေး ”ဆိုတဲ့ အချက်ကို သတိပြုကြဖို့ လိုတယ်။ ဂိမ်းဆော့သည်ဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ ကွန်ပြူတာ ရေရှည် အသုံးပြုကြသူများ အား ကျန်းမာရေး မထိခိုက်အောင် ဘယ်ပုံ ဘယ်နည်း နဲ့ သုံးသင့်တယ် ဆိုတာလေး သိသလောက် ဖေါက်သည်ချပါရစေ ။(ကွန်ပြူတာရှေ့ မှာ ၊ ထားရှိပုံ ၊ အညောင်းမမိစေရန် လေ့ကျင့်ခန်း များ ကိုတော့ ဒီပို့ စ်လေး (ကျန်းမာပျော်ရွှင် ဘလောဂင်း နဲ့ ချက်တင် )... မှာ ဖတ်ရှုနိုင်ပါတယ် ။)
အချိန်ကြာမြင့်စွာထိုင်ပြီး ဂိမ်းဆော့သူများ ၊ ကွန်ပြူတာဖြင့် အလုပ်လုပ်နေရသူတို့ သတိပြုရန် အချက်များ..
(၁) ကွန်ပြူတာ Screen ,LCD ကို မိနစ် ၃၀ ၊ ၄၀ ခန့် တနေရာတည်းသို့  အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေပါက မျက်လုံးကြွက်သားများ တောင့်တင်းလာတတ်ပါသည် ။ထို့ကြောင့် မျက်စိအားစိုက်မှု အကြောအချဉ်လျှော့ရန် အဝေးသို့မိနစ်အနည်းငယ်မျှ ပြောင်းပြီးကြည့်ပေးပါ ။
(၂) မိနစ် ၃၀ ၊ မိနစ် ၄၀ မျှကြာလျှင် တကြိမ် ထိုင်ရာမှ ထပြီး ခြေလက်လှုပ်ရှား ခါးဆန့် ပေးခြင်းဖြင့် ကိုယ်ခန္ဓာတခုလုံး၏ သွေးလေ လှည့်ပတ်မှုကို မှန်ကန်စေနိုင်ပါသည်။
(၃)ကွန်ပြူတာအနီး တွင် ရေ ပုလင်း ရေခွက် ထားရှိပြီး ရေသောက်ရန် မမေ့ပါနှင့်။ ဆီး ချုပ် ဝမ်းချုပ် မဖြစ်ရန် သတိပြုပါ။
(၄) ပါတ်ဝန်းကျင် လေဝင်လေထွက် ကောင်းမွန်မျှတ ရန် ဂရုပြုပါ။ အခန်းတွင်း အလင်းရောင် လုံလောက်ရန်လည်း လိုပါသည် ။
(၅) ညသန်းခေါင်ယံထိ မအိပ်မနား အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ ။ကျန်းမာရေးအတွက် အိပ်စက်အနားယူရန်၊ ညဘက်တွင် အိပ်ရေးဝရန် အရေးကြီးပါသည် ။ သို့မှသာ ဦးနှောက်၏ မှတ်ဥာဏ်ထိန်းချုပ်သော Memory chip များ refresh လုပ်ပေးနိုင်သည် ။ အရေးကြီးသော ဟော်မုန်းများ မှန်ကန်အရည်အသွေးပြည့်စွာ ထွက်ပြီး ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များကို ပုံမှန် ထိန်းသိမ်းပေးနိုင်သည် ။ ပင်ပန်းနေသော စိတ် ကိုလန်းဆန်းစေနိုင်သည်။ ကြွက်သား အကြောများ ဖြေလျှော့စေနိုင်သည်။
ွှဤ အကြောင်းအရာများကို ဒီနေရာမှ မှီငြမ်းပြီး မှတ်မိသလောက်ကို မိမိ တတ်သလောက်ဖြင့် ပေါင်းစပ်ရေးသားလိုက်ပါသည် ။
တနေ့ က ရွှေပြည်ကြီးက သတင်းတခုမှာ အင်တာနက်ဆိုင်တွေကို ည ၁၁ နာရီ ကျော်လျှင် မဖွင့်ရ လို့  သတ်မှတ်တားမြစ်ထားချက် ကို ဖတ်လိုက်ရသည် ၊ ကျောင်းသားများ စာမေးပွဲနီး၍ ဟု အကြောင်းပြချက် ပါသည် ။လူငယ်များ ဂိမ်းဆိုင် များတွင် အချိန်မတော် သည်ထိမနေစေဖို့ ကန့်သတ်ပေးလိုက်ခြင်းမို့ ဒီသတ်မှတ်ချက်ကိုတော့ ကြိုက်ပါသည် ။
ကွန်ပြူတာ ကြာရှည် အသုံးပြုနေကြသူများ (ဂိမ်းစွဲနေသူများ) ဂိမ်းကြောင့် မဂန့်သွားကြစေရန် ရည်ရွယ်ပါသည် ။ မိတ်ဆွေအပေါင်း ကျန်းမာ ရွှင်လန်းကြပါစေ။
လူတယောက်ရဲ့ မြတ်နိုးစရာအရာ တွေကို အသည်း နှလုံးနဲ့ တင်စားခေါ်ဝေါ်လေ့ရှိသလို ၊ မုန်းတီး ရွံရှာဘွယ်ရာတွေကိုတော့ အော့နှလုံးနာတယ် ။ အသည်းနာတယ် ဟု ပြောဆို သုံးနှုန်းလေ့ရှိကြပါတယ် ။ အဲဒီ အသည်းတွေ နှလုံးတွေမှာလည်း ခံစားချက်တွေ ရှိကြပါတယ် ။ ခု ပြောချင်တာကတော့ နှလုံးနာရတဲ့ အကြောင်းတွေပါ ။ အော့နှလုံးနာတာတော့မဟုတ် ။ တကယ့် နှလုံးသားလေး နာရခြင်း ပါ ။နှလုံးနဲ့ သွေးကြော ၊ သွေးလှည့်ပတ်ခြင်းစနစ် ဟာ လူတယောက် အသက်ရှင်သန်နေရေးအတွက် မရှိမဖြစ် အရေးကြီး ပါတယ်။ နှလုံးခုန်ရပ်၊ အသက်ရှုရပ် သွားခြင်းကို သေဆုံးခြင်း လို့  သတ်မှတ်ထားကြပါတယ် ။ ဒီတော့ အသက်ရှင်နေဖို့အတွက် နှလုံး မှန်မှန်ခုန်နေဖို့ လိုပါတယ် ။
ဒီလိုအရေးကြီးလှတဲ့ နှလုံးနာခြင်းအကြောင်းကို ရေးပြချင်တာကတော့ လွန်ခဲ့တဲ့ ရက် အနည်းငယ်က ဘလော့ဂါ မိတ်ဆွေတယောက်က အွန်လိုင်းမှာ မေးလာလို့ ပါ ။ နှလုံးနာပြီး ပုတ်တဲ့ အခါ ဘာဖြစ်လို့ ပေါင်မှာဆေးသွင်းကြည့်ရတာလည်း၊ နှလုံးနဲ့ ပေါင်နဲ့ ဘယ်လို ဆက်စပ်နေတာလည်း။ ဆရာဝန်ကတော့ ခွဲခိုင်းနေတယ် ၊ ခွဲရမလား မခွဲရဘူးလား၊ မခွဲရင် ဘယ်လိုဖြစ်လာနိုင်လည်း။ ခွဲပြီးရင် ပြန်မဖြစ်တော့ဘူးလား။ အစရှိတဲ့ မေးခွန်းများ အတွက် ၊ မသိသေးသူများ သိလိုသူများ အားလုံး သိစေရန် မျှဝေရေးသား မိပါတယ်။ အခြေခံ အကြောင်းအရာများကိုသာ အလွယ်တကူ နားလည်စေလိုတဲ့ အတွက် ၊ ဆေးဘက်ဆိုင်ရာ ပညာရပ်များကို တတ်သိနားလည် ကျွမ်းကျင်ပြီး သူများ အတွက် မရည်ရွယ်ပါ ။
နှလုံးရဲ့  အရေးကြီးပုံ --
နှလုံးရဲ့  အဓိက တာဝန်ကြီးက တော့ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ အောက်စီဂျင်ဓါတ်၊ အဟာရဓါတ်တွေ ကို သွေးသန့်  အနေနဲ့ လိုတဲ့နေရာရောက်အောင် နဲ့ မလိုအပ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်၊ နဲ့ အညစ်အကြေးတွေကို သွေးညစ်အနေနဲ့ စွန့်ထုတ်တဲ့နေရာတွေဆီသို့ သယ်ယူပို့ ဆောင်ပေးနေတဲ့ ယာဉ်ကြီးနဲ့တူပါတယ် ။ အဲဒီယာဉ်ကြီး လည်ပါတ်နိုင်ဖို့  အတွက်လည်း သူ့ အတွက် စွမ်းအင် လောင်စာ အောက်စီဂျင်ဓါတ် လိုအပ်ပါတယ် ။နှလုံးကြွက်သားအတွက် သွေးကြောတွေလည်း အတားအဆီးမရှိလည်ပတ်စီးဆင်းနေမှ ကျန်းမာတဲ့ နှလုံးအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ ကျန်းမာတဲ့ နှလုံး ဖြစ်ဖို့  စည်းချက် မှန်ကန်တဲ့ နှလုံးခုန်ချက်၊ လုံလောက်တဲ့ နှလုံးသွေးညှစ်အား၊ သန့်စင်တဲ့ သွေးပမာဏလုံလောက်မှု အစရှိတာတွေလည်း လိုအပ်ပါတယ်။
တည်ဆောက်ပုံ----
ကြွက်သားထူ အခန်း ၄ ခန်း ရှိပြီး ဘယ်ဘက် ညာဘက် တခြမ်းစီ မှာ အပေါ်အောက် တခန်းစီ ရှိကြတယ်။ အပေါ်ခန်းနဲ့ အောက်ခန်းကို တံခါးဖွင့်ပိတ်သလို အဆို့ ရှင် များနဲ့ ကာရံထားတယ် ။ညာအပေါ်ခန်းမှာ နှလုံး ဆီသို့  ဝင်လာတဲ့ သွေးပြန်ကြောမကြီး နဲ့ ဘယ်အောက်ခန်းမှာ နှလုံးမှ ထွက်သွားတဲ့ သွေးလွှတ်ကြောမကြီး ရှိတယ် ။နှလုံးကြွက်သားများအတွက် အောက်စီဂျင် သယ်ပို့ပေးတဲ့ နှလုံးသွေးကြောမကြီးဟာလည်း ဘယ်အောက်ခန်း အထွက် ဝ နားမှာ ရှိတယ်။
နှလုံး နဲ့ သွေးလှည့်ပါတ်စနစ်။
နှလုံးရဲ့ ဘယ်အောက်ဖက်ခန်းမှ သန့်ရှင်းတဲ့သွေးတွေကို ရင်ခေါင်း နှလုံးသွေးလွှတ်ကြောမကြီးမှ တဆင့် ဦးခေါင်း ခြေ လက် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများသို့  ပို့ဆောင်ပေးပြီး ၊ သွေးညစ်တွေကိုလည်း သွေးပြန်ကြောများမှ အဆင့်ဆင့်ဖြတ်သန်းကာ နှလုံး ညာဖက် အပေါ်ခန်း အောက်ခန်းများသို့ ပြန်လည် စီးဆင်းစေတယ် ။ ထို သွေးညစ်တွေကို အဆုပ်သွေးလွှတ်ကြောမှ တဆင့် အဆုပ်သို့  ပို့ ပေးပြီး သွေးသန့် ဖြစ်အောင် လဲလှယ်စေတယ်။ အဲဒီသွေးသန့် တွေကို အဆုပ်သွေးပြန်ကြောမှ တဆင့် နှလုံး ဘယ်အပေါ်ခန်းသို့  ပြန်ပို့ဆောင်ပေးတယ် ။ အဲဒါကို သွေးလှည့်ပါတ်စနစ်လို့ ခေါ်ပါတယ်။
ပုံမှာပြထာသလို နှလုံးမှ နေပြီ ခန္ဓာကိုယ်တခုလုံးသို့  သွေးသန့် တွေ သယ်တဲ့ လမ်းကြောင်း ( သွေးလွှတ်ကြော- အနီရောင် ချယ်ထားသည် ) နဲ့ သွေးညစ်တွေသယ်တဲ့ လမ်းကြောင်း ( သွေးပြန်ကြော - အပြာရောင်ချယ်) တွေ ရှိပါတယ်။သွားတဲ့ လမ်းကြောင်းတလျှောက် မပိတ်ပဲ မကျဉ်းပဲ ပုံမှန်ရှိနေရင် သွေးလည်ပတ်စီးဆင်းမှု ဟာချောမွေ့ ပြီး အဆင်ပြေနေတာပေါ့ ။ဘာမှ ရောဂါ လက္ခဏာ မပြတတ်ပါဘူး ။ဒီပုံထဲက အတိုင်း ခြေ လက် မှာ ရှိတဲ့ သွေးကြောတွေကနေ တဆင့် လိုက်သွားရင် နှလုံးသားဆီသို့ ရောက်တာ မို့ ၊ နှလုံးအတွင်းမှာ စစ်ဆေးမှု ပြုလုပ်လိုတဲ့အခါ ခြေ လက် သွေးကြောတွေမှာ ပိုက်တပ်ပြီး ဆေးဓါတ်မှန်ရိုက်နိုင်ပါတယ် ။
အကယ်၍ နှလုံးကြွက်သားတွေမှာ သွေးကောင်းကောင်း မလျှောက်၊ သွေးကြောကျဉ်း/ ပိတ် ပြီး အောက်စီဂျင် မလုံလောက်ရင် Myocardial Ischemia လို့ခေါ်ပါတယ်။ ဒီထက် ပို၍ အခြေအနေဆိုးပြီး အောက်စီဂျင်ပြတ်လပ်သွားတဲ့ အချိန်မှာ နှလုံးအောင့် နှလုံးနာခြင်း( Angina) နှလုံးပုပ်ခြင်း ( Myocardial Infarction) အစရှိတာတွေ ဖြစ်လာတတ်ပါတယ် ။အဲဒါကို Heart Attack ရတယ် လို့  အများက ခေါ်ဆို ကြပါတယ် ။ Atherosclerosis လို့ခေါ်တဲ့ နှလုံးသွေးကြော ကျဉ်းစေ ပိတ်စေတဲ့ အကြောင်းတွေ အများကြီးရှိပါတယ် ။ ရေမြောင်းထဲမှာ အမှိုက်တွေ ပိတ်သလိုပဲ နှလုံးသွေးကြောနံရံမှာ အမှိုက်နဲ့ အလားတူတဲ့ အဆီတွေ( အများအားဖြင့် ကိုလက်စထရော (Cholesterol) နဲ့ .ထရိုင်ဂလစ်ဆရိုက် (Triglyceride ) တို့ ကြောင့် ပိတ်ရတာ များပါတယ် ။ ဒီ့အပြင် lipoproteins ခေါ် အဆီဓါတ် ထဲမှ VLDL,LDL အစရှိတဲ့အဆီဟာ ကိုလက်စထရော သွေးအဆီခဲ ခြင်းကို ပိုမိုဖြစ်စေတဲ့ ဆိုးသော အဆီဓါတ်ဖြစ်တယ်။ HDL ဟာ အဆီခဲခြင်းကို လျော့နည်းစေတဲ့ ကောင်းသော အဆီဓါတ် ဖြစ်ပါတယ် တချို့ ကြတော့လည်း thrombus လို့ခေါ်တဲ့ သွေးခဲလေးတွေ ကြောင့် ပိတ်တတ်ပါတယ် ။ ဒါ့အပြင် ဆီးချို ၊ သွေးတိုး၊ ဆေးလိပ်သောက်ခြင်း တို့ကြောင့်လည်း သွေးကြောနံရံ ကျဉ်းပြီး ပိတ်လာတတ်ပါတယ် ။
လူအများ ပြောနေကြတဲ့ Heart attack ဆိုတာ...
