ဖြစ်စေချင်တဲ့ ဆန္ဒလေးတခု.. ဆိုတော့ ဖြစ်စေချင်တာတွေ ကို ဖေါ်ထုတ်ရေးသားမိတဲ့ အကြောင်းအရာလေးတခုပါပဲ ။ ခံစားချက်ခြင်း မတူကွဲပြား ဖြစ်နေကြပါလိမ့်မယ် ။ မတူတဲ့ခံစားချက်များထဲမှ တူညီတဲ့ ဆန္ဒလေးတခုတော့ ရှိနိုင်မှာပါ ။
ဒီနေ့  ဒီအချိန်ရောက်လာရင် လွန်ခဲ့တဲ့ ၂၄ နှစ်က အဖြစ်အပျက်တွေကို မနေ့တနေ့ကလိုပဲ တနုံ့ နုံ့ နဲ့ ခံစားနေမိဆဲပါ ။ အတိတ်ဆိုတာ ကျန်နေခဲ့ပြီ ဖြစ်ပေမဲ့ သမိုင်းစစ်မှန် ဆိုတာကိုတော့ မမေ့စကောင်း မဖျောက်ဖျက်စကောင်း မို့  ပြန်လည် ခံစား စိတ်မကောင်းဖြစ်နေမိဆဲပါ ။ ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးရောက်လာတဲ့ အချိန်အခါမှာ အင်တာနက်များ အလွယ်တကူချိတ်ဆက်လာနိုင်တဲ့အချိန်အခါမှာ ဟိုးယခင် တကယ့်အဖြစ်အပျက်များ မျက်မြင်မကြုံတွေ့ လိုက်ရတဲ့ သွေးပျက်ဖွယ်ပုံရိပ်များကို ကြည့်မိတဲ့ အခါတိုင်းမှာလည်း ရင်နာခံစားနေမိဆဲပါ ။ တည့်တည့်ပစ်မယ် ဆိုတဲ့ ချိန်းခြောက်မိန့်ခွန်းကို ပြန်လည် နားထောင်မိလိုက်တိုင်း ဒေါသတွေ ဆူပွက်နေရဆဲပါ ။ ဒီတော့ အတိတ်ဆိုးကို ဘယ်လို ဖြေဖျောက်နိုင်ကြမလည်း လို့  စဉ်းစားမိလာတယ်..
မြန်မာနိုင်ငံရဲ့ ရာဇဝင် သမိုင်း 8888 အကြောင်းကိုတော့ အများသိပြီးဖြစ်တာမို့  ရှည်ရှည်ဝေးဝေး ထပ်မပြောလိုတော့ပါ ။ ဒီလို 8888 အဖြစ် နဲ့ ခပ်ဆင်ဆင် အဖြစ်အပျက်မျိုးဟာ ထိုင်ဝမ်နိုင်ငံမှာ လည်း ဖြစ်ပျက်ခဲ့ဖူးတယ် ။ နှိုင်းယှဉ်ကြည့်လို့ ရအောင် ဒီအဖြစ်အပျက်ကိုပဲ ပြောပြပါမယ်။ အဲ ဒါကတော့ 228 Massacre( 二二八事件 , 二二八大屠殺) လို့  ခေါ်တွင်တဲ့ အဖြစ်အပျက် ပါ ။ လွန်ခဲ့တဲ့ ၆၅ နှစ်အကြာ၊ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇-၂၈ နေ့ မှာ အာဏာရပါတီ Kuomintang(KMT) မှ ၊ အတိုက်အခံများအား သူပုန် လို့  စွပ်စွဲ ချေမှုန်းမှုကြောင့် အတိုက်အခံ ပြည်သူအများ လူပေါင်း တစ်သောင်းကျော်( တချို့  စာရင်းအရ သုံးသောင်းကျော် ) သေဆုံးခဲ့ရတယ် ။ အဲဒီ လူထု အထဲမှာ ပညာတတ် ဆရာဝန် ၊ ရှေ့ နေ့  ၊ ကျောင်းသား အများအပြားလည်း ပါဝင် ခဲ့တယ်။
နောက်ပိုင်း ဒီမိုကရေစီ ဖေါ်ဆောင်လာ ပြီး တိုင်းပြည် ပြောင်းလဲ တိုးတက်ခဲ့တယ် ။ ဒါပေမဲ့ ဒီအဖြစ်အပျက် ကို သူတို့  ရာဇဝင်မှာ ဖျောက်ဖျက်မထားခဲ့ဘူး ။ ..သမ္မတ Lee Teng-hui လက်ထက် မှာ ၁၉၉၅ ခုနှစ် မှ စပြီး အဲဒီ နေ့ကို
Peace Memorial Day ( 和平紀念日) လို့  ပြောင်းလဲ ခေါ်ဆိုခဲ့တယ်။ နှစ်စဉ် နှစ်တိုင်း ၊ နှစ်ပတ်လည်နေ့  ရောက်တိုင်း .. သမ္မတ ကြီး ကိုယ်တိုင် 228 ပန်းခြံ မှာ ကျဆုံးခဲ့သော နိုင်ငံသား အညတြ သူရဲကောင်းများကို ဦးညွှတ် အလေးပြု ကြတယ် ။ တချိန်က ထိုသူတွေကို ခေါ်ဝေါ်ခဲ့တဲ့ သူပုန် ဆိုတဲ့ မှားယွင်းတဲ့ အခေါ်အဝေါ်ကို ပပျောက်စေခဲ့တယ် ။ ကျန်ရစ်သူ မိသားစုများကို ဝန်ချတောင်းပန်ကြတယ်။ကျဆုံးသွားသူတွေရဲ့ အမည် စာရင်းများ ပြုစု ပြီး ၊ သူရဲကောင်းလက်မှတ်တွေ ပေးအပ်ခဲ့တယ်။ အဲဒါတွေကို ခုချိန်ထိ ဆောင်ရွက်နေကြရဆဲပါ ။ အဲဒီနေ့တွေမှာ ..ကျန်ရစ်သူမိသားစု တချို့ မှ မကျေနပ်မှု၊ ဒေါသပေါက်ကွဲ မှု ၊ဆဲဆိုမှုတွေကို ခေါင်းငုံ့ ခံ တောင်းပန်နေကြရတုံးပါပဲ ။ တနှစ်ကများဆိုရင် လက်ရှိသမ္မတကြီး Ma Ying-jeou ကို တံတွေးနဲ့ ဝင်ထွေးတဲ့သူကိုတောင် တီဗီသတင်း၊ သတင်းစာ တွေမှာ တွေ့ လိုက်ရတယ် ။ ဘေးက သက်တော်စောင့်တွေကတော့ ဝင်ပြီးထိန်းကြ ဆွဲကြပေါ့ ။ ဒါပေမဲ့ အဲဒီလူကို ဖမ်းချုပ်မထားပါဘူး ။ အစိုးရက ခွင့်လွှတ်နားလည်ပေးခဲ့ပါတယ် ။
ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စဟာ လက်ရှိသမ္မတကြီး ပြုခဲ့ ကျုးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးလည်း မဟုတ်ခဲ့ပါဘူး ။ သူ့ အရင် ၆၅ နှစ်တုံးက ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခု ။ ဘာဖြစ်လို့  နောက်ပိုင်းဆက်ခံခဲ့တဲ့ သမ္မတတွေ ကိုယ်တိုင်က ခုလို ဝန်ချတောင်းပန်နေရဆဲ ဆိုတာ အကြောင်းရှိပါတယ် ။ အတိတ်က ကြောက်ရွံ့ မှု ၊ အမှောင်ချခြင်းခံခဲ့ရမှု ၊ မတရားကျူးလွန်ခဲ့တဲ့ အမှူတွေတွေအတွက်၊ အမှန်တရားကို ဖေါ်ထုတ်ဖို့ ဆိုတာဟာ ဒီမိုကရေစီအစိုးရရဲ့ အချက်ပြ တာဝန်ဖြစ်ပါတယ် တဲ့ ။ သမိုင်းဆိုတာ ဖျောက်ဖျက်လို့  မရစကောင်းပါဘူး လို့  ပြောခဲ့ပါတယ်။ မှားခဲ့တဲ့ ပြစ်မှုကြီးအတွက် ၊ တောက်ပတဲ့ အနာဂါတ်ခရီးဆီ ဆက်လက် လျှောက်လှမ်းနိုင်ဖို့  အတွက် အတိတ်က အမှောင်ရိပ်ဆိုးကြီးကို ချေဖျက်ပေးဖို့  နောင်လာမဲ့ အုပ်ချုပ်သူ အစိုးရအဆက်ဆက် မှာလည်း တာဝန်ရှိပါတယ် တဲ့ ။ အတိုချုပ်ဆိုရရင်တော့. .. အတိတ်က အမှားအယွင်းတွေကို သင်ခန်းစာယူပြီး ၊တိုးတက်သာယာတဲ့ အနာဂါတ်ကို လျှောက်လှမ်းကြဖို့ ပြောကြားခဲ့တာပါပဲ ။
"We once lived in fear and gloom, but democracy arose like a beacon, to illuminate the dusty pages of the past, expose the truth, and preserve an indelible record of our historical experience." သတင်းအပြည့် အစုံ သေချာကြည့်လိုရင်တော့ ဒီနေရာမှာ ဆက်ကြည့်နိုင်ပါတယ် ။
ဒါကို ကြည့် ပြီး ကိုယ့်မွေးရပ်မြေ အမိမြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အလားတူ အဖြစ်ဆိုးကြီးများ ကို အတိတ်ဆီမှာပဲ မှုန်ဝါးစွာ ချန်ရစ်ထားခဲ့ခြင်းမျိုးမဟုတ်ပဲ ၊ နိုင်ငံတော်မှ ဦးစီးပြီး အထိမ်းအမှတ် မျိုး၊ ပြုလုပ်ပေးနိုင်ဖို့  ဆန္ဒဖြစ်လာမိတယ် ။ ငွေ ၁၀ သိန်း ပေးယုံ နဲ့ သင်ပုန်းချေဖို့ ဆိုတာကတော့ ဘယ်လိုနည်းနဲ့မှ ဖြစ်နို်င်ဘွယ်ရာ မရှိပါဘူး ။ အပြစ်မဲ့ ပြည်သူတွေ ပေးဆပ်ခဲ့ရတဲ့ အသက် သွေး ချွေး ဘဝ တွေ အတွက် ထိုက်သင့်တဲ့ ဝန်ချ တောင်းပန်မှုများ ၊ အထိမ်းအမှတ် ပွဲများ၊ အညတြသူရဲကောင်းဗိမ္မာန် ၊ ပန်းခြံ စသဖြင့် အခင်းအကျင်းမျိုးများ ပေါ်ပေါက်စေချင်ပါတယ် ။ “ လွတ်လပ်မှ အမျှဝေပါ” လို့  ပြောကြားရင်း အသက်ပေးသွားခဲ့ကြသူတွေရဲ့  ဆန္ဒအတိုင်း ..အားလုံးအတွက် အမျှပေးဝေနိုင်စေချင်ပါတယ် ။
ဒါကတော့ 228 အထိမ်းအမှတ် ပန်းခြံ နဲ့ ကျောက်တိုင်ပါ ။ သမ္မတ ရုံး နဲ့  မနီးမဝေး ထိုင်ပေ မြို့ ထဲ မှာတည်ဆောက်ပေးထားပါတယ် ။
၂၀၁၂ /၂/၂၈ တွင် သမ္မတကြီးကိုယ်တိုင် ၂၂၈ အထိမ်းအမှတ်ကျောက်တိုင်မှာ ပန်းခွေချ အလေးပြုနေပုံ ။
ကျန်ရစ်သူ ဆွေမျိုးသားချင်းများအား တဦးချင်း ရင်းနှီးစွာ နှုတ်ဆက်နေပုံ။
စစ်မှန်တဲ့ ဒီမိုကရေစီကို အမှန်တကယ် ဖေါ်ဆောင်နေတယ်ဆိုရင်ဖြင့် ၊ လက်ရှိ ဖမ်းဆီး အကျဉ်းချ ခံနေရဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ် ။ တိုင်းရင်းသားလူမျိုးစုများအပေါ် ဖိနှိပ် တိုက်ခိုက်နေဆဲ စစ်ပွဲများကို အမြန်ဆုံး ရပ်စဲပေးသင့်တယ် ။ ဒါတွေက ချက်ချင်း ပြုလုပ်ပေးလို့ ရတဲ့ အရာတွေပါ ။
ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ဘက်ပေါင်းစုံ နိုင်ငံ တိုးတက် ပြောင်းလဲရေး ဆိုတာကတော့ ခု ရေတွင်းတူး ခုရေကြည်သောက်ချင်လို့  မရဘူး ဆိုသလို .. နတ်ရေကန်ထဲ ပစ်ချလိုက်သလို .. ချက်ချင်းကြီး ဖေါ်ဆောင်နိုင်မဲ့ အရာတွေ မဟုတ်လို့ .. တဆင့်ချင်းစီ ..လှမ်းတက်ကြရမှာ မို့  ဆန္ဒတွေ မစောသော်လည်း .အရှိန်အဟုန် နဲ့ ရှေ့ သို့ ချီတက်ကြရပါမယ် ။
ဖြစ်စေချင်တဲ့ ဆန္ဒလေးတခု .. ပီပီပြင်ပြင် ဖြစ်လာနိုင်စေဖို့  .. ဆုတောင်းနေရုံ နဲ့တော့ ဖြစ်လာမယ် မဟုတ်ပါဘူး ။ အုပ်ချုပ်သူ အစိုးရ နဲ့ အုပ်ချုပ်ခံသူ ပြည်သူ တွေ အားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲလျှောက်လှမ်းကြ မှ သာ ၊ အဖက်ဖက်က နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပြီဖြစ်တဲ့ အမိ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာ့ အလယ်မှာ ပြန်လည် ဦးမော့လာနိုင်မှာပဲ ဖြစ်ပါတယ်။
၈၈၈၈ အမှတ်တရ....
ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတပါး လို့ အဆို ရှိတဲ့ အထဲမှာ ပြုသင့် ပြုထိုက်တဲ့ အမှုကို ပြုခြင်း (လွှတ်ပေးထိုက်သူကို လွှတ်ပေးခြင်း ) ဟာ လည်း မင်္ဂလာတပါးလို့  ဆိုရရင် လွန်မယ်မထင်ပါ ။ မနေ့ ညနေကတည်းက ကြားလိုက်ရတဲ့ သတင်းကောင်း အတွက် ကိုယ့်မျက်စိ ကိုယ့်နားကို ဘယ်လိုမှ မယုံနိုင်သေး ။ အညာခံနေကြရတာ အကြိမ်ကြိမ် အခါခါ နှစ်ပေါင်းများစွာ ဆိုတော့လည်း ပြောတိုင်း ကြားတိုင်း မယုံရဲတာ မယုံချင်တာ မယုံနိုင်တာ အရိုးစွဲနေပြီမို့  ရွှေပြည်သားအပေါင်းတို့ မှာ ယုံရနိုးနိုးဖြစ်နေခဲ့ကြမယ်လို့ တထစ်ချပြောရဲပါတယ် ။
ပြောရဲ ဆို ၊ အရင်အခါတွေတုံးက အတွေ့ အကြုံတွေ အရ သိနေကြတာကိုး ။ အကြောင်းအမျိုးမျိုးပြပြီး နေ့ ရွှေ့  ညရွှေ့ ၊ ပြီးတော့လည်း မစို့ မပို့ နဲ့ မဟုတ်တရုတ် တွေပဲ ထွက်ထွက်လာကြတာဆိုတော့ မယုံကြည်ရဲသူတွေကိုလည်း အပြစ်ပြောလို့ မရပေဘူး ။ဒီလိုနဲ့ ဟုတ်မှဟုတ်ပါ့မလား၊ အဓိက သူရဲကောင်းတွေ ပါမှပါပါ့မလား၊ဆိုတဲ့ စိုးရိမ်စိတ် သံသယစိတ်တွေနဲ့ ကွန်ပြူတာရှေ့  တညနေလုံး ထိုင်ပြီး ကြား ကြားသမျှ တက်လို့ရသမျှ သတင်းဌာန ဝက်ဆိုက် တွေ ဝင်ကြည့် ဖတ်ကြည့် လုပ်နေရတာ မိုးကြီးချုပ်လို့  ချုပ်မှန်းမသိ ၊ သန်းကောင်ကျော် လို့  အာရုဏ်တက်ခါနီးထိ ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရတယ်။ ကိုယ်တို့ လို သွေးမတော် သားမစပ် တစိမ်းသက်သက်တွေ အနေနဲ့တောင် ခုလောက်ထိ စိုးတထိတ်ထိတ် နဲ့စောင့်မျှော် နေခဲ့ကြတာ ဆိုတော့ တကယ့်သွေးသားရင်း မိဘမောင်နှစ်မဆွေမျိုးများဆိုရင် ဘယ်လောက်ထိ စိုးထိတ် ဝမ်းသာနေကြမလည်း ဆိုတာ တွေးကြည့်လို့ ရပါတယ်။
အိုင်တီခေတ်ကြီးမှာ လူလာဖြစ်ရတာ ကံကောင်းတယ်ပဲ ဆိုရမလား ၊ အင်တာနက် သတင်းဌာနတွေ၊ မျက်နှာစာအုပ်မှ သတင်းတွေကို အချိန်နဲ့ တပြေးထဲညီ အလွယ်တကူ ကြားသိဖတ်ရှုနိုင်တဲ့ အတွက်ကြောင့် ၊ အမိမြေမှ တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အားလုံးလည်း ခုလိုပဲ တန်းတူအခွင့်အရေးတွေ ရနိုင်ပြီး ကမ္ဘာကြီးပေါ်က ဖြစ်ပျက်မှု သတင်းပေါင်းစုံကို အလျှင်မြန်ဆုံး ရနိုင်ကြဖို့ သိနိုင်ကြဖို့ စိတ်ဆန္ဒတခုပေါ်လာမိသေးတယ် ။ အရေးကြီးတဲ့ သတင်း အတော်များများကို ဟိုးအဝေးကြီးက လူတွေ က ဦးစွာသိနေရတဲ့ အဖြစ်ကနေပြီး အားလုံး တပြိုင်နက်ထဲ သိနိုင်ကြဖို့ မျှော်လင့်မိတယ် ။ ထားလိုက်ပါတော့ ၊ ဒီအခြေအနေမျိုး မကြာခင်မှာ ဖြစ်လာတော့ မယ်ဆိုတာလည်း ယုံကြည်တယ် ။
ဒီလိုနဲ့ တမိုးချုပ်ပြီး အာရုံဦး အလင်းသစ်နဲ့ နေ့သစ်ရောက် ခဲ့ရပါပြီ ။ ယနေ့  ၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ ရက်နေ့  ( သောကြာနေ့ ) ။ ရာစုနှစ်တဝက်မျှ အမှောင်လွှမ်းနေခဲ့ရတဲ့ အချိန်များ ကို ကျော်လွှားလို့ လာခဲ့ပါပြီ ။ အမှောင်ထုတွေထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဘဝ နဲ့ အသက်များကို ပေးဆပ်ပြီး အနစ်နာခံ ခဲ့ရတဲ့ မြန်မာ့ သူရဲကောင်း ကြီးများ၊ ယုံကြည်မှု ကို အပွန်းမခံ အလံမလှဲ ရဲရဲဝံ့ဝံ့ ရပ်တည် ခဲ့ကြသူများ အားလုံးနီးပါးတို့ဟာ ယနေ့  မင်္ဂလာ ရှိတဲ့ ရက်မြတ်မှာ လွတ်လပ်ခွင့် ရခဲ့ပါပြီ ။
သတင်းတွေကလည်း စက္ကန့်ပိုင်းနဲ့ မခြား အပြိုင်အဆိုင် တက်လာလိုက်ကြတာလေ။ အသံဖိုင်တွေကလည်း တခုပြီး တခု အဆက်မပြတ်ပါပဲ ။ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ သွေးချင်းများကို ဝမ်းသာအယ်လည်း ဖက်ပြီး ငိုနေကြ ၊ ပြုံးရယ်နေကြတဲ့ ပုံပေါင်းများစွာ ပလူကိုပျံလို့ ။
ကို မင်းကိုနိုင် လွတ်ပြီတဲ့ ..ဦးခွန်ထွန်းဦး လွတ်ပြီတဲ့ ၊ကိုဌေးကြွယ် လွတ်ပြီတဲ့၊ ကိုမြအေး လွတ်ပြီတဲ့၊ ကိုကိုကြီး လွတ်ပြီတဲ့ ၊ ကိုဂျင်မီ ၊ မနီလာသိန်း လွတ်ပြီတဲ့ ၊ အရှင် ဂန္ဘီရ လွတ်ပြီတဲ့ ၊ဘလော့ဂါ ကို နေဘုန်းလတ်၊ဂီတပညာရှင် ကိုဝင်းမော် လွတ်ပြီတဲ့၊ မစိုးရိမ်ဆရာတော်ဦးဝိစိတ္တ လွတ်ပြီတဲ့... လွတ်ပြီတဲ့ ....လွတ်ပြီတဲ့ ..လွတ်ပြီတဲ့ ..တချို့ပြောတာကတော့ . ၂၀၀ ကျော် . တချို့ကပြောတာ ၃၀၀ ကျော်..လွတ်လာပြီတဲ့..
ဖေါက်ခွဲရေး အမှုနဲ့ခေါင်းစဉ်တပ်ခံထားရသူ တချို့ ကလွဲရင် အားလုံး လွတ်လာကြပြီတဲ့..။
ဒီကြားထဲ ဆွမ်းဆန်စိမ်း ဆွမ်းကြီးလောင်းတဲ့ အထဲ ဘလာဗလာ ဘလာ.. ကြွက်ချေး အနည်းငယ်ပါလာသေးသတဲ့ ။ ထားလိုက်ပါတော့ ၊ အနှစ်နှစ်အလလက မျှော်လင့်တောင်းတနေကြတဲ့ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်လာရတာကို ပဲဝမ်းသာလှပါပြီ။ ဒါကြောင့်မို့  ဖဘ ကြီးပေါ်မှာ တွေ့ တွေ့ သမျှ သူငယ်ချင်းတွေကို နှုတ်ဆက်နေမိတယ် ။ မြင်မြင်သမျှ သက်ဆိုင်ရာ သတင်းတွေ စတေးတပ်တွေကို Like လုပ်နေဖြစ်တယ် ။သူငယ်ချင်းဟုတ်သူတွေရော မဟုတ်သေးသူတွေရော အပြန်အလှန်နှုတ်ဆက် စကားတွေ ပြောနေကြတာမြင်လိုက်ရတယ်။ အပျော်တွေ အပျော်တွေ ကူးစက်နေလိုက်ကြတာ ခုချိန်မှာ ကမ္ဘာ့ အပျော်ဆုံးလူသားများကို စစ်တမ်းကောက်ရင် ရာနှုန်းပြည့် သေချာတယ်၊ မြန်မာနိုင်ငံသူ နိုင်ငံသားများပဲ ဖြစ်ပါလိမ့်မယ် ။
တခါမှ ဒီနေ့ လောက်ထိ ကွန်ပြူတာနဲ့ မျက်စိ နဲ့ မခွာပဲ အကြာကြီး မနေခဲ့ဖူးဘူး ။ မျက်လုံးတွေ ကျိန်းစပ်နေပေမဲ့ တရစပ်တက်နေတဲ့ သတင်းတွေ လွတ်သွား မှာစိုးလို့  မျက်စိပျက်လည်း ပျက်ပါစေတော့လို့ အားခဲပြီး ကြည့်နေမိတယ် ။ သူတို့ တတွေ ဘဝပျက်ခံ ကျန်းမာရေးပျက်ခံပြီး ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရတဲ့ ဒုက္ခလောက်မှ ကိုယ့်အဖြစ်က မဆိုးလှဘူးမဟုတ်လား။ ရင်ထဲတစ်ဆို့ဆို့ နဲ့ ၊ မျက်ရည်ပူတွေ ပါးနှစ်ဖက်ပေါ်စီးကျလာတော့မှ ကိုယ့်အဖြစ်ကိုယ် ပြန်သတိရမိတယ် ။သေချာတယ်၊ ဝမ်းသာလို့ ကျလာတဲ့မျက်ရည်များပါပဲ ။
အဲဒီမျက်ရည်များကို ဖန်တီးရှင် က ဘယ်သူပါလည်း ၊ ဗေဒင်မေးစရာ မလိုပါဘူး၊ အားလုံးအသိ ၊ အဓိက အခရာ ကြီး ကတော့ ကိုယ်တို့ ရဲ့ နိုင်ငံတော် သမ္မတကြီး မှ လွဲရင် ဘယ်သူများ ဖြစ်နိုင်ပါအုံးမလည်း ။ဒီတော့ သူ့ နေရာမှာ သူ့ ကိုယ်စား ဝင်ပြီး ခံစားကြည့်မိတယ် ။ သူလည်းလေ လောကီသားပေမို့  အမှားတခုခုကို အရင်က လုပ်ဖူးကောင်း လုပ်ဖူးခဲ့ပါလိမ့်မယ် ။ အရင်က စံစားနေရတဲ့ အပျော်တွေထက် ခု ပြတ်ပြတ်သားသား ပြုလုပ်ပေးလိုက်တဲ့ ကောင်းမှု အတွက် သူလည်း ပျော်နေပါလိမ့်မယ် ။ သူ အရင်က ဘယ်ပုံဘယ်နည်း ရှိခဲ့ပေမဲ့ ခုချိန်မှာတော့ အကြင်နာ တရား ပြည့်ဝ လာသူပေပဲ ။ ပြည်သူ့ အသံကို နားထောင်ပြီး လိုက်လျောပေးတတ်သူပေပဲ ။ ဆုံးဖြတ်ရခက်နေတဲ့ အရာတွေကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားကို ဖေါ်ဆောင်ပေးလိုက်တဲ့သူပေပဲ ။ အရင်က အမြင်မကြည်လင်ခဲ့ မယုံရဲခဲ့ပေမဲ့ ခုတော့ မျက်ရည်များကြားထဲကနေပဲ အမြင်ကြည်လင်သွားရပါပြီ ။ ဒီတော့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
သမ္မတကြီး ကျန်းမာရွှင်လန်းစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ ။သန့်ရှင်းတဲ့ သမ္မတကြီးအဖြစ် တည်တံ့နေနိုင်ပါစေ ။နောင်ကိုလည်း မြန်မာပြည်ကြီးသာယာဝပြောရေး အတွက် စစ်မှန်တဲ့ ဒီမိုကရေစီလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ပေးနိုင်ပါစေ ။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်စေပြီး မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့အား အိပ်နိုးချမ်းသာ အဖြာဖြာကို မျှတခံစားနေနိုင်ကြစေရန် ဦးဆောင် လမ်းပြ ပေးနိုင်ပါစေ ။
လွတ်မြောက်လာကြသော သူရဲကောင်းများအနေနဲ့လည်း အမိမြန်မာပြည်ကြီး တိုးတက်ကြောင်းအတွက် အစွမ်းရှိသမျှ ဆထက်တပိုးတိုးပြီး ဝန်းရံနိုင်ကြပါစေ ။ လားရာတူသော အရွေ့ များနဲ့ တညီတညွတ်တည်း ရှိနေနိုင်ကြပါစေ။
နာဆာကတွက်ထားတယ်ဆိုတဲ့ ၊ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် မှာ နီဘီရု ဂြိုလ်ကြီးနဲ့တိုက်ပြီး ပျက်မယ်ဆိုတဲ့ ကမ္ဘာကြီးလည်း ဆက်လက်တည်တံ့နိုင်ပါစေ..။ဒါပေမဲ့ ယုံကြည်နေတယ် ။ ကမ္ဘာကြီး လုံးဝ မပျက်စီးနိုင်ပါဘူး ။ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ကြီးက ခုမှ စပြီး တည်ထောင်ရအုံးမှာ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံကြီးက ဝင့်ကြွားထယ်ဝါရအုံးမှာမို့ပါပဲ ။
ဒီဓါတ်ပုံလေးကို မနဒ္ဒာရဲ့ခွင့်ပြုချက်နဲ့ ဒီနေရာမှ ရယူပါတယ် ။
ရက်စွဲ ကွက်လပ်ကလေး ဖြည့်ပေးပြီးသွားတော့ မင်္ဂလာ အပေါင်းနဲ့ ပိုပြီး ပြည့်စုံသွားပြီပေါ့ ။
အချိန်တွေ ရာသီတွေ တရွေ့ ရွေ့ ပြောင်းလဲ လာနေလိုက်ကြတာ ၂၀၁၁ ခုနှစ်လည်း တစတစဟောင်း၍လာလေပြီ ။ ဖြစ် ပျက် သံသရာမှာ လည်နေကြရတဲ့ သဘော အရ အချိန်တန်တော့လည်း သူ့ ခမျာ နှစ်သစ် ဖြစ်လို့ မှ ဘယ်လောက်မှ မကြာ .. ၃၆၅ ရက် (သို့မဟုတ်) ၁၂ လ ဟူသော ကာလ အကြာမှာ အနိစ္စသဘောနဲ့ ဟောင်းနွမ်းကာလ အဖြစ် သတ်မှတ်ခံရပါတော့မယ် ။Sweet December လို့ တင်စားခေါ်ဝေါ်လေ့ရှိကြတဲ့ ဒီဇင်ဘာရဲ့ နောက်ဆုံးတရက် ကို ကျော်ဖြတ် အပြီး၊ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် ၊ ပါးပါးလျလျလေးများသာ ခြားနားနေကြတဲ့ အချိန်တိုလေးအတွင်းမှာ အရာရာဟာ မြဲနေနိုင်စွမ်းမှ မရှိတာမို့  နေရစ်ခဲ့ရတော့မဲ့ ၂၀၁၁ အတွက် ..အတိတ်ကို ပြန်ဖေါ်ပြီး စဉ်းစားဆင်ခြင်မိတဲ့ အရာများထဲမှ မှတ်မိသလောက် ချရေးကြည့်ချင်လာတဲ့ အတွက် ဒီစာတပုဒ် ဖြစ်လာရပါတယ် .. ။
