မြန်မာ ရာဇဝင်မှာ မရှိဘူးခဲ့တဲ့  သွေးစွန်းခဲ့ရတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲ ၊
ပျော်တဲ့သူတွေ ပျော်နိုင်ကြသူတွေ လည်း ဒုနဲ့ဒေး ။ ပျော်ခဲ့ ကြတယ် ။နေ့ဘို့ ညစာ စားစရာ မရှိသူတွေ ၊မပျော်နိုင်သူတွေ လည်း ဒုနဲ့ဒေး၊ သင်္ကြန်ဆိုတာ သူတို့ နဲ့ လားလားမျှ မဆိုင်သလို ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေကြခဲ့ရတယ် ၊ရုန်းကန် နေကြဆဲပဲ ။ ကံမကောင်း တဲ့သူတချို့ လည်း နာခဲ့ကြ သေခဲ့ကြတယ် ။
ဖြစ်ခဲ့ကြတဲ့ အဖြစ် နဲ့ အပျက်တွေ ထဲ သူ့ ကြောင့် ကိုယ့်ကြောင့် ဆိုပြီး တရားခံရှာကြ စွပ်စွဲနေကြတာတွေဟာလည်း နိယာမ တရား တခုလို ဖြစ်နေကြတာ မို့  အထွေအထူးမပြောလိုတော့ပါ ။ မိမိဘာသာ မိမိဥာဏ် နဲ့ စဉ်းစား တွေးခေါ်ဆုံးဖြတ် နိုင်ကြပါတယ် ။
၊
ဘယ်လိုပဲ ပြောပြော ဖြစ်ဖြစ်ပါ ။ မိမိကိုယ်သာ ကိုးကွယ်ရာ မို့  ၊ ကိုယ့်အားကိုယ်ကိုး ပြီး ကိုယ့်ရဲ့  လက်ရှိဘဝ နဲ့ နောင်ဘဝ တွေ အတွက် အားထုတ်ကြိုးပမ်းကြဖို့  အရေးကြီးပါတယ်။
ကောင်းမှု ကုသိုလ်များ ပြုလုပ် အားထုတ်နိုင်ကြပါစေလို့  မြန်မာ နှစ်ဆန်းတစ်ရက် နေ့  မှာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ။
ဤ မေတ္တာသုတ် အသံဖိုင်အား ဤနေရာမှ ရယူပြီး ကူးယူ မျှဝေပါတယ်
တိတိကျကျ ဆုံးဖြတ်ချက်တခု ချမှတ်ရတော့မယ့်အချိန် တကယ်ရောက်လာတော့လည်း သူ တွေဝေနေမိပါပြီ ။တနေ့ နေ့ တချိန်ချိန်မှာတော့ မွေးရပ်မြေသို့  ပြန်ရပေမည် လို့  အစောကြီးကတည်းက နားလည်ထားပေမဲ့  ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ရောက်လာလိမ့်မည် ဟု မထင်ထားမိခဲ့ ။ ခုတော့ မမျှော်လင့်ပဲ မဖြစ်ချင်တာတွေ ဖြစ်လို့ လာရပေတော့မည် ။ သူ ဆုံးဖြတ်ချက်ချ မှ ဖြစ်တော့မည်လေ ။သိစိတ် နှင့် မသိစိတ် ၊ ညှာ လိုစိတ် နှင့် ညာ လိုစိတ် တို့  လွန်ဆွဲ လို့ နေကြပေပြီ ။ဘယ်ဘက်တိမ်းလို့  ယိမ်းရပါတော့မလည်း လို့  သူ့  ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိ နေသည်မှာလည်း အကြိမ်ပေါင်းတသိန်းမက တော့ ။ ဘယ်အရာမှ တိတိကျကျ မဆုံးဖြတ်တတ်၍ မိမိကိုယ် မိမိ ဆက်ပြီးညာ နေခဲ့သည်မှာ နှစ်ချို့ အညာ တခုဖြစ်နေရပြီပဲ ။
တွေဝေ လမ်းခွဲ အစ။ ။ …
သူ ဆိုတာ လူ့ ဘဝထဲ ရောက်မလာခင် အမေ့ဗိုက်ထဲ နေရစဉ်တည်းက တွေဝေနေခဲ့တတ်သူ ။ သူရောက်နေပြီဆိုတဲ့ အကြောင်း အမေမသိစေအောင် တိတ်တဆိတ် နဲ့ချောင်ကပ် နေခဲ့တာ ၊ အဖေတာဝန်အရ ရေခြားမြေခြားမှာ နှစ်ရှည်နေဖို့  အချိန် မသွားခင်လေးမှာ ၊ ဧည့်သည်သစ်လေး တယောက် အမေ့ဆီရောက်နေကြောင်း ပြောရကောင်းနိုး မပြောရကောင်းနိုး ၊ဇဝေဇဝါဖြစ်အောင် သူလုပ်ခဲ့တယ် ။ ခုခေတ်မှာလို အလွယ်တကူစစ်ဆေးဖို့  ကရိယာလည်း မရှိတော့ ၄လကျော်မှ တိတ်တခိုး ဧည့်သည်ရောက်နေကြောင်း အဖေ့ဆီ အကြောင်းကြားခဲ့ရတယ် တဲ့  ။အမေ့ကို ဒုက္ခပေးဖို့ များလားတော့မသိ ၊ အမေ့ဗိုက်ထဲမှာလဲ ကောင်းပြီ ကောင်းရဲ့ နဲ့ ကောင်းကောင်းမနေ ၊မမွေးခင် ပုံမှန်စစ်ဆေးနေတုံးကတော့ ပုံမှန် အနေအထား တဲ့ ၊ မွေးခါနီးကျမှ ဇောက်ထိုး မနေချင်လို့  