တို့ခေတ်ရောက်ပြီလို့  ကြွေးကြော်ရမဲ့ အီး ခေတ် ကြီး မှာ အရာရာ အီး တွေ လွှမ်းမိုးမှုကို ခံနေကြရတယ် ။ ဗမာလို အီး က နားဝင်ချိုစရာ မကောင်း လှပေမဲ့ အင်္ဂလိပ်လို အီး ကတော့ နေရာတိုင်းလိုလို သုံးလို့  ကောင်းမှကောင်း ဆို ယုံကြမှာလား ။ လာပြန်ပြီ အီးဋီကာ .. ချဲ့လို့ မပြီးနိုင်ဆို အီးခေတ်ကြီးကလည်း အဆုံးအစ မရှိ ကျယ်ပြန့်နေလှပြီကိုး။
အီးခေတ် ရောက်တော့ အီးတွေ သုံးကြ သပေါ့ ကွယ် ။ အရင်က ကြေးနန်းကြိုး (သံကြိုး ) တို့ နေရာမှာ အီးမေးလ်တွေ အစားထိုး လာတော့ ၊ ဆက်သွယ်ရေးဝန်ကြီးဌာနလည်း ဝင်ငွေ လျော့  ၊ တွက်ချေမကိုက် ဖြစ်ရှာလေသပေါ့ ။ သူ့ ကြေးနန်းကြိုး ၊ သံကြိုး တွေ က အချိန်လည်းကြာသေး ၊ ဆိုတော့ အီးကြိုး အဲလေ အီးမေးလ် နဲ့က ပို အလုပ်ဖြစ် စိတ်ချရတယ် မဟုတ်လား ။ ဒီတော့ အီးမေးလ်တွေ ပဲ သုံးကြပေမပေါ့ ။ ဒါပေမဲ့ အဲဒီ အီးကလည်း ရာနှုန်းပြည့် သိပ်တော့စိတ်ချလို့ မရ။ ဟက်ကာ ဆိုလား ဘာလား ခိုးဖေါက်ခံရတာတွေ လည်း ရှိသေးဆိုပဲ ။ အီးသူခိုး လို့  ပြောရမှာ ပေါ့ နော်။ အဟက်..။ ရှိသေးတယ် အီးဘွတ်.. E Book ၊ အွန်လိုင်းပေါ်ကနေပြီး ပညာရှာချင်သူတွေ စာဖတ်ချင်သူတွေ အတွက် အတော်လေး အဆင်ပြေတယ် ။
နောက် အီး တခုက အီးဘေး.. ဟေးဟေး ။ ဝေးဝေး မတွေး နဲ့ အီးဘေးဆိုတာ e Bay ပါ ။ အွန်လိုင်းလေလံတင်တဲ့ဝက်ဆိုဒ်တခုပေါ့ ။ ဘာလိုချင်လည်း ရမယ် ။ အီးဘေး ပေါ်သာ တက်ရှာ ။မိနစ်ပိုင်း အတွင်း ရနိုင်တယ်။ အပ် ကအစ ။ အဲ.. ဘယ်ထိ အဆုံးလည်းတော့ မသိ ။ ဘယ်မှာပဲ ဆုံးဆုံး ကိုယ့် ခရက်ဒစ် ကဒ် ထဲက ပိုက်ပိုက်လေးတွေ မဆုံး ဖို့ အရေးကြီး ဆုံး ။ ပစ္စည်း ကောင်းလည်း ရ ၊ ဈေးလည်းချို ဆိုတာမျိုး က စိတ်ရှည် လက်ရှည် ရှာတတ်အုံးမှ။ စိတ်မချရတဲ့ ဆိုက်ကနေ ဝင်ဝယ် မိလို့  အနှပ်ခံရ ။ အဆော်ခံရတာတွေလည်း ဒုနဲ့ဒေးပါပဲ။ သတိတော့ ထားရတယ် ။ တခါတုံးကဆို ဒီနိုင်ငံက ကောလိပ်ကျောင်းသား တယောက် အွန်လိုင်းကနေ ဟန်းဖုံးတလုံး ဝယ်လေသတဲ့ ။ သုံးတဲ့ ကဒ်က သူ့ အဖေရဲ့ကဒ်ကို အဖေမသိအောင် ယူပြီးသုံး သတဲ့ ။ အဲဒီမှာ ဝင်တော့ တမျက်နှာပြီး တမျက်နှာ ၊ သူတို့  မေးတဲ့ မေးခွန်းတွေ ဖြေ ၊လိုတဲ့ အချက်အလက်တွေ ဖြည့် ။ နောက်ဆုံး ပစ္စည်း ကိုဝယ်ပါပြီ purchase ဆိုတဲ့ အကွက်ကို နှိပ်တော့ အဆင်မပြေ တချက်နဲ့ မဝင် ၊ နှစ်ချက်နှိပ် မဝင် နဲ့ အချက်ပေါင်းများစွာ နှိပ်လိုက်ရပါသတဲ့ ။ နောက် ၁ရက် နေတော့ ဟန်းဖုံးတလုံး အိမ်တိုင်ယာရောက် လာပို့သတဲ့ ။ နောက် ၂ ပါတ်လောက် အကြာမှာ သူ့ အဖေ ဘီလ် ရောက်လာတော့ မှ ထောင် ဂဏန်း တန်ဘိုး ရှိတဲ့ ပစ္စည်း အတွက် သိန်းနဲ့ချီပြီးပေးရတော့မဲ့ ကိန်းဆိုက်မှန်းသိရတယ်။ ဒီတော့မှ မျက်လုံးပြူးမျက်ဆန်ပြာနဲ့ ရဲစခန်းရောက် တိုင်ချက်ဖွင့် ။ အီးဆက်သွယ်ရေးကို ထိန်းချုပ်တဲ့ ရဲအဖွဲ့ ရှိနေလို့  တော်သေးတာပေါ့ ။အဲဒီ အလိမ်ခံရတဲ့ ပိုက်ဆံ ပြန်ရ မရတော့ မသိဘူး ။
အင်တာနက်မှာ ပြထားလို့  ဝယ်တဲ့ပစ္စည်းက တမျိုး ။ လက်ထဲရောက်လာတဲ့ ပစ္စည်းက တလွဲ ဆိုတာမျိုးကတော့ မကြာခဏကြားနေရတဲ့ သတင်းတွေပါပဲ ။ ကွန်ပြူတာကို အွန်လိုင်းမှာ ဝယ်တာ လက်ထဲရောက်လာတော့ အုတ်နီခဲလုံး တဲ့ ။ တိုင် လိုက်တော့ သူဝယ်တဲ့ ဆိုက် က မြေအောက်ဆိုက် ။ မြေလျှိုးမိုးပျံဆိုက် တွေ ဖြစ်နေတာလည်း တပုံတပင်။ဒါကြောင့် အစိုးရကလည်း အမြဲသတိပေးတယ် ၊ စိတ်ချရတဲ့ ဆိုက်တွေကနေပဲ အွန်လိုင်းပစ္စည်းဝယ်ဖို့ ။
ထားလိုက်ပါတော့ ကိုယ်ညံ့ ကိုယ်ခံပေါ့နော် ။ ဒီတခါ တွေ့ လိုက်တဲ့ သတင်း က တမျိုးထူးဆန်းပါ့။ ရောင်းတဲ့ ပစ္စည်းက အီးမ တယောက် ကျွတ်ကျန်ခဲ့တဲ့ ဖိနပ် တဖက်.. ။ အံမလေး .. ရူးနေလို့လား ဖိနပ်တရံလည်း မဟုတ်သမို့ စီးလို့လဲ မရ။ တဖက်ထဲကို လေလံတင်သတဲ့ ။ မယုံ မရှိနဲ့နော် ။ ဖိနပ်က တဖက်ထဲ ရယ် ။ ဒါပေမဲ့ ဈေးက မသေးလှ ။ ဈေးမသေးဆို သူက ရာဇဝင် နဲ့ လာသကိုး ။ ဇာတ်လမ်းက ဒီလို။
လွန်ခဲ့တဲ့ ၄-၅ ရက်လောက်က သြစတြေးလျတိုက်ကြီး က နိုင်ငံကြီး မှ ဂျုလီယာ ဂီလာဒ် ဆိုတဲ့ အမျိုးသမီး ဝန်ကြီးချုပ် .. အော်ဇီနိုင်ငံ အထိမ်းအမှတ်ပွဲတခုကို တက်ဖို့ ဟန်ပါပါနဲ့ လာသတဲ့ ။ အဲဒီအချိန်မှာပဲ ပွဲလုပ်မဲ့ အဆောက်အဦကြီး ပတ်လည်မှာ အော်ဇီ ဒေသခံ တိုင်းရင်းသား အဘော်ရီဂျင်း ၁၀၀ လောက်က ဝန်းရံထားပြီး ဆန္ဒပြ အော်ဟစ်ကြသတဲ့ ။ မိနစ် ၂၀ လောက်ကြာတော့ အခြေအနေမဟန် တာနဲ့ သူမရဲ့ သက်တော်စောင့်တွေ ခြံရံပြီး ကားရှိရာကို အပြေးတပိုင်း သွားစဉ်အခါမှာ ကမ္ဘာကျော်မဲ့ နံပါတ် ၈၊ အပြာရောင်ဖိနပ် ရဲ့ ညာဖက် တဖက် ဟာ ကျွတ်ပြီးကျန်ရစ်ခဲ့လေသတဲ့ ။
အဲဒီမှာတင် စင်ဒရဲလားတယောက် နာမယ် ကျော် တော့တာပါပဲ ။ကြင်ယာတော်ရှာခံရတာတော့မဟုတ်ပါဘူး ။ သူ့ အဖေါ်မဲ့ ဖိနပ် တဖက်ကို ကောက်ရသွားတဲ့ အဘော်ရီဂျင်လူမျိုးတွေက အီးဘေးပေါ်ကနေ လေလံပြစ်ခံရတာပါပဲ။ လေလံတင်တဲ့ သူကလည်း ကြေငြာထားလိုက်သေးတယ် ။ “Please bear in mind also this is a single shoe, not a pair, so it would be difficult to walk in, unless you're the PM," ”။ သင်သတိပြုရန်မှာ အဆိုပါဖိနပ်သည် တစ်စုံ မဟုတ်၊ တဖက်ထဲသာ ဖြစ်ပြီး ၊ အကယ်၍ သင်သာ ဝန်ကြီးချုပ်တဦး မဟုတ်ပါက ၊ ထိုဖိနပ်ဖြင့် လမ်းလျှောက်ရန် ခက်ခဲနိုင်ပါသည်... တဲ့ ။ အံမယ်.. ဖိနပ်ကို စီးတဲ့သူက နယ်နယ် ရရ မဟုတ်တော့ သူမရဲ့ နံပါတ် ၈ -Midas - Glorify စီးတော်တစ်ဖက် ကလည်း ကမ္ဘာကျော်သွားလေတာပေါ့။ စစချင်း ကြမ်းခင်းဈေး ၁၄၈ အော်ဇီဒေါ်လာကနေစလိုက်တာ၊ နာရီဝက် အတွင်း ဒေါ်လာ ၂၅၅၀ ပေး ဝယ်မယ် ဖြစ်ရော..( နောက်ထပ် တနာရီ မပြည့်ခင် အချိန်မှာတော့ ဒေါ်လာ ၄၅၀၀ တန်ဖိုးတက်သွားလေတယ် တဲ့ )။ အံ့ ရော.. လူတွေများ တယ်ရူးကြပေသကိုး ။ ဒါတောင် နာရီပိုင်းလေး ရှိသေးတာနော်.. ဆက်ထားရင် ဆက်တက်အုံးမဲ့ သဘော ရှိတယ်။
ဒါပေမဲ့... ဒါပေမဲ့ ... နောက်ဆုံးမတော့ ဒီလို လေလံတင် ရောင်းချတာဟာ သူတို့ အီးဘေး အွန်လိုင်းအရောင်းအဝယ် ဥပဒေ အရ တရားမဝင် ပါ ဘူး တဲ့ ။ အကြောင်းကတော့ လေလံတင် ရောင်းချမဲ့ ပစ္စည်း ဟာ ကိုယ်ပိုင် ပစ္စည်း ဖြစ်ရမယ်တဲ့ ။ အကယ်၍ ကိုယ်ပိုင်ပစ္စည်း မဟုတ်ရင်တောင် နဂို ပိုင်ရှင် ရဲ့ သဘောတူညီချက် ရှိပြီးမှသာ ရောင်းပိုင်ခွင့် ရှိပါသတဲ့ ။ တရားဥပဒေ စိုးမိုးတဲ့ ၊ လိုက်နာ လေးစားကြတဲ့ နိုင်ငံကြီးတွေ ဆိုတော့လည်း မမှန်တာ မလုပ်နိုင်ကြ မလုပ်ကြတော့ နောက်ဆုံးမှာ လူတွေ အလုအယက် လိုက်ဝယ်နေတဲ့ ဒီဖိနပ်ပြာပြာကြီးခမျာ အွန်လိုင်းပေါ်မှာ ရောင်းချလို့ မရသော ဖိနပ်တဖက် ဖြစ်သွားပါလေ သတဲ့ ။
