Jun9,2009
( မိုးချိုသင်း )http://moechothin.blogspot.com/2009/06/blog-post_04.html
စာအရေးကောင်းတဲ့ ရွာသားလေးက နောင်လာမဲ့ အနှစ် နှစ်ဆယ် တဲ့။ ရေးပေးဖို့ Tag လာတယ်။
နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာချည်းကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့လဲ ကိုယ်က စိတ်ကူးယဉ်သမား ဆိုတော့ ဟိုဒီသွားနေတဲ့ စိတ်ကူးတွေနောက် ကောက်ကောက်ပါအောင် လိုက်မိပါတယ်။
တွေးမိတော့လဲ တမျိုးတည်း မဟုတ်၊ နှစ်မျိုးလောက် တွေးမိတယ်။ ဗိုလ်ချုပ်ပြောသလို အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမှာဆိုတော့ တွေးမိတဲ့အတိုင်း ရေးလိုက်ပါတယ်။ နေရာကတော့ ကိုယ်ချစ်တဲ့ မြေမှာပေါ့။
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)
မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီးတွေ အရင် လိုက်ဖတ်နေမိတယ်။
လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။
ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။
ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။
တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်းမီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။
ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။
အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီတဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။
ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။
လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်းအိမ်တိုင်းစေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ်ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရသေးတာ။
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)
ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။
မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင်လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက်မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။
တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက်စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာအလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။
လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေတယ်။
လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။
ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။
မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါရောလား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါးသောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။
ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။
၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင်လုပ်ထားရတယ်လေ။
လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက်တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။
ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေသွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေတာ တွေ့ခဲ့ရသေးတယ်။
ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။
ကဲ ကိုယ်တွေးမိတဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ်တော့ ဗားရှင်း နှစ်မျိုး နဲ့ ရေးပြီးပါပြီ။ ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု လို့ ဆိုရမည်သာ။
မိုးချိုသင်း
Posted by Moe Cho Thinn at 11:27 PM
Labels: TAG
ပြန်လည် ကူးယူဖေါ်ပြခွင့် ပြု တဲ့  မမိုးချိုသင်း ကို ကျေးဇူးတင် ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂ / က က )
ရပ်ကွက်ထဲမှာ ဒီလိုဘဲ ရှိတယ်။
ဖွားကိတို့ နေတဲ့  ရပ်ကွက်စုတ်လေး ။ မဟာရန်ကုန် ရွာငယ်ဇနပုဒ် ရဲ့  တိုးချဲ့  အစွန်ဆုံး ပေါက်လွှတ်ပဲစား ရပ်ကွက် အမှတ် (၆)
ခနော်ခနဲ့  ယိုင်တိုင်တိုင် ထရံ ဝါးကပ်ပြားပေါက်ပြဲ ဓနိမိုးမလုံမလဲ တဲအိုလေးအထဲမှ ဗွီအိုအေ သတင်း ကို ပြတ်တောင်းတောင်း လေလှိုင်းထဲ မှ အားမလို အားမရ ၊နားနဲ့ ဖိကပ် နားထောင်နေတဲ့ ဖွားကိတယောက် ဗိုက်ဟောင်းလောင်း နဲ့ ဆာလောင်မွတ်သိပ်နေတဲ့ ဒါဏ်ကို ဂရု မပြုအား ၊မျှော်လင့်ချက်တွေ အပြည့် နဲ့ လင်းလက်နေတဲ့  မျက်ဝန်း တစုံ က ဇရာထောင်းနေတဲ့ အရေးကြောင်းအတွန့်များစွာပေါ်မှ မျက်နှာ ပေါ်မှာ အထင်းသားပေါ်လွင်လျှက်ပါ ။ မနက် ၆ နာရီ တိုင်း မပျက်မကွက် တိုးတိုးတိတ်တိတ် နားထောင်နေကျ ဒီ လေဒီအို သတင်း အစီအစဉ် လာတိုင်း အိမ်မှာရှိတဲ့ မြေးငယ်တွေ နဲ့  အခြေအတင်ဖြစ်ရစမြဲလေ ။
အဖွားကလည်း နားမကောင်းဘဲ ဒီလို သတင်းတွေကို အော်ကြီးဟစ်ကျယ်ဖွင့်နေရသလားတဲ့  ။
ခေါင်းရင်းအိမ်က ဦးကြံ့ ဖွတ် တို့ ကြားသွားမှ ဒုက္ခရောက်အုံးမယ်တဲ့ ။ ၁၀ တန်း ၃ခါကျလို့ကျောင်းထုတ်ထားရတဲ့ မြေးအငယ်ဆုံးလေးက သတိပေးတဲ့ အသံ ။
ဪ .. ငါ့မြေးလေးလည်း အိမ်ရဲ့ စားဝတ်နေရေး အတွက် တဖက်တလမ်းက နေ အမေ့ ကူပေး ၊ အကြော်ကူရောင်း ။ ရေလိုတဲ့ အိမ် တွေ ကို လက်တွန်းလှည်းနဲ့  ရေ ဖြည့် ။တောင်ဖက်ရပ်ကွက်က ကျောင်းဆရာ အိမ်မှာ ဝေယျာဝိစ္စ ကူလုပ် ပေး။ တနေ့  လုံး ကျုံးလုပ် တော့မှ ရတဲ့  ငွေလေး တထောင် သာသာ အတွက် ကျောင်းပျက်ရပေါင်းလည်းများလှပေါ့ ။ ကျူရှင် ဆိုတာဝေလာ ဝေး ၊ ကျောင်းမှန်မှန်တောင် မတက်နိုင် နိုင်လို့  ပညာ အညွန့် ကျိုးရရှာတာ ။ ဒါတွေ ငါအသုံးမကျခဲ့ လို့ ပါလား ။ ရင်ထဲမှာ တစစ်စစ်နဲ့  နာလှပါပြီ ။
ှဇရာထောင်း ။ ဘဝတွေ ညောင်းခဲ့ ရပေမဲ့ မှုံဝါးဝါးနဲ့  မျှော်လင့်ချက်လေးတခု တော့ရှိနေဆဲပါ။ လေလှိုင်းကြားက ဒီအသံတွေ ခိုးကြောင်ခိုးဝှက် နားထောင်နေခဲ့ရတာ အနှစ် ၄၀ ကျော်ခဲ့ ပြီဘဲလေ ။
ဖုန်း ဝုန်း ဒုံး ဂျလွမ်း ဝါး ဝါး
ခြေရင်းအိမ် က လင်မယား နှစ်ယောက် စကားများ ရန်ဖြစ်သံ ထိုးကြိတ် ရိုက်နှက်သံ ကလေးငို သံတွေ က တပြိုင်နက် စူးကနဲ ဝါးကနဲ
ထုံးစံအတိုင်း ကြားနေကျ မို့ သိပ် မဆန်း တော့ပါဘူး။
ယောကျာင်္း က အရင် ကတော့ ကုန်သွယ်ရေးဌာနက အစိုးရ လခစားပေါ့ ။ မခိုး မဝှက် မှန်မှန် ကန်ကန် ဆိုတော့ နောက်ဆုံး အထက်အရာရှိ နဲ့ အဆင်မပြေ ဖြစ်လို့  အလုပ်ပြုတ် ။စီးပွား မပြေလည်တာ အကြောင်းပြ ပြီး သောက်လိုက်တဲ့အရက် ၊ ဆဲလိုက်တဲ့  မိုးလုံးပြည့် ဆဲသံဆိုသံ ။ မိန်းမက နဲနဲ ပြေလည်တဲ့ အိမ်တွေ မှာ လှည့်ပတ်ပြီး အဝတ်လျှော်၊ အနှိပ်သည် တပိုင်းလုပ်ပြီးရလာတဲ့  အသပြာလေးနဲ့  တမိသားစုလုံး ကို ရှာဖွေကျွေးမွေး နေတာတောင် မထောက်။ အကြောင်းမရှိ အကြောင်းရှာလို့ မိန်းမကို ထိုးကြိတ် ရိုက်နှက် နေကျပေါ့ ။