ကန့်လန့် ပြောင်းနေသေးတယ် ။ ပြီးတော့ကျ ခြေထောက်နဲ့ ထွက်အုံးမတဲ့လေ ။အိုဂျီခမြာလည်း ဟိုလှည့် ဒီလှည့် ။ဘယ်လိုမှ လှည့်မရတဲ့ အဆုံး ရုန်းရင်းကန်ရင်း ခြေနဲ့ပဲ ဘွားခဲ့ရတယ် ။ မွေးကာစ ပေါင်မပြည့်လို့  ဖန်ပေါင်းချောင်ထဲ ယောင်တောင်ပေါင်တောင် နေခဲ့ရသေးသတဲ့ ။တော်သေးတာပေါ့လေ ။ သမားကောင်းနဲ့ တွေ့ ခဲ့ရလို့  အာရုံကြောတွေ မထိခိုက်ပဲ လူလားမြောက်ခဲ့ရတယ်။ သူများနဲ့ ယှဉ်လိုက်ရင် လူကောင်က ခပ်သေးသေး ပိစိကွေးပေါ့ ။
သူ့ ငယ်စဉ်ဘဝကို သာမာန်လိုပဲ ဖြတ်သန်းခဲ့ရတယ် ။ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေတတ်ပေမဲ့  သိပ်တော့ အခက်အခဲ မရှိလှပါဘူး ။ ကျောင်းသားဘဝ ကျောင်းတက် စာကျက် ၊ နည်းပေမဲ့ သူ့ အပေါ်ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ကြီးပြင်း ၊ အချိန်တန်တော့ ဆယ်တန်းဆိုတဲ့ အတန်းကျောင်းကိုအောင်မြင်ခဲ့တယ် ။ဒီအချိန်မှာ တွေဝေစရာတခု ကြုံခဲ့ ရပြန်တယ် ။ အဲ့ဒီခေတ် က ဆယ်တန်းကို အမှတ်ကောင်းကောင်း နဲ့ အောင်မြင်သူတွေ ရွေးချယ်ကြတာက ဆေးကျောင်း တဲ့ ။ ဒါပေမဲ့ သူ ဝါသနာ မပါလှ ။ စက်ပစ္စည်း ကရိယာတွေကို ပိုပြီးစိတ်ဝင်စားတဲ့ သူတယောက် အမှန်တကယ် ရွေးချယ်သင့်တာ စက်မှုပညာ နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်သာ ဖြစ်သင့်တယ်ပေါ့ ။ ဒါပေမဲ့ ဘာ ဖြစ်ချင်တယ်ရယ်လို့ သေချာ တိကျတဲ့ ဦးတည်ချက်က မရှိသေး ။ တွေဝေလေ့ရှိတဲ့ သူတယောက် ပြတ်ပြတ်သားသား မဆုံးဖြတ်ဝံ့ ။တွေဝေလမ်းခွဲ မှာ ဘယ်လမ်းရွေးရမလည်း သူ မသိ ။ အရာရာမှာ မိဘအားကိုးတတ်သူတို့ ရဲ့ ထုံးစံအတိုင်း ကိုယ့်ဦးနှောက်နဲ့ ကိုယ်မစဉ်းစားချင်တော့ ။
ဒီလိုနဲ့ ပဲ ဘယ်အရာမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိသူတယောက် အနေနဲ့  သူ့ အမေရွေးချယ်ပေးခဲ့တဲ့ ဆေးကျောင်းဆိုတာကြီးကို ဦးတည်ချက်ကင်းမဲ့စွာ နဲ့ တက်ရောက်ခဲ့တယ် ၊ သူ့ တာဝန်တော့ သူကျေအောင် တနှစ် တတန်း မှန်မှန်အောင် ဖို့  ကလွဲရင် ရည်မှန်းချက် ကြီးကြီးမားမား မရှိခဲ့ ။ သူများယောင်လို့  ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့  ဝေလေလေ အချိန်တွေ ဖြတ်သန်းခဲ့ ရပြန်ပါတယ် ။ ဝါသနာ အရ မဟုတ်တော့ စိတ်ဝင်စားမှု အထိုက်အလျှောက် လျော့ပါးခဲ့လို့  ထူးထူးချွန်ချွန် ဖြစ်မလာပေမဲ့လည်း အချိန်တန်တော့ ဘွဲ့ တခု ရမယ် ဆိုတာလောက် ပဲခံယူခဲ့တယ် ။ အဲ့ဒီအချိန်မတိုင်မီမှာ တိုင်းပြည်ကြီးလည်း ကမောက်ကမ ဖြစ်ပြီးရင်း ဖြစ်နဲ့ဆိုတော့ ကိုယ့်ဘဝ ကိုယ်ရပ်တည်ဖို့  ကိုယ့်လမ်းကိုယ်လျှောက်ဖို့  လမ်းခွဲတွေ အများကြီး တွေ့ ကြုံလာရပြန်တယ် ။ ဒီတခါ တွေဝေလမ်းခွဲ ဘယ်လမ်းရွေးမလည်း ။သူ သတ္တိ နည်းခဲ့ ပြန်တယ် ။ သူငယ်ချင်းတချို့  ရဲရဲဝံ့ဝံ့ တိုးဝင်သွားခဲ့တဲ့ ခရီးလမ်းကြမ်းဆီ သူမလျှောက်ရဲ ခဲ့ဘူး ။အတ္တစိတ်တွေ ကြီးစိုးနေမိတဲ့အချိန် အများအတွက်ဆိုတာ ဘယ်လိုမှ မစဉ်းစား မိခဲ့ ။ကံစီမံရာလို့ ပဲ ၊ မမြင်ရတဲ့ ကံကြမ္မာဆိုတာကြီးကို အပြစ်ပုံချ ဖြေသိမ့်ဖြစ်ခဲ့တယ် ။
တွေဝေလမ်းခွဲ အလယ် ။ ။...