နှလုံးကြွက်သားသွေးကြော ရဲ့ ၅၀ မှ ၇၀ % လောက် ကျဉ်းသွား ပိတ်သွားခဲ့ရင် သွေးလျှောက်မှု လည်း နဲပါးလာပြီး လေ့ကျင့်ခန်း သို့မဟုတ် လှူပ်ရှားမှု နဲနဲပြင်းထန်လိုက်တာနဲ့ နှလုံးမှာ လိုအပ်တဲ့အောက်စီဂျင် အပြည့်မရတော့ပဲ ရင်ဘတ်အောင့်လာတတ်ပါတယ် ။ အဲ့ဒီ အောင့်တဲ့ Chest pain ခေါ် Angina မှာလည်း ပုံသဏ္ဍန် အမျိုးမျိုးရှိတတ်ပါတယ်။ ရင်ဘတ်တခုလုံး ပြုတ်တူနဲ့ ဆွဲညှစ်ခံရသလိုမျိုး ၊ ဇောချွေးပြန်တဲ့အထိ အောင့်တတ်ပါတယ် ။ ရင်ဘတ် အပြင် လည်ပင်း မေးရိုး လက်မောင်း ကျောပြင် တို့ မှာပါ တွဲပြီးအောင့်တတ်ပါတယ် ။ တချို့ လည်း အတိအကျ ပြောလို့ မရပဲ အစာအိမ်နာသလိုပုံစံမျိုးနဲ့ နာတတ်ပါတယ်။ နှလုံး သွေးကြောပိတ်တဲ့ နေရာနဲ့ ဆိုင်ပါတယ် ။ တချို့ကျတော့ လည်း အောင့်ခြင်း နာခြင်းမျိုးမရှိပဲ နဲ့ နှလုံးကြွက်သား ပုပ်သွားတတ်ပါတယ် ။
အမေရိကန်နိုင်ငံမှာ တနှစ်မှာ လူ တသန်းလောက် Heart Attack ရတတ်ကြပြီး ၄ သောင်းလောက် အသက်ဆုံးရှုံးကြရပါတယ် ။ ဒါကြောင့် နှလုံးရောဂါ ထ လာရင် ပေါ့ပေါ့ဆဆ မနေပဲ ကုသမှု ခံယူသင့်ပါတယ် ။ နှလုံးသွေးကြောမှာ ကျဉ်းပြီး ပိတ်ပြီး သွေးမလျှောက်ပါက မိနစ် ၂၀ မှ ၄၀ မိနစ် အတွင်း သွေးပြန်လျှောက်အောင် ပြုလုပ်ပေးရပါမယ် ။ မပြုလုပ်နိုင်ပါက နှလုံးကြွက်သားပုပ်ခြင်း စတင်ဖြစ်လာနိုင်ပါတယ် ။ ဒီထက်ကြာကြာအချိန်ဆွဲ ထားရင်တော့ ၆ နာရီမှ ၈ နာရီ ကြာသွားပါက သွေးမလျှောက်တဲ့ နေရာမှ နှလုံးကြွက်သားများ လုံးဝ အပြီးတိုင် ပုပ်သွားပြီ ဖြစ်ပါတယ် ။ ပြန်မကောင်းနိုင်တော့ပါ ။ ထိုနေရာရှိ ကြွက်သားများမှာ အနာရွတ်ဖြစ်ကျန်ခဲ့မှာ ဖြစ်ပြီး aneurysm ကြွက်သားပွလာကာ နောင်တချိန်တွင် ပေါက်ထွက်သွားနိုင်ပါတယ် ။
သင် သို့မဟုတ် သင့် အိမ်သား မိတ်ဆွေ များ၊ ရုတ်တရက် နှလုံး အောင့်လာပြီဆိုပါတာ့ ဘာလုပ်နိုင်မလည်း ။
-လေဝင်ထွက် ကောင်းတဲ့နေရာမှာ ငြိမ်သက်စွာ အနားယူရပါမယ် ။ တင်းကျပ်နေသော အဝတ်အစားများကို ဖြေလျှော့ပေးပါ ။
-အလွန်အမင်းနာနေပါက နှလုံးသွေးကြောချဲ့တဲ့ ငုံဆေး ( Nitroglycerine ,NTG ,Nitrostat) အစရှိတာကို လျှာအောက်မှာ ထားပြီး ငုံပေး ရပါမယ် ။ ဒီငုံဆေးကိုလည်း တကြိမ်မှာ အများကြီး မငုံသင့်ပါဘူး ။ သွေးပေါင်ကျစေနိုင်ပါတယ်။ အထူးသတိပြုရန် -ငုံဆေးကို မိမိဘာသာ တကြိမ်လျှင် တပြားနှုန်းဖြင့် ၃ကြိမ်ထက် ပိုပြီး အသုံးမပြူသင့်ပါ ။
ငုံဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေမှာ ခေါင်းကိုက်၊ခေါင်းမူး၊ ပူရှိန်း( flushing)၊ ပျို့ အန် ခြင်း အစရှိသဖြင့် ၊ အလွန်ဆိုးဝါးပါက သတိလစ်ခြင်း။ ဆေးမတည့်လျှင်အနီကွက်ထွက် ယားယံ ခြင်း စသဖြင့် ။
-၅ မိနစ်မျှခြားပြီး တတိယ အကြိမ် ဆေးငုံပြီးပေမဲ့ ရင်ဘတ်အောင့်တာ မသက်သာရင်တော့ ဆေးခန်း ဆေးရုံ သို့  အမြန်သွားပြီး ကျွမ်းကျင်သူ ဆရာဝန်များ၏ စမ်းသပ် ကုသ မှုကို ခံယူသင့်ပါတယ် ။
ဘာတွေကို ဘယ်လို စမ်းသပ်စစ်ဆေး မလည်း။-------
ရင်ဘတ်အောင့်လို့ ဆေးရုံ ဆေးခန်းသွားတဲ့ အခါ ၊ ရှိနေတဲ့ ပစ္စည်းကရိယာ ပေါ်မူတည်ပြီး စမ်းသပ်ပေးနိုင်တာ အဆင့်ဆင့်ရှိပါတယ် ။ အဲဒါတွေကတော့ -
၁- ECG ( EKG ) - ဂရပ်လိုင်းများ ဆွဲကြည့်ပြီး နှလုံးကြွက်သား အောက်စီဂျင် ပြတ်လပ်မှု ရှိ မရှိ ၊ နှလုံးပုပ်ခြင်း ရှိ မရှိ ကို ခန့်မှန်းနိုင်ပါတယ်။
၂- Cardiac Enzyme ( CPK< LDH,CK-MB , Troponin Test စသဖြင့် သွေးဖေါက်ပြီး စမ်းသပ်လို့ ရပါတယ် ။နာရီပိုင်း အလိုက် ပြောင်းလဲ မှု တွေ ကြည့်ပြီးအမှန်တကယ် နှလုံးကြွက်သား အောက်စီဂျင် ပြတ်မှု ရှိ မရှိ။ ရောဂါ ပြင်းထန်မှု ၊ အသုံးပြုတဲ့ ဆေးကို တုန့်ပြန်မှု ကောင်း မကောင်း သိနိုင်ပါတယ်) ။
၃-Cardiac Echo - ultrasound နဲ့ အလားတူပါတယ် ။ နှလုံးကြွက်သားပုပ်တဲ့နေရာကို တွေ့ နိုင်ပါတယ်။
၎--angiogram ဆေးဓါတ်မှန်ရိုက်ပြီး နေရာအတိအကျ နဲ့ ပြင်းထန်မှုကို သိနိုင်တယ်။
ပေါင်ရင်း သို့မဟုတ် လက်မောင်း သွေးကြော မှ တဆင့် ဆေးထိုးပြီး နောက် နှလုံးအား ဗွီဒီယိုမှန်သားဓါတ်မှန်ရိုက်ကြည့်ပါက နှလုံးသွေးကြော ပိတ်မှု အခြေအနေကိုတိကျစွာ သိနိုင်ပါတယ် ။(Cardiac Catheterization )လို့ခေါ်ပါတယ်၊
-ကျဉ်း၍ ပိတ်နေ တဲ့ သွေးကြော အား ချဲ့ ပြီး stent ခေါ် ဇကာပိုက်ပြွန် ထဲ့ခြင်း ပုံ
။ နှလုံး သွေးကြောကျဉ်းခြင်း / ကြွက်သားပုပ်ခြင်းတို့  ဖြစ်ပြီ ဆိုပါက ဆက်လက်၍ လုပ်ဆောင် ကုသရာတွင်
- နှလုံးသွေးကြောချဲ့သော ဆေးများဖြင့်ကုသခြင်း အပြင် ၊
-CoronaryAngiogram and Stenting လို့ခေါ်တဲ့ ၊ကျဉ်းနေတဲ့နှလုံး သွေးကြောများကို ဘောလုံးငယ်ဖြင့် ပြန်ချဲ့ခြင်း ၊ ပိတ်နေတဲ့နေရာကို ပြန်ပွင့်အောင် လုပ်ပြီး ပြန်ပိတ် မသွားအောင် ဝါယာမျှင် ဇကာကွက်ပါတဲ့ ပြွန်ချောင်းလေး ထဲ့သွင်းထားခြင်း၊ အစရှိတဲ့ ကုသမှုမျိုး ပြုလုပ်ပေးနိုင်တယ် ။ ဒီနေရာမှာဗီဒီယို ကလစ် ကြည့်နိုင်ပါတယ် ။
ဒီနည်းလမ်းက ပိုမို လွယ်ကု အဆင်ပြေပါတယ်။ အသက်အရွယ် အလွန်ကြီးသောသူများ အတွက် ဒီနည်းကို ပိုပြီး အသုံးပြုကြပါတယ်။
၅-Atherectomy - ပိတ်နေတဲ့ ဂျီး( အဆီဖတ် ၊ ထုံးဓါတ်ဖတ် များကို ခွာချ ဆေးကြော နိုင်တယ်။
တချို့  ပြင်းထန်သော သွေးကြောပိတ်/ကျဉ်း မှု များ မှာ အထက်ပါနည်းတွေ နဲ့ ကုသလို့ မရတော့လျှင် ရင်ခေါင်း ကိုခွဲပြီး နှလုံးသွေးကြောလမ်းလွှဲရန်၊ အခြား နေရာမှ သွေးကြောများဖြင့် အစားထိုးခွဲစိတ်ကုသခြင်း (Coronary Artery Bypass Graft Surgery (Heart Bypass Surgery, CABG ) ကို ပြုလုပ်နိုင်ပါတယ် ။ များသောအားဖြင့်တော့ လူနာရဲ့ ပေါင် သို့ မဟုတ် ခြေသလုံး သွေးပြန်ကြော တစိတ်တပိုင်းဖြင့် အစားထိုးပါတယ်။ ခွဲစိတ်မှု အကြီးစား ဖြစ်တဲ့အတွက် အသက်အရွယ်အလွန်ကြီးနေသူများအတွက် အဆိုပါနည်းကို အသုံးပြုခြင်း သိပ်မရှိကြတော့ပါ ။
အချိန်မှီ စစ်ဆေး ကုသမှု များဖြင့် သက်သာနိုင်ပေမဲ့ ကံအကြောင်းမလှ သူများ အဖို့တော့ အသက်ဆုံးရှုံးရမှုတွေလည်း ရှိပါတယ် ။ ဒါကြောင့် ကာကွယ်ခြင်းသည် ကုသမှုထက် ပိုကောင်း၏ ဆိုတဲ့ အဆိုကို လက်ကိုင်ထားရင် အချိန်ကုန် ငွေကုန် လူပင်ပန်းခြင်းတို့မှ သက်သာစေမှာမို့ ကာကွယ်ခြင်း ကို အလေးထားသင့်ပါတယ်။
ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှောင်ရှား နိုင်ရင် ကာကွယ်နိုင်ပြီပဲ ဖြစ်ပါတယ် ။
ဒါကြောင့် ရှောင်သင့် ဆောင်သင့်တဲ့အချက်တွေ ကို ကြည့်လိုက်ရအောင် ။
-အဆီဓါတ်( ဆိုးတဲ့ ကိုလက်စထရော LDL ,VLDL၊ ထရိုင်ဂလစ်ဆရိုက်) များပြားတဲ့ အစားအစာကို ရှောင်ပါ -ဥပမာ ဂျုံ သကြားဓါတ်များသော အဆီအဆိမ့် အချို များ။ ပြည့်ဝဆီများသော- နို့ နှင့်နို့ ထွက်ပစ္စည်းများ ။တိရစ္ဆာန် အဆီများ။
-ကောင်းတဲ့ ကိုလက်စထရော (HDL) များတဲ့ အစာများ ရွေးချယ်စားသုံးပါ ။ HDLကြွယ်ဝတဲ့ အစာများ ဥပမာ -
သံလွင်ဆီ( Olive Oil)၊ canola oil and grapeseed oil ။ အိုမီဂါ ၃ ဓါတ် ပါတဲ့ ငါးအဆီများ ။ သစ်အယ်သီး သစ်ချသီး သစ်ကြားသီး အစရှိတဲ့ အခွံမာ အစေ့များ။ မုယော Oatmeal နဲ့ အမျှင်များသော အစားအစာများ၊ ဟင်းသီးဟင်းရွက်စိမ်း ၊ ပဲ ၊အရည်ရွှမ်းသစ်သီးများ ကို ရွေးချယ်စားသုံးပါ
-ဆေးလိပ် အရက် ကို ရှောင်ပါ ။
-ဆီးချို ၊ သွေးတိုး ကို ထိန်းပါ ။
-အားကစား လေ့ကျင့်ခန်း ကိုယ်လက်လှုပ်ရှားမှု များ အချိန်မှန် လုပ်ပါ ။စိတ်တည်ငြိမ်မှု ရအောင် ။ စိတ်ဖိစီးမှူ နဲအောင် ကျင့်ပါ ။