၂၀၁၀ ခုနှစ် ကုန်ဆုံးတော့ ၂၀၁၁ နှစ်သစ်ကိုလည်း လူအများ ပျော်ပျော်ပါးပါး နဲ့ ကြိုဆိုခဲ့ကြ ၊ နှစ်သစ်ဆုမွန်များတောင်းခဲ့ကြပါတယ် ။အများစုက နှစ်သစ်မှာ မျှော်လင့်ချက်သစ်များစွာ နဲ့ ကျန်းမာ ချမ်းသာ လန်းဖြာကြစေကြောင်း ၊ ကမ္ဘာတဝှမ်း အေးချမ်းသာယာ ဘေးဘယာကင်းကွာကြစေဖို့  ဒေသအလိုက် ရိုးရာအလိုက် ဆုတောင်းပွဲ နှစ်သစ်ကြိုဆိုပွဲတွေ ကျင်းပလေ့ရှိကြတယ် ။ဆုဆိုတာလည်း တောင်းတိုင်းပြည့်တတ်တဲ့ အမျိုးမှ မဟုတ်လေတော့ ၊ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တဲ့ သဘောသဘာဝလည်း ရှိနေတတ်တော့ နှစ်စဉ် နှစ်တိုင်း မှာ မြေငလျှင် ၊ ရေဘေး ၊ လေဘေး၊ မီးဘေး၊ အစရှိတဲ့ ကြိုတင်မှန်းဆလို့မရတဲ့ သဘာဝ ဘေးအန္တရာယ် များစွာ မကောင်းတဲ့ ဘေးဆိုး ကပ်ဆိုးအမျိုးအမျိုး လည်း ကြုံတွေ့ ရလေ့ရှိတယ်။
၂၀၁၁ - ဒီတနှစ်အတွင်း ဖြစ်ခဲ့တဲ့ သဘာဝဘေးဆိုးတွေထဲမှာ မြေငလျှင်၊လေပြင်းမုန်တိုင်း ၊ဆူနာမီရေလှိုင်း၊ ရေကြီး ၊ မြေပြို ၊အစရှိသဖြင့် အမျိုးပေါင်းစုံလင်စွာ ရှိခဲ့တယ် ။ အဲဒီကပ်ဘေး တွေထဲမှာ ကြောက်မက်ဘွယ်ရာ သေဆုံးပျက်စီးခဲ့ရတဲ့ အချို့ ကပ်ဘေးဆိုးကြီးတွေကို ပြန်ပြောင်း လေ့လာလိုက်မယ် ဆိုရင် - ၂၀၁၁ မတ်လ ၁၁ ရက်နေ့ က ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့ မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၉ဒသမ၁ ရှိ ငလျှင် နဲ့ နောက်ဆက်တွဲ ရိုက်ခတ်လိုက်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကြောင့် လူပေါင်း ၁၅၀၀၀ ခန့် မျှ အသက်ဆုံးရှုံးခဲ့ရပြီး ပျောက်ဆုံး ပျက်စီးမှု ပမာဏ ၊သန်းပေါင်းများစွာ အပြင် ဓါတ်ရောင်ခြည်ဘေးသင့်တဲ့ အန္တရာယ် ရဲ့ နောက်ဆက်တွဲပြသနာများစွာကို နှစ်ပေါင်းအတန်ကြာခံစားကြရမှာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တူရကီနိုင်ငံမှာ အောက်တိုဘာလ ၃ ပါတ်အတွင်း ၂ကြိမ် လှုပ်သွားတဲ့ ၊ ၇.၂ ပြင်းအားရှိ ငလျှင်ကြောင့်လည်း လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတယ် ။
ဒါ့အပြင် ၂၁၀၀ ဇန္နဝါရီလ ၁၁ ရက်နေ့ က ဘရာဇီးနိုင်ငံ Rio-de-Janeiru မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်း နဲ့ မြေပြိုမှု များကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပျက်စီးမှု တွေ အများအပြားရှိခဲ့တယ်။
ထို အတူပဲ သြစတြေးလျနိုင်ငဲ ကွင်းစလန်း ပြည်နယ် နဲ့ ထိုင်းနိုင်ငံ များမှာလည်း ရေလွှမ်းမိုးမှု များ အကြီးအကျယ် ဖြစ်ခဲ့ပြီး အသက် အိုးအိမ် စည်းစိမ် များစွာ ဆုံးရှုံးခဲ့ရတယ်။ ဒီ သတင်းတွေ အတွက် ကြားရသူအပေါင်းမှာ လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရတယ် ။ ဒါတွေကတော့ သဘာဝ တရားကြီး ဖေါက်လွဲဖေါက်ပြန်ဖြစ်လို့  မမျှော်လင့်ထားတဲ့ ဆိုးကျိုးတွေပေါ့။
ကမ္ဘာကျော် ပန်းသီးကုမ္ပဏီရဲ့ ဥက္ကဌ Steve Jobs လည်း နှစ်အနည်းငယ်ကြာ ကင်ဆာဝေဒနာခံစားရပြီး နောက် အောက်တိုဘာလ ၅ ရက် နေ့ မှာ သူချစ်တဲ့ အလုပ် နဲ့ ကုမ္ပဏီကို ရာသက်ပန်ခွဲခွာသွားခဲ့တယ် ။ ဒီင်္အတွက်လည်း တကမ္ဘာလုံးမှာ ရှိတဲ့ သူ့ ကို လေးစား ချစ်ခင် အားကျ သူ သန်းပေါင်းများစွာ မှာ ဝမ်းနည်းကြေကွဲ ခဲ့ရတယ် ။ အင်တာနက် နဲ့ ကမ္ဘာ့သတင်းတွေ အရ ၊ ပန်းသီးတလုံးရဲ့  ဖမ်းယူ ဆွဲဆောင်မှု မှာ အံ့မခန်းလောက်အောင်ကိုပဲကြီးမားလှကြောင်း မျက်ဝါးထင်ထင် သိလိုက်ရတယ် ။ ရှားရှားပါးပါးဖြစ်တဲ့ လူတော် လူကောင်း တယောက် ဆုံးရှုံးရခြင်း အတွက် ဖြေမဆည်နိုင်ကြတဲ့ အဖြစ်တခုပါ ။
ဒါပေမဲ့ ဒီ ၂၀၁၁ မှာပဲ နာမည်ကြီး တချို့ လူတွေရဲ့  ကျရှူံး ၊ သေဆုံး တဲ့ သတင်းများ ထွက်ပေါ်လာတဲ့အခါ ကမ္ဘာ့ လူသား အတော်များများ က ဝမ်းမြောက် ပျော်ရွှင်ခဲ့ကြတယ် ။ ဥပမာ တချို့  ပြန် ကောက်နှုတ်ပြရမယ်ဆိုရင် အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် ၊ တဦးထဲ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဘာရက် ( Hosni Mubarak) ကို ၊ အံ့သြဘွယ်ကောင်းလောက်တဲ့ အင်တာနက် တော်လှန်ရေးနဲ့ အစပြု တော်လှန်ခဲ့ကြတာမှာ ၂၀၁၁ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ အောင်မြင်စွာ ဖြုတ်ချပြစ်နိုင်ခဲ့ကြတယ် ။ တူနီးရှား တော်လှန်ရေးကို အတုယူပြီး အောင်မြင်မှု ရခဲ့လိုက်တယ်။
နောက်တယောက် အကြမ်းဖက်သမားကြီးကတော့ အယ်ကိုင်ဒါးခေါင်းဆောင် အိုစမာဘင်လာဒင်(Osama bin Laden) ၊ အာဖဂန်နီစတန် နိုင်ငံ ဆိုတာ သူ့ ကြောင့် နာမည်ကြီးခဲ့တာ ၊ ကောင်းသတင်းတော့ မဟုတ် ၊ အကြမ်းဖက် ဖျက်ဆီးရေးလုပ်ငန်းပေါင်းများစွာကို နှစ်ပေါင်းများစွာ ဦးဆောင် ညွှန်ကြား လုပ်ဆောင်ခဲ့တဲ့ သူ့ လုပ်ရပ်တွေထဲမှာ 911 ဆိုတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် ဖေါက်ခွဲဖျက်ဆီးမှုများကြောင့် ကမ္ဘာ့ လူသား များစွာ ၊ အထူးသဖြင့် အမေရိကန်ပြည်သူတွေရဲ့  အကြမ်းဖက် ရန်သူ တော်ကြီး ဖြစ်ခဲ့ရသူတယောက် ၊ သူ့ ရဲ့  အရှောင်ကောင်း အပုန်းကောင်းမှုကြောင့် ၁၀ နှစ်တာမျှ မြေလှန်ရှာခဲ့ရတဲ့ ဘင်လာဒင်တယောက်လည်း နောက်ဆုံးမတော့ ဇာတ်သိမ်းခြင်းမလှပစွာနဲ့ ဇာတ်သိမ်းခဲ့ရတယ် ။ အဲဒီ နေ့  ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့ မှာတော့ သူ့ လက်ချက်နဲ့ အသက်ဆုံးခဲ့ကြရသူတွေရဲ့ ကျန်ရစ်သူ ဆွေမျိုး မိတ်သင်္ဂဟများစွာ အတွက် မင်္ဂလာနေ့တနေ့ လိုပဲ ပြောစမှတ်ဖြစ်ခဲ့ရတယ် ။ အတုန့် အလှည့် ဆိုတာ ရှိစမြဲမို့  ပုထုဇဉ်သားများအနေနဲ့ ဒီလိုပျော်ရွှင်နေခဲ့ကြတာကို မှားတယ် လို့ လည်း မဆိုနိုင်ပါဘူး ။
ကျန်ပါသေးတယ် ၊ လူဆိုးကြီးတယောက် ။ သူ ကတော့ လောလောလတ်လတ် နောက်ဆုံးမှာ လောကကြီးနဲ့ အဆက်ဖြတ်ခံလိုက်ရသူ အာဏာရှင်ကြီးတယောက် ၊ လစ်ဗျားနိုင်ငံရဲ့ အရှင်သခင်ကြီး မူမာကဒါဖီ (Muammar Gaddafi) ပါပဲ ။ အာဏာကို မလွတ်တန်း ဆုပ်ကိုင်ထားခဲ့သူ ၊ ကဒါဖီ တယောက်၊ သူနှိပ်စက်ညှင်းပန်းခဲ့သလို ပြန်ပြီး ဝဋ်လည်တယ် လို့ တောင် ပြောရမလို ၊ သွေးရူးသွေးတန်း အော်ဟစ်ခဲ့ရပြီးနောက် လူရှေ့ သူ ရှေ့ မှာ အသေမလှ ခဲ့ပါဘူး ။
နောက်တဦးကတော့ မြောက်ရူး..(ပြောချင်ဇောနဲ့ မှားသွားတာ ခွင့်လွှတ်ပါ..) ၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအီ(Kim Jong-il)၊ မကြာသေးခင်ကာလ ဒီဇင်ဘာ ၁၉ ရက်နေ့ မှာ နှလုံးရောဂါနဲ့ ဘဝတပါးသို့ ကူးပြောင်းသွားတဲ့အခါ အနူမြူလက်နက်ဆန့်ကျင်နေကြတဲ့ ကမ္ဘာတဝှမ်းမှ လူအများက တရန်အေးပြန်ပြီပေါ့လို့ ဝမ်းမြောက်နေကြချိန်မှာ ထူးထူးဆန်းဆန်း ငိုချင်းချနေကြတဲ့ သူ့ တိုင်းသူပြည်သားလူအများကို မြင်လိုက်ရတဲ့အခါတော့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ရယ်လို့ ဝေခွဲမရဖြစ်မိပြန်ပါတယ်။
ဒီလို အနိဌာရုံတွေ အပါအဝင် နာမည်ကြီးသူတွေရဲ့ အနိစ္စသဘောတွေကို ပြန်ပြောင်းတွေးတောမိတဲ့အခါမှာတော့ ဗုဒ္ဓဘာသာဝင်တို့  သက်ဝင်ယုံကြည်ကြတဲ့ ကံ၊ ကံ၏အကျိုးဆိုတာ ကို ပိုပြီး နားလည် သဘောပေါက်မိသွားတယ် ။ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် ဆိုတာ ဘယ်လိုမှ ရှောင်လွှဲမရနိုင်တာမို့  မိမိကိုယ်တိုင်လည်း လက်ရှိဘဝမှာ ကောင်းသောအမှုကိုသာ ပြုဖို့  သတိဝင်မိတယ်။
၈ နှစ်ကျော် ဖြစ်ပွားခဲ့တဲ့ အီရတ်စစ်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာ အမေရိကန်နိုင်ငံမှ အဆုံးသပ်လိုက်ပြီဖြစ်တဲ့ အတွက် ငြိမ်းချမ်းမှုအလားအလာကောင်းတခု အနေနဲ့ မင်္ဂလာရှိတဲ့ နှစ်တနှစ်တော့ ဖြစ်ပါတယ် ။
ဝေးဝေးလံလံ ကမ္ဘာကြီးနဲ့ချီပြီး စဉ်းစားနေရလောက်အောင် ကိုယ်တိုင်က ဘယ်လောက်များ ကြီးကျယ် ခန်းနားနေတာမို့လည်း လို့  အသိဝင်လာတဲ့ အခါ နီးနီးနားနား ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ ရဲ့ဒီတနှစ် အဖြစ်အပျက်တွေထဲမှ စိတ် ချမ်းသာ ဘွယ် ကောင်းသတင်းများကိုသာ ဆက်လက်စဉ်းစားလိုက်ပါအုံးမယ် ။ အကောင်းဘက်ကို ဦးတည်ပြီး ပြောင်းလဲလာနေပြီ ဖြစ်တဲ့ အတွက် ကောင်းသတင်း လေပြေ လေညှင်းများကိုသာ ရွေးချယ် စမြုန့်ပြန်ပါ့မယ် ။ ဖေါ်လံဖါးလို့ ဆိုချင်က ဆိုကြပါလေတော့ ....း)။
ဒီတနှစ် အတွင်းမှာ မြန်မာပြည် အတွက် လုပ်ဆောင်နေကြတဲ့ အရာများ အတွင်း ကျေနပ်စရာအကောင်းဆုံးတချက်ကတော့ သန့်ရှင်းတဲ့ အစိုးရလို့ အမည်ပြောင်း ဖေါ်ဆောင်ပေးမဲ့ သမ္မတကြီးရဲ့  သက်ညှာစွာ ကိုယ်ချင်းစာနာမှု အဆုံးအဖြတ်များပါ ။