( ကိုယ်တို့ တိုင်းပြည် များ အွန်လိုင်းကနေတောင် ရောင်းစရာ မလိုဘူး နော်။ ဘာ အီးဘေးမှ မလိုဘူး ။.. ဂီတအနုပညာ ဖျော်ဖြေပွဲတခု မှာတင် ..သုံး လေးထောင်လောက်သာသာ တန်တဲ့ တီရှပ် အဖြူလေး ၊ အမှတ်တရ. ရှားရှားပါးပါး လက်မှတ်များရေးထိုးထားတဲ့ တီရှပ်ဖြူလေး တစ်ထည် ကို ကျပ် ၁၂၅ သိန်း နဲ့ အလှူဒါနပြု သွားသူများရှိတယ် ။ ဒါကျတော့ အရူးထတယ် လို့  မဆိုနိုင်ပါဘူး ဆိုရင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တတ်လိုက်တာ လို့  ပြော ချင်ရင်လည်း ပြောကြပေါ့ နော်။)
ဒီဖိနပ်တဖက် ကိုကြည့်ပြီး အတွေးထဲ ရောက်လာတဲ့ ဖိနပ် တရံ ရှိသေးတယ် ။ ပြောရရင် ဒေါပွမှာလား ။သိချင်ရင်ပြောပြမယ် ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ တကယ်ဖြစ်သွားခဲ့တဲ့ ဗုံးပေါက်မှု အဲ..အဲ .ဖိနပ်ပေါက်မှုကြီးပါ ။ ကိုယ်တို့ ရဲ့ ခုလက်ရှိ ဘဘကြီး ( ထိုစဉ်အခါက ဘဘလေး ပေါ့ ) အား၊ မိုးတလုံး လေတသီး အမျိုးစုံ ညာရွှီးနေတဲ့ ဘာ ဇွန် ဆို လား ။ အဲ့ဒီလူကြီးက ပေါက်စရာ ရှားလို့  ထင်ပါ့ ။ ပန်းနဲ့လဲ မပေါက် ၊ သြဇာသီးနဲ့လဲ မပေါက် ၊ဘဲဥပုပ်နဲ့လဲ မပေါက် ပဲ သူ့ ရဲ့ အယ်ဒို Aldoစီးတော်ဖိနပ် နဲ့ ကောက်ပေါက်ခဲ့တဲ့ ရာဇဝင် စာတင်ရမဲ့ အဖြစ်..။ နှစ်ခါ ပစ်တာ နှစ်ခါစလုံး မှန်တယ် ဆိုပဲ ။ ဘာကို မှန် တာလည်း တော့ မသိ ။ (အခင်းဖြစ်ပွားစဉ် အချိန်မှာ မျက်မြင်တွေ့ လိုက်ကြသူများ ပြောပြပေးဖို့  တောင်းဆို ချင်တယ်။ သမိုင်း အစစ်အမှန်ကို ပြန်လည် မှတ်တမ်းတင်နေကြတာ ခေတ်စားနေတယ် မဟုတ်ပါလား ။)အဲဒီတုံးက ဖိနပ်တရံကို ကောက်ရသူများ အီးဘေးမှာ လေလံတင်လိုက်ရင် ဘယ်လောက်တောင် ဈေးကောင်းရလိမ့်မလည်း လို့ သိချင်စမ်းလှတယ် ။ (ဒါပေမဲ့ ဖိနပ်ပိုင်ရှင်က လေလံတင်ဖို့ သူ့ ဟာသူပဲ ပြန်ကောက်သွားပုံရပါတယ်။အောက်မှ ပုံကိုကြည့်ရင် သိပါမယ်။ )
ဒီပုံကိုတော့ ဒီနေရာမှ ယူထားပါတယ်..
အကယ်၍သာ အဲဒီ အယ်ဒို ကြီးကို ၊ ဂျူလီယာဂီလဒ်ရဲ့ ဖိနပ်ပြာတဖက် လိုမျိုး အီးဘေးမှာ အီးလေလံ တင်ပြီးရောင်းလိုက်ရရင်ရော..အသင်တို့ ဘယ်၍ ဘယ်မျှ ဈေးအပြိုင်ပေးကြမှာလည်း..... ဟဲ ဟဲ ..။ ဝါသနာပါရင် ဝင်ဆွဲသွားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျား... ...
အော်ဇီဖိနပ်သတင်းတွေကိုတော့ ဒီနေရာ များ မှ ရယူထားပါတယ် ။
အီးခေတ်ကြီးမှာ အီးဘေးများနဲ့ အလျဉ်းသင့်သလို အဆင်ပြေပြေ ရှိနိုင်ကြပါစေသတည်း ။။။
စနေ တနင်္ဂနွေ ပိတ်ရက် အားလပ်ရက် မှာ ပေါ့ပေါ့ပါးပါး လေးပေါ့ ။ အမြဲတမ်း မပေါ့မပါးကြီး ဖြစ်နေရတာ လူလည်းပင်ပန်း စိတ်လည်းပင်ပန်း တယ်မဟုတ်လား ။ တကယ်ဆိုရရင်တော့ ဘလော့ ထဲ မှာ စာရေးခြင်း ကို ပျင်းရိ ငြီးငွေ့  နေတဲ့ အတွက် ပို့ စ်တွေ ဆက်မရေးဖြစ်တော့တာ ။ ဘလော့လည်ခြင်းကိုလည်း သိပ်မလုပ်ဖြစ်တော့တာ ပါ ။ ဒီထက်ပိုမှန်ကန်စွာ ဆိုရမယ်ဆိုရင်တော့ ဖဘ လို့  ဆိုနေကြတဲ့ မျက်နှာစာအုပ် ပေါ်မှာပဲ အချိန်တွေ ကုန်နေမိလို့ ပါ ။ အရင်ကတော့ ဂိမ်းတွေ သည်းသည်းမဲမဲ ကစားတယ် ပေါ့ ။ ခုတော့ နဲနဲ အမြင်မှန်ရလာလို့  ဂိမ်းတွေနဲ့ အချိန်သိပ်မဖြုံးတော့ပါဘူး ။ လူမှုရေးကွန်ယက် ဆိုတဲ့အတိုင်း အဲဒီကွန်ယက်ကြီးထဲက တဆင့် ကမ္ဘာ့သတင်း မြန်မာ့သတင်း ပေါင်းစုံကို ဟိုဝင် ဒီထွက် ဖတ်မိ ခြင်း ၊ မိတ်ဆွေ အပေါင်း အသင်းများ နဲ့ လတ်တလောအကြောင်းအရာ အမြင်များ ဖလှယ်ခြင်း ၊ နောက်ပြောင်ခြင်း၊ အစရှိတာတွေနဲ့ အချိန် ကုန်တာ များပါတယ် ။ ကဲ..စကားကြော ရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး ။ ပေါ့ပေါ့ပါးပါး ဖြစ်အောင်ပဲ ဆက်လက်ရှုစားကြတာပေါ့ ။
မျက်လုံးချင်းဆုံရင်ခုန်ရမဲ့ အရွယ် မှာတော့ တယောက်မျက်နှာ တယောက်ကြည့်ကာ နဲ့ ဒိန်းတပ်တပ် ဖြစ်လေ့ရှိကြတယ်။ အဲဒီအရွယ်ကနေ လွန်မြောက်လာကြတော့ မျက်ဝန်းထဲမှာ အဖြေရှာတတ်လာကြတယ် ။ တဦးနဲ့ တဦး စပြီး တွေ့ စုံ သိကြွမ်း ကြသူများ ဘယ်နေရာကို စပြီး ကြည့်လေ့ရှိကြသလည်း ။ လူတိုင်းတော့ အလေ့အကျင့်ခြင်း တူကြမယ် မဟုတ် ။ တချို့ က ခြေထောက် ကို စပြီးကြည့်တတ်ကြတယ်။ တချို့ ကျတော့ ခန္ဓာကိုယ် အချိုးအဆက် ကိုယ်လုံးကိုယ်ပေါက် ၊ တချို့ ကျ မျက်နှာပေါက်၊ တချို့ ကျ အဝတ်အစား အပြင်အဆင် စသဖြင့် ကြည့်တတ်ကြတယ် ။ တချို့ ကျ အထက်စီးကနေ မတူသလို မတန်သလို မျက်နှာပေးမျိုးနဲ့ တဖက်သားကို ကြည့်တတ်ကြတယ်။သန်ရာ သန်ရာ အကျင့် တမျိုးစီ ရှိတတ်ကြတာပေါ့ ။
ဘယ်နေရာကိုပဲကြည့်ပြီး အဓိပ္ပါယ် ဖေါ်ဖေါ် မျက်ဝန်းထဲက အရိပ် ကို တော့ လိမ်ညာ ဟန်ဆောင် ဖုံးကွယ်ထားလို့ မရစကောင်းပါဘူး ။ မျက်ဝန်း ဆိုတာ စိတ်ရဲ့ သဏ္ဍန် ကို ဖေါ်ဆောင်ပြလေ့ရှိကြတယ် ။ မျက်လုံးများမှတဆင့် ထိုသူ မှာ -စိတ်တည်ငြိမ် ရင့်ကျက်သူ၊ ဖြောင့်မတ်သူ ၊ စိတ်ထား ကောက်ကျစ်သူ ၊ စိတ် ဂဏာမငြိမ်သူ စသဖြင့် ခွဲခြား ကြည့်မြင်လို့ ရနိုင်ပါတယ်။
တချို့များ လူကဲခပ် သိပ်တော်ကြတယ် ။ လူတယောက်ကို ကြည့်လိုက်တာနဲ့ သူ့ ဝမ်းထဲမှာ အူ ဘယ်နှစ်ခွေ ရှိသလည်းဆိုတာကိုတောင် အတပ်သိ တယ်ဆို ပဲ ။ အဲသလောက်ကြီးကတော့ လွန်တာပေါ့ လို့ ပဲ ပြောရမလို။
အဲဒီတော့ မလွန် ရလေအောင် ကိုယ့်မျက်ဝန်းရိပ်ပဲ ကိုယ်ပြန်ကြည့်ကြတာပေါ့ ။ကဲ.. စကြည့်ကြမယ် ။
တကယ်လို့ သင်ဟာ ကုမ္ပဏီကြီး တခုနဲ့ ပတ်သက်နေတဲ့သူတယောက် ဆိုကြပါတော့ ။ သင် ဟာ အဲဒီ ကုမ္ပဏီကြီး မှာ ဘယ် အဆင့်အတန်း ဖြစ်ပါသလည်း ဆိုတာ ခန့် မှန်းကြ ရအောင်.။အပေါ်မှာ ပြထားတဲ့ ပုံတွေ ထဲကနေ သင့်မျက်ဝန်းရိပ်နဲ့ ထပ်တူညီမယ် ထင်ရတဲ့ ပုံတပုံကို ရွေးလိုက်ပါ ။ နံပါတ် (၁) မှ နံပါတ်(၆) ထိ တခု ပဲ ရွေးပါ ။( ခွေးနဲ့ နှိုင်းရက်လေခြင်းလို့ တော့ မထင်ကြစေလိုပါ ။ )
----------------------------------------------------------------------------
သေချာ ရွေးပြီးပြီ ဆိုရင်တော့ အောက်တပုံ ကို ဆက်ကြည့်လိုက်ကြတာပေါ့ နော် .။ နဂိုက တရုပ်စာသားတွေနဲ့ ရေးထားတာမို့  အဆင်ပြေအောင် ဘာသာပြန်ပေးထားပါတယ် ။ မှန်တာရှိ ဝန္ဒာမိ ပါ ။း))