နောက်တော့ ဘွဲ့ လက်မှတ်ဆိုတာကြီး ရပြီး တန်ဘိုးရှိတဲ့ အချိန်တွေကို ကမောက်ကမဖြစ်စွာနဲ့ပဲ အများနည်းတူ အလဟသ ကုန်ဆုံးစေခဲ့ရတယ် ။ ပညာရှာတဲ့ ပထမအရွယ်ကုန်ဆုံးခဲ့ပြီ ဆိုတော့ ဥစ္စာရှာတဲ့  ဒုတိယ အရွယ် ရောက်ခဲ့ပြီပေါ့။ ဒီတော့ ရှေ့ မှုာ ရွေးချယ်စရာ လမ်းနှစ်သွယ် တွေ့ ရပြန်တယ် ။ အပြင် နဲ့  အတွင်း ဘယ်လမ်းလျှောက်မလည်း ဆိုတာ ရွေးချယ်ဖို့  နောက်ဆုံး အချိန် ထိ တွေဝေနေခဲ့ ပြန်ပါတယ် ။ဒီတခါတော့ အမေက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချဖို့ လောက်သာ ပြောဆိုတော့မှ သူ အမေ့ကို သတိပြုမိခဲ့တာ အမေအသက်ကြီးလာပြီ ဆိုတာကိုပါပဲ ။အလုပ်မှာ အားမာန်အပြည့် နဲ့ လုပ်နိုင်သေးပေမဲ့ စိတ်ဒါဏ်ရာ ဖိစီးမှုခံနေရတဲ့အသွင်အပြင်တွေ တနေ့ တခြား ပိုများလာနေပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ဆုံးဖြတ်ချက်တခု သူချရတော့မယ် ။ စီးပွားရေး တိုက်ခိုက်မှုကြီး အောက်မှာ ရိုးရိုးကုပ်ကုပ်နေသူတွေရဲ့  ရလာဒ် ဖြစ်တဲ့ ယိုင်နဲ့ ကျဆင်းမှုတခု ဒီလောက် မြန်မြန်ဆန်ဆန်ကြီး သူတို့  မိသားစုဆီ ရောက်လာမယ်လို့ မထင်မိခဲ့။ အမေနှုတ်က ဖွင့်မပြောပေမဲ့  မှုံရီနေတဲ့ မျက်ဝန်းတစုံက အဓိပ္ပါယ်ကို သူနားလည်မိလိုက်တော့ ၊ ဆရာကြီး မင်းသုဝဏ်ရဲ့ “သာသည့်မြေသို ”့ဆိုတဲ့ ကဗျာလေး အခါခါကြားယောင်ရင်းနဲ့ ပဲ သူလျှောက်ဖို့  လမ်းတသွယ်ကို ပထမဦးဆုံးသော သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့  ရွေးချယ်လျှောက်ခဲ့တယ် ။ ဆွေမရှိ မျိုးမရှိ ၊ ရေခြား မြေခြား တိုင်းတပါးမှာ ကိုယ့်ဟာကိုယ် ထွင်ပြီး လျှောက်ကြရတဲ့  လမ်းတိုင်းဟာ မချောမွေ့ ပဲ အထစ်အငေါ့တွေများစွာ တွေ့ ရတတ်တဲ့ သဘာဝကို သူတဖြေးဖြေး နားလည် သဘောပေါက်တဲ့  အချိန် ၊ နောက်ပြန် ဆုတ်ဖို့ လည်း မဖြစ်နိုင်တော့ အံကြိတ်ပြီး ရှေ့ ဆက်လျှောက်ခဲ့ပါတယ် ။ ဘဝဆိုတာ အမြဲတမ်းလည်း မှောင်မိုက် မနေပါဘူး ။ လပြည့် လကွယ် ညများမှာ ပျော်လိုက် ရှိုက်လိုက် နဲ့ ရာသီစက်ဝန်းကြီးလည်း တပတ်ပြီးတပတ် လည်ရင်းနဲ့  ဒုတိယ အရွယ်မှာ သူရုန်းကန်နေရဆဲပါ ။
အနေကြာလာတဲ့  ဒီအပြင်လမ်းမှာ များပြားလှတဲ့ အပျော်တွေ တွေ့ ရှိခံစားနေရချိန်မတော့ အရာအားလုံးလိုလိုကို မေ့နေခဲ့သလို ၊ အချိန်တန်လို့  ငွေကြေးအသင့်အတင့် ပြန်ပြီးထောက်ပံ့နေလိုက်ရင် သူ့ တာဝန်ကျေပြီ ဆိုတဲ့ အတွေးတွေ ကြီးစိုးနေခဲ့တယ် ။အိမ်ကို အဆက်အသွယ် မလုပ်ပဲ လအနည်းငယ်နေမိတဲ့ အခါဆို အမေဟာ သူ မာကြောင်းသာကြောင်း အဆင်ပြေကြောင်း သတင်းတွေကို မရမက ခက်ခက် ခဲခဲ စုံစမ်းတတ်တယ် ။ လူကြုံ နဲ့တဆင့် သူကြိုက်တဲ့ အစားအသောက်လေးတွေ ပို့ ပေးလာတတ်တယ်။ အရင်က ညီညာလှပခဲ့တဲ့ အမေ့ရဲ့  လက်ရေးတွေကို တုန်ချိ တွန့် လိန်နေတဲ့ စာလုံးများ အဖြစ် အစားထိုး ပြီး ဖတ်လိုက်ရတဲ့ ဆုံးမ စာကြောင်းတွေ ကို အလေးထားပြီး မဖတ်ဖြစ်ခဲ့ ။ ဒါပေမဲ့ တခါတရံ အခက်အခဲတွေ မဖြေရှင်းတတ်အောင် ကြုံတွေ့ လာတဲ့ အချိန်မျိုးမှာတေှာ့ သူ အမေ့ကို တမ်းတမိတယ် ။ မိဘအရိပ် ဘယ်လောက် အေးချမ်းသလည်း ဆိုတာ နေပူထဲမှာ မလှုပ်ရှားနိုင်လောက်အောင်ချိနဲ့ စွာ ရပ်နေရခါမှ နားလည်မိတယ် ။ခလုပ်ထိမှ အမိတ မိတဲ့ ဒီလိုအချိန်မျိုးမှာ အမေသူ့ အနားမှာ အမြဲရှိနေသလို ခံစားရပြီး အားအင်တွေ ပြန်ပြည့်လာတတ်တယ် ။