ဦးဆုံးကတော့ မြန်မာပြည်ကြီးနဲ့ တိုင်းသူပြည်သားများရဲ့ မိခင် မြစ်ကြီး ဧရာဝတီ အတွက် ဆုံးဖြတ်ချက် ချပေးမှု ပါပဲ ။သူဟာ၊ နှစ်ပေါင်း ၅၀ နီးပါး ထင်ရာစိုင်းခဲ့တဲ့ အာဏာရှင်အုပ်ချုပ်မှုတွေ အဆက်ဆက် က လျှစ်လျှူရှုခံနေခဲ့ကြရတဲ့ ပြည်သူလူထုတွေရဲ့ အသံ ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမဲ့၊ ငြိမ်ဝပ်ပိပြားစွာ ခေါက်ရိုးကျိုး နေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ ဘဝကို နားလည်စာနာတတ်လာတဲ့ သမ္မတကြီး၊ နိုင်ငံခေါင်းဆောင်ကောင်း တယောက် အနေနဲ့ ယူဆပြီး လူအများ တဖြေးဖြေး လက်ခံလာနိုင်မဲ့ သမ္မတကြီး တဦးလို့ ပြောချင်ပါတယ် ။ သူ့ ဂတိအတိုင်း တည်အောင် လုပ်ဆောင်ပေးမယ်လို့ လည်း မယုံတဝက် ယုံတဝက် နဲ့ ယုံကြည်ထားလိုက်မိပါတယ် ။
ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် အခွန်ငွေလွတ်ကင်းမှုအား ၂၀၁၂ နှစ်သစ် ၊ တစ်ရက်နေ့ မှစပြီး ဖေါ်ဆောင်ပေးတော့မှာမို့ လည်း ဝမ်းမြောက်မိတယ် ဆိုရင် လွန်မယ်မထင်ပါ ။ ဆင်းရဲသားတိုက်ဖျက်ရေးစီမံကိန်းဆိုတာ နှစ် ၅၀ အတွင်း တကြိမ်တခါမှ မကြားဖူးမိလို့ အံ့သြဘွယ်ရာ စီမံကိန်းကြီးအား အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ဖို့ လည်း မျှော်လင့်တကြီးရှိနေမိတယ် ။ ကမ္ဘာမှာ နောက်တန်းကျ ကျန်နေခဲ့ပြီဖြစ်တဲ့ ကဏ္ဍပေါင်းစုံ ဘက်စုံမှာ တိုးတက် ဖွံ့ ဖြိုးဖို့  ၊ အထူးသဖြင့် ကျန်းမာရေး ၊ ပညာရေး ၊ စီးပွားရေး အစရှိတဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့  စဉ်းစားပေးလာတဲ့ အတွက်လည်း ဝမ်းသာမိရတယ် ။ ရန်ကုန်မြို့ကြီးကို ခေတ်မှီတိုးတက်အောင်၊ စင်ကာပူမြို့ ကြီးလိုဖြစ်အောင်၊ခေတ်မှီ မိုးပျံတံတားကြီးတွေ၊ MRT ရထားတွေ နဲ့ သက်သာလွယ်ကူစွာ ခရီးသွားလို့ ရအောင် ဆောက်လုပ်ပေးဖို့  အစီအစဉ်များလည်း ရှိနေပြီဆိုတာ သိရလို့ လည်း ရှေ့ ပြေး အနေနဲ့ ဝမ်းမြောက်မိလိုက်ပါသေးတယ် ။ဘာလို့လည်းဆိုတော့ အရင်ခေတ်စနစ်အခါများမှာ လူကြီးမင်းများဦးနှောက်ထဲတောင် ထဲ့သွင်းမစဉ်းစားပေးခဲ့ကြတာကြောင့်ပါပဲ ။အပြုသဘောကို လားရာတူစွာ ပူးပေါင်းလုပ်ဆောင်ကြပါစို့ ။ တကယ်လုပ်မယ်ဆို တကယ်အောင်မြင်ဖြစ်မြောက်ရမှာမို့  အချိန်လေးပေးပြီး စောင့်ကြည့်ကြပါအုံးစို့ ။ ။စေတနာမှန်ရင် နှစ်ဦင်္းနှစ်ဖက် အကျိုးများစေမှာမဟုတ်ပါလား။
တိုင်းပြည်တပြည် အေးချမ်းသာယာဖို့ အတွက်ဆိုတာ စစ်မက်ဖြစ်ပွားခြင်းများ ကင်းဝေးဖို့လည်းလိုအပ်ပါတယ် ။ကိုယ့်လူမျိုး နိုင်ငံသားအချင်းချင်း နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြရတဲ့ စစ်ပွဲများလည်း ငြိမ်းအေးကြဖို့  လမ်းစပျိုးလာတာမို့ လည်း ၊အမှန်တကယ် ဖေါ်ဆောင်သက်ဝင်လာဖို့ မျှော်လင့်မိပြန်ပါတယ်။
လာမဲ့ ၂၀၁၂ ဇန္နဝါရီလ ၄ ရက် နေ့ ( လွတ်လပ်ရေးနေ့ ) နဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့  ( ပြည်ထောင်စုနေ့ ) တွေ မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားကြရသူများကို လွတ်ငြိမ်းချမ်းသာခွင့်များပေးမယ် ဆိုတဲ့ သတင်း တခုဟာလည်း မင်္ဂလာရှိတဲ့ နှစ်ကူး လက်ဆောင်တခုလိုပါပဲ ။ (ကြားရတဲ့အတိုင်း အမှန်တကယ် ဖြစ်လာပါစေ) ။
ဒါလေးတွေကတော့ တတ်နိုင်သလောက် မုဒိတာ ပွားမိရတဲ့ အကြောင်းတရားလေးများပေါ့ ။ အကျိုးတရားတွေကတော့ လုပ်ရင်လုပ်သလို ဖြစ်ပေါ်လာမှာပါ ။
မုဒိတာလေးတွေ အမျိုးစုံအောင် ကြံဖန်ပွားလို့ မှ မဆုံးသေး ၊ နှစ်ကုန်ခါနီးလေးမှာ ရက်ဆက်ဆိုသလိုပဲ ဆိုးဝါးကြောက်မက်ဖွယ်ရာ သတင်းများကလည်း တမျိုးပြီးတမျိုး ၊ ဟိုမှာ ပေါက်လိုက် ဒီ မှာ ပေါက်လိုက် နဲ့ မို့  ၊ည ည အိပ်ရမှာလည်း မဝံ့မရဲ ၊ မဖြစ်မနေ သွားလာရတဲ့ ခရီးလမ်းမှာ အန္တရာယ်မလွယ်နိုင်တဲ့အချိန် အပေါ့အပါးသွားဖို့ ရာလည်း မဝံ့ မရဲ ၊ နေရာတိုင်း အချိန်တိုင်းမှာ စိုးရိမ်သောကစိတ်များနဲ့နေထိုင်နေကြရတဲ့ ဒီလိုအချိန်အခါမျိုး ကင်းလွတ်ဝေးနိုင်ကြပါစေ ။ သောကကင်းဝေးစွာ အိပ်စက်နားနေနိုင်ကြပြီး နိုးလာတဲ့ အချိန်မှာလည်း သောကကင်းစွာ လုပ်ကိုင်နေထိုင်ကြရခြင်းဆိုတာလည်း ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ အနှစ်သာရတခု ဖြစ်ကြောင်း မြွက်ကြားခဲ့တဲ့ အမေစုရဲ့ စကားကို ပြန်ပြီး ကြားယောင်မိလိုက်ပါတယ် ။
အကောင်း အဆိုးတွေ ရောပြွန်းနေတဲ့ ဒီ ၂၀၁၁ ခုနှစ်ဟာ မကြာခင်အချိန်အတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး နှစ်သစ် ကို ကူးပြောင်းတော့မှာပါ ။ လာမဲ့ နှစ်သစ် ၂၀၁၂ မှာ တော့ အမိမြန်မာပြည်ကြီးအတွက်ရော ၊ ကမ္ဘာကြီင်္း အတွက် ပါ အကောင်းများ ပိုမို ၊ အဆိုးများ လျော့နည်း စေမဲ့ နှစ်သင်္စတခု ဖြစ်ရပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ် ။သဘာဝဘေးအန္တရာယ်အမျိုးမျိုး ၊ စစ်မက် ဘေးဒါဏ် အမျိုးမျိုး၊ လူအချင်းချင်း နှိပ်စက် သတ်ဖြတ် လိမ်ညာ လှည့်စား အနိုင်ကျင့်မှု အမျိုးမျိုးတို့ မှ လွတ်ကင်းကြပါစေ ။ လူသားအားလုံး သောက ကင်းစွာ အိပ်ကောင်းခြင်း၊ နိုးကောင်းခြင်း များနဲ့ ကိုယ် စိတ် နှစ်ဖြာ ကျန်းမာချမ်းသာနေနိုင်ကြပါစေ ။
ပုံများကို ဂူဂဲလ်မှ ရှာဖွေ ရယူထားပါတယ် ...
လွန်ခဲ့တဲ့ ၂ ပါတ်လောက်က စပြီး ကိုယ့်ဘလော့လေး ပြသနာတက်သွားတယ် ။ အဲ့ဒီတုံးက Blogger Dashboard ကနေ Post ရေးလို့  ရသေးတယ် ။ တင်လို့  ရသေးတယ် ။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ပလပ်ပေါက်ကို ကိုင်မိလေတာ လား မသိ.. လင်ဇီး ကို အထင်ကြီးသလို မကြီးသလို ကြားထဲ မှာ ဒီဘလော့လေး ဒီလိုဖြစ်သွားတယ် ဆိုတော့ ..တခုခုတော့ တခုခု ပဲ လို့  ထင်လိုက် မိတယ်။ ကွန်ပြူတာနဲ့ ပတ်သက်ပြီး ဖွင့်တာ နဲ့ ပိတ်တာလောက်ပဲ သိတဲ့သူတယောက်ဆိုတော့ .. သူများတွေ ပြောပြောနေတဲ့ ဗိုင်းရပ်စ် တကောင်ကောင်များ ကိုက်သလား ရယ်လို့  စိုးရိမ် မိသွားတယ် ။ မြင်လိုက်ရတဲ့ ပုံက အဲ့လို ကြီးလေ..
ဒါနဲ့ သူငယ်ချင်းတယောက်ကို လှမ်းမေးကြည့်တော့ သူကလည်း သူသုံးနေတဲ့ Microsoft security essential ဆိုတဲ့ ဗိုင်းရပ်သတ်တဲ့ ဆော့ဝဲလ်လေး အလကားပေးတဲ့ နေရာ ကနေ ဝင်ဆွဲပြီး သုံးလိုက်မိကာမှ ငါးပါးမက မှောက်တော့တာပဲ ။
ဖြစ်ပုံက သုံးနေတဲ့ Vista ကြီးက အဆင်မပြေလို့  Window XP ပြန်ပြောင်းသုံးဖို့  လုပ်ပေးလိုက်တဲ့သူက လိုင်စင်မဲ့ ဆော့ဝဲလ် ထဲ့ထားပေးပြီး မှာထားခဲ့တယ် ။ ဘယ်တော့မှ Update မလုပ်ဖို့  ပေါ့ ။ ဒီအချက်ကိုမေ့ပြီး ခုန အလကားပေးတဲ့ ဗိုင်းရပ်သတ် တာ ကြီးကို Install လုပ် run ပြီးတော့ Restart .. လုပ်ရိုး လုပ်စဉ်တွေ လုပ်ဖို့  ပြန် အပိတ်မှာ ... ပလုံ..ပလုံ.... တလောကလုံး မှောင်မဲသွားသလိုပဲ..
ဟိုက်.. ငါ့ကွန်ပြူတာလေး ပြန်ဖွင့် မရတော့ ပါလား .. လို့ ပေါ့ ။
အဲ့ ည က .. မိုးလင်းတဲ့ ည...
နောက်ရက်တွေ အလုပ်တက် နေရတာ လည်း စိတ်မပါ ။ လူက အင်တာနက် မဝင်ရ မနေနိုင် ဆိုတော့ ၊ မျောက်ငပိ ကိုင်မိသလို..ရိုးတိုး ရွတ နဲ့ပေါ့ ။ မျက်နှာစာအုပ်မှာလည်း မဖွ နိုင် ၊ ဘလော့မှာ လည်း မကြွနိုင် နဲ့ အလုပ်နားတဲ့ရက်ရောက်မှ မိတ်ဆွေလေးတဦး ဆီ အမေဘုတ်(Mother Board) ကြီး မပြီး စစ်ကြည့် ရတယ် ။ အရေးပေါ် အသက်ကယ်ဖို့  အချိန်အတော်ကြာ ကျိုးစားပြီး ဘယ်လိုမှ မရတော့လို့  Window တွေ ပြန်တင် Format တွေ ပြန်ချ နဲ့ သူလည်း ထမင်းစားပျက် အချိန်ကုန်ခံပြီး လုပ်ပေးလိုက်တော့ Coma ဝင်နေတဲ့ ကိုယ့် ကွန်လေး ပြန်လည်နိုးကြားလာပါတယ်။ ဒါပေမဲ့ကိုယ့် IP နံပါတ်လေး မသိတော့ ခွဲဝေ သုံး ဖို့  ပေးထားတဲ့  အင်တာနက် လိုင်းထဲ ပြန်ဝင်လို့  မရသေးပြန်ဘူး ။ နှစ်ကူး ပိတ်ရက်တွေ မှာ အလုပ်နားကြ တော့ နံပါတ် သိတဲ့ သူ အလုပ်ပြန်တက်မဲ့ ရက်ကို စောင့်ပြီး reset ပြန်လုပ်ပေးတယ်။
ဝမ်းသာအားရ နဲ့ ဘလော့တွေ လည်တော့ မဟဲ့ လို့  ကိုယ့်ဘလော့လေး ပြန်ဖွင့်ဝင်လိုက်ပါတယ် ... လား..လား... ဟိုတကောင် မဲလဝဲ ဆိုတဲ့ ဟာကြီးက အပေါက်ဝ ကနေ ဆီးကြို ချောက်လှန့် နေတုံးပါလား ။ ဒီတခါတော့ ဘာ ဗိုင်းရပ်သတ်တာမှ မလုပ်ရဲတော့ဘူး ။ ဒါနဲ့ ပဲ ကိုဇော်နဲ့ အဖြူရောင် နတ်သမီး ဆီ အပူကပ်ရပြန်တယ် ။နတ်သမီးလဲ အဖြူရောင်ဘဝမှ အနီရောင်ဘဝ ပြောင်းသွားရှာတယ်လို့  သတင်းသန့်သန့် ကြားထားတယ်လေ ။သူ့ ဆိုဒ် ကို ဝင်ရင် ဒီလို စာတမ်းကြီးက ဆီးကြို နေတော့ တာပဲ။
ဒါနဲ့  ကိုဇော် ပေးတဲ့ အဲ့ဒီလင့် ထဲ မှတဆင့် မဲလဝဲဆိုတဲ့ ဘာမှန်းမသိတာကြီးကို သွားရှာ ဖြစ်တယ်။ သူ့ ညွှန်ကြားချက် အတိုင်း လိုက်စစ် .. လိုက်ရှာ ..လိုက်လုပ် လိုက်တော့ မှ အဆင်ပြေ သွားပါတယ်။ ခုတော့ ရှေ့ မှာ ကန့် လန့် ခံနေတဲ့ နီနီရဲရဲ မဲလဝဲကြီး လောလောဆယ် အတွက် ရှင်းလင်းထားလိုက်ပါပြီ ။
ဒီ မဲလဝဲ ကြီး ဘယ်က နေ ဘယ် လို ရောက်လာတာ ပါ လည်း ။???
အဲ့ဒီ မဲလဝဲ ဆိုတာ က .. ကိုယ်ဆိုဒ်ထဲကို သူများလာထဲ့သွားတာလဲ ဖြစ်နိုင်ပါသတဲ့
How did this happen?
In some cases, third parties can add malicious code to legitimate sites, which would cause us to show the warning message.
ကဲ.... လူတွေ လူတွေ ..ဘယ်လောက်တောင်များ ခက်လိုက်ပါသလည်း ။ ဟိုဝဲ ဒီဝဲ လိုက်ဝဲပြီး သူများတွေကို ဒုက္ခလိုက်ပေးနေကြတဲ့ လူတွေလည်း ရှိနေပါသေးလားကွယ် ...