ဒါဆိုရင် အသက်လည်းရှည် အနာလည်းကင်း ငွေကုန်လည်းသက်သာစေမှာ ဖြစ်ပါတယ် ။
စကားချပ်။ ။ Coronary angioplasty and stents ပိုက်ထဲ့ပြီးကုသဖို့ အတွက် ကျပ်ငွေ ၂၅ သိန်းမှ သိန်း ၃၀ မျှ ကုန်ကျမှာ ဖြစ်ပါတယ် ။( ပြည်ပတွင် သွားရောက် ကုသမယ်ဆိုရင် ဒီထက်မကပဲ သိန်းရာကျော် ကုန်ကျမည် ဟု ပြောဆိုသံကြားရပါတယ်။) ။ ဖြစ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးများကို မခွဲစိပ်မှီ ဆရာဝန် ထံ သေချာ မေးမြန်း စုံစမ်းပါဟု လည်း အကြံပေးလိုပါတယ် ။
Ref:
http://www.innerbody.com/image/cardov.html
http://www.medicinenet.com/cardiac_catheterization/article.htm
http://emedicine.medscape.com/article/155919-overview#a0101
http://www.ehow.com/list_6021848_foods-rich-hdl.html
ခုတလော ရွှေပြည်ကြီး ရဲ့  အကြောင်းများ၊ မြင်နေ ကြားနေ ဖတ်နေ ရတဲ့ သတင်းတွေ အတင်းတွေ ကြားထဲ ရွှေပြည်သူ ရွှေပြည်သား လူအများလည်း ပျော်ရွှင်ကြည်နူးလိုက်ကြ၊ စိတ်ချမ်းသာလိုက်ကြ၊ ဝမ်းနည်းကြေကွဲလိုက်ကြ၊ ဒေါသထွက်လိုက်ကြ၊ မကျေမနပ်ဖြစ်လိုက်ကြ နဲ့ မို့ မယ်ရီဂိုးရောင်း..ချားရဟတ်ကြီး စီးနေရသလို နိမ့်လိုက် မြင့်လိုက် စိတ်ဓါတ်တွေ တက်လိုက် ကျလိုက် ၊ရင်ဘတ်ထဲ ဟာကနဲ ဟင်ကနဲ ဖြစ်သွားလိုက်၊ အေးကနဲ နွေးကနဲ နဲ့ တနေ့ ထဲကို ဥတု သုံးပါးအပြောင်းအလဲတွေ ခံစားနေကြရသလိုလိုပါပဲ ။တချိန်ထဲ တပြိုင်ထဲမှာ ပူလိုက် အေးလိုက် ရာသီဥတု အပြောင်းအလဲ တွေ မြန်လွန်းတာကြောင့် လူအများမှာလည်း တုပ်ကွေးရာသီ နဲ့ အတူ တုပ်လိုက်ကြ ကွေးလိုက်ကြ ဖြစ်နေကြပြန်ပါတယ် ။ “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ”လို့  မေတ္တာပို့ဝေ ပွားများနေသူများ ရှိသလိုပဲ ၊ လူအချင်းချင်းမှ မလှည့်ပတ်ရရင် အိပ်မပျော် စားမဝင်ဖြစ်တတ်သူများလည်း အများအပြားပါပဲ ။
လိမ်ညာ လှည့်စား တယ် ဆိုတဲ့ ဝေါဟာရ မှာ လိမ်ညာတာ(Lie) နဲ့ လှည့်စားတာ(Trick)ကို အတူတူ တွဲထားပေမဲ့ သဘောသဘာဝချင်းတော့ လုံးဝဥဿုံ တူလှတယ် မထင်မိပါဘူး။ကိုယ့်အယူအဆ ကိုယ်ပြောပြရရင်တော့ လိမ်ညာတယ်ဆိုတာက မရှိတဲ့အရာတခုကို ရှိသယောင်နဲ့ တဖက်သားကို အယုံသွင်း ကလိမ်စေ့ငြမ်းဆင် ကိုယ့်အတွက် ရသလို ရအောင် လုပ်ယူတာ ကြံဆောင်တာမျိုး ၊ လှည့်စားတယ် ဆိုတာ ရှိနေတဲ့ အရာတခုကို ထင်ယောင်ထင်မှား ဝိုးတဝါးဖြစ်အောင် ကြံဆောင်ပြီး လှည့်ပတ် သွားတာ မျိုး လို့  ထင်တာပဲ ။ဘယ်လိုပဲ ဖြစ်ဖြစ် လိမ်ညာ ဟန်ဆောင် လှည့်စား တယ် ဆိုတာ ဘယ်တခုမှ မကောင်းပါဘူးး။
ဒီလပိုင်း ရက်ပိုင်တွေ အတွင်းမှာ ကိုယ်တို့တတွေ လူတဦး ၊ အဖွဲ့ အစည်းတခု ရဲ့ လှည့်စားခြင်းကို ခံနေရတယ်လို့ ထင်ပါတယ် ။ သူ မလိမ်မညာပါဘူး ။ ပြောတော့ ပြောပါတယ် ။လုပ်တော့ လုပ်ပါတယ် ။ဒါပေမဲ့ အများ မျှော်လင့်တောင်းတနေသလိုမျိုး အပြည့် အဝ လုပ်မပေးခဲ့ပါဘူး ။ ပြောသလို မလုပ်ဘူးပေါ့ ။ ၆၃၅၉ ဂဏန်း အတိတ်စိမ်းပေးထားပြီး တကယ့် ဖွင့်ဂဏန်းက ၂၁၈ လိုလို၊၂၀၇ လိုလို ဖြစ်သွားတဲ့ လှည့်စားမှုတမျိုး ကျတော့ နားလှည့်ပါးရိုက်သလို မျိုးမို့  သိသိကြီးနဲ့ အောင့်သက်သက် ခံရခက်လှတယ် ။ဒုစရိုက် နဲ့ သုစရိုက် သမားတွေ အချိုးချကြည့်ရင် ဘယ်သူပိုများမလည်းဆိုတာ တွေးကြည့်ရုံနဲ့  သိသာပါတယ် ။ ထားပါတော့ ။ ဒါက သူတပါးက ကိုယ့်အပေါ် လှည့်စားချက်တွေ ။ခံရခက်ပေမဲ့လည်း ခံကြပေအုံးတော့ပေါ့ ။ အချိန်တန် နပိန်ကန် မယ် ဆိုတော့ ၊ နွားပိန်လေး လာကန်မဲ့ အချိန်ကိုပဲ မျှော်တလင့်လင့်နဲ့ စောင့်ကြပေရအုံးမယ်။
သူတပါး ကိုယ့်အပေါ် လှည့်စားသွားတော့ ခံရခက်ကြီးတဲ့ ။ ဒီလိုဆိုတော့ ကိုယ့် ဖာသာကိုယ် လှည့်စားနေကြတာများရော မရှိကြတော့ဘူးလား ၊ ခံရခက်ကြီး မဖြစ်ကြတော့ဘူးလား ။ ဟင့်အင်း ၊ မဖြစ်မိပါဘူး ။ ဘာလို့လည်းဆိုတော့ မသိလိုက်လို့ပေါ့ ။
တခါတရံတော့လည်း သိနေသားပဲ ၊ဒါပေမဲ့ ကိုယ့်ဟာကိုယ်လှည့်စားပြီး ကျေနပ်သလိုတောင် ဖြစ်နေသေးတယ် ။
နားရှုပ်အောင် ပြောလိုက်လို့ နားရှုပ်သွားမယ် ။ ဒီလိုပါ ။ ဥပမာ ပေးရရင် ၊ အလွန်ဝသော အမျိုးသမီးတယောက် တနေ့ တခြား ပို ပို ဝ လာ တယ် ။သူများတွေက ..ဟယ် ၊ မတွေ့ တာကြာပြီ ၊ နဲနဲ ပိန်သွားသလိုပဲ နော် ... ဆိုတော့ ကျေနပ်လို့ပဲ ။ကြည်နူးလို့ပဲ ။ ညာပြောမှန်း မြှောက်ပင့်ပြောမှန်း သိပေမဲ့ နဲနဲ တော့ ကျေနပ်မိသွားမှာပဲ ။ ( တချို့တလေကျတော့ ဒါ ငါ့ကို သက်သက် ရွဲ့ပြော စောင်းပြောနေတာပဲဆိုပြီး မကျေမနပ်ဖြစ်မိမှပါပဲ ) ။ ဒီတော့ သူ ဘာလုပ်သလည်း ။ ဝိတ်ချမယ် ..ဝိတ်ချမယ် ပေါ့ ...တချို့ စိတ်ဓါတ်ခိုင်မာသူတွေကတော့ မဖြစ်မနေ ဝိတ်ချလို့ ရတယ် ။တကယ်လည်း အောင်မြင်သွားတယ် ။( ပြတ်သားတဲ့ သူတွေများ ဘယ်လောက်ထိ ပြတ်သလည်း မပြောနဲ့ ၊ ပုပ်သွားတဲ့ အသီး၂လုံး နဲ့ ပျက်သွားတဲ့ ဂေါ်တပြား ကို ချက်ချင်းပဲ ပြတ်စဲပလိုက်တယ် ။ ဒါမျိုး စိတ်ဓါတ် သဘောကျလို့ မဆုံးဘူး )။ တချို့ ကျတော့ ပါးစပ်ကသာ ပိန်ချင်တယ်၊ ဝိတ်ချမယ် ပြောပြီး .. အင်း..ဇွဲမရှိတော့ ဘယ်လိုလုပ်ပြီး ဒီဝိတ်ကြီး ကျ ပါ့ မလည်း လေ ။ ဒီတော့ သူ့ ဟာသူပဲ စိတ်ဖြေတဲ့နည်း သုံးတယ် ။ကိုယ့်စိတ်ကိုယ် လှည့်စားပြီး ကျေနပ်လိုက်ကြတယ် ။ပြီးခဲ့တဲ့ တလ ကထက်စာရင် ၁ပေါင်လောက်ကျလာတာပဲလေ... တဲ့ ။ လွန်ခဲ့တဲ့ ၄ လ အတွင်း ၁၀ ပေါင် တက်လာတာကိုတော့ မသိကျိုးကျွန်ပြုထားလိုက်တော့ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းလည်းနော် ။ဒီတရက်တော့ စားချင်တာလေး ဆက်စားလိုက်အုံးမှ ၊ နောက်တော့မှ ချတာပေါ့ ..တဲ့ ။ (လွှတ်တော်တက်သူတွေထဲက ဒီစိတ်ဓါတ် ဘယ်နှစ်ယောက် ပါမလည်း ။ သိဘူး ၊ လာမမေးနဲ့  ) ဒီလိုပါပဲ ။ လောကကြီးမှာ နေတတ်ရင်ကျေနပ်စရာတွေပဲပေါ့ ။
ထားပါတော့ ။ ဒီဥပမာကလည်း သိပ် မကောင်းသလိုပဲ ။ပြောချင်တာလည်း ဒါရိုက်ဟစ် မပြောရဲ..အဲလေ.. မပြောချင်တော့တာမို့  ကိုယ့် ကိုယ်ကိုယ် လှည့်စားခြင်း ဆိုတဲ့ အကြောင်းအရာ ကို ပဲ ဆက်ကြရအောင် ။
Illusion “ အီလူးရှင်း”ဆိုတဲ့ ဝေါဟာရ ၊ မြန်မာလို အတိအကျ ပြောရတာတော့ ခက်သလိုပဲ၊ အနီးစပ်ဆုံးပြောရရင်တော့ “ထင်ယောင်ထင်မှားဖြစ်ခြင်း ”ပေါ့။ အဲ့လို ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်တဲ့သူကိုတော့ Illusionist လို့ခေါ်ပါသတဲ့ ။ မျက်လှည့်ဆရာ ပေါ့ ။ David Copperfield ဆိုသူကတော့ ကမ္ဘာကျော် illusionist သို့မဟုတ် magician တယောက်ပေါ့ ။ သူ့ အတတ်ပညာ မျက်လှည့်ပြကွက်တွေ ဟာ အံ့သြဘွယ်ကောင်းလောက်အောင် သေသပ်လှတာမို့ သူ့ ကို လူလိမ်လူညာ လို့  ဘယ်သူမှ မပြောနိုင်ကြဘူး ။ သူ့ ရဲ့ လှည့်စားမှု ပြကွက်တွေကိုတောင် ခံစားကြည့်ချင်လွန်းလို့  ငွေကုန်ကြေးကျခံပြီး ကြည့်ကြရတယ် ။သူဟာ လစ်ဘာတီ ရုပ်တုကြီးကို ပျောက်သွားအောင် လုပ်ပြနိုင်သတဲ့။ ဂရိတ်ဝေါကြီးကို ထိုးထွင်း လျှောက်ပြနိုင်သတဲ့ ။ ဒါကတော့ ချွင်းချက်တခုအနေနဲ့ ထားရပေလိမ့်မယ် ။ သူက ပညာရှင်ကြီးကိုး ။ဘယ်သို့ ဘယ်ပုံ လုပ်လိုက်သနည်းဟုတော့ ကျွန်ုပ် မသိ ။ အခွေတွေထဲမှာ ကြည့်ရတာတော့ အလွန်ကောင်းပေ၏။ သူ့အကြောင်း အသေးစိတ်သိလိုရင်တော့ အွန်လိုင်းမှာ ရှာကြည့် ။ ဒီနေရာမှာတော့ သူ့ ရာဇဝင် ရှိလေ၏ ။
သူ့ လို လျှမ်းလျှမ်းတောက် မဟုတ် ကမ္ဘာမကျော် ပေမဲ့ မြန်မာကျော်တဲ့ အီလူးရှင်းနစ် တွေလည်း မြန်မာပြည်မှာ တပုံကြီး ရှိ တယ် ။ ဧရာဝတီကြီးကို အသွင်ပြောင်းပြီး အိပ်ထောင်ထဲ ထဲ့ထားလိုက်တာတို့ ၊ နာဂစ်တုံးက အသက်မဲ့သွားတဲ့သူတွေ မဲ ထပြီးပေးကြတာတို့  ။ အဲ့လို စွမ်းဆောင်နိုင်ကြသူတွေ တပုံကြီးပါ ။ ဘာလို့ ကမ္ဘာမကျော်ကြတာလည်း ၊ ကိုယ့်ဦးနှောက် သေးသေးလေးနဲ့ စဉ်းစားလို့ကို မရဘူး ။