“အမေ နေမကောင်းဘူး ။ အခြေအနေအတော်ဆိုးနေတယ် ။ နင့်ကို တွေ့ ချင်တယ် လို့  ပြောတယ် ” ဆိုတဲ့ လူကြုံနဲ့ ထဲ့ပေးလိုက်တဲ့ စာတိုလေး တကြောင်း သူ့  အစ်မဆီမှ ဖတ်လိုက်ရပြီးတဲ့ နေ့ ။မိသားစု ကို အဆက်ဖြတ်ထားတဲ့သူ ၊စိုးရိမ် ထိတ်လန့် စွာ နဲ့ ဖုံးမဆက်တာ ကြာတဲ့ အိမ်ကို ဆက်သွယ်ဖြစ်ခဲ့တယ် ။ ခါတိုင်း သူ့ ဆီက ဖုံးလာတိုင်း အပြေးအလွှား စကားလာပြောတတ်တဲ့ အမေ ၊ အားမာန်အပြည့် တက်ကြွတဲ့လေသံနဲ့  အမေ ၊ ဖုံးကိုင်ဖို့  တောင်အင်အားမရှိ ၊ ဘေးက အိမ်သား အကူအညီ နဲ့  မောပန်းတုန်ရီစွာ အားစိုက်စကားပြောသံ ကြားလိုက်ရတော့မှ ဝမ်းနည်း ဝမ်းသာ ဖြစ်မိတဲ့ သူတယောက် အသိတရား ဝင်လာမိတယ် ။ အမေက ပြောရှာတယ် အမေ ဘာမှ အကြီးအကျယ် မနာမကျန်း မဖြစ်တဲ့ အကြောင်း ၊ သာမာန် နှာစေးချောင်းဆိုးလောက်သာ ဖြစ်တဲ့ အကြောင်း ။ အလုပ်အပျက်ခံပြီး ပြန်လာ ရန် မလိုသေးကြောင်း ၊ ကျန်းမာရေး ဂရုစိုက်ဖို့ ၊ ဘုရားတရား မမေ့ဖို့  အကြောင်း စသဖြင့် ပေါ့ ။ အမေ့ အဆုံးအမတွေကို နာခံရင်း သူတွေဝေ နေမိပြန်တယ် ။
ပြီးမှ သူ့  အမ ကို အကျိုးအကြောင်း မေးမြန်းမိတဲ့  အခါမှ တရှောင်ရှောင်ဖြစ်နေတာ နှစ်ဝက်လောက်ရှိပြီ ဖြစ်မှန်းသိရပြီး အစ်မ နဲ့ အိမ်သားတွေကို မဆီမဆိုင် အပြစ်တင်မိသေးတယ် ။
“ အေးလေ ။နင်က နိုင်ငံခြားမှာ နေပြီး ပိုက်ဆံပို့ ပေးရုံနဲ့ မိဘကျေးဇူးဆပ်တယ် လို့  ထင်နေရင်တော့ မတတ်နိုင်ဘူး ။ ငါတို့ ကတော့ နင့်လို မပေးနိုင်ပေမဲ့ အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် ပြုစုပေးနေတာ ၊ အလုပ်တောင် မသွားနိုင် ။ ပျက်ရက်တွေ များလို့  ရှိစုမဲ့စု အလုပ်လည်း ပြုတ်ပြီ ။ ဒါပေမဲ့ နောင်တ မရပါဘူး ။ နင် ပြန်လာမယ် ၊ မပြန်လာဘူးဆိုတာ လည်း ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပေါ့ ။ နောက်မှ နောင်တရနေလည်း အလကားပဲ” ၊
သူကိုယ်တိုင်က အနီးမှာ ရှိမနေပဲ အနီးကပ် ကိုယ်ထိလက်ရောက် ပြုစုနေတဲ့ သူတွေကို အပြစ်ရှာ နေမိတဲ့  သူ့ ကို အမဖြစ်သူ ပြန်ပြောလိုက်တဲ့ စကား တခွန်း ကြောင့် အတော်တုန်လှုပ်သွားမိတယ် ။
တွေဝေလမ်းခွဲ အဆုံး ။ ။...
တွေဝေ ပြီးရင်း တွေဝေနေတတ်တဲ့ သူတယောက် အချိန်မဆွဲပဲ ဆုံးဖြတ်ချက် တခုကို ချရတော့မည် ။ ပြန်မလား ၊ ဆက်နေမလား။ ဆိုတဲ့ လမ်းနှစ်ခွ မှာ ဘယ်လမ်းရွေးလျှောက်ရမလည်း ။ အခွင့်အရေးတခုဟာ ဘယ်တော့မှ နှစ်ခါပြန် မလာတတ်ဘူးရယ်လို့  သူ နားလည်ထားသည်ပဲပေါ့ ။ ဒီအရပ်ကိုရောက်ခါစ အချိန်က ရေခြား မြေခြား နေသားမကျ သေးတာမို့  အိမ်ပြန်ချင်တဲ့ စိတ်ကူးအလွမ်းတွေဖြင့်သာ အချိန်ကုန်စေခဲ့ရတယ် ။ စကားမပေါက် စာမပေါက်တာမို့  ထူးထူးခြားခြား ခင်မင်ရင်းနှီးရသော အဖေါ် သူငယ်ချင်းရယ်လို့  မရှိခဲ့ပဲ စာဖတ်ရင်း စာကျက်ရင်းဖြင့်သာ အားလပ်ချိန်များကို ကုန်လွန်စေခဲ့ ရတယ်လေ ။ ပြီးတော့ သမုဒ္ဒရာ ဝမ်းတထွာအတွက် ရရာအလုပ်လုပ်ပြီး ဘဝတက်လမ်းအတွက် ကြိုးပန်းခဲ့ ရတာတွေဟာ ၊ ခုလို သင့်တင့်တဲ့ အလုပ်အကိုင် အဆင့်အတန်း နဲ့ ဝင်ငွေ တို့ နဲ့  အဆင်ပြေ နေပြီဆိုတော့ လည်း ဒီတမြေခြားကို ရောက်ခါစအချိန်က ခါးစင်း ခံခဲ့ရသော ဒုက္ခများ မှာ ဘာမှ မည်မည်ရရ မဟုတ်တော့ လို့  ထင်ယောင်မိလာရတယ် ။ဆယ်စုနှစ်တခုဆိုတဲ့ အချိန်ကာကမှာ မျှော်ရစဉ်က ကြာလှချည်လားလို့  ဆိုနိုင်ပေမဲ့ ပြီးဆုံးခဲ့တဲ့ ဆယ်စုနှစ်မှာ တော့ ဒီလောက်ကြာခဲ့သည်ဟု မထင်လိုက်ရ ။ မနေ့ တနေ့ တုန်းကလို ဟုသာ စိတ်မှာ ထင်မှတ်မိလိုက်တာက လူ့ စိတ်သဘောပဲလို့ ယူဆရမလား ။