-(၁)သူဌေးကြီး - မင်းတို့ ဘာတွေလုပ်နေသလည်းဆိုတာ ငါအကုန်သိနေတယ် ၊ အလုပ်ကောင်းကောင်း လုပ်ကြ ဟေ့ ဆိုတဲ့ စူးရှရှ မျက်နှာပေး အကြည့်။
-(၂)အထွေထွေ မန်နေဂျာ - ငါ မျက်နှာရအောင် သူဌေးကိုဖါးအုံးမှ ပဲ ဟူသော အကြည့်မျက်ဝန်း။
-(၃)မန်နေဂျာ -အောက်ကကောင်တွေကို မျက်လုံးဒေါက်ထောက်ပြီး ကြည့်ထားမှ ၊ အပေါ်က မန်နေဂျာကြီး ကိုလည်း အလိုက်သိအုံးမှ ဟဟဟ ... အကြည့်။
-(၄)Secretary ဘောစိရဲ့ စက်ကပ်ကျေး-သူဌေး စိတ်မကွက်ရအောင် ပြာယာခပ်ပြီး စီစဉ်ပေးနေရတဲ့ ရှပ်ပြာပြာ မျက်ဝန်းရိပ် ။
-(၅)ရိုးရိုး ဝန်ထမ်း အလုပ်သမား- ခိုင်းတာလုပ် ၊ ကြုံရင် ရေသာခို ၊အချိန်တန် လခ ယူရုံပဲ ။ အချိန်ရှိခိုက် လုံ့ လစိုက်စွာ ငိုက်မြည်းနေတဲ့ မျက်ဝန်းလေး။
-(၆)အလုပ်သင် - ဘုမသိ ဘမသိ ဟိုဟို ဒီဒီ ရဲ့ အဟောက်ခံ မျက်ဝန်းလေး ။
ကဲ ..သင့် ရဲ့ အလုပ်ခွင် မှာ သင် ဘယ်အဆင့်ရှိနေလည်း ။ မှန် / မမှန် တော့ သင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ် ။
မိတ်ဆွေ အားလုံး နံပါတ် (၁) ဖြစ်ကြပါစေ ။ ဤ ဒီစာရေးသူ ခမျာမတော့ တန်ရာတန်ရာ နံပါတ် (၅) မျှသာ ဖြစ်ပါကြောင်း အသိပေး ဝန်ခံအပ်ပါတယ် ။ တကယ်ပါ ။ ခုတလော ဖဘကြီးထဲ အချိန်ကုန် အိပ်ရေးပျက်တာများလာတော့ နံပါတ် (၅) အဆင့်သာ ရှိပါတော့တယ် ။
တရုပ်တွေရဲ့ အကြည့် မျက်ဝန်းရိပ်ကို ပုံဖေါ်ထားတဲ့ တရုပ်အတွေး ပုံလေးတခုကို ပြန်လည် မျှဝေလိုက်တာပါ ။
ချစ်မိတ်ဆွေ များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ..။
ဒီတခေါက်တော့ ရောဂါသည် ဖွားကိက သူများတွေလို ဆန္ဒန်ဆင်မင်းဇာတ်ခင်းပြီး ငိုချင်းလည်း မချလိုပါ။ တချို့တွေ ပြောသလို ဒါး ဒါးချင်း ။ ဒုတ် ဒုတ်ချင်း လည်း မဖြေရှင်းလိုပါ ။ အခြေအနေပေးတဲ့အတိုင်း ခွေးဇာတ်ခင်းပြမှာပဲ ဖြစ်ပါတယ် ။ ခွေးဇာတ်ခင်းတယ် ဆိုလို့  တမျိုးတမည်တော့ မထင်ကြစေလိုပါ ။ စာအကြောင်းပေအကြောင်း ၊ကျန်းမာရေးအကြောင်း၊ ဆေးအကြောင်း၊မပြောချင်လို့ မပြော ။ လူတွေအကြောင်းလည်း မပြော ချင်လို့ မပြော၊ ပြောချင်နေတာက ခွေးတွေအကြောင်း၊ ခွေးဇာတ်လမ်း ကို တင်ပြမှာဆိုတော့ ခွေးဇာတ်ခင်းတယ် လို့ ပဲ လွယ်လွယ်ခေါ်လိုက်ကြရအောင် ။
အရှင်မွေးတော့ နေ့ချင်း ဆိုသလို ကျွန်ုပ်ရဲ့ ဇာတ်လိုက်ကျော်ကြီး အောင်နက်တကောင် စိုင်ကော်လို့ ခြုံပေါ်ရောက်ရုံတင် မက ရွှေဘုံရွှေနန်းပေါ်ရောက်လာခဲ့ပါပြီ ။ ခွေးအောင်နက် ဆိုတာ အရင်ခေတ် .အဲလေ..အရင် စာမျက်နှာ ဟောင်းများ အပေါ်မှာ နေစရာမရှိ စားစရာ နတ္တိ ဂလေဂချေ အလေဝတော ခွေးဝဲစားလေး တကောင်ပါ ။ သူ့ အိမ်သူသက်ထား ခွေးမယားက အနုပ်စုတ် ဂုတ်စုတ် ဂုတ်ကျားမ ။ သားတော်မောင် မိုက်ခဲဖိုးလပြည့် နဲ့ သမီးတော် ခင်ကလျာထွန့် ထွန့် လူး တို့ ခွေးမိသားတစု မြို့ ပြင် ရပ်ကွက်တခုမှာ နုံချာချာဘဝ နဲ့ နေခဲ့ကြရတယ်ပေါ့ ။
ဒီလိုနဲ့ ကံဇာတာတက် လန်ကာထွက် လာတဲ့အချိန် အကြံအဖန်ကောင်းလှတဲ့ သူ့ ယောက်ဖတကောင် ရဲ့ စောင်မကြည့်ရှုမှုကြောင့် အာနာပါန မကျင့်ဖူးပေမဲ့ ဗေဒင် ယတြာ ဓါတ်ရိုက်ဓါတ်ဆင်တွေ တန်ခိုး ကြောင့် အောင်နက်ကြီးခမျာ အာဏာပါဝါတွေ ရရှိလာခဲ့ပါတော့တယ် ။
အောင်နက်ကြီးက ပညာသာမတတ်တာ၊ ဟန်အမူအရာကတော့ မှင်သေသေမို့  အကြောင်းမသိသူတွေ ကို ဟိတ်ဟန်တလုံးနဲ့ ရိုက်စားတတ်ပါသေးရဲ့ ။ ဟန်ကိုယ့်ဖို့ ၊ မဟုတ်ပေလား ။လူရိုသေ၊ရှင်ရိုသေ မတန်မရာ မပြောတာမို့ ၊ ခွေးရိုသေ ခြင်္သေ့ရိုသေဖြစ်အောင် သူ့ ရဲ့ အမည်နာမကို အရင်ပြောင်းကြဦးစို့ ရဲ့လို့  စဉ်းစားမိတယ် ။ ခွေးဝဲစား ကို အောင်နက် လို့  ခေါ်ရတာ အဆင်ပြေပေမဲ့ ခုလို မင်းစာရင်းဝင် ဖြစ်လာတော့လည်း၊ ပြည်တော်ကြီးရဲ့ ထုံးစံအတိုင်း အမည်ပြောင်းရတော့တာပေါ့ ကွယ်။ အထွဋ် အညွန့် ကို “ဇော်” တပ်ခေါ်ရမဟဲ့ ဆိုပြီး ၊ “မင်း”ဆိုးရာဇာ အဲ..မင်းစိုးရာဇာ နာမည်လေးလည်း ပါရလေအောင် သူ့ နာမည်ကို “ အောင်ဇော်နက်မင်း” လို့ ပြောင်းလိုက်တယ်ပေါ့ ။ ထို့အတူပဲ ဝန်ကတော်သေရင် တကျပ် ၊ ဝန်မင်းသေတော့ တမတ် ဆိုတဲ့ စကားအတိုင်း(ဆိုင် ဆိုင် မဆိုင်ဆိုင် ထဲ့ရေးလိုက်သည်) ၊ ဝန်ကတော်နာမယ် ကိုလည်း ဝန်မင်းထက် ပိုတန်အောင် ဂုတ်ကျားမ ကို လေဒီမစ်ရှဲလ်ဂုတ်ကျား လို့ အမည်တွင်စေလိုက်တယ် ။လမပြည့်ပဲ မွေးထားတဲ့ သားတော်မောင် ကတော့ ဆက်မိုက်မြဲမို့  “မိုက်ခဲလကွယ်” ပေါ့။ ကျပ်မပြည့်တဲ့ သမီးတော် ခင်ကလျာနုနုထွတ် ကလည်းခေတ်စားနေတဲ့ ဘာမှန်းမသိတဲ့ ရောဂါဆန်း နဲ့ အတူ နာမည်ပြောင်းချင်လှပါရဲ့ဆိုလို့  ရှကီရာဂါဂါထွန့်လူး လို့ အမည်ပြောင်းပွဲကြီးကို မိုးလုံးပြည့်မုသာဝါဒါ သတင်းစာထဲမှာ ခွန်နှစ်ရက်တိုင်တိုင်ထဲ့သွင်းကြော်ငြာမောင်းခတ်လိုက်ကြလေတယ်။ ပလို့ဂျိ ..
ဘဝင်လေဟပ်သွားပေတဲ့ ဇာတ်လိုက်ကျော်ကြီး အောင်ဇော်နက်မင်း တကောင် မှာ အရင်က အမြှီးကုပ် ဝဲကုပ် ပြီး အမှိုက်ပုံတိုးစားနေရသလောက် ခုတော့ တပြည်လုံးကို လုပ်ကျွေးနေရတဲ့ ပုံစံ နဲ့ ခေါင်းမော့လည်ကျော့ အမြှီး တထောင်ထောင်ဖြစ်လာရပြီပေါ့ ။ရထားတဲ့ ရာထူးက မဖြစ်ညစ်ကျယ်ရပ်ကွက် ထဲက ဖြတ်ညှစ်(၁)ဝံမင်း ပေါ့ကွယ် ။ရပ်ကွက်တိုင်းမှာ ဝံမင်းတစ်ပါးစီရှိကြလေတော့ အများနဲ့ မတူ တမူးပိုရှူချင်တဲ့ ဇာတ်လိုက်ကြီးက သူ့ အရပ်နဲ့ မဆိုင်လည်း ဝင်ပါချင်နေတဲ့ အကျင့်လေးက ပိုပြီးတိုးလာသတဲ့။ သူ့ အပိုင် အရပ်ထဲက ရေပုတ်မြောင်းကြီး ၂ ခု ကို ရေညှာအရပ်က ပိတ်ပြီး အထဲက ဖါးတပိုင်း ငါးတပိုင်း တွေ၊ ဓါတ်ထုတ်တတ်တဲ့ ငါးရှဥ့်တွေကို အရမ်းကာရော လိုက်ဖမ်းစေပြီး လက်ဝေခံနဲ့တဆင့် ရောင်းစားတဲ့ အပြင် ရေပုတ်မြောင်းက ထွက်လာတဲ့ အမိုးနီးယား ဓါတ်ငွေ့ တွေကိုလည်း အိမ်နီးချင်း ရပ်ကွက် ကိုလက်ညှိုးထိုးပြီး ရောင်းစားလိုက်သေးသတဲ့ ။ သို့ပေသော်လည်း စားသုံးသူတွေအတွက် စေတနာရှေ့ ထားပြီး သူ့ အတွက် ပွဲခ ၁၀% လည်း ခွဲဝေယူပါသတဲ့ ။ ခုအချိန်မှာ ခေတ်စားနေတဲ့ ၇၀း၂၀း၁၀ အချိုးအတိုင်းပေါ့ကွယ် ။ သူက ရေထဲက ထွက်တဲ့ အဟွာတွေသာ ရောင်းစားချင်တာ၊ “ဂဏန်း” ကိုတော့ မကျွမ်းရှာလေတော့ ဟိုအရပ်က လူလည်ကြီး..အဲ ..ခွေးလည်ကြီးများနဲ့ အဖွဲ့ ရဲ့ လိမ်ညာလှည့်ပတ်ခြင်းခံလိုက်ရတာကို မသိရှာပဲ အတွက်အပေးမှာတော့ စက်သူဌေး ဖြစ်နေတာပေါ့ ကွယ်..