ဒါလည်း ထားလိုက်တော့ ဦးနှောက်သေးလို့  မစဉ်းစားချင်တော့ဘူး ။ ဒီတော့ ထင်ယောင်ထင်မှား မြင်တတ်တာတွေကိုပဲ ပုံလေးတွေနဲ့ ဥပမာ ပြ တော့မယ် ။ “မျက်စိအကြည်” အခံဓါတ် နဲ့  “အဆင်း” အတိုက်ဓါတ် တို့ တိုက်တော့ “ မြင်စိတ်” အပွင့်ဓါတ် ဖြစ်တယ်လို့  တရားသဘောမှာ ရှင်းပြထားတာ သိကြပါလိမ့်မယ် ။ လောကဓါတ် သိပ္ပံသဘောအရလည်း အရာဝတ္ထု တခုပုံရိပ်ဟာ ၊ အလင်း အမှောင် အပေါ်တည်ပြီး ၊ မျက်စိ မြင်လွှာပေါ် ကျရောက်လို့ ပုံရိပ်ကို မြင်ကြရတယ်လို့ သတ်မှတ်ထားကြပါတယ် ။ပုံရိပ်မှာလည်း ပုံရိပ်အစစ်နဲ့ ပုံရိပ်ယောင်ဆိုတာတွေ ရှိကြပါသေးတယ် ။ အဲဒီအထဲကမှ“Optical Illusions” ပုံရိပ်ယောင်တွေကို ဘယ်ပုံဘယ်နည်း မြင်ကြရသလည်း၊ ဘယ်လိုပုံနဲ့ မြင်ကြရသလည်း၊ ဘာကြောင့် မြင်ရတာလည်း ဆိုတာတွေကို စာအနေနဲ့ ရှင်းပြထားကြတာတွေလည်း အများကြီးရှိပေမဲ့ ရူပဗေဒ သဘောတွေကို သိပ်တော့ နားမလည်လှဘူး ။ ဒီတော့ ရုပ်ပုံလေးတွေ အနေနဲ့ ကြည့်ကြရအောင် ။ အပျင်းလည်းပြေ ပညာလည်းရ ပေါ့ ။ ဒါပေမဲ့ မျက်စိညောင်းမှာ တော့ သေချာတာမို့  တကြိမ်တခါထဲ နဲ့ အားလုံးကို မကြည့်ကြစေလိုပါ ။
ကဲ.. စ မယ်..။ ပုံတွေ မကြည့်ခင် မျက်စိကို အနားပေးတဲ့ အနေနဲ့ ခပ်ဝေးဝေးတနေရာကို ခဏလောက် အရင်ကြည့်လိုက်ပါ ။
အလားတူပါပဲ ။ လက်ဗွေရိပ် မှာ ခွေးရုပ်ပုံရိပ်ကို ထဲ့ထားတာပါ ။လွယ်ကူပါတယ် ။ ချက်ချင်း မြင်ရတယ် မဟုတ်လား။ မမြင်ရင်တော့ တခုခု ဖြစ်နေပြီ။း)
ဒါကတော့ စက်ဝိုင်းပုံ တွေကို အသေး အကြီး အဝိုင်းလိုက် ရစ်ပြီးထပ်ဆွဲထားတဲ့ အပေါ်မှာ စတုရန်းလေးထောင့်ပုံ မျဉ်းကြောင်းအဖြောင့်၎ချောင်း ။ ကြည့်ရင်း နဲ့ အလယ်မှာ နဲနဲ ကောက် ချိုင့် လာပါမယ် ။
အမဲရောင် အထစ်လိုင်းတွေ ပေါ်မှာ ဆွဲထားတဲ့ ကန့်လန့်ဖြတ် အပြာ လိမ္မော် အဝါ အဖြောင့်လိုင်းတွေကို ကြည့်နေရင်းနဲ့ လိုင်းဖြောင့်တွေပါ မြွေလိမ်မြွေကောက်လို့  တွန့် လာပါလိမ့်မယ် ။ အကောက်အကွေးတွေ ကြားမှာ ရှိနေရတဲ့ အဖြောင့် ဆိုတာကြီးခမျာမလည်း ကြာကြာတောင့်မခံနိုင်ပါဘူး။ပါတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် ပုံသဏ္ဍန်ပြောင်းတတ်တယ် ဆိုတာ သတိပြု စေချင်ပါတယ် ။ ( မည်သူ့ ကိုမျှ ရည်ရွယ်ခြင်းမဟုတ်ပါ ဆိုလျှင် မုသားစကား ဖြစ်ပေတော့မည်.. )
ဒီပုံကကိုတော့ နဲနဲ အချိန်ယူကြည့်ရပါမယ် ။( ကြည့်ဖူး မြင်ဖူးသူများလည်း ရှိပါမယ် ။ မြင်ဖူးသွားရင်တော့ မြန်ပါတယ် )။ အလယ်က အစက် ၄စက်ကို စက္ကန့် ၃၀ မျှ စူးစိုက်ပြီးကြည့်ပါ ။ ပြီးရင် ဗြောင်ဖြစ်နေတဲ့ အခန်း နံရံ သို့မဟုတ် မျက်နှာကျက် စတဲ့နေရာသို့  လွှဲပြောင်းပြီးကြည့်လိုက်ပါ ။ Jesus ပုံရိပ်ဟာ အာရုံမှာ ထင်လာပါလိမ့်မယ် ( အလားတူ ပုံတွေ အများကြီး ရှိပါသေးတယ်၊) ။ခေါင်းမူးသွားမှာစိုးလို့ တစ်ပုံပဲ ပြထားပါတယ်။
ဒီအောက်က ပုံတွေကတော့ ပန်းချီဆွဲသူရဲ့ စိတ်ကူးကောင်းပုံ လက်ရာမြောက်ပုံများကို ပြထားတဲ့ ပုံရိပ်တွေ ဖြစ်ပြီး သင့်မျက်စိ ဘယ်လောက် လျှင်သလည်း ဆိုတာ စမ်းသပ်လို့ ရပါတယ်။
။ ဆင်ပုံ နဲ့ အခြားတိရစ္ဆာန်တွေ ထပ်ပြီးဆွဲထားတာပါ ။ ဘယ်နှစ်မျိုး တွေ့ ရှိပါသလည်း ။ အကောင် ၆ မျိုးထက် ပိုတွေ့ သူများ တိတ်တိတ်လေး ပြောသွားကြပါအုံး..း)
ရုတ်တရက်ကြည့်ရင် သာယာလှပတဲ့ ကမ်းစပ်မှာရပ်နေကြတဲ့ ချစ်သူနှစ်ဦး ပေါ့ ။ သေချာကြည့်လိုက်ရင် ကလေး သန္ဓေသားပေါက်လေးတယောက်လည်း ရှိနေပါတယ်။
ရုတ်တရက်ကြည့်ရင် အဖိုးကြီးနဲ့ အဖွားကြီး မျက်နှာချင်းဆိုင်နေကြတဲ့ပုံ ။ သေချာကြည့်တော့ အတွင်းမှာ ထိုင်နေတဲ့ လူရွယ်၂ယောက် နဲ့ မတ်တပ်ရပ်နေသူတယောက် ရှိပါသေးတယ်။
3 D ပုံရိပ် တွေထဲက တခုပါ ။ ပန်းချီပညာရှင်တွေရဲ့ အံ့မခမ်း လက်ရာတွေကို နိုင်ငံရပ်ခြား တိုင်းပြည်များမှာ လူသွား လမ်းပေါ်မှာ ၊ပလက်ဖေါင်းပေါ်မှာ ဆွဲထားကြတဲ့ပုံတွေ မြင်ရတာကို အားကျမိပြီး ကိုယ့်ပြည် ကိုယ့်မြေ က နေရာကွက်လပ်ကြီးတွေမှာ ဒီလိုလက်ရာမျိုးတွေ ကိုယ်တိုင် ကိုယ်ကျ မြင်လိုစိတ်ပေါ်လာမိတယ် ။စိတ်ကူးထဲကို ပုံဖေါ်ရရင် .. ပြည်သူ့ လွှတ်တော်ရင်ပြင်တော်ကြီးပေါ်မှာ ထိတ်လန့်စရာ ချောက် ကမ်းပါးကြီးတွေ ချိုင့်ခွက်ကြီးတွေ ..ပုံရိပ်တွေ ဆွဲထားတာမျိုးပေါ့ ။ဒါမှ ပြောနေကျ လက်သုံးစကား၊ မကြာခဏ ကျခါနီး ဖြစ် ဖြစ်သွားတတ်တဲ့ ချောက်ကမ်းပါးဆိုတာကြီးကို ရွှေပြည်သားများ မျက်ဝါးထင်ထင် မြင်တွေ့ ဖူးရတော့မှာပေါ့။ ခုလောလောဆယ်မှာတော့ ကတ္တရာ လမ်းမတွေပေါ်က အော်ရီဂျင်နယ် 3D ဂလှိုင်ပေါက်ကြီးတွေ ကိုပဲကြည့်ထားလိုက်ကြပါစို့  ။)
အသူရကယ် ငရဲပြည် အဝီဇိ ၈ ထပ်ဆို ဒီထက် အပုံကြီး နက်မှာပဲ ပေါ့။ ဘယ်သူတွေ သွားကြမယ် မသိသလို သိသလို နဲ့ ကိုယ်မပါအောင် အားထုတ်ရအုံးမယ် ။ အချိန်မှ မှီပါတော့ မလား ။
ဒါကတော့ ၂ ခုစလုံးက ပုံရိပ်အစစ်တွေပါပဲ ။ အစစ်၂ခုကို ထပ်ပြီး စိတ်ကိုလှည့်စားလိုက်တော့လည်း တမျိုးတမည် ထင်ရတာပေါ့ ..း) ။
ဒီပန်းချီဆရာလည်း တော်ပါတယ်။ ဗမာပြည်ကြီးကိုချစ်လွန်းလို့  သူ့ နာမယ်ထဲ ထဲ့သုံးထားတဲ့ ဒီလူကြီး ။ သူ့ ပုံကို ဒီလိုလုပ်ဆွဲတော့လည်း ဘာမှ မပြောရှာဘူး။ တို့ပြည်ကြီးက ခေါင်းဆောင်ကြီးတွေပုံကိုလည်း ဒီလိုဆွဲပြီး လူရှေ့ မှာ ရပ်ပြလို့ ရမဲ့ အချိန် သိပ်မဝေးတော့ဘူး လို့  ထင်တာပဲ။ ခုတောင် ငြိမ်းချမ်းစွာ တန်းစီ လှည့်လည်ဆန္ဒ ဖေါ်ထုတ်လို့ ရတော့မယ် ဆိုတဲ့သတင်းကြားနေရပြီ ။“ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ကြမ်း”တဲ့။ အသေးစိတ်ကို ဒီမှာ ကြည့်လို့ ရပါတယ် ။အကယ်၍သာ ..အကယ်၍သာ ဒီဥပဒေကြမ်းကြီး အတည်ပြုပြီးသွားရင် .. ဘယ်သူ့ ပုံ ကို အရင်ဆွဲပြကြမလည်း ။ မော်ဒယ် လုပ်လိုသူများရှိပါက မတ်စိ ထားခဲ့ နိုင်ပါတယ်။ အခြေအနေပေးတဲ့ အခါ ဆက်သွယ် လို့ ရအောင် ပါ ။
Stereogram image အမျိုးအစားထဲက ပါ ။ ပုံရိပ်ယောင်တွေ ထဲမှာ သဘောအကျဆုံး အမျိုးအစား ပါ ။ကြည့်လို့  မထွက်ခင်ကတော့ ဘယ်လိုမှ ဆွဲဆောင်မှု မရှိပေမဲ့ ကြည့်လို့ မြင်သွားပြီးနောက်ပိုင်း အမြင်အာရုံထဲမှာ ပေါ့ပါးလွင့်မြောသွားသလိုခံစားရတယ် ။ ကြည့်နည်းက တော့ ဒီလို။ ပုံရဲ့ အပေါ်ထိပ်ပိုင်းက အနီရောင် အဝိုင်းစက် ၂ ခု ကိုသေချာ စိုက်ကြည့်ပါ ။သူ့ ကို အဝိုင်း ၃ စက် အနေနဲ့ မြင်လာရတဲ့ အခါမှာ အောက်ဖက်ရွှေ့ ပြီး တပုံလုံးကို ဖြန့်ကြည့်လိုက်တဲ့အခါ အဖေါင်းအမို့ အချိုင့်တွေ ထဲမှာ ရောင်စုံ ဝိုင်းလေးတွေကို စိုပြေစွာတွေ့ ရပါမယ်။
အပေါ်ကပုံနဲ့ အလားတူပါပဲ။
တကယ်လို့ ခေါင်းမမူးသေးဘူး ဆိုရင်တော့ ဒီပုံလေးကိုဆက်ကြည့်လိုက်ပါ ။ အရက်မူးသမားတွေရဲ့ အမြင်လိုပါပဲ ။ အရိပ် နှစ်ထပ် တွေ ဖြစ်နေ တယ် ပေါ့
ပုံတွေကြည့်ပြီး မျက်စိလည်း အတော်ညောင်းလောက်ပြီ ။ သင့်မျက်စိ တကယ်ပဲ ညောင်းသွားပြီလား ဆိုတာ ဒီအောက်က ပုံအနည်းငယ်ဆက်ကြည့်ပြီး စမ်းသပ်လို့ရပါတယ် ။ အစိမ်းရောင်စက်ဝိုင်းကြီးအလယ်တဲ့တဲ့မှာ ရှိတဲ့အပြာရောင်အဝိုင်းလေးကိုသေချာစူးစိုက်ကြည့်နေပါ ။ အပြာရောင် အဝိုင်းလေးက တဖြေးဖြေး သေးငယ်လာပြီး ပျောက်ကွယ်သွားမယ် ဆိုရင်တော့ သင့်မျက်စိ မောပန်းညောင်းညာနေပြီ ဖြစ်တာမို့  အနားပေးသင့်ပါပြီ။
တကယ်လို့ မမောသေး မညောင်းသေးဘူး ထင်ယောင်ထင်မှားတွေ ဆက်ပြီး မှား..အဲ.. ဆက်ပြီးကြည့်ချင်သေးသပ ဆိုရင်တော့ ဒီနေရာကို သွားကြည့် လို့  ရ ပါတယ် ။ခေါင်း မူး ၊ မျက်စိညောင်း၊ ဇက်ကျောတက်လာရင်တော့ သင့်တာဝန်သာ ဖြစ်ပါသည် ပေါ့ ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