ဒီနေ့  ဆေးရုံမှာ အသည်းအသန်လူနာတယောက် ကြောင့် အလုပ် အတန်ငယ်ရှုပ်သွားခဲ့တယ် ။အလုပ်ရှုပ်ရတဲ့ အကြောင်းမပြောခင်မှာ သူ့ အလုပ် နဲ့ ပါတ်ဝန်းကျင် အကြောင်း အနည်းငယ် ပြောပြရပါအုံးမယ် ။ သူတာဝန်ကျနေတဲ့ လူနာဆောင်မှာ ကျောက်ကပ်ပျက်စီးနေတဲ့ လူနာ များကို ကျောက်ကပ်ဆေးခြင်း ( Hemodialysis ) ပြုလုပ်ပေးရတဲ့ အဆောင်ဖြစ်ပြီး ၊ လူနာများက တပါတ်မှာ ၃ကြိမ် ၊ တကြိမ်မှာ ၄ နာရီကြာ ကျောက်ကပ်ဆေးတာကို ခံယူကြရပါတယ် ။များသောအားဖြင့်တော့ ပြင်ပလူနာ အနေနဲ့ပဲ ကျောက်ကပ်ဆေးပြီး အိမ်ပြန်ကြရတယ် ။ တခြား အကြောင်းတွေကြောင့် ဆေးရုံတက်ဖို့  လို မှပဲ အတွင်းလူနာ အနေနဲ့  ကျောက်ကပ်ဆေးကြရတယ် ။ဒီတော့ တပါတ် ၃ ကြိမ် ပုံမှန်လာနေရ တဲ့ လူနာများနဲ့  ဆွေမျိုးရင်းခြာလို ရင်းနှီး နေပြီဖြစ်တယ် ။လူနာ အများစုဟာ သူတို့  မိသားစု ကိုယ်ရေးကိုယ်တာတွေ ကို ရင်ဖွင့် တိုင်ပင်ကြတဲ့အထိ ရင်းနှီးနေကြတယ်ပေါ့ ။ နောက်ဆုံးအဆင့်ထိရောက်နေတဲ့ ကျောက်ကပ်ရောဂါ ( End Stage Renal Disease ) မှာ လူနာ တွေဟာ ကျန်ရှိနေတဲ့ ဘဝတသက်တာမှာ ကျောက်ကပ်ကို အချိန်မှန်မှန်ဆေးခြင်းနဲ့ သာ အသက်ဆက်နေရတာဖြစ်တယ် ။ ဒီကြားထဲ ကံကောင်းထောက်မလို့  ကျောက်ကပ် အလှူရှင်နဲ့ တွေ့ ကြုံရပါမှ ကျောက်ကပ်အစားထိုး ခွဲစိပ်ကုသမှုရယူပြီး ကျောက်ကပ်ဆေးနေရတဲ့ ဒုက္ခမှ ကင်းဝေးနိုင်တော့မှာ ဖြစ်တယ် ။ ဒါပေမဲ့ ဒီလို အဆင်ပြေပြေ နဲ့  ကုသမှုခံယူနိုင်သူတဲ့ အရေအတွက်မှာ နည်းပါးလှပါတယ် ။ တချို့ လည်း အသက်အရွယ်ကြီးလို့ ၊ တခြားရောဂါ အမျိုးမျိုးဝင်လို့  ၊ အစားထိုးခွဲစိတ် ကုသမှု မယူနိုင်မှာတင်ပဲ လူ့ လောကကြီးမှ စွန့် ခွာ သွားခဲ့ရသူတွေလည်း အများကြီးပါပဲ ။
အဲ့ဒီလို ရင်းနှီးနေတဲ့လူနာတွေထဲမှာ အသက် ၇၀ ကျော် အမျိုးသမီးလူနာတယောက်ရဲ့  အဖြစ်ကိုကြည့်ပြီးမှ သူတွေဝေနေတဲ့ လမ်းကို ဘယ်လိုဆက်လျှောက်ရမလည်းလို့ ဆုံးဖြတ်လိုက်ခဲ့မိတယ် ။ အနှစ် ၂၀ နီးပါး ကျောက်ကပ်ဆေးနေရတဲ့ ဒီအဖွားလူနာမှာ သားတစ်ယောက၊် သမီးတစ်ယောက် ရှိတယ် ။သားကြီးက အိမ်ထောင်ကျပြီး တိုင်းတပါးမှာ အခြေချနေထိုင်တာ ၃ နှစ်ကျော် ။ သမီးငယ် ကတော့ အချိန်တန် အရွယ်ရောက်နေပေမဲ့ အိမ်ထောင်မပြုသေးပဲ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်နေခဲ့တယ် ။ တရုပ်လူမျိုးများ ထုံးစံက သားကြီး သြရသမှ အချစ်ပိုကြလေသလား မပြောတတ် ။ သမီးဖြစ်သူ သူ့ အပေါ်ဘယ်လောက် ပြုစုနေပေမဲ့ အဝေးရောက်သားကြီးကိုပဲ တမ်းတ နေတတ်တယ် ။ဒီလိုနဲ့  လူနာအဖွားလည်း အသက်ကြီး ၊ကင်ဆာဖြစ်နေတဲ့ ကျောက်ကပ် နဲ့  သားအိမ် ထုတ်အပြီး ၂ နှစ်လောက်အကြာ အသည်းကင်ဆာပါ ဖြစ်လာတော့ အခြေအနေက တဖြေးဖြေး ဆိုးဝါးလာတော့တယ် ။နှလုံးရောဂါအခံကလည်းရှိနေတော့ အမောကလည်း မကြာခဏ ဖေါက်တတ်သေးတယ်လေ ။ သမီးဖြစ်သူက သူ့ အကို ကို ပြန်လာဖို့  ခေါ်တော့ အရေးကြီးတဲ့  အလုပ်မအားသေးလို့  နေ့ ရွှေ့  ညရွှေ့ နဲ့ ပေါ့ ။
ဒီကနေ့ မနက် လူနာအဖွား စိတ်လိုလက်ရ စကားတွေ ပြောလိုက် ပြုံးလိုက်နဲ့  မို့  လူနာဆောင်ထဲက ဆရာမများ နဲ့ သူပါ တအံ့တသြ ရှိနေရတယ် ။ သမီးဖြစ်သူကို မေးကြည့်တော့ မှ ဒီနေ့ လည်မှာ အကိုဖြစ်သူ ပြန်ရောက်မဲ့ အကြောင်း သိလိုက်ရတော့ အဖွားလူနာနဲ့အတူ သူတို့ တတွေ ပျော်လိုက်မိကြပါသေးတယ် ။ လူနာအဖွားရဲ့  စကားသံလေးတွေက ခါတိုင်းနဲ့မတူပဲ အားမာန်အပြည့် နဲ့ လေ ။ သူ့ သားကြီး တော်ကြောင်း လိမ္မာကြောင်းတွေ ကို အနားမှာရှိတဲ့ သူနဲ့  ဆရာမလေးတွေကို မမောမပန်း တတွတ်တွတ် ပြောပြနေလို့ သူလည်း ရောယောင်ပြီး အပျော်ဓါတ်လေးတွေ ကူးစက်ခံစားမိလိုက်ပါတယ် ။