ဘာပဲ ပြောပြော အဆိုးထဲက အကောင်းဖက် ပြန်တွေးဆင်ခြင်ကြည့်လိုက်မိတော့
၁-ကော်ပီ မိုက်ခရိုဆော့ ဝင်းဒိုးတင်ထားမိသူတွေ .. update မလုပ်မိစေဖို့  သတိထားရ မှာ ဖြစ်ကြောင်း။
၂- အွန်လိုင်းမှာ သိရပေမဲ့ တကယ်ကူညီတတ်တဲ့ မိတ်ဆွေများ ရနိုင်ကြောင်း ။
၃- နည်းပညာတွေ တိုးတက်နေတာနဲ့ အညီ ကိုယ်တိုင်လည်း ခေတ်နောက် မှာ သိပ်ပြတ်မကျန်နေခဲ့ဘို့ လိုအပ်ကြောင်း။
၎- လိုအပ်တဲ့ အသိပညာအားလုံး လိုသလို ဆည်းပူးနိုင် တာမို့ ၊ အင်တာနက်ဆိုတာဟာ သုံးတတ်ရင် မိတ်ဆွေ မသုံးတတ်ရင် ရန်သူ အဖြစ်မျိုး ဖြစ်နိုင်ကြောင်း ။
မှတ်သားထားလိုက်ရပါတယ်။
ဒီ အတွက် ကူညီင်္ပေးတဲ့ ကိုဇော် ၊ နတ်သမီး ၊ ကိုလင်းထက် နဲ့ ဘယာကြော်တို့ ကို ကျေးဇူးတင်ပါတယ်။
အဆင် မပြေသေးရင်တော့ နောက်ဘလော့အသစ်တခု တည်ဆောက်ရမယ် ထင်ပါတယ်။
လောလောဆယ်တော့ ဆိုဒ်ဘား ထဲ က မိတ်ဆွေတွေ ရဲ့ ဘလော့လင့် လေးများစွာကို ခေတ္တ ဖြုတ်ထား လိုက်ရပါတယ် ။ အဆင်ပြေတဲ့ အချိန်မှ ပြန် ရှာ ထဲ့ ရ ပါတော့ မယ် ။
စာဖတ်သူ မိတ်ဆွေများလည်း မိမိတို့  ဘလော့အိမ်ကလေး သန့် ရှင်းမှု ရှိ မရှိ Scan လုပ်ပြီး စစ်ဆေးနိုင်ကြပါတယ်။ ကိုယ့် အိမ်ဝ မှာ နီနီရဲရဲ မဲလဝဲ ကြီင်္း တွေ့ ရင် လည်း လန့် စရာ မလိုပဲ ချက်ချင်း မောင်းထုတ် လို့  ရ ပါတယ်။
အားလုံး ကျန်းမာ သန့် ရှင်းစွာ ဖြင့် ဘလော့ဂင်နိုင် ကြ ပါစေ ။
ဖြည့်စွက်ချက် ။ ။
ကြေငြာချက် အမှတ် ၁/၂၀၁၁။ ။
ဘလော့ဂါတွေမှာခံစားနေကြရတဲ့ ဝဲစွဲရောဂါများကို ပျောက်ကင်းကုသပေးနိုင်မဲ့ အကောင်းဆုံး “ဝဲသတ်ဆေးဖေါ်စပ်ပေးနိုင်သူများ”အား..၂၀၁၁ ရဲ့ “ဝဲနိုဘယ်ဆုကြီး” ပေးအပ်နိုင်ပါရန် ဝဲစွဲဘလော့ဂါများမှ စုပေါင်းအဆိုတင်သွင်းကြမည် ဖြစ်ပါကြောင်းးးးး
အာရောဂျံ ပရမံလာဘံ .. ကျန်းမာခြင်းသည် လာဒ်ကြီးတပါး လို့ ပြောကြတယ် ။ မိဘစုံလင် ခြေလက် ကိုယ်အင်္ဂါ စုံလင် ၊ ဦးနှောက် ပုံမှန် ဖြင့် ကျန်းမာ သန်စွမ်း နေကြရသူ တွေ အဖို့ ၊ ဒီလို ပြည့်စုံနေကြရခြင်းရဲ့ အကျိုးတရား များကို သတိထားမိကြပါမလား ။ မပြည့် မစုံ နေထိုင် အသက်ရှင်နေရသူများရဲ့ ဘဝတွေကို ကိုယ်ချင်းစာ တတ်ကြပါ့မလား ။ သူတို့လေးတွေ ဘဝကို ကိုယ်တိုင် တွေ့ မြင်ရတဲ့အခါမှာ ဒီလို အသိတရားတွေ ဝင်လာ မိလို့ ၊ ကိုယ့်တိုင်းပြည်လေးထဲမှ ချို့တဲ့ စွာ အသက်ဆက်နေထိုင်ကြရသူတွေ များစွာ ထဲမှ ၊ လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ် ....
>
၂၀၁၀ ၊ ဇွန်လ ၈ ရက်နေ့  မနက် ၊ မိုးတွင်းကာလမို့  ရာသီဥတုက အုံ့ဆိုင်း ညိုမှိုင်းနေတယ် ။ ဒါပေမဲ့ မိုး မရွာ လို့  ၊ ပူလောင် အိုက်စပ်နေတဲ့ ရွှေမြို့ တော် ကြီးရဲ့  တနေရာ ၊ အတိအကျ ဆိုရရင်တော့ အမှတ် (၆၅ ) ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့ နယ် ရှိ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ။လူမှုဝန်ထမ်းဦးစီးဌာန ။ တည်နေရာက မြို့ ပြင်တော့ သိပ်မကျ ၊
ဒါပေမဲ့ မရောက်ဖူးသေးတဲ့ နေရာ တခုဆိုတော့ ဝန်းခြံအကျယ်ကြီးထဲမှာ စမ်းတဝါးဝါး နဲ့ ၃-၄ နေရာ မျှ မေးပြီးတော့ မှ အဆောက်အဦးကြီး ၂ ခု အကြား ဂိတ်ဝမှ နောက်ဖက်ခြံသေးသေးလေးသို့  ရောက်လာခဲ့တယ် ။ ခြံဝင်းတံခါး ကို သံကြိုး ရစ်ပတ်ပြီးသော့ခတ်ထားတော့ ၊ အထဲ ဘယ်လိုဝင်ရပါ့လို့  တွေးရင်း နဲ့ပဲ အနားကပ်သွားကြည့်မိတော့ ကလေးတသိုက် ရဲ့ “ကမ္ဘာမကြေ” သီချင်းသံကိုကြားလိုက်မိတယ် ။“ဒါတို့ ပြေ ၊ဒါတို့ မြေ တို့ ပိုင်တဲ့မြေ ...” ....ဪ ... တကယ်ပဲ တို့ ပိုင်တဲ့မြေမှ ဟုတ်ပါ့မလား ... ဘယ်သူပိုင်တဲ့ မြေတွေ ဖြစ်နေပြီလည်း ၊ အတွေးမှ မဆုံးသေး ၊“ ဘယ်သူနဲ့ တွေ့ ချင်ပါလည်းခင်ဗျာ” ၊ တထပ်ကျောင်းဆောင်ထဲမှ လူလတ်ပိုင်း တယောက် ထွက်လာပြီး မေးသံကြားတော့မှ လာရင်းကိစ္စပြောတော့ အထဲမှ ကျောင်းသားတယောက်ရဲ့  အမည် ကို အော်ခေါ်ရင်းတံခါးသော့ဖွင့်ခိုင်းပါတယ် ။ အပြေးတပိုင်းနဲ့ ထွက်လာသူကို မြင် မြင်ချင်း ဒေါင်း ( Down's Syndrome ) လေး တယောက် မှန်း သိလိုက်ရတယ် ။ ဒီဒေါင်းလေးက အခြေအနေမဆိုးလှ ၊ သော့တံကို လက်ပြန်ထိုးလှဲ့ ပြီး တံခါးဖွင့်ပေးတတ်တယ် ။ ပြန်ပိတ်တတ်တယ် ။ တံခါးသော့ကို အချိန်ပြည့် ခတ်ထားရခြင်းမှာ အကြောင်းရှိပါလိမ့်မယ်။
ဒေါင်းကလေး ဦးဆောင်သွားရာနောက်လိုက်လျှောက်သွားတော့ ဘုရားစင် ရယ် ၊ အလုပ်စားပွဲ ၂လုံးရယ် ရှိနေတဲ့  ရုံးခန်း သို့ ရောက်ပြီး တာဝန်ခံ ဆရာမကြီးမှ ဂေဟာ နဲ့ ပတ်သက်သော လုပ်ငန်း လည်ပါတ် ဆောင်ရွက်ပုံများကို ရှင်းပြပါတယ် ။ မြို့ နဲ့ သိပ်မဝေးလှပေမဲ့ လာရောက် လှူဒါန်းသူ နဲပါးတဲ့ အတွက် ကျောင်းဂေဟာ ကလေးမှာ အတန်ငယ် ချို့တဲ့နေဆဲပါ ။ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာ ချင်းအတူတူ ၊ အမျိုးသမီးစောင့်ရှောက်ရေးကျောင်း၊ မျက်မမြင်ကျောင်း အစရှိတာတွေ မှာ ရန်ပုံငွေ များပြားလှတဲ့အတွက် အဆင်ပြေကြောင်း သိရပါတယ် ။ ဒီ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို ဖွင့်လှစ်ခဲ့တာ ၄ နှစ်ရှိပေမဲ့ ရန်ပုံငွေ မှာ မဆိုစလောက်သာ ရှိနေသေးတဲ့အတွက် ဒီကလေး တွေ စားဝတ်နေရေး အခက်အခဲ ရှိနေကြပါတယ် ။ အစိုးရ သတ်မှတ်ထားတဲ့ အသုံးစရိတ်မှာ ကလေးတယောက် အတွက် တနေ့ စာ ( မနက်၊ နေ့ လည်၊ ညစာ ) မှာ ၂၃၅ ကျပ်တိတိသာ ရှိပါတယ် ။ အင်း .. ဒီခေတ်ကြီးထဲ မှာ ကျပ်ငွေ ၂၃၅ ကျပ် နဲ့ တနေ့  စာ ဘယ်လို နေထိုင်စားသောက်ကြမလည်း လို့  မတွေးရဲပါ ။ လဖက်ရည် တခွက်စာ ၊ မုန့်ဟင်းခါး တပွဲ စာ တောင် မရှိ တာမို့ တာဝန်ခံ ဆရာမ ကို တအံ့တသြကြည့်မိတဲ့ အခါ ၊ အပြုံးယဲ့ယဲ့ နဲ့ ဒီလိုပဲ ရှိတာလေးနဲ့ ဖြစ်သလို စားနေကြရကြောင်း ၊ ဒါကြောင့် စေတနာရှင် တွေ လာလှူ ကြတဲ့ အခါ ဝမ်းသာကြရကြောင်း ပြောပြပါတယ် ။
အလှူငွေ ထဲ့အပြီး ကလေးတွေကို လိုက်ကြည့်မိတယ် ၊ မနက်ပိုင်း နံနက်စာ စားအပြီး မိုးမရွာသေးချိန်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် နိုင်တဲ့ ကလေးတချို့  ဝင်းထဲ မှာ ဆော့  နေတာ တွေ့ ရတယ် ။ အဲ့ဒီအချိန်မှာ ခြေမသန်တဲ့ ကလေးမ လေး က ဆော့နေတဲ့ မသန်စွမ်းလေးတွေကို ခေါ်ပြီး ကာယ လေ့ကျင့်ခန်း လုပ်စေပါတယ် ။ သူက အရှေ့ မှ ဆိုပေးပြီး ခြေလက် အနေအထား လုပ်ပြတာကို လိုက်လုပ်တဲ့ ကလေးတွေရော ၊ မလုပ်တတ် လို့ ပေါက်ကရ လိုက်လှုပ်နေတဲ့ ကလေးတွေရော ကြည့်ရတာ ရယ်စရာလည်း ကောင်းပါရဲ့  ပျော်စရာလည်းကောင်းပါရဲ့  ၊ ဘာလို့ ဆိုတော့ ရှေ့ ကနေ ဦးဆောင်ပြပေးသူ ကိုယ်တိုင်က ခြေ နှစ်ဖက်ပေါ် မရပ်နိုင် လို့  အောက်မှာ ထိုင်ချပြီး ပါးစပ်ကနေ ရွတ်ပေးတာ က ဘယ်ခြေမြှောက် ၊ ညာခြေမြှောက် ၊ဘယ်ညာ ဘယ်ညာ တဲ့ လေ ။ မတ်တပ်ရပ် ၊ ခါးညွတ် ၊ လက်မြှောက် ၊ ခြေမြှောက် နဲ့  အော်နေတာ အားရ ပါးရ ပေါ့ ။
ဒါကတော့ ကလေးတစု မညီမညာ တတ်သလို လှုပ်နိုင်သလို လိုက်လှုပ်နေကြတဲ့ မြင်ကွင်း လေး တခု ။
ဒီကလေးတွေ ထဲမှာ ဒေါင်းကလေးတွေ အပြင် ၊ စီပီ လို့ ခေါ်တဲ့ Cerebral Palsy လေးတွေ ၊ ပိုလီယို အကြောသေ ရောဂါသည် လေးတွေ ၊ သူငယ်နာ အကြောဆွဲ နဲ့ အခြား ဦးနှောက် အာရုံကြော ရောဂါ ခံစားနေရသူလေးတွေ အများကြီးပါပဲ ၊ ခုလောလောဆယ် မှာတော့ အယောက် ၃၀ ခန့် ရှိနေပါတယ် ။ နောင်မကြာမီ အချိန်မှာ အယောက် ၁၀၀ ထိ လက်ခံ ပြုစုပေး ဖို့  စီမံချက်ရှိနေပါတယ် ။
ခုချိန်ထိတော့ အစိုးရရဲ့ ထောက်ပံ့မှု မလုံလောက်တာမို့  စားစရိတ်က အစ ၊ ကျန်းမာရေး ၊ နေထိုင်မကောင်း တဲ့အခါ ဆေးဝါးကုသ စရိတ် ။ အာရုံကြော ခြေလက်မသန်စွမ်းသူတွေ အတွက် လေ့ကျင့်ခန်း Physiotherapy အတွက် စရိတ် အစရှိတာတွေ အတွက် လောလောဆယ်မှာ အီတလီ NGO အဖွဲ့တခုရဲ့ ထောက်ပံ့မှု တချို့  နဲ့ တဦးချင်း စေတနာရှင် အလှူရှင် များကို အားထားနေရပါတယ် ။ ဒါ့အပြင် ဦးနှောက်အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်မိမိချို နဲ့ အရိုး အကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဥာဏ်ထွန်း တို့မှ လည်း တပါတ်မှာ ၂ ကြိမ် ၊ စမ်းသပ် စစ်ဆေး ကုသပေးလျှက် ရှိပါတယ် ။ တခါတရံ မှာ ဆေးရုံတက် ကုသဖို့ လိုအပ်လာရင်တော့ သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြပြီး ဆေးကုသမှု ခံယူကြရပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကုန်ကျ စရိတ်အတွက် တာဝန်ယူ လုပ်ဆောင်ပေးမဲ့သူ မရှိတာမို့  ၊ စရိတ်မျှပေး ကျန်းမာရေး မူ အရ ၊ တဝက်ပေးစနစ် နဲ့ ဖြေရှင်းနေရတာ မို့  ဂေဟာမှ ဆရာမများခမျာ အတော်လေး ဗျာများ ကြရပြန်ပါတယ် ။