မိမိကိုယ်ကို လှည့်စားခြင်းလည်း ကင်းဝေးကြပါစေ ...
ခန္ဓာကိုယ်တခုမှာ ဘယ်အင်္ဂါ က အရေးအကြီးဆုံးလည်း ။ ရှိရှိ သမျှ အင်္ဂါတွေအားလုံး သူ့ နေရာနဲ့သူ အရေးကြီးကြတာချည်းပါပဲ ။ ဦးနှောက်အာရုံကြောတွေ၊ သွေးလှည့်ပါတ်တဲ့စနစ် မှ နှလုံးနဲ့ သွေးကြောတွေ၊ အသက်ရှုလမ်းကြောင်း အတွက် အဆုပ်နဲ့လေပြွန်တွေ ။ အစာခြေလမ်းကြောင်းအတွက် ပါးစပ်မှ စပြီး စအိုဝ အထိအစာအိမ် အူ၊အသည်း၊ သည်းခြေ ၊ အညစ်အကြေး အဆိပ်အတောက်တွေ စွန့်ပစ်ဖို့ ကျောက်ကပ် ဆီးလမ်းကြောင်း၊ အားလုံး အရေးကြီးကြပါတယ်။ ရောဂါတခုခု ဖြစ်လာရင် ဘာရောဂါ ဖြစ်မှန်းသိရအောင် ကိုယ်ခန္ဓာမှ ပုံသဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်ုပ်တို့ ကို အကြောင်းကြားပါတယ် ။ အဲ့ဒါတွေကို ရောဂါ လက္ခဏာ လို့ (Sign & Symptom) ခေါ်ပါတယ်။ ဥပမာ ဗိုက်အောင့်တယ်၊ ခေါင်းကိုက်တယ် ၊ ခေါင်းမူးတယ်၊ ရင်ဘတ်အောင့်တယ်၊ရင်တုန်တယ်၊ အန်တယ်။ ဝမ်းလျှောတယ်။ ဆီးကျင်တယ် စသဖြင့်ပေါ့ ။အဲ့ဒီအခါကျ ခေါင်းမူးရင် ဘယ်လိုပုံနဲ့ မူးရင် ဘာရောဂါကြောင့်ဖြစ်နိုင်တယ်၊ရင်ဘတ် ဘယ်နေရာမှာအောင့်ရင်ဘယ်လိုအောင့်ရင်ဘာရောဂါဖြစ်နိုင်တယ် ဆိုတာ အကြမ်းဖျင်း သိနိုင်ပါတယ်။ အတိအကျ သိဖို့ရာကတော့ ကျွမ်းကျင်သူပညာရှင်များမှ ဆက်ပြီးရောဂါ ရှာဖွေစစ်ဆေး ပေးလို့ ရပါတယ် ။ခု ပြောပြချင်တာကတော့ ဗိုက် ပြသနာ များ ပါပဲ ။
ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ စကားအတိုင်း ဝမ်းဗိုက်ပြသနာ ရှိနေခဲ့ရင် ခေါင်း အထိအောင် ပြသနာ ဖြစ်လာတတ်ပါတယ် ။ ခေါင်းကိုက် ခေါင်းခဲ ခေါင်းမကြည်မလင်နဲ့ နေရထိုင်ရတာ မသက်သာလှပါဘူး။
လူတိုင်း ဗိုက်အောင့် ဗိုက်နာဖူးကြမှာပါ ။ အနည်းဆုံး ကတော့ ဝမ်းသွားချင်တဲ့ အခါမျိုးမှာ ဗိုက် နဲနဲ ရစ် တာမျိုးလောက်တော့ ခံစားဖူးကြမှာပါ ။ဗိုက်နာတဲ့ အတိုင်းအဆ ပြင်းထန်မှု၊ နာကျင်ပုံ နာကျင်နည်း၊ နာတဲ့နေရာ ။သူနဲ့တွဲဖက်ပြီး ပြတတ်တဲ့ တခြား လက္ခဏာများကိုကြည့်ပြီး သူ့ မှာ ဘာရောဂါ ဖြစ်နိုင်ချေရှိသလည်း ဆို တာကို မှန်းဆလို့ ရပါတယ် ။
ခု ဒီအကြောင်းပြောပြချင်တာကတော့ ကိုယ့်ဟာကိုယ် ရောဂါရှာပြီး ကိုယ့်ဟာကိုယ် ကုသဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ။ သာမာန်ဗဟုသုတမျိုး အနေနဲ့ ကိုယ့်ခန္ဓာကိုယ် ရဲ့  ဘယ်နေရာမှာ ဘာအင်္ဂါ အစိတ်အပိုင်းတွေ ရှိသလည်း ဆိုတာသိထားရင် အနည်းဆုံးတော့ မိမိမှာ ဘယ်လိုရောဂါ ဖြစ်နိုင်လိမ့်မလည်းလို့ အချိန်မဆွဲပဲ သိနိုင်အောင်ပါ ။
ပိုပြီး တိကျ အောင်ဖေါ်ပြလိုရင်တော့ အကွက် ၉ ကွက် ဖေါ်ပြကြပါတယ်။
ဗိုက်သားပြင်ရဲ့ အတွင်းဖက်ကိုယ်တွင်းခေါင်းမှာ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓိကအားဖြင့် ဒီလို ခွဲခြားထားပါတယ်။
၁-အစာခြေဖျက်ခြင်းနဲ့ဆိုင်တဲ့-အစာမြိုရေမြိုပြွန်ရဲ့  အောက်ဆုံးအပိုင်း(the end of the esophagus),အစာအိမ်( stomach), အူသိမ်နှင့်အူမကြီး (small and large intestines), အသည်း (liver), သည်းခြေ(gallbladder),မုန့်ချိုအိတ် ခေါ် သရက်ရွက်( pancreas)။
၂-ဝမ်းဗိုက်အတွက် နှလုံးသွေးလွှတ်ကြောမကြီးနှင့်သွေးကြောများ(The abdominal aorta)။
၃-အူအတက်(The appendix)- အူသိမ်အဆုံးပိုင်း နှင့် အူမကြီးအစပိုင်း ဆက်သွယ်ရာ နေရာမှာ ရှိပြီး အရေးကြီး လုပ်ငန်းတာဝန် မရှိ။
၎-ကျောက်ကပ် နှစ်လုံး( The kidneys) ဘယ် ညာ နှစ်ဖက် ၊ ဝမ်းဗိုက်ရဲ့ နောက်ဖက် အတွင်းပိုင်းတွင် ပဲစေ့ပုံသဏ္ဍန်ရှိပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက် အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ် နိုင်အောင် ဆောင်ရွက်ပေး ပါတယ်။
၅-ဘေလုံး ( spleen) ဗိုက်ရဲ့ ဘယ်ဖက် အပေါ်အနောက်ဖက်နေရာမှာ တည်ရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး နဲ့ သွေးလှည့်ပတ်ရေးအတွက် တာဝန်ရှိပါတယ်။
အဲ့ဒီ အင်္ဂါ အစိပ်အပိုင်းတွေမှာ ပြသနာ တခုခု ဖြစ်လာရင် သူနဲ့ ဆိုင်တဲ့ နေရာမှာ နာတတ်တယ် အောင့်တတ်တယ် ။ ဗိုက်နာတယ် ဆိုရင် နာတဲ့နေရာ( location of pain) နဲ့ နာပုံနာနည်း (Type of pain) -( အောင့်ပြီးနာသလား ၊ တပြင်လုံး နာသလား၊ တနေရာတည်း စူးပြီးနာသလား၊ ရစ်ပြီးနာသလား) ။onset of pain ( ရုတ်တရက် နာသလား၊ ရက်ရှည်နာနေတာလား Acute or Chronic) စတာ တွေဟာ ရောဂါရှာဖွေသတ်မှတ်ရေး( Diagnosis )အတွက် အရေးကြီးပါတယ်။
အခု ပြောချင်တာကတော့ ရုတ်တရက် ဗိုက်နာခြင်း (Acute Abdominal Pain) အကြောင်းပါ။
တခါတလေလည်း ဝမ်းဗိုက်ကြီးက မျက်လှည့် ပြတတ်ပါသေးတယ် ။ အခု ဒီနေရာမှာ စ အောင့် နေပေမဲ့ ခန ကြာတော့ နေရာပြောင်းသွားတတ်တာ လည်းရှိပါတယ် ။ ဥပမာ - အူအတက်ယောင်လို့  ဗိုက်နာတယ်ဆိုရင် သူက RLQ မှာရှိနေပေမဲ့ စစချင်းမှာ အစာအိမ် အောင့်သလို မျိုးနဲ့ ခပ်ဆင်ဆင် နာပြတတ်ပါတယ် ။ ရင်ညွန့် မှ စအောင့်ပြီး နာရီ အနည်းငယ်အတွင်း ဒါမှမဟုတ် ရက် အနည်းငယ် ၁ ရက် ၂ ရက်လောက်ကြာမှ သူရှိနေတဲ့ ညာဘက် အောက်ပိုင်း ကို ရွှေ့ ပြီး နေရာမှန် မှာ နာလာတတ်ပါတယ်။ အဲလို နာတာ အပြင် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်း စတဲ့ လက္ခဏာတွေပါ ရှိနိုင်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဗိုက်အောင့်ခြင်းမျိုး (Acute Abdomen )ဆိုရင် အနီးကပ် စောင့်ကြည့်ခြင်း ( close Observation) က အရေးကြီးပါတယ်။ အဲ့လို စောင့်ကြည့်နေစဉ်မှာ လူနာကို ဘာ အစားအစာ၊ ရေ ၊ မျှ မပေးရပါဘူး ။ တကယ်လို့  အူအတက်ယောင်တာကြောင့် နာတာဆိုရင် အချိန်မရွေး ခွဲစိပ်ကုသဖို့ လိုအပ်တာမို့ ၊ အန္တရာယ် ကင်းစွာ မေ့ဆေးပေးလို့  ရအောင် ပါ။
အလားတူစွာ Refer Pain များရှိတတ်တဲ့ ရောဂါများလည်း ရှိပါသေးတယ် ။ ဥပမာ နှလုံးကြွက်သားသွေးမလုံလောက်လို့ ရင်ဘတ် အောင့်တဲ့ အခါ ၊တခါတလေကျရင် ဘယ်ဘက် ပုခုံး နဲ့ မေးရိုး လည်ပင်း နေရာများမှာလည်း အောင့်နေတတ်ပါတယ်။ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရသလည်း ဆိုတော့ ဒီ အင်္ဂါအစိတ်အပိုင်း နှစ်ခုစလုံးအတွက် ထောက်ပံ့ထားတဲ့ အာရုံကြောက တခုထဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။
အဲဒီ အထဲမှာ အများဆုံး နာတတ် အောင့်တတ်ကြတာ တွေကတော့
-Epigastric ရင်ခေါင်းရင်ညွန့် နေရာမှာဆိုရင် အများအားဖြင့် - အစာအိမ်(Gastritis) ၊ အူသိမ်ဦးပိုင်းယောင်ယမ်းခြင်း(Duodenitis)၊ အနာပေါက်ခြင်း(ulcer) သည်းခြေပြွန်ယောင်ယမ်းခြင်း (Cholecystitis Cholangitis) ၊ အသည်းယောင်ခြင်း(Hepatitis)၊ သရက်ရွက် ယောင်ခြင်း (Pancreatitis) ၊ သွေးယိုခြင်း စသဖြင့်။
တချို့ ဖြစ်နိုင်ခြေရှိတာတွေကတော့ -နှလုံးကြွက်သား အမြှေးပါးယောင်ခြင်း(Pericarditis Myocardial Infarct)၊ အဆုပ် ၊ အမြှေးပါးယောင်ခြင်း (Pneumonia, Pleurisy ,Pneomothorax)၊ရင်အုပ်နဲ့ ဝမ်းတွင်းခေါင်းခြားထားတဲ့အရွတ်ပြားအောက်တွင်ပြည်တည်ခြင်း (Subphrenic abscess)၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး အလွှာကွာပြီး ဖေါင်းထွက်လာခြင်း( Dissecting aneurysm) စသဖြင့် ..