“ကိုအောင်နက် ၊ ရှင့်မလည်း တနေ့ တနေ့ ဓါတ်ငါးတွေ ဖမ်းနေရတာနဲ့ မအားရပါလား။ကျုပ်တို့ အိမ်အတွက် ဟင်းစားလေးများ ချန်ပါအုံးလား တော်။အလှူလဖက်နဲ့ မျက်နှာလုပ်၊ ခြေရင်း ခေါင်းရင်းအိမ်တွေလည်း ဝေရတာ ပေါ့။”
“ မင်းဘာသိလို့ လည်းကွ ၊ ခုအချိန်မှာ ငါ့ထက်တတ်တဲ့ သိတဲ့ကောင် ဘယ်သူမှ မရှိဘူး ။
ငါ့အရပ်က အဲဒီရေမြောင်းကြီးကလည်း ထိန်းသိမ်းတဲ့သူမရှိလို့ ပျက်စီးနေတာ ၊ သူ့ ဖါသာ သူ စီးချင်သလို လျှောက်စီးနေတာပဲကွ ။ ငါနဲ့မဆိုင်ဘူး ။ ငါက စေတနာနဲ့လည်း မြောင်းထိပ်က ပိတ်ပေးရသေးတယ် ။ဘာမှားလို့လည်းဟ။ ရတဲ့ ဟာတွေလည်း ငါ့အိမ်မှာ ပိုနေလို့  ရောင်းစားတာ ကွ.. နေစမ်းပါအုံး မင်းကိုပြောရအုံးမယ်.. လူရှေ့ အဲ..ခွေးရှေ့ မှာ ငါ့ကို အောင်နက်လို့ မခေါ်နဲ့ ၊ ခွေးရိုသေ ကြောင်ရိုသေ ငါ့နာမည်“ အောင်ဇော်နက်မင်း” ၊ မှတ်ထား ”
”အင်းပါတော် ၊ကျုပ်ကလည်း ခု ၊ အိမ်ထဲမှာ ဘယ်သူမှ မရှိလို့  ရှင့်နာမယ်အရင်းကိုခေါ်တာ၊ အကျင့်ပါနေလို့ပါတော်။”
လေဒီမစ်ရှဲဂုတ်ကျား ခမြာ လင်တော်မောင် အရှိန်ကိုကြောက်ပြီး လေပြေထိုးလိုက်ရလေတော့တယ်။ နို့မို့ဆိုရင် ဘာပြောကောင်းမလည်း ကတ်ကတ်လန်ပြီး ပြန်ရန်တွေ့ လိုက်တာ ကြာပြီပေါ့ ကွယ် ။ ခုတော့ စိန်နားကပ်ကြီးပန်ရမလို သီချင်းလေး စိတ်ထဲမှာဆိုပြီး အောင်နက်ကြီးကို စကားနည်း ရန်စဲ အဆင်ပြေအောင် နေပြလိုက်ရပါလေတယ်တဲ့ကွယ် ။
........................................................................
“ကိုကိုမောင်မောင်အောင်ဇော်နက်မင်း... ရေ ။ အံမလေး ရှင့်နာမည်ကြီးခေါ်နေရတာ ကျွန်မ အသက်ထွက်တော့မယ်...ကအောင်နက်ရေ ကအောင်နက်ရဲ့ ဒီဘက်ခန လာစမ်းပါအုံး ”
“ စောစောစီးစီး ဘာဖြစ်နေပြန်တာလည်း ဒီမိန်းမတော့ တယ်လေ၊ ငါ့အလုပ်တွေ ရှုပ်နေရတဲ့အထဲ မင်းကတမှောင့်”
“ရှင့်မှာ ဘာအလုပ်များရှုပ်စရာ ရှိလို့တုံး ။ လက်ညိုးညွန်ပြီး ဟိုခွေးခိုင်းလိုက် ဒီခွေးခိုင်းလိုက် နဲ့ အချိန်ကုန်နေတာပဲဟာ။ ဒီမှာလာကြည့်ပေးအုံး ။ မီးဖိုထဲက ဂက်စ်အိုး ပျက်နေပြီ ။ အဝတ်လျှော်စက်လည်း မလည်တော့ဘူး။”
“ ဟ..မင်းက ဒါလေးတောင် မလုပ်တတ်ဖူးလားကွ ။ ဂက်စ်အိုးပျက်တာမဟုတ်ဖူး ဟ ၊ အထဲမှာ ဂက်စ်ကုန်နေတာ ။ မှန်းစမ်း ..ဒီ အဝတ်လျှော်စက်.... အာ.. မင်းကလည်း တုံးပါ့ ၊မီးမှမလာတာကြီး ဘယ်လည်မတုံးဟ။ မင်းလည်းခက်တာပဲ ။ ဘာမှ ငါ့လောက် မသိဘူး မတတ်ဘူး ”
“ဟမ်.. ကျုပ်က ဘာသိမှာတုံး ကဖိုးသိရဲ့ ၊ရှင်ပဲနေရာတကာ သိနေ တတ်နေတာလေ ။ သူများကြားရင် ရယ်စရာ ဖြစ်နေအုံးမယ် ။ ဖြတ်ညှစ်ဝံဂျီးအိမ်မှာ ဂက်စ် မရှိတာ ၊ဝံဂျီးရပ်ကွက်ထဲ မီးပြတ်တာ လေ”
“ အိုးးးး အဲဒါတော့ ငါ့အိမ်ပိုနေတယ် ထင်ပြီး ရောင်းစားထားမိတာကိုးကွ ။ငါပေသီးချ တွက်ကြည့် တုံးက ပိုနေပါတယ် ။ ငါသေသေချာချာ တွက်ထားတာပါကွ ၊ အတွက်မှားမစိုးလို့ ဟို အေဘီစီဒီ အဖွဲ့က ကောင်တွေကိုတောင် သန်း၂ ကောင်ပေးပြီး တွက်ထားခိုင်းလိုက်သေးတယ် ။ ”
“ကဲ..ဘယ်သူအတွက်မှားမှား အခုလောလောဆယ် ဘယ်လိုလုပ်ကြမလည်း ။တော်မြိုဖို့ ထမင်းဟင်းချက်ရအုံးမယ် ။ အဝတ်လျှော် မီးပူတိုက်ရအုံးမယ် ။”
“ လွယ်ပါတယ်ကွာ ။ဖုံးဆက်ပြီး ငါ့ ရုံးက အကောင်တွေ ကို လာပို့ခိုင်းလိုက် ။ ”
“ ဂက်စ်ကတော့ အိုးနဲ့ထဲ့လာလို့ရတာပေါ့ရှင့်.. ၊ ရှင့်မီးက ကွန်တိန်နာနဲ့ထဲ့လာလို့မှ မရတာကြီး ”
“ မင်းကလည်း တယ်အ သကိုး ။ အီးပီစီက အကောင်တွေ ကိုပြောလိုက် ။ ငါပြောတယ် လို့ မပြောနဲ့.. အဲ.ငါခိုင်းတယ် လို့ ပြော.. သွား ၊ မြန်မြန်”
အောင်နက်ကြီး စိတ်မရှည်တော့တာနဲ့ သူ့ လေဒီဂုတ်ကျားကို ဖိဟောက်နေပါလေရောတဲ့ကွယ် ။
............................................................................
“မောင်အောင်နက်ရေ ..ဟေး မောင်အောင်နက် ရှိသလား ဟေ့”
မနက်စောစော အိမ်ရှေ့ မှ အော်ခေါ်သံကြားလို့ အောင်နက်တကောင် မျက်မှောင်ကုပ်သွားမိတယ် ။ စိတ်ထဲမှာလည်း မကြည်လင်တော့ ။ ဒီအသံကြီး ဘယ်အချိန်ကြားကြား ဘယ်နေရာမှာကြားကြား အသည်းထဲ စွဲနေအောင်မှတ်မိနေရတဲ့ ယောက္ခထီးကြီး “အော်စတင်ဆော်ရှောက်ဖန်” မှန်း ပြေးမကြည့်ပဲ သိလိုက်တာပေါ့ကွယ် ။ယောက္ခထီးကြီးကလည်း ခေသူမဟုတ် ၊ ခေတ်ရေစီးကြောင်းနဲ့အတူ ရောဂါဆန်း ရနေတဲ့ ရောဂါသည် တယောက်မို့  နာမည်ပြောင်းခြင်းအမှုကို ပြုပြီးသား။ သာမာန်ခွေးဘဝက “ လေးလုံး” အမည်ကို ပြိန်းတယ်ဆိုပြီး အကြံအဖန်လုပ် တရန်ဆုပ် ဖို့  အဲ..တရုပ်ဆန်ဖို့ အထက်ဖေါ်ပြပါ အမည်သစ်နဲ့ အဆီရစ်နေသူပါပဲ ။
“ဟေ ။ မောင် အောင်နက် ဪ မေ့လို့  မောင်အောင်ဇော်နက်မင်း ရေ ။ မင်းဆီ တောင်းစရာ ရှိသေးလို့ လာတာပဲကွ။ လုပ်စမ်းပါအုံး ကားပါမစ်လေး ”အလကားရ သွားဖြဲကြည့် ကောင်းတာအကုန်ယူ အာဂလောက် အသံကြီးနဲ့ ပြောလိုက်သူကတော့ အောင်နက်ရဲ့  ယောက္ခထီင်္းကြီးပဲပေါ့ ကွယ်
“ ဟာ.. အဖေ ၊ ဒီကိစ္စ ကျွန်မယောကျာင်္းနဲ့ မဆိုင်ဘူးလေ ။ သူက ဖြတ်ညှစ်(၁) ဝံဂျီးပဲဟာ ၊ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ ဖယောင်းတိုင်နဲ့ လက်နှိပ်ဓါတ်မီးဝံဂျီး အဖြစ်ပါ တွဲဘက် တာဝန်ယူနေရတာလေ အဖေရဲ့ ။သူ့ အလုပ်တွေက များကများ နဲ့ ။”
လေဒီမစ်ရှဲဂုတ်ကျားမ က သူ့ ယောကျာင်္း အမျက်တော်ရှမှာစိုးလို့ ကာကာကွယ်ကွယ် ရှောင်ပြော ပြောလိုက်တယ်တဲ့။
“ ဘယ်သူပြောလည်း ၊ငါနဲ့ မဆိုင်ဘူးလို့ ။ ဟေ့ဒီမှာ အောင်ဇော်နက်မင်း တဲ့ကွ ၊ တမင်း ထဲ ရှိတယ် ။ နှစ်မင်းရှိရင် တဂူထဲ မအောင်းဘူး ကွ ။ ငါ ခြင်္သေ့ ။ သိတယ် မလား ။ခုခေတ်မှာ ငါပဲတတ်တာ ။ ငါ့ထက်တတ်တဲ့သူ တောင် ငါ့လောက်မတတ်ဘူးကွ ။”အောင်နက်ကြီးက ဂုတ်ကျားမကို ဟိန်းဟောက်လိုက် သတဲ့ ။
ပြီးတော့မှ ယောက္ခကြီးဖက်လှည့်ပြီး “ ကဲ.. ပြောပါ အဖေ ၊ ကားပါမစ်က ရပါတယ်။ ၄၀ ကျော်နေတဲ့ အိုမင်းရွတ်တွ အဟောင်းတွေ အသစ်ပေးမလိုလို နဲ့ ဂွတ်စက္ကန်းဟန်းတွေသွင်းလာဖို့  ဂွင်ရိုက်ပြီးသား ပဲလေ။အရောင်းပြခန်းတွေလည်း ချိတ်ထားပြီးသား၊ စိတ်ချ အဖေရဲ့။ ဒီသတင်းကြောင့် ဒေါ်လှအပြားကြီးတောင် ဈေးတွေ တက်လာပြီ မဟုတ်လား ။ဟဲဟဲ ။ ကျွန်တော် သိပ်သိတာပေါ့ ။ဟဲဟဲ”
ယောက္ခမရှစ်ခိုးသွားမကျိုး ဆိုတော့၊ အောင်နက်ကြီး အတွက်“ ယောက္ခထီးဂွင်ထွင်၊ ရောဂါစင်” လို့ ပြောလို့လည်း ရမယ်ထင်ရဲ့။
သူ့ စကားကြောင့် ယောက္ခထီးကြီး ဆော်ရှောက်ဖန် တကောင် အူမြူးသွားတော့တယ် ။ သူ့ လက်ထဲမှာ အောက်ဈေးနဲ့ ဆွဲထားတဲ့ ၄၀ ကျော် အအိုကြီးတွေ တန်းစီလို့  နေပြီပဲဟာ ။ ၃၅၀၀ ပြ ဖို့လောက်ကတော့ မိုင်နာ တွေပဲလေ ။ ဒီတချီလည်း ဆော်ရှောက်ဖန်တို့ ဝဲစွဲ အုံးမယ် ။ အဲ.. ပျားစွဲ အုံးမယ်ပေါ့ ။ပိညှက်သွားရာ ဓါတ်ပါ ဆိုသလို သူ့ နာမယ်ရွေးတာမှန်သွားရခြင်း အတွက်လည်း မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ ကြံဖို့ဖန်ဖို့ အကွက်ချပြီးသားပဲပေါ့ ။
.........................................................................