ဒါကတော့ NGO အဖွဲ့ ရဲ့  ထောက်ပံ့မှု နဲ့ တပါတ်မှာ ၂ ရက် လေ့ကျင့်ခန်းသင်တန်းပေးနေတဲ့ ဆရာမလေးပါ ။
သူတို့ လေးတွေ ရဲ့ သနားစရာ ပုံရိပ်များ ၊
ဒီကလေးမလေးကတော့ ရထားကြိတ်ခံရလို့  ပေါင်ရင်းမှပြတ်သွားရသူ ၊ မိဘနှစ်ပါးလည်းမရှိတော့ပြီမို့  ရပ်ဆွေရပ်မျိုးများက ဆေးရုံမှတဆင့် ဒီသင်တန်းကျောင်းကို လာပို့ထားတာပါ ။
ပိုလီယို အကြောသေရောဂါခံစားနေရတဲ့ ကလေးငယ် ၂ယောက် ။ လေ့ကျင့်ခန်း လုပ်လို့ သိပ်မရသေးတော့ ခြေထောက်သန်အောင် အရင် လေ့ကျင့်ပေးနေပါတယ် ။
ကလေးတွေကို ဆရာမက စာသင်ပေးတယ် ။ လက်၂ ချောင်းထောင် ဆိုပေမဲ့လည်း ထောင်ချင်သလို ထောင်နေကြတာ ။ တမင်တကာ လုပ်တာတော့ မဟုတ် ။ သူတို့ တွေရဲ့  ဦးနှောက်က သာမန်လူတွေလို မဖွံ့ ဖြိုးတော့ အကြား၊ အမြင်၊အာရုံတွေကို ဦးနှောက်က ပုံမဖေါ်နိုင် ၊ အာရုံကြောက ဦးနှောက်စေခိုင်းသလို လိုက်မလုပ်နိုင်ကြတာပါ ။.. မထနိုင် မရပ်နိုင် ၊ သူငယ်နာ အကြောဆွဲ ရောဂါသည်လေး ၂ယောက် ။ တယောက်က ရောဂါပိုပြင်းထန်လို့  ဆီးဝမ်းပါ မထိန်းနိုင် ၊ ဒီ သားရေ မွေ့ ယာ ပေါ်မှာပဲ နေရရှာတယ် ။ ( သား.. ဘာစားချင်သလည်း မေးကြည့်တော့ ကိတ်မုန့်  ..တဲ့ ၊ ဒါကြောင့် အနားမှာ ရှိတဲ့ Junction8 မှာ စားစရာ နဲ့ အသုံး အဆောင်တချို့  သွားဝယ်ပြီး ပြန်လာပေးတော့ ကလေးတွေ အတော်ဝမ်းသာကြတယ် ။
တာဝန်ခံ ဆရာမကြီး တစ်ယောက် နဲ့ ဆရာမ ၂ ယောက် ၊ အလုပ်တက်ချိန် ဆင်းချိန် မရှိ ၊ တနေ့ မှာ ၂၄ နာရီ အလုပ်ချိန် ၊နေ့ ရော ည ပါ ကလေးတွေ ချီးသေး က အစ ၊ သန့် ရှင်းရေး ၊ ကျန်းမာရေးအတွက် အစစ တာဝန်ယူ လုပ်ဆောင်ပေးနေကြတာ တော်ရုံစေတနာ နဲ့ မလုပ်ဆောင်နိုင်ကြပါဘူး ။ တလ မှာ ၂ ရက် သာ အလှည့်ကျ နားရက် ရှိပါတယ် ။ ပြီးတော့ ဒီကလေးတွေကို တကယ့် ဆွေမျိုးရင်းခြာ တွေလို ပြုစုပေးနေကြတာ ၊ ဧည့်သည် လာလို့  ရှေ့ မှာ ဟန်ပြ လုပ်နေကြတာ မဟုတ်မှန်း အကဲခပ်မိပါတယ် ။
မိန်းကလေး နဲ့ ယောက်ကျာင်္းလေး ဆောင်ဆိုပြီး ၂ ဆောင်ခွဲခြားထားပါတယ် ။ ထမင်းစား ဆောင်ကတော့ မိန်းကလေးဆောင်ဖက်မှာ ရှိပါတယ် ။ ဒီလို ခွဲခြားထားရတာကလည်း ဦးနှောက် မပြည့်ဖြိုး ပေမဲ့ အချိန်တန် အရွယ်ရောက်လာကြတဲ့ ဒီကလေးတွေမှာ လည်း သွေးသားပြောင်းလဲမှု တွေ ဖြစ်လာတတ်ကြောင်း၊ ဒါကြောင့် အိုးချင်းထားမိ ထိမိရင် ဖြစ်လာနိုင်တဲ့ ပြသနာတွေ ကို ကြိုတင် ကာကွယ်ပေးရတဲ့အကြောင်း ရှင်းပြပါတယ် ။ တချို့ ကလေးတွေမှာ လှုပ်ရှားသွားလာ နိုင်ကြတော့ ၊အပြင်ကို လျှစ်ကနဲ ထွက်သွားပြီး လမ်းမမှတ်မိ တာမို့၊ အလှူရှင် ဧည့်သည်များ ဝင်ထွက်ချိန်မှ လွဲပြီး ၂၄ နာရီလုံး ၊ ခြံဝင်းတံခါး သော့ ခတ် ပိတ်ထားခြင်းဖြင့် လူပျောက်မှု ကိုကြိုတင်ကာကွယ်ထားရကြောင်းလည်း ပြောပြပါသေးတယ် ။
ဒီကလေးတွေရဲ့  ဘဝ ရှေ့ ရေးက ဘယ်လို ရှိမလည်း ။
အသက်ရှင်နေရက်နဲ့ ဘဝ တွေ သေနေကြရသလို ၊ သူတပါးအပေါ် လုံးဝ မှီခိုအားထား နေကြတဲ့ ဒီမသန်မစွမ်းကလေးတွေ ဘဝ ဆက်လက်ရှင်သန်ဖို့ ရာ လိုအပ်ချက်တွေများစွာ ထဲ မှ ကိုယ်တတ်နိုင်သလောက် လှူဒါန်းပါဝင်တဲ့သူများ တယောက်တလေ တိုးလာ ခဲ့မယ် ဆိုရင် .... ဒီစာစုလေး ရေးတင်ပေးလိုက်ရတဲ့ ရည်ရွယ်ချက်တခု ဖြစ်မြောက်လာမှာ မို့  လှိုက်လှဲစွာ ကျေးဇူးတင် မိမှာပါ ။
ဒီ မသန်မစွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို တိုက်ရိုက် ဖုံးဖြင့် ဆက်သွယ်လိုပါက ..၆၆၃၃၉၂ သို့  ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ။ ဆန် ဆီ ဆား ငြုပ် ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်များ မှ အစ ၊ အဝတ် အထည် ၊ အသုံး အဆောင် ၊ စာရေးကရိယာ ၊အဆုံး စေတနာ ထက်သန်သလို နဲများမဆို လှူဒါန်းနိုင်ပါကြောင်းလည်း သိရပါတယ် ။
( အလှူခံခြင်း သက်သက် မဟုတ်ပါ ။ တို့ ပြည် တို့ မြေ မှာ ရှိနေကြတဲ့ ၊ ဒုက္ခပင်လယ်ဝေနေကြတဲ့ သန်းပေါင်းများစွာလူသားများ ထဲမှ တစိတ်တဒေသ မြင်တွေ့ လိုက်ရပုံများကို မျှဝေ ခံစား နိုင်ကြစေဖို့ လည်း ရည်ရွယ်ပါတယ် ၊ ဒီလို စောင့်ရှောက်မှုကို ခံယူနိုင်ကြတဲ့ ဒီလို ကလေးတွေ အပြင် ဘယ်သူ့  စောင့်ရှောက် ယုယမှု တွေ ကိုမှ မခံစားနေကြရတဲ့ ၊ ဒီထက် အခြေအနေ ပို ဆိုးရွားတဲ့ ကလေးများ ကိုလည်း ၊ ကိုယ်တတ်နိုင်သလောက် ပေးကမ်း လှူဒါန်းကြနိုင်စေဖို့ လည်း ရည်ရွယ်ပါတယ် ။)
မှတ်ချက်။ ။မြန်မာပြည် ပြန်ရောက်စဉ်က တွေ့ ရှိ ခံစား ရေးမှတ်ထားချက်များကို ခုမှ တင်ဖြစ်တာပါ ။ ထုံးစံအတိုင်း အင်တာနက် နဲ့ ကွန်နက်ရှင်တို့ ကိုပဲ အပြစ်ပုံချလိုက်ပါတယ် ။ နားလည်ပေးတော်မူကြပါ ။
ကိုယ့်ပြည် ကိုယ့်ရွာက လှလှပပ မြင်ကွင်းများကို မလွမ်းပဲ ဘာလို့ များ အနိဌာရုံနီးပါး အော်ဂလီဆန် မြင်ကွင်းများကို ရွေးချယ် လွမ်းနေရတာလည်း ဆိုတာ ပြန်စဉ်းစားကြည့်မိတယ် ။ လွမ်းတာကို နာတာ နဲ့ဖြေရတယ် လို့ ကြားဖူးနားဝ ရှိတာမို့  နာစရာမြင်ကွင်းများကို ဆက်လက် ဖေါ်ပြချင်မိတယ် ။ ရင်နာတာရယ် စိတ်နာတာရယ် ဘယ်လိုခွဲခြား စိတ်ဖြာ ရမယ်မှန်း မသိလို့  ရောပြီး တင်ပြလိုက်ပါတယ် ။လွမ်းချင်သူများ၊ နာချင်သူများ ဆက်လက်ကြည့်ကြပါရန် ။ရန်ကုန်မြို့ လည် အမှိုက်ပုံဝယ် ။ ဗဟိုတရားရေးရှေ့ နေ ရုံးချုပ်ကြီးနဲ့  မနီးမဝေး ။ ဘဏ်တိုက်ကြီး ရဲ့ ဘေး၊ လမ်းမတိုလေး တခု ၊( ဟိုဘက် ဒီဘက် ကားလမ်း မပေါက် ၊ကားဖြတ်ကူးလို့ မရ ။ ဒီကားတွေ ဒီနေရာ မှာ ဒီလိုရပ်ထားပြီး ဒီအလုပ်တွေ လုပ်ကြရတယ်။
နိုင်ငံတခုရဲ့  တိုးတက် ဖွံ့ ဖြိုးမှုကို ဘာနဲ့ တိုင်းတာ မလည်း ။ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ။ အစရှိတဲ့  အရေးတွေ က အဓိက ကျပါလိမ့်မယ် ။အဲဒီအချက်တွေ မပြေလည် မပြည့်စုံသ၍ ကျန်တဲ့ အခြေခံ အဆောက်အအုံ ဖြစ်တဲ့  လူမှုရေး ၊ ယဉ်ကျေးမှု ဆိုတာ တွေ ဘယ်လိုမှ တိုးတက် မြင့်မားမယ် မထင်မိပါ ။ တိုင်းသူပြည်သားတွေရဲ့  ဝင်ငွေ ၊ အနိမ့်ဆုံး ဝင်ငွေ ရရှိ စားသောက်နေကြရသူ ပြည်သားများ ရွာသားများရဲ့  ဘဝတွေ ဒီလို အခြေအနေထိ ဖြစ်နေကြရတယ် ။ အမှိုက်ထဲက ရွှေ ဆိုတာ သူတို့  လေးတွေ အတွက်များ ရည်ညွှန်းထားလေသလား ။
မယုံ မရှိနဲ့  ။ ဒါက ရန်ကုန်မြို့ လည်ခေါင် ။ အနော်ရထာ လမ်းမကြီး ပေါ်မှာ ။ လမ်း ၄၀ ထိပ်မှာ ။( အနော်ရထာ မင်းကြီး သာ၊ခုလို မြင်ကွင်းကို တွေ့ မိရင် ..ရင်ကျိုးမလား မသိ )။ မြူနီစီပယ်( ခုခေတ်တော့ စည်ပင်သာယာ ပေါ့) မှ လူတွေ အလုပ် မလုပ်ကြဘူး လို့  ဘယ်သူပြောမလည်း ။ လုပ်နေကြပါတယ် ။ မိုးလေးနဲနဲ ရွာတာနဲ့  ရွှေဂုံမြို့ လမ်းမကြီးတွေ ရေလျှံတယ် လို့ ပြောကြလွန်းလို့  ပိတ်နေတဲ့  ရေမြောင်းတွေကို လာပြီး ဖေါ်ပေးသွားခဲ့ကြပါတယ် ။ သူတို့ ဌာနက ရေမြောင်းဖေါ်ရုံပဲလေ။ဒီတော့ မြောင်းဖေါ်ပေးပြီးရင် တာဝန်ကျေပြီပေါ့ ။ လမ်းပလက်ဖေါင်းပေါ်က ကိစ္စ သူတို့ နဲ့ မဆိုင် ။ နောက်တမျိုး ဖြစ်နိုင်ပါသေးတယ် ။ မြေ ဆွေး မြေသြဇာ ရအောင်များစေတနာနဲ့ ပြုလုပ်ထားပေးလေသလား ။ ဝိုင်းဆုခိုင်သိမ်း ရဲ့ “ လမ်းမကြီးရဲ့ ဘေး ” သီချင်းလေး ကို သတိရလိုက်မိတယ် ။ အနီးအနားရှိ လဖက်ရည်ဆိုင်လေးများကတော့ အိနြေ္ဒမပျက် စည်ကားလျှက်ပါပဲ ။ဒါလေးများ ။ ဒီခလုပ်ကန်သင်း နဲ့ အမှိုက် တွေ လောက်ကတော့ ရိုးနေပါပြီ ။ ခုန်ပျံကျော်လွှား အားကစား လ မို့ ချွေးလေးစို့မှ နေတတ်ကြတဲ့ ရွာသူရွာသားများ ။
ရုံးကိစ္စများကို စိတ်ရှည်လက်ရှည် စောင့်နေကြရတဲ့ တို့ ရွာသားများ ။ သည်းခံခြင်း ခန္တီပါရမီ အပြည့် အဝရှိနေကြပါပြီ ။ ဒီထက်မက အရေးကြီးလှတဲ့  အရေးတွေကိုတောင် နှစ်ပေါင်းများစွာ အောင့်အည်းစောင့်စား နေခဲ့ကြတာပဲလေ ။ အနေတတ်ရင် မြတ်ပါတယ် ။ ဖြေးဖြေးပေါ့ ။ ဆန္ဒတွေ မစောကြစေချင်ပါ ။
ရာစု နှစ် တစ်နှစ် ကို အံတုကျော်ဖြတ်လာခဲ့တဲ့  ဂန္ဓီရုံးကြီး ။ ဒုတိယထပ် ။ စာချုပ် ၊ စာရွက် စာတမ်း အမျိုးစုံကို တရားဝင် စာချုပ်အဖြစ် မှတ်ပုံတင်ပေးတဲ့  ဌာနကြီး တခု ။ ရှေးခေတ်အဆောက်အဦးမို့  ကျွန်းသစ် အစစ်တွေနဲ့ ဆောက်လုပ်ထားခဲ့တာမို့  ဒီလောက်ထိ တောင့်ခံ နေနိုင်တာ ။ လမ်းလျှောက်လိုက်ရင်တော့ ကြမ်းပြင်က သိမ့်သိမ့် ငြိမ့်ငြိမ့်လေး နဲ့  အရသာတမျိုးပေါ့ ။ ခေါင်မိုးကမလုံတော့ .... အင်း ဒီလိုလဲ ပြောလို့ မရသေးပါဘူး ။ အပေါ်ထပ်ရဲ့ကြမ်းခင်း( ဒီအထပ်ရဲ့ အမိုးက မလုံတော့ ) သဲတွေ ဖုန်တွေ အမှိုက်တွေက ဘယ်လောက်တောင်များ ကျနေသလည်း ဆိုတာ အခန်းထဲမှ ခေါင်မိုး နောက်တထပ်ကိုကြည့်တာ နဲ့ သိသာလှပေါ့ ။ မတတ်နိုင်ပါဘူး ။ရှေးဟောင်း အဆောက်အဦ ဆိုတော့ ပုံမပျက် ထိန်းသိမ်းကြရမယ် မဟုတ်ပါလား ။ ဒီလိုပဲ ကြည့်ကျက်လုပ်ကြရတယ် ။