- RUQ ညာဘက် အပေါ်မှာအောင့်ရင် ဖြစ်တတ်တာတွေက- အသည်း ယောင်ခြင်း သည်းခြေအိတ် ကျောက်တည်ခြင်း ယောင်ခြင်း စသဖြင့်။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ - ကျောက်ကပ်ယောင်ခြင်း ၊ ညာဖက် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း။ညာဖက် အဆုပ် နဲ့ အမြှေးပါး ယောင်ခြင်း ။ နှလုံးကြောင့် အောင့်ခြင်း တို့ လည်း ဖြစ်နိုင်ပါတယ်။
- LUQ ဘယ်ဘက် အပေါ်မှာ အောင့်ခဲ့ရင် ။ Stomach -အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ကြောင့် အဖြစ်များပါတယ်။ ၊Pancreas မုန့်ချိုအိတ်( သရက်ရွက် ) ယောင်ခြင်း ကျောက်တည်ခြင်းသွေးယိုခြင်း၊ Spleen ဘေလုံးကြီးခြင်း၊ပေါက်ခြင်း၊ ပုတ်ခြင်း၊ Left Kidney ဘယ်ဖက် ကျောက်ကပ်ယောင်ခြင်း၊ ကျောက်တည်ခြင်း၊ Lt Pleurisy , Pneumonia ဘယ်ဖက် အဆုပ်နဲ့ အမြှေးပါးယောင်ခြင်း စတာတွေ ကြောင့်ဖြစ်နိုင်ပါတယ် ။ ထိခိုက်ဒါဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်တတ်သူများ အတွက် စဉ်းစားစရာကတော့ အူမကြီး အတွင်း စမြင်းတုံးများတစ်ဆို့ ခြင်း များလာရင် ဘယ်ဖက် ဝမ်းပိုက် အပေါ်နဲ့အောက်ပိုင်းတို့ မှာလည်း အောင့်တတ်ပါတယ်။
- RLQ ညာဘက်အောက် မှာ ဖြစ်တတ်တာတွေက - အူအတက်ယောင်ခြင်း၊ ပေါက်ခြင်း ။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ -ဆီးလမ်းကြောင်း ကျောက်တည်ခြင်း -(ခါးနောက်ဖက်ပိုင်းမှ ရှေ့ အောက်ဖက်သို့ ထိုးဆင်းပြီး အောင့်တတ်တယ် )။ အူကျခြင်း Hernia စသဖြင့်။
- ဆီးစပ်အထက် Suprapubic နေရာမှာ အောင့်နိုင်တာတွေက အူမကြီး နောက်ဆုံးအပိုင်း ပိတ်ဆို့ ခြင်း ယောင်ခြင်း၊ အူအတက် ယောင်ခြင်း ၊ ဆီးအိမ် ယောင်ခြင်း၊ အမျိုးသမီးများအတွက် မျိုးဥအိမ်၊ ဥပြွန်၊သားအိမ် ယောင်ခြင်း ၊ ပေါက်ခြင်း၊နေရာမှားပြီး သန္ဓေတည်ခြင်း ၊ ရာသီလာ၍ အောင့်ခြင်း။
- Periumbilicus ချက်ပတ်လည်နေရာ မှာ အောင့်စေတာတွေက အူသိမ် ပိတ်ဆို့  ယောင်ယမ်း ပုတ်ခြင်း၊ မုန့်ချိုအိတ်ယောင်ခြင်း၊ အူရှိသွေးကြောများ ပိတ်ဆို့ခြင်း mesenteric thrombosis , dissecting aortic aneyrysm ၊ တို့ကြောင့် ဖြစ် တတ်ပြီး ၊ အူ အတက် ယောင်ခြင်းရဲ့ ဦးစွာ အချိန်မှာ လည်း ဒီနေရာမှာအောင့်တတ်ပါတယ်။
- LLQ ဘယ်ဘက် အောက်မှာ အောင့်ရင်- စဉ်းစားရမှာတွေကတော့ အူယောင်ခြင်း၊ အူ ပိတ်ဆို့ ခြင်း ဥပမာ စမြင်းတုံး၊ အလုံးအကြိတ် ၊ အနာပေါက်ခြင်း၊ အူကျခြင်း၊ ဘယ်ဘက် ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း၊
အမျိုးသမီးများအတွက်ကတော့ ဘယ်ဖက် သို့မဟုတ်ညာဖက် အောက်ပိုင်းမှာနာရင်- မျိုးဥအိမ် ovary နဲ့ ဥပြွန် Fallopian tube မှာ ဖြစ်တတ်တဲ့ ယောင်ခြင်း၊အရည်အိတ်တည်ခြင်း ။ ပေါက်ထွက်ခြင်း ၊ ဥပြွန်မှာ သန္ဓေတည်ခြင်း ( Ectopic/Tubal pregnancy) ၊သားအိမ်ယောင်ခြင်း တို့လည်းဖြစ်နိုင်ခြေ ရှိကြောင်း ကို မမေ့သင့်ပါဘူး ။
တခါက ကြုံခဲ့ဖူးပါတယ် ။ အမျိုး သမီး တယောက် ဗိုက်အောင့်တယ်၊ အောင့်တဲ့နေရာက ဝမ်းဗိုက် အောက်ဖက်ပိုင်းမှာ ၊ သူက ဝမ်းတွင်း ကလီစာတွေ ဘယ်နေရာမှာ ဘာရှိမှန်းမသိ တော့ အစာအိမ်အောင့်တယ် လို့ ယူဆပြီး သူ့ ဟာသူ ပဲ အစာအိမ် လေထိုးလေနာပျောက်ဆေးတွေ သောက်ပါတယ်။ ၃ ရက် ကြာသွားတယ် ။မသက်သာဘူးပေါ့။ ဒီလို နဲ့ပဲ ဗိုက်ကြီးတပြင်လုံး မာတောင့်တောင့် နဲ့ မခံမရပ်နိုင်အောင် ဖြစ်ပြီး shock ရလာတော့ မှ ဆေးရုံ ရောက်လာတယ် ။ ကြည့်လိုက်တော့ ဝမ်းဗိုက်ခေါင်းထဲမှာ သွေးထွက်နေတဲ့ လက္ခဏာတွေပြလာလို့  အရေးပေါ် ခွဲစိတ်လိုက်ရတယ် ။ဖြစ်ရပုံကတော့ မျိုးဥပြွန်ဝ မှာ သန္ဓေတည်ခြင်းဖြစ် ပြီး ပေါက်သွားလို့  သွေးထွက်တာ ဖြစ်နေတယ်။ သူသာတကယ်လို့  common sense ရှိရင် သူ့ ဟာသူ ဘာဖြစ်နိုင်သလည်း ဆိုတာ တွက်ဆလို့ ရပါတယ်။ဒါဆိုရင် လိုအပ်မှန်ကန်တဲ့ ကုသမှုများ စောစောစီးစီးရယူနိုင်ပါတယ်။
ဒီလိုမျိုး ဗိုက်အောင့်တာဟာ ဝမ်းခေါင်းအတွင်းမှာ ရှိတဲ့ ကလီစာ အများကြီးထဲမှာ ဘယ်နေရာ ကစပြီး ပြသနာဖြစ်တာလည်း ဆိုတာကို တခါတရံတော့လည်း သေချာအတိအကျ အဖြေ မရှာနိုင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဝမ်းတွင်းခေါင်း အမြှေးပါးယောင်ယမ်းပြီး Peritonitis ဗိုက်တပြင်လုံးဂျပ်ခဲကြီးဖြစ်နေတတ်တာမျိုး ၊ ဘာကြောင့်မှန်းသေချာ မသိပဲ သွေးဆိပ်တက် တဲ့ အခြေအနေမျိုးဆိုရင် Laparotomy & proceed ဆိုပြီး ဗိုက်ကို အရင်ခွဲပြီးမှ ရောဂါရှာကုသ ရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
နောက်ဆုံးပြောပြလိုတာကတော့ ဗိုက်နာတာ ကို ပေါ့ပေါ့နေပြီး ဆေးမြီးတိုနဲ့ အချိန်ဆွဲကုသမနေသင့်ပါဘူး။ နာနေတဲ့ ဗိုက်ကို နင်းနှိပ်ခြင်းမပြုသင့်ပါဘူး။ အစာအိမ်ယောင်ခြင်းကြောင့်အောင့် နေတာကို အကိုက်အခဲပျောက်ဆေးများ မစားသုံးသင့်ပါဘူး ။ ပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။တတ်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များဆီ အချိန်မှီပြသပြီး အောင့်ရတဲ့ အကြောင်းရင်းကို စောစောစီးစီးရှာဖွေကုသသင့်ပါတယ် ။
ပုံများကို ဒီနေရာ များမှ ယူပါတယ်။
ကျန်းမာ ရွှင်လန်းကြပါစေ။
နာလို့ ကျင်လို့ပဲ မပြီးနိုင် သေးဘူးလား လို့ ထင်ချင်သူများလည်း ထင်နိုင်ကြပါတယ် ။ နာနေတဲ့သူတွေ အတွက် ရည်ရွယ်ပါတယ် ။ သက်ရှိသတ္တဝါ ရယ်လို့ဖြစ်လာကြရင် အို နာ သေ ခြင်း ဒုက္ခဘေးတွေမှ လွတ်ကင်းလို့မှ မရတာမို့  ခု မနာသေးသူများလည်း နောင်တနေ့  နာလာ ကျင်လာတဲ့ အခါကျ အသုံးဝင်မှာပါ။
လည်ပင်းဇက်ကျော အတွက် လေ့ကျင့်ခန်းများ
လုပ်ငန်းခွင်မှာ ကွန်ပြူတာ ကြာရှည်စွာ အသုံးပြုနေရသူများ၊ရုံးစားပွဲမှာ ကြာရှည်ထိုင်ပြီး( ဂိမ်းများဆော့ရင်း) ဇက်ကြောတင်းနေကြသူများ၊ အတွက်အထူးသဖြင့် ရည်ရွယ်ပါတယ်။ နာရီဝက်လျှင် တကြိမ်မျှ လုပ်ပေးပါ ။
(၁)Neck And Glide Extension-
ပုံမှာ ပြထားသလို ၁။ကိုယ်ခန္ဓာနဲ့ လည်ပင်းကို တည့်မတ်စွာ ထားပါ။၂။ မေးစေ့ကို ရှေ့ သို့တွန်းထုတ်ပေးပါ။ မေးထိုး မေးငေါ့တတ်သူများ အတွက် အထူးလေ့ကျင့်ရန်မလို။ လွယ်ကူပါတယ်။ ၅စက္ကန့်မျှ ငြိမ်နေပါ။ နဂို နေရာပြန်ရွှေ့ ပါ။ ၃။ နောက်ဖက် မော့ပါ ။၅စက္ကန့်မျှ ငြိမ်နေပါ။
(၂)Acupressure Point-
နောက်စေ့အောက် ဦးရေ အစပ် ရှိ အချိုင့်နေရာ မှာ ပုံ ပါအတိုင်း လက်ချောင်များဖြင့် ဖိနှိပ်ပေးပါ ။ စက္ကန့် အနည်းငယ်ကြာမျှ ဖိထားပေးနိုင်ပါတယ်။ ကြာရှည် အညောင်းမိပြီး လည်ပင်းနာနေသူများအတွက် သင့်တော်ပါတယ် ။
(၃)Neck Rotation-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ်ဘက် နဲ့ ညာဘက် တလှည့်စီ လှည့်ပေးပါ။
၁၀ စက္ကန့်မျှ ငြိမ်ပေးပါ။
(၄)Neck Side Extension-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ် ညာ တစောင်း တလှည့်စီ လှည့်ပေးပါ။
၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။
(၅)Neck Stretch-
ပုံပါအတိုင်း ပုခုံး နှစ်ဖက်ကို အထက်သို့ မြှင့်တင်းပေးပါ။ ( ဇက်ကိုပုထားသလို အနေအထားဖြင့်) ၅စက္ကန့်မျှ ငြိမ်နေပါ။
(၆) Neck Forward Flexion-
လည်ပင်းကိုမတ်မတ်ထားရာမှ မေးစေ့နှင့် မိမိ၏ ရင်ဘတ်ထိသည်အထိ ငုံ့ ကြည့်ပေးပါ။ ၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။
ဒီလေ့ကျင့်ခန်းများ လုပ်ရာမှာ လည်ပင်းကို အားသိပ်မစိုက်ပဲ ဖြေးညှင်းစွာလှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။
...............................................................................................................