သူတို့ ရဲ့ ရင်နှစ်သည်းချာ အကြီးကောင်လေး မနှစ်က ဒီလို မိုးဦးကျ အချိန် မှာပေါ့ ။ မြောင်းပုပ်နဲ့ ရေဆိုးတွေ မရှင်း နိုင်တဲ့  ဒီလို ရပ်ကွက်ထဲ ခြင်တွေ သောင်းကျန်းတာလည်း အဆန်းမဟုတ်တော့။ ဒီ ကလေး အသက်က ဘာရှိအုံး မလဲ ၊၅ နှစ်သားမှာ သွေးလွန်တုပ်ကွေး နဲ့ သွေးလန့် အဖျားတက် နေတာ ဆေးကု စရာ ငွေ မရှိလို့  အချိန်လွန်မှ ဆေးရုံပို့ ဖြစ်တာ ။ အရေးတကြီး လိုအပ်နေတဲ့ သွေးကလည်း နောက်ဆုံး တအိပ် ရှားရှားပါးပါး ကျန်နေတာ ၊ ကံလေးက ဆိုးချင်တော့ ဒီအချိန်မှာဘဲ ဗွီအိုင်ပီ ခန်းက ဘာချုပ်မှူးကြီးရဲ့  မြေး တဝမ်းကွဲလေး ကလည်း ရောဂါတူနဲ့ သွေးသွင်းဖို့ ရောက်လာတော့ ရပြီးသား သွေးအိပ်လေး က ပိုပြီးအဖိုးတန်တဲ့ အသက်တချောင်းအတွက် ဖြစ်ခဲ့ရလို့ သူတို့ရဲ့  သားလေး ရေတိမ် နစ်ခဲ့ရတာ ။ ဒီလိုနဲ့  အရက်သမားကြီး ဘဝ ပိုပြီးအမှောင်ကျ ခဲ့ ရတယ်။
ခုလည်း ရှိနေတဲ့ ၎ နှစ်သား တကောင် ယင် တအုံအုံ နဲ့  အစားကျွင်းကျန်လေး ၊ အမေလုပ်သူ အိမ်တကာလည် အလုပ်လုပ်လို့  စွန့် ကျဲ လိုက်တဲ့ အရိုး အမြင်းလေးတွေ ယူလာပေးတာကို စားရင်း ဘယ်လို အဆင်မသင့် လည်းတော့ မသိ ဝမ်းတွေ ဒလဟော သွားနေလေရဲ့ ။ အရည်ဓါတ် ခမ်းခြောက်နေလို့  ဓါတ်ဆားရေ တိုက်ရမယ် မှန်းတော့ ကြားဘူး နားဝ ရှိပါရဲ့  ။ ဝယ်ဖို့ ရာက လက်ထဲ အပို မရှိ ။
ကံကိုဘဲ ပုံချရတော့တဲ့  ဘဝတွေလေ ။ သေရင်မြေကြီး ၊ ဒါပေမဲ့  ရှင်နေတော့ရော ။ ဘယ်မလဲ အနာဂတ် ခရီး ။။။
►Posted by
:kiki
:
at
6/09/2009 12:29:00 AM
Subscribe to:
Post Comments (Atom)
9 comments:
ဖွားကိကိုလဲသနားတယ်...
မြန်မာပြည်သူတွေကိုလဲ သနားတယ်...
ကိုယ့်ကိုကိုယ်လဲ သနားတယ်...
ဒါပေမယ့်...
အမြင့်မှာနေပြီး လေတိုက်တိုင်း ပြုတ်ကျမှာကြောက်နေရရှာတဲ့ ဒင်းတို့ကို ပိုလို့တောင် သနားသေးတယ်...
သိပ်မကြာခင်မှာပဲ သန်းခေါင်လွန်တော့မှာပါ...အရုဏ်တက်တော့မှာပါ...
အားတင်းထားပါ ဖွားကိ
မြေး
လူထွေး
ဖွားကိရယ် မောသွားတယ်။
ကိုယ်လိုချင်တဲ့ အနာဂတ်ကို ကိုယ်တိုင် ပုံဖော်ယူရမှာပါပဲလေ။
ဒီလိုနေချင် ဒီလိုပဲနေ
ဒီလိုမနေချင် ဒီလိုမနေနဲ့ 
အဲ့ဒါ ဂွမ်းပုံကြီး ပြောတဲ့စကား။
မအယ်တော့ ကြိုက်တယ်။
ဘယ်သူမပြု မိမိမှု ပဲလေ ချိုသင်း ပြောထားသလိုပေါ့။
မအယ်
အသက်ရှူကျပ်တယ်ဗျာ....
မကိကီရေ.. အဲဒီလို ဘ၀တွေကနေ အမြန်ဆုံး ရုန်းထွက်နိုင်တော့မယ်လို့  ကျွန်တော် ယုံကြည်တယ်ဗျာ။
အမား ဘယ်ဖက်ကိုလိုက်ရမှာလည်း ဟင်
လမ်းပေါ်မှာ ယောင်လည်လည်ဖြစ်နေတာ
ဖွားကိရေးးးးးးးးးးးးးး
ထိုင်နေလို့ တော့ဘာမှမဖြစ်လာဘူးဟေ့းးးးးးးးးး
ဖတ်ရတာရင်မောတယ်မကြီးရေ...
ဘီလိုလုပ်ကြမတုန်း
ခိုင်းထားတဲ့ကိစ္စပြီးပြီး
ဖိုးးးးးးးးးးစိန် လို့ အော်စရာမလိုအောင်လုပ်ထားတယ်
ထင်လား...
မှားသွားမယ်
တကယ်ပြောတာ
အဟုတ်
အတည်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
နောင် အနှစ် ၂၀ ဘာဖြစ်ကြဦးမလဲဆိုတာ သေချာမသိပေမဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁) လေးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဖွားကိက နောင် နှစ် ၂၀ အတွင်း ယောက်ျားတောင်ရလို့ မြေးတောင် ပိုက်နေမှကိုးးး ဟီးးးးးးး မထင်ပေါင်
လေးစားလျက်
တောင်ပေါ်သား
အင်း.... နောက်ကျရင် ဘယ်လိုနေကြရမလဲတောင်မသိော့ဘပါဘူး
Post a Comment