ဒီလိုနဲ့  ကျောက်ကပ်ဆေးနေရင်း နှစ်နာရီကျော်လောက်အကြာမှာ လူနာအဖွား နှလုံးခုန်ရပ်သွားခဲ့တယ် ။ အရေးပေါ် အသက်ကယ်ပြုစုတာတွေ လုပ်ပေးရတယ် ။ တစ်နာရီ ကျော်တဲ့အထိ အဖွားရဲ့  အသက်ကို လုယူခဲ့ကြပေမဲ့ မရတော့ပါဘူး ။ နှလုံးခုန်ရပ် အသက်ရှုရပ်လို့  သေဆုံးခြင်းဆိုတဲ့ နောက်ဆုံးအချိန်ကို သတ်မှတ်ပေးလိုက်ရပါတော့တယ် ။ လူနာအဖွား ရဲ့ ပွင့်နေသေးတဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်စလေးတွေ ယိုဆင်းနေတာ မခြောက်သေးတော့ သူ အဖွားကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ မျက်ရည်စတွေ သုတ်ပေးနေမိတဲ့ အချိန်မှာ ပဲ နောက်ဖက်က ငိုသံရှည်ကြီး ရုတ်တရက်ကြားလိုက်မိတော့မှ အသိပြန်ဝင်လာမိတော့တယ်။
“ အမေ ။ အမေရေ ။ ကျွန်တော်ပြန်လာပြီလေ အမေရဲ့ ။ အမေ့ရဲ့  သား ပြန်လာပြီလေ ။ သားကို ဘာလို့ မစောင့်နေတာလဲ အမေရယ် ။ ”
“ဪ ၊ အကိုပြန်ရောက်လာပြီကိုး ၊ အကို လိုချင်တဲ့ အဖြေက ဒါပဲမဟုတ်လား ။ အမေ ကတော့ အကို့ ကို မျှော်နေခဲ့ ပါသေးတယ် ။ ဒါပေမဲ့  သူ့ ဆန္ဒမပြည့်ဝ သွားခဲ့ ရဘူး ။ အကို့ ဆီက သူမျှော်လင့်နေတာက ငွေကြေးဥစ္စာတွေ မဟုတ်ဘူး ၊ အကို သူ့ ဘေးနားမှာ ရှိနေစေချင်တာလေးတခုတည်းပါ ၊ခုတော့ …..”
ညီမဖြစ်သူရဲ့  အဆုံးမသတ်ဖြစ်လိုက်တဲ့  စကားကို အကိုလုပ်သူ က ငိုယုံမှ လွဲပြီး တခြားဘာမျှပြန်မချေပ နိုင်တော့ ။
နောက်တော့ အဖွားလူနာအား နောက်ဆုံး ကန်တော့ခြင်း နဲ့ ရိုးရာအတိုင်းစီစဉ်တာတွေ ပြုလုပ်အပြီးမှာတော့ သက်ဆိုင်ရာ ရေခဲတိုက်ကို ခေါ်ဆောင်သွားကြပါတော့တယ် ။
ဒီမြင်ကွင်းက ဆေးရုံတရုံမှာ သေဆုံးသူလူနာတွေအတွက် လုပ်ရိုးလုပ်စဉ် တွေပဲမို့  ဘာမှထူးထူးခြားခြားတော့ မရှိလှပါဘူး ။ ဒါပေမဲ့  သူ အမေ့ကို မြင်ယောင်လာမိတယ် ။ တကယ်လို့  သူသာ ဒီလို အဖြစ်မျိုးနဲ့  တွေ့ ဆုံရမယ် ဆိုရင် ဖြေသိမ့်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ကို ထပ်ခါ တလည်းလည်း မေးနေမိတယ် ။ ဒီတခါတော့ တွေဝေမှုတွေ မရှိတော့ပါဘူး ။ အမေ့ဆီ အချိန်မှီပြန်ဖို့  အခွင့်အရေး ရှိနေသေးတယ် မဟုတ်လား ။ အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါပြန်မလာတတ်ပါဘူး ။ ဒီတော့ ကိုယ်ပိုင်တဲ့  ဆုံးဖြတ်ချက်တခု အချိန်မှီချလိုက်ပါပြီ ။သူ့ ဘဝရဲ့  အရေးအကြီးဆုံး အရာ အတွက် နောင်တတွေ တလှေကြီး သူမရချင် တော့ပါ ။
ပြန်လာတော့မယ် အမေ.. အမေ့ ဆီ သမီးမိုက် ပြန်လာပြီး အမေ့ရဲ့  နောက်ဆုံးအချိန်လေးတွေမှာ အမေအလိုချင်ဆုံး ဆန္ဒလေးတခု ဖြည့်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ သိပ်မကြာတော့တဲ့  ရက်ကလေး အနည်းငယ်ကို သည်းခံပြီး စောင့်နေပေးပါ အမေ …. ။
ဒီနေ့  မတ်လ ၁၆ ရက်နေ့  မွေးနေ့  မှာ ကျွန်ုပ်အား မွေးဖွားပေးခဲ့တဲ့  ကျေးဇူးရှင် မိခင် အတွက် အမှတ်တရ ရေးသားပါတယ် ။
ပုံများကိုတော့ Fotosearch မှ ရယူပါသည်။
အရှေ့တောင်အာရှ လူ့ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ စင်သီယာမောင် ၏ ရွှေရတု မွေးနေ့ သဘင် ပွဲကို ၊ ယနေ့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ၌ ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့ ရှိ မယ်တော် ဆေးခန်း တွင်ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည် ။
ဒေါက်တာ စင်သီယာမောင် သည် သူ၏ ဤ အနှစ် ၅၀ သက်တမ်း အတွင်းတွင် အနှစ် ၂၀ကျော်ကို၊ ဒုက္ခမျိုးစုံ ခံစား နေကြ ရသော တိုင်းရင်းသားလူမျိုးများ၏ ကျန်းမာရေး ၊ လူမှုရေး ၊ ပညာရေးများအတွက်စေတနာ အရင်းခံကာ မိမိ ဘဝတခုလုံးအား ရင်းနှီး ပေးဆပ် အနစ်နာခံ ဆောင်ရွက်ခဲ့ သူဖြစ်ပါ၍ လေးစားအပ်သော ပုဂ္ဂိုလ် တဦး ဖြစ်ပါသည် ။ ယနေ့ မှာ ကျရောက်သော ဆရာမကြီး ၏ ရွှေရတု မွေးနေ့  မှ နောင် နှစ်ပေါင်း များစွာ ကြာသည့် တိုင် ကိုယ်စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်း၍ အများအကျိုးကို ဆထက်တန်ဘိုး တိုး၍ ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ။