ခါးနာတတ်သူများ အတွက် ခါးလေ့ကျင့်ခန်းများ
(၁)Press Up: Sphinx Position-အီဂျစ်မှ Sphinx ခြင်္သေ့ကြီးများကဲ့သို့ ဝမ်းလျားမှောက် တံတောင်ဆစ်ထောက် ၊ တင်ပါးကို မကြွစေပဲ ခါးအထက်ပိုင်းကို ဖြေးဖြေးချင်းမြှင့်ပေးပါ ။ Yoga ကျင့်သလိုမျိုး လှုပ်ရှားမှုအားလုံးကို ဖြေးဖြေးချင်းစီလုပ်ပါ ။
(၂)Superman- ဆူပါမင်းကိုတော့ လူတိုင်းသိကြပါလိမ့်မယ်။ လွယ်ပါတယ် ။ ကြမ်းပေါ်မှာ ဗိုက်သားကပ်အောင် ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားရုံပါပဲ ၊ တခါမှာစက္ကန့်  ၃၀ မျှ ကို ၁၀ ကြိမ် လုပ်ပါ။
(၃)Standing Back Extension- မတ်မတ်ရပ် ၊ ခါးထောက် ၊ တင်းနိုင်သလောက် နောက်ပြန်လှန် ပြီး ၃ စက္ကန့်မျှ ငြိမ်နေပါ။ ၅ ကြိမ်မျှ လုပ်ပါ။
(၄)The "Dog"
ပေးစရာနာမယ်ရှားလို့ ခွေးနဲ့ နှိုင်းပြီးပေးရတယ်လို့တော့ မထင်စေချင်ပါ။ လူတွေအတွက် သစ္စာရှိသောမိတ်ဆွေဟု မှတ်ယူပါလေ ။ လေးဘက်ထောက် ၊ ကျောကို မြင့်လာအောင်ကုန်းပေးပြီး ၃၀ စက္ကန့် မျှုငြိမ်နေပါ။ အကြိမ် ၂၀ မျှ ပြုလုပ်ပါ။
(၅)Single Knee To Chest-ပက်လက်အနေအထားဖြင့် ညာခြေမြှောက် ဒူးကွေးပြီးဝမ်းဗိုက်ကိုကပ်တဲ့အထိ စက္ကန့် ၃၀ မျှ လက်နဲ့ဆွဲထားပါ ။ ထို့နောက် ဘယ်ဘက်ဒူး ကို အထက်ပါအတိုင်း တလှည့်စီ ဆွဲပါ။
(၆)Piriformis Stretch -ပက်လက်အနေအထားဖြင့် လက်နှစ်ဖက်ကို ဘေးဆန့်ထားပါ။ ညာဖက်ဒူးကိုကွေးပြီး ကိုယ်ခန္ဓာနဲ့ တင်ပါး အား ၄၅ ဒီဂရီခန့် စောင်းလိန်ပေးပါ။ စက္ကန့်  ၃၀ မျှ ငြိမ်နေပါ ။အတည့်ပြန်နေပါ။ ထို့နောက် ဘယ်ဖက်ဒူးကွေးပြီး အထက်ပါအတိုင်း တလှည့်စီပြုလုပ်ပါ။
(၇)Piriformis Standing-နံပါတ် ၆ နဲ့ နည်းတူတူပါပဲ။ မတ်တပ်ရပ် အနေအထားနဲ့ လုပ်လို့ရပါတယ် ။ ချော်မလဲစေရန်တော့ အထူးသတိပြုရပါမယ်။ ပေါင်ရင်းမှ နေပြီး အတွင်း ၊ အပြင် သို့ လှည့်ပေးရပါမယ် ။လှည့်ပြီးရင် တဖက်ကို ၁၀ စက္ကန့်မျှ ငြိမ်နေပေးပါ။ဘယ် ညာ ပြောင်းလုပ်ပါ။
(၈)Body Flexion-ပုံမှာပြထားသလို ပုဆစ်ဒူးတုပ်ထိုင်ပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပြင်ပေါ်ယှက်ထားပါ။ရှေ့ ဖက်သို့ ဖြေးဖြေးချင်းကွေးပါ။ခေါင်းနဲ့ ကြမ်းပြင်ထိသည် အထိကွေးရန်မလို။ စက္ကန့်  ၃၀ မျှုငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ်ရသလောက် လုပ်ပါ။
(၉)Body Flexion And Stretch- နံပါတ် ၈ အတိုင်း အနေအထားမှ လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားပါ။
(၁၀)Bend Over - မတ်တပ်ရပ်အနေအထားဖြင့် လက်ပိုက်ပြီး ခါးကို ရှေ့ သို့ နိုင်သလောက် ညွှတ်ကွေးပါ။၁၀ စက္ကန့် မျှငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ် ၂၀ ခန့် လုပ်ပေးပါ။
(၁၁)Stretch To Foot-ကြမ်းပြင်ပေါ်တွင်ခြေဆင်း ထိုင်ရက်အနေအထား မှ ခါးကို ဖြေးဖြေးချင်း အရှေ့ ဖက်သို့  ညွှတ်ကွေးပါ။ ၃၀စက္ကန့်မျှု ငြိမ်နေပါ။ ပြန်မတ်ပါ။ ၁၀ ကြိမ်မျှ လုပ်ပေးပါ။
(၁၂)Advanced Back Stretch-လုပ်ရတာ အနည်းသယ်မျှပိုပြီးခက်ခဲပါတယ်။ ပုံမှာပြထားသလို လေးဘက်ထောက်ထားပြီးနောက် ညာခြေနဲ့ဘယ်လက်ကို တဖြောင့်ထည်းဖြစ်အောင်မြှောက်ထားပါ ။ ၁၀ကြိမ်မျှု ပြုလုပ်ပါ။ နောက် ဘယ်ညာ ပြောင်းလုပ်ပါ။
(၁၃) The Plow -ပုံမှာပြထားသလို တပတ်လည်ဒေါင့်မျိုးဖြစ်ပြီး ၊ ဒီလေ့ကျင့်ခန်းထဲမှာ အခက်ဆုံးဖြစ်ပါတယ်။ သတိပြုရန် အချက်။ ။ခါးနာနေစဉ် အချိန်မှာ မပြုလုပ်ရပါ။
(၁၄)Press Up -အပေါ်ဆုံး Sphinx Position နဲ့ခပ်ဆင်ဆင်ပါပဲ။
အထက်ပါလေ့ကျင့်ခန်းများကို အားလုံးလိုက်မလုပ်နိုင်ပါကလည်း အရေးမကြီးလှပါ။ ကြိုက်ရာ ရွေးပြီး မိမိတတ်နိုင်သလောက် အဆင်ပြေစွာ ပြူလုပ်နိုင်ပါတယ် ။
ပုံများကို ဒီနေရာ ၁ ၊ ၂တို့မှ .ရှာဖွေရယူထားပါတယ်။
နာကျင်တာလေးတွေ ဆက်ကြရအောင် ။ရုပ် နာမ် နှစ်ပါး ပေါင်းစပ်ထားတဲ့ ကျွန်ုပ်တို့ ရဲ့ ခန္ဓာကြီးဟာ လည်း တရားသဘောနဲ့ကြည့်ရင် ဘာမှ မမြဲပါဘူး ၊ ဖြစ်ပျက် အစဉ်အရ ဖြစ်ပေါ် တည်ဆောက်လာပြီးတဲ့နောက် ဟောင်းဆွေး အိုမင်း နာကျင် ပျက်စီးခြင်းတွေ နဲ့ တွေ့ ကြုံရတာပါပဲ။ ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး လေးပါး နဲ့တည်ဆောက်ထားတဲ့ ရုပ်ခန္ဓာကြီးမှာ အသား၊ အရေ၊အကြော ၊ အဆစ်၊အူ၊ ကလီစာ အင်္ဂါရပ်ပေါင်းများစွာပါဝင်ပါတယ်။ ပုံမှန်လူသားတယောက်မှာ အရိုးပေါင်း ၂၀၆ ခုရှိပြီး အရိုးတခုနဲ့တခုကို ဆက်ထားတဲ့အရာကို တော့ အဆစ် ( Joint) လို့ခေါ်ကြတယ်။ဒီလို အရိုး အဆစ်တွေ အများကြီး ရှိတဲ့အထဲက အတော်များများ နာတတ်ကြတာကတော့ ကျောရိုးဆစ်တွေပေါ့ ။ အဲ့ဒီ ထဲမှာ မှ လည်ပင်းနဲ့ခါးဆစ်တွေမှာ နာတတ်တာတွေ ပိုများပါတယ်။
ကျောရိုးဆစ် Vertebra column မှာ ဘယ်ပုံဘယ်နည်း နာကျင်တတ်ပြီး ကုသမှုတွေပေး လေ့ကျင့်ခန်းတွေလုပ်ရတဲ့ အခါ ပိုပြီး ရှင်းလင်း မြင်လွယ် နားလည်လွယ်အောင် သူ့ ရဲ့ တည်ဆောက် ဖွဲ့စည်းပုံလေး ကို အခြေခံ သဘောလောက် တင်ပြပေးပါမယ်။
ကျောရိုးဆစ်( Vertebra column )ဟာ တဖြောင့်မတ်မတ် မဟုတ်ပဲ S ပုံသဏ္ဍန် အနဲငယ် ဝိုက်ပြီး ကွေးနေပါတယ် ။ သူ့ မှာ ရှိတဲ့ အဆစ်တွေကတော့
-လည်ပင်းရိုး ၇ ဆစ် ၊ Cervical 1-7
-ရင်ခေါင်းရိုး ၁၂ ဆစ် ၊ Thoracic 1-12
-ခါးရိုး ၅ ဆစ် ၊ Lumbar L1-5
-တင်ပါးရိုး ၅ဆစ် Sacrum S1-5 နဲ့ မြီးညောင့်ရိုးဆစ် ၄ဆစ် Coccyx တို့ရှိကြပါတယ်။ အဲဒီအထဲမှာမှ တင်ပါးရိုးနဲ့ မြီးညောင့်ရိုးတို့ ဟာ အလွယ်တကူ ကွေးဆန့်လှုပ်ရှားလို့မရအောင် ပေါင်းဆက်နေကြပါတယ်။ ဒီပုံမှာ ပြထားသလိုမျိုးပါ။
အဲ့ဒီ အဆစ်တွေကြားမှာ Intervertebral disc ခေါ်တဲ့ အရိုးနူအပြားလေးတွေက ကူရှင်လို သဘောမျိုး ခုခံပေးထားခြင်းအားဖြင့် အရိုးဆစ် တခုနဲ့တခု ပွတ်တိုက် ပွန်းပဲ့ခြင်းမှ ကာကွယ်ပေးထားပါတယ်။
အရိုးဆစ် တခုခြင်းကို ကြည့်ရင် ကိုယ်ထည် နဲ့ ဘေးက လက်တံတွေ ပေါင်းစပ်ထားပြီး အလယ်မှာ အကွင်းလိုက်လေးတွေ ရှိပြီး ဒီအကွင်းတွေဟာ ဗဟိုအာရုံကြောမကြီး Spinal Cord အတွက် နေရာပါ။ ကိုယ်ခန္ဓာတခုလုံးကိုယ်ထိန်းချုပ်ထားတဲ့ အာရုံကြောတွေဟာ ဦးနှောက်မှတဆင့် ဒီ ဗဟိုအာရုံကြောမကြီး အနေနဲ့ ခြေလက် အင်္ဂါအဖွဲ့အစည်းတွေဆီသွားရောက်ပြီး အာရုံခံစားခြင်း လှုပ်ရှားမှု ဖြစ်ပေါ်စေခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် ကျောရိုးမကြီးဟာ ကိုယ်ခန္ဓာတခုလုံးကို တည့်မတ်အောင် ထောက်ကန်ထားပေးရုံသာမက အာရုံကြောတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