“ ကအောင်နက် ရေ ။ ရှင့် သားတော်မောင် ကို ဘာခိုင်းထားသတုံး ။ ကျုပ်သားလေး မတွေ့ တာတောင် အတော်ကြာနေပြီ ”
“ မင်းတို့ မိန်းမတွေ နေရာတကာ တယ်စပ်စုတာပဲ ။ ငါ တတ်လို့ ငါလုပ်နေတာ ငါ့သား ငါခိုင်းနေတာ ။ ဟိုမေး ဒီမေး မလုပ်နဲ့ ”
“ ရှင့် သား ကို ရှင်တယောက်ထဲ ပိုင်တယ် ထင်နေသလား ။ ကျုပ်ဗိုက်ထဲကနေ မွေးထားရတာ တော့်၊ ကျုပ်သားဘာလုပ်နေတယ်ဆိုတာ ကျုပ်လည်း သိထားရမှာ ပေါ့ “
“အေး ။ မင်းသိချင်ရင် ငါပြောမယ် ။ ဒီကောင့်ကို ဟိုမြောင်းပုတ်ပိတ်ပြီး ငါရောင်းစားထားတဲ့ နေရာမှာ ဟိုဘက်က ကန်ထရိုက် ဟောင်ကောင်သားတွေနဲ့ ရှယ်ယာလဲလုပ် ပွဲစားလဲ လုပ်ဖို့  ခိုင်းထားတယ်ကွ ။ နှစ်ဖက်ခွစားလို့ ရအောင်ပေါ့ ။ခွေးထီးပဲကွာ ဘယ် ရောက်ရောက် အမြီး မပျောက်ပါဘူး ။စိုးရိမ် မနေနဲ့ ”
“ ဟင် အဲဒီ ကန်ထရိုက်တွေက ဟောင်ကောင်ကနေလာကြတာလား ။”
“ မင်းကလည်း အတော်ပိန်းတာပဲ ။ ငါတို့ ထက် ပိုဟောင်တတ်တဲ့ အကောင်တွေမို့  ဟောင်ကောင်သား လို့ ခေါ်ကြတာကွ ။ ခုဆို နေရာတကာ သူတို့ အမျိုးတွေချည်းပဲ လေ။ သဟာကြောင့် ဒင်းတို့ ကို ဖါးတတ်ရင် မြိုးမြိုးမျက်မျက် စားရ ဝါးရတာပေါ့ကွာ ။ ”
အဲဒီအချိန်မှာ အောက်နက်ကြီးက ပီတိနှလုံး ဖုံးပြီးပြုံးဖြီးဖြီးကြီးနဲ့ ပေါ့ ကွယ်။
“ အေးပါတော် ကလူသစ်..အဲလေ ကလူတတ်ကြီး ၊ ရှင့်ကို ဒါကြောင့် ကျုပ်ကလည်း တနေ့တခြား....ခစ်ခစ်ခစ် ”
လေဒီမစ်ရှဲဂုတ်ကျားမကလည်း ခေသူမဟုတ်တော့ စိန်နားကပ် စိန်ခြေကျင်းတွေ မျက်စိထဲ မြင်ယောင်လာပြီး တခစ်ခစ် ပေါ့ ကွယ် ...။ နောက်ဆုံးမတော့ သားအကြောင်းမေးရင်းကနေ ကတော်တို့  ထုံးစံအတိုင် ရတနာစိန်ကျောက် ဇယ်တောက်လို့ ကစားချင်တဲ့အကြောင်းနဲ့ အဆုံးသပ် စိတ်ကူးယဉ်မိနေပါတော့တယ် တဲ့ကွယ်။
....................................................................
“ လေဒီ ရေ ၊ အိုးမိုင် လေဒီ ရဲ့ ။ ဘယ်ရောက်ပြီး ဘာတွေလုပ်နေတာလည်းကွဲ့ ”
အောင်နက်ကြိးတကောင် စိတ်ကောင်းဝင်နေချိန် စိတ်ကြည်နေချိန်တွေမှာ သူ့ ဂုတ်ကျားမကြီးကို ခုလို ပဲ သာယာပျော့ပြောင်း နှာဘူးလောင်းလေသံနဲ့ ခေါ်တတ် ကြည်စယ်တတ်လေသတဲ့ ။
“အို.. ကိုကို ဇော်နက်ရယ် ၊ ကျွန်မ ဒီအခန်းထဲမှာ ရှိနေတယ်လေ ။ ဘော်ဒါတွေ စုံနေတာနဲ့  ထုံးစံအတိုင်းပေါ့ ကိုကိုရယ် ”
ဂုတ်ကျားမကလည်း ဘယ်ခေလိမ့်မလည်း၊ကတော်တွေ စုမိတိုင်း ဝိုင်းတတ်ကြတဲ့ ပိုကာဝိုင်းကနေ မထပဲ ဒီကွေ့ ရောက်တော့ ဒီတက်နဲ့ လှော်တာ ကျွမ်းပြီးသားပဲမို့ ကနွဲ့ကရလေသံနဲ့ ပြန်ဖြေလိုက်လေတယ် ။
“ဪ.. အေးပါကွာ ၊ မင်းစိတ်ချမ်းသာရင် ပြီးတာပါပဲ။ ကဲ..အားလုံးပဲ စားရင်းသောက်ရင်း နဲ့ ဆက်ကစားကြပါဗျာ ။ ”
ခွေးကြီးခွေးကောင်း ခွေးဝံကတော် အပေါင်းတို့  ရှေ့ မှာမို့  အောင်နက်ကြီးမှာ မချိသွားဖြဲ နဲ့ အဆင်ပြေအောင် ဆက်ပြောနေရပါတယ် ။ အင်း ။ အထက်ကိုဖါးလို့  အောက်ကိုပြားအောင်လုပ်ရတဲ့ အထာတွေ နောကျေနေပြီပဲလေ ၊ဇော်အောင်နက်မင်းပဲ ဘာရမလဲ။
အောင်နက်ကြီးတကောင် သူ့ လေဒီကို စကားပြောဖေါ်ရှာမရတော့ ရှုမငြီးတဲ့ ချစ်သမီးဆီသွားပြီး အလာပ္ပ သလာပ္ပ ပြောဖို့ အတွက် ရှကီရာဂါဂါထွန့် လူး အခန်းဆီသို့  တက်လာခဲ့တယ် ။သမီးတော်အခန်းပေါက်ရောက်တော့ တံခါးကို ခေါက် ၊ ဘာသံမှ မကြားတာနဲ့ တံခါးကိုဖွင့်ပြီး ဝင် ။ အထဲမှာ ဘယ်ခွေးတကောင် ကြောင်တမြီး မှ မရှိ ။ဪ ။ သူငယ်ချင်းတွေ နဲ့ ကာရာအိုကေများသွားကြလေသလား ၊ စပါး( SPA) ထဲသွားပြီး အကြောအချဉ်လျှော့နေလေသလား ။ရှော့ပင်းစင်တာစုံအောင်ပတ်ပြီး တွေ့သမျှဝယ်နေကြလေသလား ။ အင်းလေ ငါရှာသမျှ သူတို့ အတွက်ပဲ ဟာ သုံကြပစေ ဖြုန်းကြပစေ ။ ဒီလောက်လေးများ ဘာအရေးလည်းပေါ့ ။ သမီးတကောင် ကျားတထောင် အဲလေ နွားတထောင် ပေမဲ့ စိတ်တော့ မပူလှ ။ မပူဆို သမီးတော် အနားမှာ ဘော်လီကပ် ..အဲ.. ဘော်ဒီကပ် ၂ယောက်က အမြဲ ရှိနေမင့်ပဲ ဟာ။
အဲသလိုနဲ့ စကားပြောစရာ မိန်းမ ကလည်း အနားမှာ မရှိ ။ သားတော် နဲ့ သမီးတော်တွေကလည်း အပြင်ထွက် လမ်းသလားနေကြတာနဲ့ အောင်နက်ကြီးတကောင်ထဲ ငေါင်စင်းစင်း ဖြစ်လာသမို့  အခန်းထဲက သူ့ ပန်းသီး လက်ပတုတ်လေး အသာဆွဲပြီး ဗီအိုင်ပီ အမြန်နှုန်းနဲ့ဆက်ထားတဲ့ အိမ်သာနတ်ကိုသုံးလို့ ခေတ်နဲ့အပြိုင် ကမ္ဘာ့ ရွာကြီးထဲ လည်ရအောင် အဖေ့ဘုတ် စာမျက်နှာထဲ ဝင်လိုက် ထွက်လိုက် နဲ့ ရွာလည်နေတာပေါ့ကွယ် ။ အဲသလိုနဲ့ ရုတ်တရက်
“အံမာလေး သောက်ကျိုးနဲ ၊ ငါ့ မျက်နှာကြီးထဲ ဝင်ဆဲသွားလိုက်ကြတာတွေ မနည်းပါကလား ကွယ်ရို့  ။”လို့ ထဟောင်မိလိုက်သတဲ့ကွယ်။
အဖြစ်ကတော့ ဒီလိုပါ ၊ အောင်နက်ကြီးရဲ့  ဖဘမှာ ရှိရှိသမျှ သူတွေ ဝင်ပြီး ရှစ်.. တွေ တထောကြီး ၊ မအေပေးပြီး နှမယူ၊ ..ချီးမြှင့်ဂုဏ်ပြုခြင်းခံရတဲ့ အကြောင်းကတော့ ငါသိ ငါတတ် ဘယ်သူ ဘာပဲပြောပြောလုပ်မှာပဲလို့ ခွေးရူးခွေးတမ်း ရမ်းမိခဲ့သမျှ ၊ မြင် မြင် သမျှ သူတွေကို ဖရင်းလုပ်ထားမိသမျှ ခုတော့ ပယ်ပယ်နယ်နယ် အတွယ်ခံလိုက်ရတာပဲ ပေါ့ကွယ်။
ဒီလိုနဲ့ အောင်နက်ကြီးတကောင် အမြှီးညပ်ခံနေရသလို အီလည်လည်ကြီး နဲ့ ပဲ ညနေစောင်းပါလေရော ။ ဝိုင်းနေကြတဲ့ မဒမ်ကတော် ဘော်ဘော်တွေ အဖွဲ့ လည်း အသီးသီး ပြန်ကြလေပြီရောပေါ့ ။ လေဒီဂုတ်ကျားကလည်း ရေမိုးချိုး အလှပြင်နဲ့ မပြီးနိုင်တော့။ မိုးကလည်း တစ တစချုပ်လာ ။ သားတော်မောင်တယောက်လည်း အပြင်မှာ သောက်လာတဲ့ အရှိန်ကြောင့် အိမ်လည်းပြန်ရောက် မှောက်လည်းမှောက် ။ သူ့ အခန်းသူဝင်သွားတော့ တော်ကီပွားချင်နေတဲ့အောင်နက် နေရခက်နေတယ်တဲ့ ။
သမီးတော် တယောက် အိမ်ပြန်မရောက်သေးပါလား ။သူမ လက်ကိုင်ဖုံးကိုဆက်တော့လည်း လူကြီးမင်းနှင့်သာ တွေ့ နေရ။ လေဒီဂုတ်ကျားမ ကိုမေးကြည့်တော့လည်း ဘာမှမသိ ။ ခက်တာပဲ ။မိုးကြီးတစတစ ချုပ်လာတာနဲ့ အမျှ အောင်နက်ကြီး ရင်တွေ တစတစ ပူလောင်လာတော့တယ် ။တညလုံး အိပ်မရ ။ သမီးလေး တယောက်ထဲမို့  ဖူးဖူးမှုတ်ချစ်ရလေတဲ့ ဖခင်မေတ္တာတော့ ရှိပါလေရဲ့ ။ ညသန်းကောင်ကျော်ပြီ မဖြစ်ချေဘူး လို့ သမီးတော် အိပ်ခန်းကို ဝင်ပြီး သေချာကြည့်တော့မှ စားပွဲပေါ်မှာ တင်ထားတဲ့ စာရွက်တရွက် တွေ့ လို့ ကမန်းကတမ်း ဖတ် အပြီး မှာ တော့...အောင်နက်ကြီးတကောင်လည်း အသားတွေ တဇတ်ဇတ်တုန် ၊ မျက်စိမျက်နှာပျက် ၊ဇက်ကြီးလိန် လို့ ၊ နေရာမှာတင် ဗိုင်းကနဲ လဲကျသွားရလေသတဲ့ကွယ်။
စာထဲမှာရေးထားတာလေးကတော့...