ဆရာမကြီး၏ အတုယူဘွယ်ရာ အနစ်နာခံ ဆောင်ရွက်ချက်များ နှင့် ဖြတ်သန်းခဲ့ရသော ဘဝ ဖြစ်စဉ် အကျဉ်းချုပ်အား ယခင်က ရေးသားထား ခဲ့ဖူး သည့် အထဲမှာ အမှတ်တရ အဖြစ် ပြန်လည် ဖေါ်ပြပေးလိုက်ပါသည် ။
အရှေ့တောင်အာရှ လူ့ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာစင်သီယာမောင်(မယ်တော်ဆေးခန်း)
သူမ ဟာ မျိုးချစ်စိတ် ရှိသော ကရင်တိုင်းရင်းသူတယောက် ။ သူမ တတ်ကျွမ်းထားသော အသက်ကယ် ဆေးပညာ ဖြင့် တဦးတယောက် ချမ်းသာရေးအတွက် မြို့ ကြီးပြကြီးမှာ တွယ်ကပ် ပြီး စီးပွားရေးဆန်သော ဆေးခန်း၊ဆေးရုံကြီးများ မဖွင့် ၊မလုပ်ခဲ့  ။ ဝေးလံခေါင်ဖျား နယ်စပ်ဒေသတွင် အခြေအနေ အရ ခိုလှုံ နေထိုင်ကြရသော တိုင်းရင်းသား ဒုက္ခသည်များ အတွက် လိုအပ်သော ကျန်းမာရေး ၊ လူမှုရေး ၊ ပညာရေး အစရှိသဖြင့် ကြိုးပမ်း စောင့်ရှောက် ပေးနေခဲ့သည် မှာ အနှစ် ၂၀ ကျော်ခဲ့ ပြီ ဖြစ်သည် ။
သူမသည် လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့ သော ခေါင်းဆောင်ကြီးတဦးတော့ မဟုတ်ခဲ့ ။ အချုပ်နှောင်လည်း မခံခဲ့ရဖူး ပေမဲ့ သူမထံမှာ အားကျဖွယ် ၊ အတုယူဖွယ်ရာ အရည်အချင်းနှင့် စိတ်ဓါတ် မျိုး ရှိနေခဲ့သည် ။ ဒါကြောင့် သူမ ကိုလည်း လေးစားရသော တိုင်းရင်းသား တယောက်အဖြစ် အကျွန်ုပ် မှတ်တမ်းတင်မိပါသည် ။
သူမရဲ့ ဘဝအကြောင်း အကျဉ်းချုပ်ပြောရမည်ဆိုလျှင် သူမအား မိဘနှစ်ပါး ဖြစ်သည့် (ဦး) မန်းငြိမ်းမောင် နှင့် (ဒေါ်) နမ့်လှကြည် တို့ မှ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့ တွင် ရန်ကုန်တိုင်း အင်းစိန် မြို့ နယ် ဆေးရုံမှာ မွေးဖွားခဲ့ ပါသည် ။ မွေးချင်း ၇ ယောက်တွင် တတိယမြောက် ဖြစ်ပြီး ခရစ်ယာန်ဘာသာ ကို ကိုးကွယ် ပါသည် ။ ဖခင်ဖြစ်သူမှာ ကျန်းမာရေးမှူးတယောက်ဖြစ် ၍ တာဝန်ကျရာ အရပ်များသို့ ပြောင်းရွှေ့ နေထိုင်ရင်း ၃-၄ နှစ်သမီး အရွယ်တွင် မော်လမြိုင်မြို့ မှာ အခြေစိုက် နေထိုင်ခဲ့ကြသည်။
အထက်တန်း အောင်မြင် အပြီး ၁၉၈၀ခုနှစ်မှာ ဆေးကျောင်းတက်ပြီး အလုပ်သင်ဆရာဝန် အဖြစ် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။
သူမသည် ကျောင်းသူဘဝ တလျှောက်လုံးကို သာမန် အတိုင်းသာ ဖြတ်သန်းခဲ့ သည် ။ မည်သည့်နိုင်ငံရေးကိုမှ စိတ်ပါဝင်စား လုပ်ဆောင်ခဲ့ ခြင်းမရှိပါ ။အလုပ်သင်ဆရာဝန်ဘဝ မှာတွေ့  မြင်ခဲ့ ရသော လူနာများအတွက် ဆေးမရှိ ခြင်း ၊ ဆရာဝန် ၊ ဆရာမများ ရတဲ့ လခဖြင့်စားမလောက်၍ အပြင်ဆေးခန်းများတွင် သွားရောက်လုပ်ကိုင်ရခြင်းကြောင့် ဆေးရုံမှာ ဆရာဝန် မရှိခြင်း အစရှိသည် တို့ ကို တွေ့ မြင် သိရှိလာရသည် ။
ဤအချိန်တွင် မဆလ အစိုးရမှ ငွေစက္ကူ တချို့ ကို တရားမဝင် ကြေငြာခဲ့ ၍ ကျောင်းသားလှုပ်ရှားမှုများ တက္ကသိုလ် အသီးသီင်္းတွင် ပေါ်ပေါက်လာပြီး တိုင်းပြည် မငြိမ် မသက်ဖြစ်လာခဲ့သည် ။ထို အချိန်တွင် မိခင်ဆုံးပါးခဲ့သည် ။ ထို့ နောက် ၈၈၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံပေါ်ပေါက်လာစဉ် အချိန်မှာ သူမသည် ကရင်ပြည်နယ် အိန္ဒုကျေးရွာ တွင် ဆေးခန်းဖွင့်နေချိန် ဖြစ်သည် ။
၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီး အာဏာသိမ်းလိုက်သည့် နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများထဲတွင် သူမလည်း အပါအဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့  မှာ လက်ရှိမယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့သည်။ လူ (၆) ဦးဖြင့် စခဲ့သည့် မယ်တော်ဆေးခန်းမှာ ယခုအခါ အထူးသဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်လာလုပ်ကြသည့် မြန်မာအလုပ်သမားများနှင့် ဒေသ အတွင်းရောက် မြန်မာဒုက္ခသည်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် နေ့စဉ်လူနာ (၃၀၀) ခန့်အား ဆေးဝါးကုသပေးလျက်ရှိပါသည်။
ယခုအခါဆေးခန်းတွင် ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားခန်း၊ သွေးလှူဌာန၊ မျက်စိဌာနနှင့် ခြေတုလက်တု တပ်ဆင်ရေးဌာန များဖွင့်လှစ်ထားပြီး နေ့စဉ် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည်။
အထူးသဖြင့် မြန်မာစစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များ၊ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ထိုင်းနိုင်ငံနယ်စပ်များတွင် လာရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကျန်းမာရေးအတွက် မယ်တော်ဆေးခန်းကို အဓိကအား ကိုးအားထား ပြု နေကြရသည်။
ထိုင်းနိုင်ငံ Nation Media Group မှ ကမကထပြု၍ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများအား အမိမြေကိုယ်စား အလုပ်လုပ်သူများဆုကို ချီးမြှင့်ရာ တာ့ခ်ခရိုင်အတွက် ဆုရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင် မှာ ၂၀၀၈ ဒီဇင်ဘာ လ(၁၁) ရက်နေ့ က ဆုချီးမြှင့်ခြင်းခံ ခဲ့ရသည်။
ထိုင်းဘုရင်မင်းမြတ် မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် “လူတိုင်းလူတိုင်း ကောင်းတာတွေ လုပ်ကြဖို့၊ လူတယောက် ကောင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတခုလုံးကို အများကြီး အကျိုးရှိစေတယ်” ဟု မိန့်ကြားခဲ့သည်ကို လေး စားဂုဏ်ပြုသောအားဖြင့် နိုင်ငံအတွက် လူတော်လူကောင်းများ ထပ်မံပေါ်ပေါက်လာစေရေး ရည်ရွယ်ချက် ဖြင့် ယခုဆုအား ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း Nation Media Group ၏ကြေညာချက်တွင် ဖော်ပြထားပါသည်။
ဒေါက်တာစင်သီယာမောင်သည် အာရှနိုဘယ်လ်ဆုဟု ခေါ်သည့် ရေမွန်မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထားသည့် ဆုပေါင်း (၁၅) ဆု ရရှိထားပြီးဖြစ်ပါသည်။
သူဟာ နိုင်ငံရေးသမား တဦး မဟုတ်ခဲ့ပါ ။ ဘဝ ကို ရိုးရိုးစင်းစင်း ဖြတ်ကျော် လာခဲ့ပြီး သူ လုပ်သင့် လုပ်ထိုက် တာများကို ကိုယ်ကျိုး မဖက် အားတက်သရော လုပ်ဆောင်ခဲ့တာဖြစ်ပါသည် ။ ဒုက္ခ ရောက်နေကြသော မြန်မာ နိုင်ငံသားများ အတွက် စိတ်ထားဖြူစင်စွာဖြင့် သူတတ် ကျွမ်းထားသော အသက်ကယ်ပညာဖြင့် သူ့ ဘဝ ကို ပေးဆပ်နေသူတဦး ဖြစ်ပါသည် ။အခက်အခဲများစွာ တွေ့ ခဲ့ရပေမဲ့ ဇွဲမလျှော့ ခဲ့ပါ ။ ယခုထိတိုင် မိမိ တတ်ကျွမ်းသော မွန်မြတ်လှသည့် ဆေးပညာ ဖြင့် စေတနာ အရင်းခံ ကာ တောကြို အုံကြား တွင် မတတ်သာ၍ နေထိုင်ကြရသော ဆင်းရဲ ပြီး ကျန်းမာရေး၊ပညာရေး ချို့ တဲ့သော ဒုက္ခသည် များ နှင့် လက်ရည်တပြင်တည်း နေထိုင်လျှက် လူသား ဆန်သော ဆရာဝန် တဦး အနေဖြင့် တာဝန်ကျေပွန် လျှက် ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလျှက် ရှိနေပါသည် ။
ချစ်ခင် လေးစားရပါသော ဆရာမကြီး ဒေါက်တာ စင်သီယာမောင် ကိုယ်စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်းပြီး အများအကျိုးကို ဆထက် တန်ဘိုး တိုးကာ ထမ်းဆောင် နိုင်ပါစေကြောင်း ထပ်လောင်း၍ ဆုမွန်ကောင်းတောင်းအပ်ပါသည် ။
ကိုးကား စာရင်း။ ။
http://www.khitpyaingnews.org/news/july09/210709b.php
http://parsethan.wordpress.com/2008/