တကယ်လို့ ကျောရိုးဆစ်နဲ့အရိုးပျော့အပြားတွေ မှာတခုခု ထိခိုက်ဒါဏ်ရာရခဲ့ရင်၊ ဒါဏ်ရာရတဲ့ အဆစ် လယ်ဗယ် အဆင့်လိုက်ပြီး အတွင်းမှာရှိတဲ့ အာရုံကြောမကြီးပါ ထိခိုက်တတ်ပြီး အကြောသေခြင်း မလှုပ်မရှားနိုင် ဆီး ဝမ်း မထိန်းနိုင်ခြင်း အသက်ရှူမှု ထိခိုက်ခြင်း စသဖြင့် ဖြစ်စေနိုင်ပါတယ်။( ဥပမာ -ဆူပါမင်းအဖြစ်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်ရုပ်ရှင်မင်းသားChristopher Reeve ဟာ မြင်းပေါ်ကပြုတ်ကျပြီး လည်ပင်းဆစ် အရိုး1-2 မှာ ထိခိုက်သွားလို့ တကိုယ်လုံး အကြောသေသွားခဲ့ရပါတယ် )
ဗွီဒီယို ပုံနဲ့ကြည့်ရင် ပိုမြင်လွယ်ပါတယ်။
ကျောရိုးဆစ်နာခြင်း - ဘာကြောင့်ဖြစ်တာလည်း။
များသောအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေလည်း degeneration ဖြစ်စဉ်အရ အိုမင်း လာကြတယ်။Bone spur ခေါ်တဲ့ အရိုး အတက်ထွက်လာတတ်တယ်။ Spinal disc ခေါ် intervertebral discအရိုးနုအပြားလေးတွေမှာလည်း ခြောက်သွေ့ မာကျောလာတတ်တယ်။ တချို့ အရိုးပြားလေးတွေ နေရာရွေ့ ပြီး အရိုးဆစ်မှကျွံထွက် လာတတ်တယ်။Bulging ပေါ့ ။အဲ့ဒီအခါကျတော့ အရိုးကွင်း အလည်မှာရှိနေတဲ့ အာရုံကြောမကြီးကို ဖိမိပြီး သက်ဆိုင်ရာ နေရာ တွေမှာ ပြင်းထန်စွာနာကျင်စေတတ်ပါတယ်။
တချို့ကျတော့ အရွတ်တွေ မာကျောခြင်း Stiff ligament ၊ ထိခိုက်ဒါဏ်ရာရခြင်း Trauma ၊ အရိုးဆစ်ယောင်ယမ်းခြင်း( Arthritis) တို့ကြောင့် ဖြစ်တတ်ပါတယ်။
ဘယ်လို ခံစားရမလည်း ။
-ဖြစ်တဲ့နေရာက နာတယ်( ဇက်ကြောတက် ၊ ခါးနာ စသဖြင့် )
-ခေါင်းကိုက်တယ်။ လည်ပင်းဆစ်ကြောင့်ခေါင်းပါကိုက်တတ်တယ်။
-လည်ဆစ် ကျီးပေါင်းတက်တာနဲ့ တွဲဖက်ပြီး ပုခုံးဆစ်ပါနာတတ်တယ်။လက်မောင်းထိနာတတ်တယ်။ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်တတ်တယ်။
-ခြေ လက် ဖျားတွေ ထုံကျင်တတ်တယ်။ အပ်နဲ့ထိုးသလို စူးပြီး နာတတ်တယ်။
-Lack of coordination ဆိုတဲ့ ဟန်ချက် မညီ ဖြစ်တတ်တယ်။ တချို့လည်း Difficulty in walking လမ်းလျှောက်ရတာခက်ခဲလာတယ် ။
-ပုံမမှန်တဲ့ တုံ့ပြန်မှု Abnormal Reflex တွေ ရှိလာတတ်တယ်။
-တချို့ ဆိုရင် ဆီး၊ ဝမ်း မထိန်းနိုင်တာ မျိုး ဖြစ်တတ်တယ် ။
ဖြစ်တဲ့ ကျောရိုးဆစ် နဲ့ အာရုံကြောမကြီးရဲ့ အဆင့်အပိုင်းပေါ်မှာ တည်ပြီး ခံစားမှု တွေ ကွဲပြားတတ်ပါတယ်။
တခြားဘာတွေ တွဲဖက် ဖြစ်ပေါ်စေနိုင်သေးလည်း။
အရိုးဆစ်အလည် ကွင်း ကျဉ်းမြောင်းခြင်း၊ အရိုးအတက်ထွက်ခြင်း။ထိခိုက်ဒါဏ်ရာရခြင်း တို့ကြောင့် အာရုံကြောမကြီး Spinal Cord Injury ရပြီး အာရုံခံစားမှုပျက်စီးခြင်း နဲ့ လှုပ်ရှားအကြောသေခြင်း များ ဖြစ်စေတတ်ပါသေးတယ်။
ဘယ်လိုနည်းတွေ နဲ့ ရောဂါရှာဖွေမလည်း။ Tests and diagnosis-
ဒါတွေက ဆရာဝန်တွေ လုပ်ပေးရမဲ့ အပိုင်းဖြစ်တာမို့ အသေးစိတ်သိရန်တော့ မလိုအပ်လှပါဘူး။ ကြားဖူးနားဝရှိအောင် အခေါ်အဝေါ်များကိုပဲ တင်ပြပေးပါမယ်။ X Ray CT ဆိုတာ တွေ က နားရည်ဝ နေလောက်ပါပြီ။
1.Neck flexibility assessment
2.Neurological exam
3.Neck or spinal X-ray.
4.Computerized tomography (CT) scan or magnetic resonance imaging (MRI).
5.Myelogram
6.Electromyogram (EMG)
7.Nerve conduction study.
နာကျင်နေရင် ဘာတွေ လုပ်ပေးနိုင်မလည်း။
ရုတ်တရက် ချက်ချင်း နာလာတာမျိုး ၊ အလွန်အမင်းနာနေတာမျိုးဆိုရင်တော့ ဦးစွာ ပထမ နာကျင်မှု သက်သာအောင် ပြုလုပ်ကြရမှာပါ ။ ဒီတော့ Pain Killer ၊Analgesic၊ Muscle Relaxant အကိုက် အခဲ အနာအကျင် ပျောက်ဆေး အကြောပြေဆေးတွေ အမျိုးမျိုးရှိပါတယ်။ စားဆေး ထိုးဆေး လိမ်းဆေး ကပ်ဆေး စအိုမှာသွင်းတဲ့ဆေးတောင့် စသဖြင့် သုံးပုံ သုံးနည်းတွေလည်းစုံလို့ ပေါ့။ ခုခေတ်မှာ အသုံးများကြတဲ့ ဆေးတွေကတော့ .....
nonsteroidal anti-inflammatory drugs (NSAIDs) အုပ်စုဝင်၊
Celecoxib (Celebrex)
Diclofenac (Voltaren)
Ibuprofen (Advil, Motrin)
Indomethacin (Indocin, Indocin SR)
Meloxicam (Mobic)
Naproxen (Aleve, Naprosyn)
Oxaprozin (Daypro)
Sulindac (Clinoril) စသဖြင့်ပါ။
ထိခိုက်ဒါဏ်ရာကြောင့် နာတယ် ဆိုရင်တော့ ပြင်းထန်စွာလှုပ်ရှားမှုတွေ မလုပ်ပဲ အနားယူရပါမယ် ။ ၂ ရက်အတွင်းမှာ ရေခဲအိတ် ကပ်ပေးနိုင်ပြီး ၂ ရက်ကျော်သွားရင်တော့ ရေနွေးအိတ် သို့မဟုတ် Heat pack သုံးလို့ ရပါတယ် ။ တချို့ကျတော့ အနှိပ်သည်၊ အကြောပြင်ဆရာ ဆိုသူတွေနဲ့ နင်းတာ နှိပ်တာတွေ လုပ်တတ်ကြတယ် ။ အဲ့ဒါက အာရုံကြောတွေ ထပ်မံ ထိခိုက်နိုင်စေတဲ့ အတွက်ကြောင့် ဆင်ခြင်ဖို့  လိုပါတယ် ။
ယောင်ယမ်းမှု အနည်းငယ်သက်သာလာရင်တော့ physiotherapy ခေါ် လေ့ကျင့်ခန်းများ ပြုလုပ်ပေးလို့ရပါတယ်။
အရိုးကျီးပေါင်းတက်၊ အရိုးနု နဲ့ အဆစ် နေရာရွေ့ ခြင်းစသည်တို့ အတွက်၊ ဆွဲဆန့်ခြင်း Traction လုပ်ပြီး ဖိမိနေတဲ့ အာရုံကြောကို လွတ်ကင်းသက်သာစေပါတယ်။
စက်အထောက်အကူနဲ့ လည်ပင်းအဆစ် ၊ခါးအဆစ် ဆွဲဆန့် ခြင်းများကို အောက်ပုံမှာ ပြထားတဲ့ အတိုင်း တွေ့ နိုင်ပါတယ်။
လည်ပင်းဆစ်၊ ခါးဆစ်တို့မှာ ဒါဏ်ရာရ ပြီး အာရုံကြောဖိညှပ်ထိခိုက်ခြင်းမျိုးမှ ကာကွယ်ရန် အထောက်အကူပြု ကော်လာ၊ခါးစည်း အစရှိတာတွေကို တပ်ဆင်ထားနိုင်ပါတယ်။
ဒီအောက်မှာပြထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ လည်ပင်းဆစ်နာ၊ ဇက်ကြောတက်ခြင်း နဲ့ပတ်သက်ပြီး လုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းလေးပါ ။ရှင်းလင်း လွယ်ကူပါတယ်။
အဲ့ဒီထဲကနေ ဆက်ပြီး ခါးနဲ့အခြား အဆစ်အကြောများအတွက် လေ့ကျင့်ခန်းလုပ်နည်းတွေကိုလည်း ရှုစား လို့ ရပါတယ်။အချိန်ရရင် အညောင်းအညာပြေ လုပ်ကြည့်ကြတာပေါ့။အကျိုးမမဲ့စေနိုင်ပါဘူး။
အပေါ်မှ ဗီဒီယိုကလစ်အား ကြည့်ရှု မရနိုင်သောနေရာမှ သူများအတွက် ပုံလေးတွေနဲ့ ရေးသားပေးလိုက်ပါတယ်။သို့ ပါသော်လည်း ဇာတ်လမ်းသိပ်ရှည်သွားရင် ဇက်ကြောတက် ပြီး ခါးနာနေမှာ စိုးတဲ့ အတွက် နောက်နေ့ များမှာမှ ဖန်ရောင် ပိတ်ကားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါရန် .........( ကိုးရီးယားဇာတ်လမ်းတွဲများကို အားကျ၍ )
ပုံများကို ဂူဂယ်မှ ရှာဖွေရယူထားပါတယ်။
Ref ;http://www.mayoclinic.com/health/cervical-spondylosis/DS00697
http://www.spineabilene.com/educational_resources/neck_exercises.html