သို့  ချစ် ဒယ်ဒီနဲ့မာမီရှင့်
သမီး ချစ်သူ “ကိုပေါချောင်ကောင်း” နောက်ကို လိုက်သွားပါပြီရှင့် ။ သူနဲ့သမီး မေတ္တာမျှနေကြတာ ကြာပါပြီ။ ဒယ်ဒီ မိတ်ဆက်ပေးတဲ့ သဘောတူတဲ့ ဒယ်ဒီ့မိတ်ဆွေ ရေပုတ်မြောင်းပိတ် စီမံကိန်းက သဌေး “စတီဗင်ဖင်ရန်း” အသက်ကြီးကြီးကို သမီး မချစ်ပါဘူး ရှင့်။ သူတို့အလုပ်ဆီ ခေါ်လည်တုံးက တွေ့ ခဲ့ရတဲ့ မြောင်းတူးအလုပ်သမား ကိုအချောင် နဲ့ သမီးတို့ လူငယ်ချင်း မေတ္တာမျှနေတာကို ဒယ်ဒီတို့ သဘောမတူမှန်း သိတဲ့အတွက် ခုလို လိုက်သွားရတာပါ ။သမီးတို့ ချစ်ခြင်းကိုမခွဲပါနဲ့နော် ။ သမီးတို့ ကိုလိုက်မရှာပါနဲ့ ။
မှ/ ချစ်သမီးမိုက် ရှကီရာဂါဂါထွန့် လူး..
ဪ.. ခွေးတတ်ကြီး အောင်ဇော်နက်မင်းတကောင် သူ့ အတတ်သူစူး လို့ မတော်ချင်ပဲ တော်ရတော့မဲ့ တရက်သမုတ်၊ တရုပ်သမက်လေး ပေါချောင်ကောင်းရဲ့ ပြီတီတီ မျက်နှာပေးကို အခါခါ မြင်ယောင်ရင်းဖြင့် တောက်ခေါက်ရင်းနဲ့ တဥတည်းသော သမီးတော်အရင်းခေါက်လေးအား ယူကြုံးမရ နှမြောတသစွာ ဖြင့် နောင်တတွေ တလှေကြီးရလိုက်ချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့လေပြီပေါ့ကွယ်...
(ခုတလော ခေတ်စားနေတဲ့ ရောဂါဆန်းကြီးတခုရဲ့လှိုင်းကို အမှီလိုက်စီးရင်းနဲ့ ရေးမိရေးရာ ရေးလိုက်ပါတယ်။ တိုက်ဆိုင်မှုများရှိပါက တမင်တိုက်ဆိုင်မှုများသာဖြစ်ပါကြောင်း ..း))
ဤစာပိုဒ်ထက် အဆ တစ်ထောင်တစ်သောင်းမက ကောင်းမွန် ထိမိတဲ့ စာကဗျာကို ရှုစားလိုပါက ဤနေရာတွင် ဖတ်ရှုအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ခွေးတတ်ကြီးပုံအား ဂူဂယ်မှ ရှာပြီး ထပ်ဆင့်ဖျက်ဆီးထားပါသည်..
တရုပ်လူမျိုးတွေ အတော့်ကို ဂွတီးဂွကျ နိုင်လွန်းတယ်။ စကားပြောတာ၊စာရေးတာ၊တွေးခေါ်တာတွေမှာ သူများတွေနဲ့မတူ ပြောင်းတိပြောင်းပြန်တွေ ရှိလွန်းတယ်။ အထာ မပေါက် တဲ့သူတွေ အတွက် ရယ်ရမလို ငိုရမလို အဖြစ်မျိုးတွေ ကိုယ်တွေ့ ကြုံ ခဲ့ရတာ မို့  ခုလိုပဲ ကောက်ချက်ချလိုက်မိပါတယ်။သူတို့  တိုင်းပြည်နေ သူတို့  ဆန်စား သူတို့ ရေသောက်ပြီး သူတို့ အကြောင်း မဟုတ်တရုတ် ပြောလိုက်တာ လို့ ယူဆနေသူများ ဒါလေးတွေ ဖတ်ကြည့်ကြပါအုံး။
ဦးစွာပထမ စာ အရေးအသားက အစ သူများနဲ့ မတူ ၊ ထော်လော်ကန့်လန့် ။ များသောအားဖြင့် ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြသော လူမျိုးများစွာ ဘာသာ များစွာတို့ ဟာ အက္ခရာ စာပေ တွေကို စာရွက်ပေါ်မှာ ရေးကြတဲ့ အခါ အပေါ်ဆုံးလိုင်း ၊ ဘယ်မှစပြီး ညာ သို့ အလျှားလိုက် ရေးလေ့ရေးထ ရှိကြပါတယ်။ သူများနဲ့ မတူ တရုပ်စာတွေကျတော့ ညာဘက် အပေါ် ဆုံးဒေါင့်မှ အပေါ်အောက် ဒေါင်လိုက် ရေးတာ ရှိသလို ၊ ညာဘက်မှ ဘယ်ဘက်သို့ အလျှားလိုက် ရေးချတာတွေလည်း ရှိပါရဲ့။
ဒါကြောင့် စာတကြောင်းကို ဘယ်ဘက်မှ စဖတ်ရမလား ၊ ညာ ဘက်က စဖတ်ရ မလား မသိလို့ နားလည်မှု လွဲ အထင်လွဲ ခံရတာမျိုးလည်း ဖြစ်တတ်ပါသေးရဲ့လေ။ မြန်မာစာပေမှာ ကတ္တား၊ ကံ ၊ ဝါစက၊ ကြိယာ တွေ ကို သဒ္ဒါနည်း နဲ့ အညီရေးရတယ်။ အင်္ဂလိပ်စာမှာ လည်း Noun,Verb , Subject ,Object ဆို တာ တွေ နဲ့ အညီ စာတကြောင်း ဖွဲ့ရတယ်။ ဒါပေမဲ့ တရုပ်စာမှာ တော့ ဘာသဒ္ဒါ နည်းစနစ်မှ မလိုပါဘူး တဲ့။ ဂွကျပုံများ ... ဒါဆို ဘယ်စည်းကမ်းတွေ နဲ့ စာ ရေးကြသလည်း လို့  ဆိုတော့ ဒီလိုပဲ အဆင်ပြေသလို ရေးကြတာပဲ တဲ့လေ ။
ကဲ ဥပမာ တခု ပြောပြပါမယ်။ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို စာရေးပြီး ဒီလိုပြောလိုက်တယ်။
ဗမာလိုရေး ပြောရရင်...“ နင့်ကို ငါ ချစ်တယ် ။ ဒါပေမဲ့ နင်က ငါ့ ကို မုန်း တယ်။”
အင်္ဂလိပ် လို ပြော ရင် ..“I love you but you hate me” ပေါ့ ။
တရုပ်လို ဆိုရင်တော့ “我 爱 你 但 你 恨 我”ပေါ့ ။ ဒါက ဘယ်ဘက်ကနေ စဖတ်တဲ့ ပုံစံ ကို ပြောတာ။ ..