မှတ်သားဘွယ်ရာ ဆောင်ပုဒ်များဆောင်ရန် ရှောင်ရန် များ က ဒီလို ရှိပါတယ် ။ ပွဲစားရန်မှ ကင်းရှင်းရလေအောင် ဤစည်းကမ်းချက်များကို လိုက်နာကြရမယ် ဖြစ်ပါတယ် ။ အမှန်တကယ် အစဉ်အလာ အရ စာချုပ်တခု ကို တရားဝင် မှတ်ပုံတင်ရန် အချိန် ၂ ရက်မျှ ပေးရမည် ဖြစ်ပါတယ်။ အရေးတကြီး လိုအပ်သူများ အခါခါ မလာရောက်နိုင်သူများ ( ကြားပွဲစား နှင့်လုပ်ပါက အမြန်ဆုံး နေ့ တဝက် နဲ့ ကိစ္စပြီးပြတ်နိုင်ပါတယ် ။ ငွေ ၃ သောင်းလောက်ပဲ အပိုကုန်ပါလိမ့်မယ် )း) ။
တရားဝင် သတ်မှတ်ထားတဲ့ စာချုပ်စာတန်း ၊တံဆိပ်ခေါင်း ။ အဖိုးအခတွေကတော့ ဒီအတိုင်း ၊ ဒီလောက်လေးပါပဲ ။(ဘယ်တော့ ဈေးလိုက်တက်မယ် မသိ .. မသာစရိတ်တွေ ၊ ဖုံးခေါ်ခတွေတောင် ဈေးတက်ပေးလိုက်ပြီ ဆိုတော့ )
(စာလုံးပေါင်းမှားနေတာ မျက်စိလျှင်လို့  တွေ့ လိုက်မိသေး..ကွားရှင်း စာချုပ် တဲ့း) ၊။အောက်နားမှ အိတ်ဖွင့်သေတမ်းစာချုပ်ဆိုတာ ကတော့ တန်ဘိုးငွေပါအောင် မရိုက်မိလိုက်ပါ ။ ဈေးတွေမတက်မှီ လုပ်စရာရှိတာ လုပ်ထားကြပါ ။ ခုလောလောဆယ် ၂၅ ကျပ် ၊ ၃၀ ကျပ်တို့  နဲ့  အလုပ်ဖြစ်သေးတယ် ၊ မှတ်ပုံတင်ခ ၄ကျပ် ထဲ ရယ် ။)ဝန်ထမ်းတွေ စာရိတ္တပျက်နေကြတာ ဒါကြောင့် ပါ တဲ့ လေ။ “လပ်ပေးလပ်ယူ ဒို့ ရန်သူ” ပေါ့ ။ “ ပေးသူယူသူ လွန်ကြည်ဖြူ ”မှ အလုပ်တခု ပြီးမြောက် အောင်မြင်မှာပါ ။
“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” တဲ့ ။ ခေါင်းဆောင်ကောင်းဖို့  မလိုအပ်ဖူးလို့ များ ဆိုလိုချင်ပါသလား မသိပါ ။
တာဝန်ကိုယ်စီရှိကြပါသည် ။ ဆရာဘဲဥ တို့ လည်း အနားမယူနိုင်ကြရှာပါ ။ဆောင်းတွင်း နေပူပူအောက်မှာ တာဝန်ထမ်းဆောင်လျှက် ... မီးပွိုင့်တွေတိုင်း လိုလို မီးပျက်နေကြ၍ ပိုပြီး ပင်ပန်းကြရသည်လေ ။ဟိုအဝေးမှ ထရိတ်ဒါး ဟော်တယ်ကြီးကတော့ သူပိုင်တာမို့  ဘယ်သောခါမှ မီးမပျက်ပါ ။ဆရာ ရဲ တို့ တတွေလည်း အတော်ပင်ပန်းကြပါသည် ။ အပ်တိုတချောင်းမျှ မရှိသူ ဣတ္တိယ တဦးအား စောင့်ရှောက်ပေးနေကြရ၍ အလွန် ပင်ပန်းနွမ်းနယ်နေကြရ ပြီဖြစ်ပါသည်။
စက်မှုနိုင်ငံတော်ကြီးဆီသို့ လှမ်းတက်မြန်းရန် အရင်းအနှီးများစွာ လိုပါသည် ။ ဤနေရာတွင် မြှုပ်နှံ နိုင်ပါသည်။
mad road ( Road Map) ကြီးအား ဤသို့ ရေးဆွဲ၍ ချီတက်ကြပါစို့  ။
မပြောမပြီး ပြောလည်းမပြီး ၊ ပြောပြန်တော့လည်း ပြောသူလွန်ရာကျပါတယ် ။ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အထဲမှာ ဒီလိုကိစ္စမျိုးတွေလည်းပါ ပါလိမ့်မယ် ။ အားလုံး သိနေပြီးသား အရာတွေပါပဲ ။ မြင်ဖူးတဲ့သူတွေလည်းရှိကြမှာပါ ။ ဒါပေမဲ့ မမြင်ဖူးသေးတဲ့ သူများ ရှိကောင်းရှိပါလိမ့်မယ် ။ မြင်လိုက်ရလို့ ရော ဘာတွေ အကျိုးရှိသွားမလည်း လို့ ဆိုချင်သူများ ရှိပါလိမ့်မယ် ။ ဘာမှတော့ အကျိုး မရှိသွားပါဘုး ။ အပြစ်ပြောချင်စရာတွေ သာဖြစ်လာနိုင်ပါတယ် ။ ဘာလို့ လည်းဆိုတော့ ဒီတခါ လွမ်းရတဲ့  ပုံရိပ်တွေက ဘာတခုမှ မျက်စိပသာဒ ရှိစရာတွေ မဟုတ်လို့ ပါပဲ ။အမေကျော် ဒွေးတော်လွမ်း တာ မဟုတ်ရပါဘူး ၊ တကယ်ပါ ။ ကိုယ့်ပြည် ကိုယ့်ရွာမှာ ဒီလို မြင်ကွင်းတွေ တွေ့ နေရတာ စိတ်မကောင်းစရာပါ ။ ၂၁ ရာစု နှစ်ကြီးထဲမှာ ကမ္ဘာနဲ့ ရင်ဘောင် တန်း မလိုက်နိုင်တာ တောင်မှ နောက်မှာ သိပ်ပြတ်ပြီး ကျန်မနေသင့်တော့ ဘူး လို့  စဉ်းစားမိလို့  ၊ဒီမြင်ကွင်းလေးတွေကို အားမလို အားမရ နဲ့  ဖြစ်မိ ရတာပါ ။ နှစ်ပေါင်းများစွာ ကြာနေခဲ့တဲ့ အတိတ်က ပုံရိပ်များနဲ့  ယှဉ်ကြည့်ပြီး တိုးတက်မှု နဲ့ ဆုတ်ယုတ်မှုတွေ ကို ရေချိန်ထိုးပြီး ကြည့်လိုက်မိလို့  လွမ်းရတဲ့  ပုံရိပ်များ ကို ခုလက်ရှိ ပုံလေးများ နဲ့ တွေးမြင်ကြည့်လိုက်ကြရအောင် ...(ပုံရိပ်ဟောင်းတွေကတော့ စုဆောင်းထားတာ မရှိလို့  ၊ ကိုယ်သိထားခဲ့ တဲ့  ပုံရိပ်ဟောင်းတွေကိုပဲ တွေးကြည့်ကြစေလိုပါတယ် ).
ဆွေမျိုး နဲ့  မိတ်ဆွေ တချို့  မကျန်းမာကြလို့  ဒီတခါ ရွာအပြန်မှာ နေ့ တိုင်းလိုလို ဆေးရုံတွေ ဆေးခန်းတွေ ပဲ ရောက်ခဲ့တာ များတယ် ။
ရန်ကုန် ပြည်သူ့ ဆေးရုံကြီး။
ကျောင်းသားဘဝက နေ့ စဉ်ဝင်ထွက် ပညာ ဆည်းပူးခဲ့ ရတဲ့  နေရာ တခုထဲမှာ အရောက်ဖြစ်ဆုံး နေရာပေါ့ ။ သူကတော့ နှစ်တစ်ရာကျော်ခဲ့ပေမဲ့  ကျားကုတ်ကျားခဲ အသက်ဆက်နေရဆဲပါ ။ ဆေးကုန် ဆေးမစုံ နေကြတဲ့ ဆေးရုံတွေထဲ တခုအပါအဝင်ပေမဲ့  အသပြာ ခန်းနေကြတဲ့  ကျောမွဲတွေ အတွက် ကောက်ရိုးတမျှင်ပေါ့ ..ဒီနေရာက အကွက်ကောင်း နေရာကောင်းဆိုတော့ သူလည်း မျက်ခုန်းတလှုပ်လှုပ်ပဲတဲ့လေ ။ ပြည်သူ့ ဆေးရုံ ဆိုတဲ့  အမည်မှ “ပြည်” ဆိုတဲ့ စာလုံးတလုံး ဖြုတ်ခံရနီးနေပြီလား မသိ ။
ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးရုံကြီး။
ဒီခေတ်ကြီးမှာ ဦးနှောက်ဖေါက်စားကြသူများ နဲ့  ဖေါက်စားခံရသူများ အတော်လေးပိုများ လာကြလို့  ရွှေရွာကြီးက ဒီနေရာလေးဟာလည်း အတော် အရေးပါတယ် ။အဲ့ဒီက အထူးကုကြီးက အလွန်တော်တယ် ဆိုကြတယ် ။
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန ။ ရွှေပြည်သားများ အဖြစ်အများဆုံး ကူးစက် ရောဂါကြီးတခု ။ သေဆုံးမှုတွေလည်း ကြောက်ခမန်းလိလိပဲ ။ ခေတ်မှီဆေးဝါးတွေ ပေါ်ပေါက်နေပြီ ဖြစ်လို့  ကမ္ဘာ့ နိုင်ငံတော်တော်များများ မှာအောင်မြင်စွာကုသ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ပြီ ဖြစ်ပေမဲ့ ...ရွှေနိုင်ငံတော်က တာဝန်ရှိသူများက အားထုတ် ကူညီသော်လည်း အားလုံးကို မစောင့်ရှောက်ပေးနိုင်သေး ။ တီဘီကုဆေးတွေက ဈေးကြီးလွန်းတာကြောင့် ထုတ်ပေးထားတဲ့  ဆေးများက မှောင်ခိုဈေးကွက်သို့  ရောက်ပြီး ဆီ ဆန် ဆား ဟင်းစားများအဖြစ် အသွင်ပြောင်းလိုက်ကြရတဲ့  ကျောမွဲများ ရောဂါပျောက်ချင်ကြပေမဲ့  လောလောဆယ် ဝမ်းစာက ပိုအရေးကြီးနေကြလို့ ဆေးမသောက်ဖြစ်ကြ ..ရောဂါ ပိုပွားကြ နဲ့  သံသရာ လည်နေဆဲ။သွေးရောဂါ အထူးကုဌာန ၊ ဗဟို အထူးအရေပြားရောဂါ အထူးကု ဌာန ။
ဒီရောဂါများတွေလည်း များပါတယ် ။ လူနာတွေ များတယ် လို့ ဆိုချင်တာပါ ။ အဆောက်အဦးကိုကြည့်ပြီး အမြင်မသေးကြစေလိုပါ ။ အသက်ပေါင်းများစွာ ကယ်တင်ပေးနေတဲ့  နေရာတခု ပါပဲ ။ စေတနာ မှန်မှန်နဲ့  ကုသပေးနေကြတဲ့  ဆရာဝန်၊ ဆရာမ ၊ဆေးရုံဝန်ထမ်းတွေ ရှိနေကြဆဲပါ ။ အမြင်စုတ်ပေမဲ့  ရွှေထုပ်တဲ့  မြပုဝါ ထဲမှာ သူလဲ ရွှေတွေ ထုပ်ပေးနေလျှက်ပါ ။ တခြားရွှေထုတ်စားကြသူများကတော့ ဒီလိုနေရာမျိုး ကြာကြာ နေနိုင်မယ် မထင်ပါ ။ဆရာမလေးတွေ အမှန်တကယ် အလုပ်လုပ်နေကြတယ် ။
ဆရာဝန်မမကြီးတွေလည်း ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်နေကြတယ် ။
ဆရာဝန်မမက မှန်ကန်တဲ့  ကုသမှု order ပေး ၊ ဆရာမ ညီမလေးက တသွေမတိမ်း လုပ်ကြပေါ့။ တဦးကောင်း တယောက်ကောင်းရုံနဲ့ လုပ်ငန်းတခု မပြီးမြောက် မအောင်မြင်နိုင်ပါ ။ စနစ်တကျ ပူးပေါင်း လုပ်ဆောင် ကြရမှာပါ ။ ငါတော်တယ် ငါတတ်တယ် ဆိုပြီး လူနာကုလို့ မရ ။ သူ့ နေရာ နဲ့ သူ တော်ကြသူတွေကြီး ပါပဲ ။
(မှတ်မိပါသေးတယ် .. ကိုယ်ဟောက်ဆာဂျင်ဘဝက သွေးသွင်းဖို့  အပ်တုတ်တုတ်ကြီးနဲ့  ဦးဆုံးထိုးပေးရမဲ့ လူနာ ရှေ့ မှာ လက်တွေ တုန်လို့  အတွေ့ အကြုံအများကြီးရင့် တဲ့  ထမိန်ပြာနဲ့  ဘလူးစတပ်ဖ်ကြီး ဒေါ်သန်းမြင့် ဆီ မျက်နှာငယ်နဲ့  အကူအညီတောင်းရသေးတယ် ။ ဘဝတသက်မှာ ပထမဦးဆုံး IV ထိုးတဲ့ အတွေ့ အကြုံ ကို အဲ့ဒီ ဆရာမကြီး ဆီက သင်ယူခဲ့ရပါတယ် ။ ခွဲစိတ် အဆောင် ၁၇-၁၈ မှ ဆရာမကြီးကို ခုထိ ကျေးဇူးတင်နေဆဲပါ ။ ခုတော့ သူလည်း စစ်စတာကြီးဘဝ နဲ့  အငြိမ်းစားယူသွားပါပြီ ။ ကြာတောင်ကြာခဲ့ ပြီပဲလေ )ဒါကတော့ဗဟိုသွေးလှူဘဏ်ကြီးပါ ။ ဆယ်တန်းအောင် တဲ့နှစ်ရယ် ၊ ဒုတိယနှစ်ဖြေအပြီးရယ် မှာ လုပ်အားသွားပေးခဲ့ဖူးပါတယ် ။အဲ့ ဒီ အချိန်တုံးက ပျော်စရာ တခု က သွေးလာလှူတဲ့ သူတွေကို သွေးပေါင်ချိန်ပေး၊ ကိုယ်အလေးချိန်ပေး ၊သွေးကူဖေါက်ပေး နဲ့  ပြီးတော့ နေ့ ခင်းနေ့ လည် မောရင်၊ သွေးလှူ တဲ့သူတွေ နဲရင် အပေါ်ထပ် အခန်းထဲမှာ သွေးလှူရှင်တွေကို ကျွေးတဲ့ နို့ နဲ့  ကြက်ဥ တခါတလေ ဘီစကစ်မုန့် တွေ သွားပြီး တောင်းစားခဲ့ ကြ တာတွေပါ ။ ကရင် ဆရာမကြီး နဲ့ ဆရာမလေးတွေကလည်း သဘောကောင်းကြတယ် ။
သင့်သွေးဖြင့် အသက်ကယ်ပါ ။