ဒါပေမဲ့ ညာဘက်ကနေ စဖတ်လိုက်တဲ့ အခါကျ တော့ “ 我 恨 你 但 你 爱 我 ”ဖြစ်သွားရော ( ငါနင့်ကို မုန်းတယ် ဒါပေမဲ့ နင် က ငါ့ကို ချစ်တယ် ( I hate you but you love me )လို့ ဖြစ်မနေပေဘူးလား နော်။ ဒီလိုသာ သွားပြောမိလို့ ကတော့ ဟို မိန်းကလေး က ထပြီး ပါးမချလိုက်ရင် ကံကောင်း ပဲ။း))
စာအုပ်၊ သတင်းစာ ။ လှန်ပုံ လှန်နည်းကလည်း သူများနဲ့မတူ။ ဘာသာ လူမျိုး ပေါင်းစုံတို့ဟာ များသောအားဖြင့် စာအုပ်တအုပ် သတင်းစာတစောင် ကို ဖတ်မယ် စာရွက်တွေ လှန်မယ်ဆိုရင်လည်း ရှေ့ ဆုံးစာမျက်နှာကို ဘယ်ဘက်သို့ ဆွဲလှန်ပြီး နောက်တမျက်နှာဆက်ဖတ်ပေါ့နော် ။ ဂွတီးဂွကျ တရုပ်စာအုပ်တွေမှာ တော့ နောက်ဆုံး စာမျက်နှာ ကို ညာဘက်သို့ ဆွဲလှန်ပြီးတော့မှ နောက်တမျက်နှာ ဆက်ဖတ်ကြရတယ်လေ ။ ဒါကိုမသိတော့ အလှန်မတတ်တာကြောင့် လူရှေ့ သူရှေ့  အရှက်ကွဲခဲ့ရတဲ့ အဖြစ်လေးကို ပြန်တွေးမိလို့ ပြောပြအုံးမယ် ။
ဒီလူ့ ပြည်ဝပြည်ကြီး ကို မျက်စိသူငယ်နဲ့ ရောက်လာအပြီး များမကြာမှီ တနေ့ မှာ ပေါ့ ။ စာမတတ် အကန်းနဲ့တူ ဆိုသလို ဖြစ်နေမစိုးလို့ ဘူးသီးငပေါင်းကြော် ပဲပင်ပေါက် အညောက်ထွက် သလို ရှုပ်ရှက်ခတ်နေတဲ့ တရုပ်စာကို နဲနဲပါးပါးတော့ သင်အုံးမှပဲလို့ အတွေးဝင်လာတယ်။ ဒါနဲ့ တရုပ်စာသင်ဖို့ သင်တန်းတခု သွားတက်တယ် ။ ပထမ တရက်မှာ တရုပ်ဆရာမက အသံထွက် ပေါ ဖေါ မော ဖှော မှ စပြီး သံပြိုင်လိုက်ဆို ရတာပေါ့ ။နောက်တော့ လေ့ကျင့်ခန်း လုပ်ဖို့  စာမျက်နှာ ၁ ကို ဖွင့်ခိုင်းတယ်။ ၁ ကနေစပြီး ရွတ်ကြ ရေးကြ ပေါ့လေ။ သူများတတွေ လိုက်ဆို လို့  ခရီး အတော်ရောက်တဲ့ ထိ ကိုယ့်မှာ စာမျက်နှာ ၁ ရှာ မတွေ့ သေးဘူး ။ ဘေးကလူကို ကြည့်လိုက် ရှေ့ ကလူကို ခေါင်းစောင်းမျှော်လိုက်နဲ့ အလုပ်ရှုပ်နေတာကို ဆရာမ က မြင်သွားပါတယ် ။ ကိုယ့်နာမယ် ခေါ်ပြီး စာမျက်နှာ ၁ ဖွင့်လေ.. တဲ့ ( တကယ်ဆို အဲဒီ အချိန်က သူ့ အမူအရာကြည့်ပြီး နားလည်လိုက်တာပါ ။ ဘာတွေ ပြော နေလဲဆိုတာတော့ အတိအကျ မသိဘူးပေါ့)။ ဒါနဲ့ ခေါင်းခါ ပြလိုက်တယ် ။ ဘယ်လို ပြန်မေးရ မယ်မှန်းမှ မသိတာ ကိုး ။ ဆရာမ က သူပြောတာ မလုပ်ဖူးလို့ များ သဘောပေါက်သွားသလား မသိ ။သူ့  စာအုပ် ထောင်ပြပြီး လှန်ခိုင်းတော့တာပဲ ။ ဟယ် ခက်ပြီ ။စာအုပ်ကို ခါတိုင်းလှန်သလို ရှေ့ ဆုံးက လှန်တာပဲ ။ စာမျက်နှာ ၁ ကို မတွေ့ ပါဘူး ။ အဲဒီတော့ မှ ဘေးမှာထိုင်တဲ့ သူ တယောက်က ကိုယ့်စာအုပ်တအုပ်လုံးကို ဇတ်ကနဲ ပြောင်းပြန်လှန်ပြီး ဖွင့်ပေးတော့ မှ တွေ့ ပါပြီ ။ ဟိုးနောက်ဆုံးတရွက်က စာမျက်နှာ ၁ တဲ့လေ ။ အဲ့လို ဂွကျ တာ ပါ ။
ခုဆိုရင် ကမ္ဘာ့ နိုင်ငံတိုင်းလိုလို စီးပွားရေး ခြွတ်ခြုံကျ နေကြတယ် ။ ဒါပေမဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး စာတမ်းဖတ်တာမျိုး လုပ်တယ်လို့ တော့ မကြားမိပါဘူး ။ စီးပွားရေး ဦးမော့အောင်လုပ်ကြတဲ့ နည်းလမ်းတွေ ကိုယ်တိုင်လည်း နားမလည် ။ ကမ္ဘာ့ ငွေကြေး စတော့ ရှယ်ယာ ကစားခြင်း ကိုလည်း နားမလည် ။ မစွန့်စားရဲ ။ ဘဏ်ထဲ ရှိတဲ့ ကိုယ့် လခလေး လိပ်နှုန်းနဲ့ တဖြေးဖြေး တက်လာလိုက် ၊ သုံးတာများတဲ့အချိန်ဆို ကွန်နက်ရှင် ကျသလို ဝုန်းကနဲ့ လျော့ကျသွားလိုက် နဲ့ ပဲ လခ ထုတ်ရက် မျှော်နေမိရတဲ့ အချိန်ကာလတွေ နှစ်လ တာရှည် ကြာခဲ့လေပြီပေါ့ ။
လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာလည်း စတော့ရှယ်ယာ ကစားကြသူတွေ အများကြီးပါပဲ ။ တနေ့  တနေ့  သူတို့  ကြည့်နေလိုက်ကြတဲ့ ဈေးကွက် အတက်အကျ တီဗွီ အင်တာနက် လိုင်းတွေ မှာ ဂရပ်မျဉ်း အတက် အကျ တွေ ၊ အနီရောင် အစိမ်းရောင် မျဉ်း ဖြောင့် မျဉ်း ကောက်တွေ ကြည့်ရင်း ဘုမသိ ဘမသိ ကိုယ် လည်း ရောယောင် ပျော်တတ်လာတယ် ။ ဘယ်ဈေး ဘယ်လောက်တက်မှန်းမသိပေမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ သီချင်းတအေးအေး မြူးကြွနေတဲ့ သွက်လက်နေတဲ့ အချိန်ဆို ခန့်မှန်းတတ်လာတယ်။ ဒီနေ့  အခြေ အနေကောင်းတယ်ပေါ့လေ။ အဲ့ဒီနေ့တွေ နေ့ လည် နေ့ ခင်း ဆို အနည်းဆုံး အအေးလေး တခွက် တော့ တကာခံသူ ရှိတယ်ပေါ့လေ။ တခါတလေ ကံကောင်းတဲ့ ရက်ဆို ပီဇာလေး၊ ကြက်ကြော်လေး ကြိတ်ရသေးပေသကိုး ။အလကားရတာများ စားရတာ သိပ်အရသာရှိတာပါပဲ။
ဒါပေမဲ့ သူတို့  ဝယ်ထားတဲ့ စတော့ရှယ်ယာ ဈေးကျတဲ့ရက်ဆို ရင် တော့ ၊ ကိုယ့် ဟာကိုယ် အမှား မလုပ်မိအောင် သတိထား၊ ကြည့်ရှောင် ပေရော့ ပဲ ။ အဲလိုတက်ဈေးကျဈေးတွေကို နားလည်ဖို့ ရာကလည်း အတော်ကြီး ကြိုးစားပမ်းစား မှတ်မိအောင် လုပ်လိုက်ရသေးတယ်။ အကြောင်းကတော့ တက်ဈေး ကျဈေး ပြတဲ့ အနီမျဉ်းရယ် အစိမ်းမျဉ်းရယ် ကို ဂွတီးဂွကျ တရုပ်တွေက ကပြောင်းကပြန် သတ်မှတ်ထားကြလို့ပါပဲ ။ နိုင်ငံ အသီးသီးမှာ ကစားကြတဲ့ စတော့ရှယ်ယာ ဂရပ်မျဉ်းကြောင်းတွေ မှာ အတက် ဆိုရင် အစိမ်း ရောင်၊ အကျ ဆိုရင် အနီရောင် ပေါ့လေ ၊ တသမတ်ထဲ ဖေါ်ပြကြတယ် ။ သို့ ပေသော်လည်း ကိုရွှေတရုပ်တို့ က အတက်ကို အနီရောင် ၊ အကျ ကို အစိမ်းရောင်လို့  သတ်မှတ်ထားတယ်တဲ့လေ ။ပြောကို မပြောချင်တော့ဘူး။
ဒီအကြောင်း သေချာ မသိသေးခင် တနေ့မှာ တီဗွီမှန်သား တပြင်လုံးနီးပါး စိမ်းနေတာ တွေ့ တော့ ကိုယ်လည်း ကစားတာ မဟုတ်ပဲ အားရဝမ်းသာ နဲ့ အော်ပြော မိတယ် ။“ ဟေး... ဒီနေ့ တော့ ငါ ကံကောင်းတယ် စားဖို့  အသင့်ပြင်ထားတယ်” ဆိုတော့ သူတို့ လည်း တဟေးဟေး နဲ့ တီဗွီရှေ့ ကို ပြေးလာပြီး အကြည့် ၊ လက်မြန်တဲ့ တယောက်က ကိုယ့် ကျောကို ဗြန်းကနဲ မြည်အောင် ဗျောတီး ပါတော့တယ် ။“ ဟင် ။ နင်က ငါတို့ ရှုံးတာကို ဒီလောက် ပျော်နေရသလား ”တဲ့ ။ “ဟာ ဒုက္ခပါပဲ ။ ဒီတခါလည်း မှား ပြန် ပြီ ” လို့  ရယ်ကျဲကျဲ လုပ်နေတဲ့ ကိုယ့်ကို တွေ့ တော့ မှ သူတို့ လည်း ရယ်နိုင်ပါတော့တယ်။ တရုပ်မတယောက်က ပြောလိုက်သေးတယ်။ “မသေမချင်း မှတ်ထား ။ နီတာက ကောင်းတယ် ၊ စိမ်းတာက မကောင်းဘူး ”တဲ့ လေ..။ ဪ။ တရုပ်တွေများ အနီကို ဒီလောက်တောင်ကြိုက်တာ ပါလား ။ ဒါကြောင့် သူတို့ နတ်တွေမှာလည်း မျက်နှာနီနီ နတ်တွေ ၊ မည်းမည်းနတ်တွေ ၊ စိမ်းစိမ်း နတ်တွေအစုံ ရှိကြတာပဲ ထင်ပါရဲ့ ။ ဒီတော့ နတ်စိမ်းမျက်နှာကြီး ဖြတ်ကနဲ မြင်ယောင်မိလို့  မေးကြည့်လိုက်တယ်ပေါ့ ။ ဟင်..ဒါဆို ဟို မြောက် (寺廟=တရုပ်ဘုရားကျောင်း )ထဲက မျက်နှာစိမ်း နတ်ကြီးက မကောင်းဘူး ပေါ့ နော် . ဆိုတော့ တရုပ်မက “ဟယ်.. နင်တော့ ဒုက္ခရောက်တော့မယ် ။ နတ်ဆိုတာ တော့ အနီရော အစိမ်းရော အကုန်ကောင်းကြတာချည်းပဲ ”တဲ့။ သူတို့တွေ အများအားဖြင့်က နတ်ကိုးကွယ်ကြသူတွေ များတာကိုး..နတ်တွေ ပူဇော်ပသ ပွဲတွေ လည်း နှစ်စဉ် အကြီးအကျယ်လုပ်လေ့ရှိကြတယ် ။ ဝက်ကြီးတွေ ကြက်တွေ ဘဲတွေ အကောင်လိုက် ချက်ပြုတ်ပြီး နတ်ပူဇော်လေ့ရှိကြတယ်။ အိုး.. သူတို့ ဖာသာ ဘာနတ်ပဲ ပူဇော် ပူဇော် ကိုယ့်အတွက် အရေးမကြီးပါဘူး။ ပွဲတွေ ရှိတော့ စားရဝါးရတာ အမြတ်ပဲ မဟုတ်လား ။ ဒါက အနီ နဲ့ အစိမ်း သတ်မှတ်ပုံတွေ ကပြောင်းကပြန် ဖြစ်တာလေးတခု ပေါ့ ။