သွေးတစက် အသက်တချောင်း ။ တန်ဘိုးဖြတ်မရနိုင်တဲ့  သွေးတစက်ပါ ။ ဒီတော့ ဒီသွေးတွေကို တန်ဘိုးမဖြတ်ပါဘူး။နိုင်ငံတော်ကြီးမှ ပြည်သားများကို အခမဲ့  ပေးဝေကုသ အသက်ဆက်ပေးနေပါတယ် ။ ဒါပေမဲ့  သွေးပဲ ရှိပြီး သွေးအိတ်မရှိလို့  မရပါဘူး ။ ဒါကြောင့် ထူးဆန်းထွေလာ ရွှေပြည်ရွာမှာ သွေးအိတ်က သွေးထက် ပိုပြီး အဖိုးတန် နေပါပြီ ။ သွေးဘိုး ပေးရန် ( လုံးဝ ) မလိုပါ ။ သွေးအိတ်ဘိုး ပေးရန် သာလိုအပ်ပါတယ် ။ သွေးအိတ် ၂ အိတ် တသောင်းခွဲထဲ ပါတဲ့  ။ အဲ့ဒီထဲမှာ ဘီပိုး စီပိုး နဲ့ ဟိုပိုး တွေ ပါ၊ မပါ စစ်ပေးတဲ့  စရိတ်စက ပါပြီးသားပါ ။ သွေးအိတ်ဘိုး ထက်စာရင် အသက်တချောင်း က ပိုပြီး အဖိုး တန်ပါတယ် ။ ဒါကြောင့် သွေးအိတ်ဘိုးကို အသက်ရှိသူ လူနာတိုင်း က ကြည်ဖြူစွာပဲ ပေးကြပါတယ် ။း(
သွေးလှူ ဘဏ်မှ သွေးကို အဆင့်ဆင့် ထုတ်ယူ ၊ သွေးအမျိုးအစား မှန် မမှန် စစ်ဆေး ၊ ဆရာဝန် နဲ့  ဆရာမတို့ လက်မှတ်ထိုး ၊ စာရင်းသွင်း ပြီးရင် သွေးသွင်းဖို့  ဒီလို အရင် ပြင်ဆင်ကြတယ် ။ လက်အိပ် ကို လူနာ မှ ဝယ်ပေးရတယ် ။ ကျန်တာတွေ ပလပ်စတာ ၊ အရက်ပျံနဲ့  ဂွမ်းက အစပေါ့ ။း) ။ စရိတ်မျှပေး ကျန်းမာရေးလို့  ဆိုပေသကိုး ။
မှတ်သားဘွယ်ရာ ဆောင်ပုဒ်များ ..။ဒါက ကျန်းမာရေးဌာနကြီးရဲ့ ရည်မှန်းချက် နဲ့ အကောင်အထည် ဖေါ်ဆောင်နည်းများ ။ အလွန် ကောင်းပါ၏ ။ ဖြစ်တာ မဖြစ်တာတော့ ကိုယ့်ထိုက်နဲ့  ကိုယ့်ကံပေါ့ လေ ။ ရည်မှန်းချက် ကြီးကြီး ကို အကောင်အထည် ဖေါ်နေတာ ဘယ်လောက် အချိန်တွေ ကြာနေပြီလဲ ။ဆိုင်းဘုတ်ကြီးတောင် အရောင်မှိန် ကွဲပြဲ နေပြီပဲ လေ ။အောင်မြင်ဖို့ တော့ မနေ့ ကထက်စာရင် တရက် ပိုနီးလာပြီ လို့  သဘောထား မိပါတယ် ။ တနေ့ နေ့ တော့ ဖြစ်လာရမည်မှာ မလွဲပါ ။
သူ့ သဘောထား နဲ့  တို့ တာဝန် ။ဒီ သင်တန်းကျောင်း နေရာ လေးက အရင်တုံးက ဆရာမတွေ အဆောင် ။ ပြီးကာစကတော့ အတော်လေးသစ်လွင်ပါတယ် ။ ဖရက်ရှာ နပ့်စ် လေးတွေ နေကြတယ်။ သူနဲ့  ဘေးချင်းကပ်ရက် မှာ အဆောင်ဟောင်းတခု ။ နဲနဲ ပိုကြီး (ရင့်) တဲ့  နပ်စ့် တွေ နေကြတယ် ။ ဒီတော့ ဒီအဆောင်တွေကို နာမည် အလှလေးတွေ ပေးထားကြတာ ပုလဲကျွန်း နဲ့  ဟိုင်းကြီးကျွန်း .. တဲ့  ။ စည်းကမ်းကတော့ အတော်လေးကြီးခဲ့ ကြပါတယ် ။ အဆောင်မှူးအဖြစ်နဲ့  ဟိုင်းကြီးကျွန်းသူ တွေက အုပ်ချုပ်တယ်ပေါ့ ။ ညနေ ဧည့်သည်ချိန်ဆို စည်ကားပါတယ် ။ည အချိန်တော့ ဒီဝင်းဘေးမှ သိပ်ဖြတ်မလျှောက်ရဲကြဘူး။ ( ည ည ဆို ဆေးရုံ အလုပ်သမား အိနြ္ဒိယလူမျိုး တွေ က အရက်မူးမူးနဲ့  လူသေတင်ထားတဲ့ ထော်လီလေး တဂျိန်းဂျိန်းတွန်းပြီး သီချင်း တကြော်ကြော် ဆိုပြီး အလောင်းပို့ လေ့ရှိကြတယ် ) ။ နာမည်ကျော် မော်ကျူရီ ကြီး ရှိတယ်လေ ။သူရဲခြောက်တယ် တဲ့  ။ နာမည်ကြီး အသုဘရှိတဲ့  နေ့ တွေ ဆို ကားတွေ တန်းစီလို့  ။ လူတွေ ကြပ်လို့  ပေါ့ ။ အဲဒီ နေရာ ခုတော့ သင်တန်းကျောင်း ဖြစ်နေပြီ ။
စည်းကမ်းချက်များ ၊ မေတ္တာရပ်ခံချက် ။
စည်းကမ်းသည် လူ၏တန်ဘိုး ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ တဲ့  ။
ဒီတော့ လူနာများ ၊ ဧည့်သည်များ ၊ ဆေးကိုယ်စားလှယ်များ အားလုံး စည်းကမ်းရှိကြရပါမယ် ။ဒါကတော့ ပြည်သူ့ ဆေးရုံ မဟုတ် တဲ့  သူ့ ဆေးရုံတွေ ထဲမှ တခုပါ ။ (ကွာခြားပုံများ ကတော့ ဈေးပိုကြီး၏ ဆိုတာ ပြောဖို့  လိုမယ် မထင်ပါ )
နား ..နား ပြီး ပြောပါမယ် ၊ ဒီနေ့ တော့ ဒီလောက်ပဲ ။( ပုံတွေ ထဲမှ စာလုံးများ သေချာစွာ မြင်လိုက ပုံကို ကလစ်လုပ်ကြည့်ပါလို့  ပြောနေစရာတောင် မလိုဘူး ထင်ပါတယ် ... အားလုံး သိပြီးသားတွေ ပဲလေ ..း))
ခုတလော အကြောင်း ကြောင်းတွေကြောင့် စာရေးဖို့ စိတ် သိပ်မရှိတဲ့အတွက် ပို့ စ်အသစ်လည်း မတင်နိုင်ပါ ။ အစတည်းက ယဉ်သကို လို့ဆိုရမဲ့ ၂၀၁၀ ခုနှစ် ရဲ့  နှစ်ဦးပိုင်းမှာ စိတ်မရွှင်စရာတွေနဲ့ နှုတ်မဆက်ချင်တာမို့  ရွာအပြန် အလွမ်းပုံရိပ် ကလေးများကို ပဲ အမှတ်တရ ရေးလိုက်မိပါတယ် ။ ရွာမှာ နေခဲ့ရတဲ့  တပါတ်ဆိုတဲ့ အချိန်တိုတိုလေးမှာ အပျော်ခရီး သက်သက် မဟုတ်ခဲ့တာကြောင့်  ပျော်စရာ အကြောင်းများနဲ့ သိပ်မသက်ဆိုင်လှတဲ့ အကြောင်းအရာတွေသာ ပိုများနေပါလိမ့်မယ် ။ နားလည်ပေးကြ စေလိုပါတယ် ။
အမိမြေကြီးပေါ်ရောက်ရောက်ချင်း ခရီးဦးကြိုပြုနေကြတဲ့ လေယာဉ်ပျံကြီးများ တန်းစီ စောင့်ဆိုင်းနေကြလေရဲ့  ။ဆရာ မြစ်ကျိုးအင်း ရဲ့  ဘလော့ဂါ အငြိမ့်ထဲက တေးသွားလေး ပြန်ငြီးမိလိုက်တယ် ။ ဒါတို့ ပြေ ဒါတို့ မြေ တို့ မပိုင်တဲ့ လေ..(ပျံ ) ။ ဒီလေယာဉ်ကြီးတွေ ဘယ်သူပိုင်သလည်း ဆိုတာ ၊ အားလုံးသိကြမယ် ။ ဒါကြောင့် ထင်ပါရဲ့  ၂၀၁၀ လွတ်လပ်ရေးနေ့ မှာ တိုင်းပြည်ဂုဏ်ဆောင် သီရိပျံချီဘွဲ့ ကြီး ချီးမြှင့်ခြင်းခံ ခဲ့ရသူ တယောက်ဖြစ်လာတယ် ။(မမသီရိ သတိထားနေပါ .. ပြန်လာရင် အချီခံနေရမှာစိုးပါတယ် ) ။ဒီ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဘွဲ့ ကြီးအကြောင်း သိချင်ရင် ဒီမှာ ဆက်ကြည့် လို့ ရပါတယ်
တခုသော အာရုံတက်မှာ ဒီလို ဆွမ်းလောင်းကြသူများ နှင့်အတူ လှူခဲ့ရတဲ့ ကုသိုလ်လေးအတွက် ချမ်းမြေ့  ပျော်ရွှင်မိခဲ့ရတယ် ။ မမြင်ရတာ အတော်ကြာလှပြီဖြစ်တဲ့ ဒီမြင်ကွင်းလေးမှာ ရင်ထဲ စွဲစေမိပါတယ် ။အေးချမ်းသာယာလှတဲ့  ဒီဇင်ဘာနံနက်ခင်းတခုပဲပေါ့ ။
ဒီဇင်ဘာနံနက်ခင်း နေမထွက်မီ ကန်ဘောင်ပေါ်မှာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားသူများ ရှိကြတယ် ။ ဟို ခပ်လှမ်းလှမ်းမှာတော့ ဆရာ ဘဲဥ တယောက် မလှုပ်ရှားနိုင် ငုတ်တုတ်ထိုင်လို့ ပေါ့။စောစောစီးစီးဆိုတော့ ခမျာမှာ လဖက်ရည် မသောက်ရရှာသေး တဲ့ အတွက် ထိုင်မှိုင်နေတာတော့ ဟုတ်ဟန် မတူပါ ။ ရွှေပြည်ရွာ အမှတ်တံဆိပ် ကြွတ်ကြွတ် အိတ်များ ကလည်း နေရာအနှံ့  ပျံ့ ကျဲ လို့ ရယ် ။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု က သူတို့ နဲ့ လားလားမျှမဆိုင် သလိုများ သဘောထားနေကြတာလား ရွှေရွာသားများရယ် ။
ဆောင်းတွင်းရဲ့  နေလုံးပူပူကြီး မထွက်မှီ မြင်ရတဲ့ အင်းယားအလှ ။ ဟိုးအဝေးမှာ မှုံပျပျ နဲ့  ရွှေတိဂုံစေတီတော်ကြီး ကို လှမ်းမျှော် ပူဇော်ခဲ့ရတာ လည်း ကြည်နူးစရာ ပါပဲ ။ ချွေးထွက်များမှ သွေးထွက်နည်းအောင် လျှောက်ရ ပြေးရ ဝိတ်လည်းမကျ နဲ့  ၊ စိတ်ဓါတ်သာ ကျ သွားခဲ့တယ် ။ အားကစားလုပ်တယ် ဆိုရာဝယ် နဲနဲ လှုပ်ပြီး များများတုတ်တော့ ဝိတ်မကျတာ မလွန်ပါဘူး ထင်ပါတယ် ။
ရွှေတိဂုံစေတီတော်ကြီးကိုလည်း မနက်စောစော ဖူးခဲ့ ရတယ် ။ အဝေးက မှုံပျပျ ရခြင်း အကြောင်းရင်းက စေတီတော်ကြီးရဲ့  ခြေရင်း အောက်အရစ်မှာ ငြမ်းတွေဆင်ပြီး ရွှေသားအတိပြီးတဲ့  ရွှေပြားအချပ်များကို ပြန်လည် ပြုပြင်ရေး လုပ်နေတာကြောင့် ဖြစ်ပါမယ် ၊( ဘုရားပြီး ငြမ်းဖျက်ဆိုတော့ ငြမ်းမဖျက်တာကြာတဲ့ အကြောင်းကို တွေးယူနိုင်ပါတယ် )
ကမ္ဘာတလွှားမှာ မြန်မာပြည်မှာသာ တွေ့ မြင်ရမဲ့  ကြည်နူးဘွယ်ရာ မြင်ကွင်းလေး တခုပါ ။ စေတီတော်ကြီးသန့် ရှင်းရေးအတွက် အသင်းအဖွဲ့ အလိုက် တံမျက်လှည်းပြီး ကုသိုလ်ယူ နေကြသူများ အား လေးစားမိပါတယ် ။ သာဓုခေါ်မိပါတယ် ။ရွှေတွေ ငွေတွေ ပုံအောပြီးလှူမှ ကုသိုလ်ရတာ မဟုတ်ပါဘူး ။ စိတ်အားထက်သန် လုပ်အားအမှန်နဲ့  ဖြူဖြူစင်စင် လုပ်အားအလှူ ကလည်း စိတ်ထားတတ်ရင် မြတ်ပါတယ် ။ ဒီလို တက်ညီလက်ညီနဲ့  လှည်းကျင်း လိုက် ကြတော့ အမှိုက်တွေ တခဏအတွင်းရှင်းလင်းနိုင်ပါလားလို့  တွေးမိလိုက်တယ် ။ အင်းလေ .. အမှိုက်တွေ ..အမှိုက်တွေ က ရှင်းတဲ့ သူတွေထက်များနေကြတော့လည်း ...ခက်တာပါပဲ ။
ကြံ့  နဲ့ ဖွတ် တွေ လည်း ၊ ဒီင်္လို မျိုး လုပ်ပေးကြရင် ရွာသားများ ကျေးဇူးတင်ကြမစိုးလို့  မလုပ်ကြတာ ဖြစ်ပါမယ် ။ဒါပေမဲ့ ခုဆို ၂၀၁၀ အတွက် ၊ တစ်လကို ငွေ ကျပ်တစ်ရာ နှုန်းနဲ့ ပဲ ပြန်ဆပ်ရမဲ့  သိန်း ၇၀ တန် ၊ တန်ဘိုးနည်းအိမ်ယာ စီမံကိန်း နဲ့ ရွှေရွာသားတွေ နေဖို့  ခါတော်မှီ အိမ်ယာတွေ ဆောက်ပေးနေကြတယ် လို့ လည်းသိရတယ် ။ ခုချက်ချင်း အလုံးအရင်းလိုက် ပေးချေစရာ မလိုပဲ နောင်နှစ်ပေါင်းများစွာ .. နှစ်ပေါင်း ၆၀၀မျှ ကြာ တဲ့အထိ ဖြေးဖြေးချင်း ပြန်ဆပ်ရမှာ ဆိုတော့ ရွာသားတွေ ပျော်ကြမယ် ထင်ပါရဲ့ ။း) ။ ဖွားကိ ဂဏန်းသချာင်္မှာ အလွန်ညံ့ ပါတယ် ။ ဒါကြောင့် ကူညီပြီးတွက်ပေးကြပါအုံး ။ ဘယ်နှစ် နှစ်ကြာမှ အရစ်ကျ ဆပ်တဲ့ အကြွေးကျေနိုင် မလည်း ဆိုတာ ပါ ။ လူတယောက်ရဲ့  သက်တမ်းဟာ ဘယ်လောက်ကြာကြာရှိမှာမို့ လည်း လို့ တောင် မစဉ်းစားရဲလောက်အောင်ပါပဲ ။ ဘိုးသက်ရှည် ဘွားသက်ရှည် တို့ နေကြတဲ့  ရွှေတိုင်းပြည်မို့  ၆၅ နှစ်တို့ ၊ ၁၀၄ နှစ်တို့  ချ ကြတာလည်း မထူးခြားတော့ဘူးလို့  တွေးယူလိုက်ပါတယ် ။
ဪ .. ဘုရားဖူးရင်းနဲ့ လည်း ဒီအတွေးဂယက်က ရိုက်ခတ်နေရသေးတယ် ။ မောဟ တွေ မောဟတွေ ပဲလို့ အတွေးစကို အမြန်ဖြတ် လိုက်ရပါတယ် ။ နောက်မှပဲ ....