မီးပွိုင့် မှာ မီးနီ မီးစိမ်း မီးဝါ ဆိုတာ တကမ္ဘာ လုံး တူတူ ပဲ သတ်မှတ်ထားကြတာပါ ။မီးနီရင် ရပ် ၊ မီးဝါရင် သတိ ၊ အရှိန်လျှော့ ။ မီးစိမ်းရင် သွား ... ဒီ signal တွေက သိပြီးသားတွေ ပဲမဟုတ်ပါလား။ မီးဝါလို့  ပွိုင့်မှာရှိတဲ့ လူကူး မျဉ်းကျား မရောက်ခင် မျဉ်းဖြူကို ကျော်သွားမိရင်တောင် နောက်ပြန်ဆုတ်ဖို့  မနည်းလေ့ကျင့်ထားကြရတဲ့ ကိုယ်တို့  ရွှေပြည်သားတွေ ကို ဒီနေရာမှာ အတော်ချီးကျုးဖို့  ကောင်းပါတယ် ။ ဘာလို့ လည်းဆိုတာ သိကြမှာပါ ။ မီးပွိုင့်မှာ ချောင်းနေ ။ အဲလေ.. စောင့်နေကြတဲ့ ဆရာသမား ပရုပ်လုံးနဲ့ ဘဲဥ များ က ဒါမျိုးများဆို မျက်စိလျှင်မှလျှင် ။ ဝီစီသံ တရွှီးရွှီး နဲ့ အလုပ်တာဝန်ကို ကျေပြွန်ကြတော့တာပဲမို့  ဆင်ဖြူတော် လေးတွေ နေရင်း ထိုင်ရင်း မထွက် သွားရလေအောင် ယာဉ်စည်းကမ်းကို တကယ့်ကို တိတိကျကျ လိုက်နာလေ့ ရှိကြတယ်။ ( ဟဲဟဲ၊ ဘဲဥ တွေ မရှိတဲ့ အချိန်ဆိုရင်တော့ တမျိုးပေါ့လေ၊ ခုတော့ ရွှေဘဲဥတွေလည်း ခေတ်နဲ့ တပြေးညီ ခေတ်မှီ တိုးတက် လာကြပြီ ကြားတယ်။ အိုဗာစပိဒ် တို့ ၊ မီးနီဖြတ်တာတို့ ။ မရပ်ရတဲ့ နေရာ မှာ ရပ်ထားတာ တို့ ဆိုရင် ဓါတ်ပုံတွေ ရိုက်ပြီး ဒါဏ်တပ်နေကြပြီ ကြားပါတယ်။ နေပူထဲ ထွက်ပြီး ကားတားစရာမလိုတော့ဘူးပေါ့ ။ များများ မဆောင်ချင်သူတွေ လည်း ၅၁ လမ်းရုံး မော်တော်ယာဉ် ထိန်း ရဲ ကွန်ပြူတာခန်းကို သွားပြီး အလျှော့ အတင်းလုပ်လို့ ရပါသေးတယ်။ ဒါလိုမှ မဟုတ် ရင် လိုင်စင်ဝင်တဲ့ အခါ ကျတော့ အချိန်ကုန် ငွေကုန် လူပမ်း ဟိုဘက် ဒီဘက် ပြေးပေရော့ပဲ။ ဤကား... ..လမ်းကြုံတုံးဖေါက်သည်ချ သော ကိုယ်တွေ့  ၊ ကိုယ်တွေ့ .. )။
ဒီတိုင်းပြည် ဒီတရုပ်တွေ ကျတော့ မီးပွိုင့် signal အယူအဆက တမျိုး ။
တနေ့ မှာ သူငယ်ချင်း တရုပ်မ တယောက် မောင်းတဲ့ ကားကို ဘေးကထိုင်စီးပြီး စကားတပြောပြော လာလိုက်ကြတာ.. မီးပွိုင့် တခု အရောက်၊ မီးစိမ်း ကနေ မီးဝါ ရုတ်တရက် ပြောင်းသွားတယ် ။ တကယ်ဆိုရင် မိနစ် အချိန်ပြတဲ့ countdown timer တွေ ရှိနေတာ ကို သတိမထား မိလို့ ပါ ။ အဲဒီအချိန်မှာ မီးဝါကို ရုတ်တရက်တွေ့ လိုက်ရတဲ့ တရုပ်မက ဘာလုပ်တယ် ထင်သလည်း ။ လီဗာကို အသကုန် နင်းတော့တာပါပဲ ။ အမလေး ဘုရား ဘုရား မော်တော်ပီကယ် တော့ မရှိ ။ ဒါပေမဲ့ ပွိုင့်တိုင်းလိုလိုမှာ စီစီတီဗီ ကင်မရာတွေ တပ်ထားတာ ။ ဒုက္ခပါပဲ ဒါဏ်ငွေ ရိုက်ခံ ထိတော့ မယ် လို့  စိုးရိမ် မိတဲ့ အပြင် ၊ ဘယ်ကားနဲ့များ ဝင်ကြုံး မလည်း တွေးမိလို့  မျက်စိမှိတ်ပြီး အော် လိုက် မိတယ်။ အဲဒီတော့ ကားမောင်းနေတဲ့ တရုပ်မက “နင်ဘာဖြစ်တာလည်း ။ မီးဝါပြနေတာက မြန်မြန်မောင်းလို့  ပြောတာ လေ”.. တဲ့ ။ ဪ .. သူတို့  အယူအဆ နဲ့ သူတို့  ကျတော့ လည်း ဟန်ကိုကျလို့ ။ မရှောင်ရင်လွတ်တယ် ဆိုသလို အဲ့လို မြန်မြန် မောင်းလိုက်တော့လည်း မီးနီမမိ လွတ်သွားတာ တကယ်ပါပဲ ။ ( ကံကြီးပေလို့  ယာဉ်တိုက်မှုမဖြစ်ပဲ လွတ်သွားတာ မို့  နောင် မှာ အဲဒီ ဂွတီးဂွကျ တရုပ်မ မောင်းတဲ့ကားဆို ဘယ်တော့ မှ လိုက်မစီး ဖြစ်တော့ပါ ဘူး ။ အသက်ကို ဥာဏ်စောင့်တယ် မဟုတ်ပါလား)..
အရောင် နဲ့ ပတ်သက်ပြီး နောက်တခု ဂွတီးဂွကျ ဖြစ်ရတာ ရှိသေးတယ် ။ အနီကြိုက်တဲ့ တရုပ်တွေရဲ့  မင်္ဂလာ အခမ်းအနားတွေမှာ ရဲရဲတောက်အောင်နီကြပြန်ပေတယ် ။ မင်္ဂလာ လက်ဖွဲ့ပေးတဲ့ စာအိတ်ဆို လည်း အနီမှ ။ ဒါကို နားမလည်တဲ့ အကျွန်ုပ်ခမျာ ၊တနေ့မှာ မင်္ဂလာဆောင်သွားရောက်ဖို့ အကြောင်းရယ်က ဖန်လာပြန်တယ်။ မလွှဲသာ မရှောင်သာ မသွားလို့ လည်း မကောင်းတာမို့  လွယ်လွယ်ကူကူဖြစ်အောင် လက်ဖွဲ့ ငွေပဲ ထဲ့မယ်ပေါ့ ။ဒီလိုနဲ့ ရွှေပြည်ကြီးက ထုံးစံအတိုင်း စာအိတ်ဖြူလှလှလေး ထဲ လက်ဖွဲ့ ငွေကိုထဲ့ပြီးသွားမိပါလေရော ။တော်သေးတယ် ၊ မင်္ဂလာ အခမ်းအနား မရောက်ခင်မှာပဲ သူငယ်ချင်းတရုပ်မက နင် လက်ဖွဲ့ငွေ ဘယ်လောက်ထဲ့သလည်း စပ်စုမိပေလို့ ပဲ။ နို့ မို့ ဆို လူကြားထဲ မျက်နှာပျက်ရပေအုံးမယ်။ ဪ။ ဒီပြည်ကြီးမှာ ဒီလူမျိုးတွေက စာအိတ်ဖြူဆိုတာ အသုဘအကူငွေကို ထဲ့ကြတာ တဲ့လေ ။ အဲ့ဒီနောက်မှာ တော့ စာအိတ်နီ 紅包 , နဲ့ စာအိတ်ဖြူ 白包 တို့အားခွဲခြား အသုံးချပုံတွေ ကို အရိုးစွဲ တဲ့ထိ မှတ်လို့ သာ ထားလိုက်ရပေတော့သဗျိုး ။
ဂွတီးဂွကျ နိုင်လှတဲ့ တရုပ် လူမျိုးတွေရဲ့  ထုံးစံ တွေးခေါ်ပုံများ နောင် အလျဉ်းသင့်တာရှိရင် ဆက်ပြီး ဖေါက်သည်ချပါအုံးမယ် ။ခုလောလောဆယ်မှာတော့ တံငါနားနီး တံငါ ဆိုသလို ကိုယ်တိုင်လည်း ဂွကျ သူများ နဲ့နီးတော့ ဂွကျကျဖြစ်နေပြီလား လို့  လည်း ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်နေမိပါတယ်။
မိတ်ဆွေ အပေါင်းတို့ မှာ ရော၊ ဂွတီးဂွကျ အတွေးတွေ အမြင်တွေ အပြုအမူတွေများ ရှိနေပြီလား....
အားလုံး ချမ်းမြေ့  ရွှင်လန်းကြပါစေ ။
ချစ်လိုက်ကြ မုန်းလိုက်ကြ ၊ ရယ်လိုက်ကြ ငိုလိုက်ကြ ၊ ဆော်လိုက်ကြ အော်လိုက်ကြ ၊ ပူလိုက်ကြ အူလိုက်ကြ ၊ဟောင်လိုက်ကြ ငေါင်လိုက်ကြ ။ ခုတမျိုး တော်ကြာတမျိုး ၊ တမျိုးပြီး တမျိုး မရိုးရအောင် ပြောင်းနေကြတဲ့ ဗလောင်းဗလဲ လူ့ စိတ်တွေ ၊အထွေထွေမို့  ပုထုဇနော မယ်ကိတကော လည်း ၊ ဟိုတွေးဒီတွေး ၊ ဟိုရေး ဒီရေး ၊ ဟိုခြစ် ဒီခြစ် လုပ်နေဖြစ်တာ မဆန်းဘူးလို့  ထင်ပါတယ် ။ရံဖန်ရံခါလည်း ပျော်စရာလေးတွေးပြီးခဏ တဖြုတ် ပျော်နေရတာလည်း ကောင်းပေသားပဲ ။ ဒါကြောင့်မို့  ကြားဖူးနားဝ ရယ်စရာ များကို မောစရာများ နဲ့  မရော စေပဲ ဖေါက်သည်ချလိုက်ပါရစေ ။ ဖတ်မိသူများလည်း ဟိုလို ဒီလို အတွေးလေးများ သန်ရာသန်ရာ တွေးယူနိုင်ကြပါတယ် ။
ဒီ ရယ်စရာ ကတော့ ခုတလော ကြက်ဋီကာ ချဲ့ နေတဲ့ ဘကျောက် ( ကြက်ပျံမကျ ) အား ရည်စူး၍ တင်ဆက်ပေးလိုက်တာပါ ။မူလ ရေးသူ မသိတဲ့ forward mail တခု ထဲက ပါပဲ ......
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး "
စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်ပြန်လာရာအိမ်နီးချင်း အမျိုးသမီး တစ်ယောက်က ကျွန်တော့်အား လာတွေ့ပြီးမေးလေသည်။ ကြက်မွေးချင်သဖြင့် အကြံဥာဏ်လာတောင်းခြင်းဖြစ်သည်။
ကြက်မွေးမြူရေးမှာ ကျွန်တော်သင်ယူသည့် ဘာသာရပ်မဟုတ်ကြောင်း၊ သို့သော် တစ်နိုင်မွေးလိုလျှင် ကြက်ဖတစ်ကောင်နှင့် ကြက်မ ၂၅ကောင်လောက် ဆိုရင် လုံလောက်ကြောင်း ကျွန်တော်ကပြောလိုက်ပါသည် ။
နွေရာသီကျောင်းပိတ်ရက်၌ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော် အံ့အားသင့်သွားပါသည် ။ ကြက်မ ၂၅ ကောင်နှင့် ကြက်ဖအတော်တော်များများကို တွေ့ရသဖြင့်ဖြစ်သည်။
ကျွန်တော်ကရှင်းပြသည်။
"တကယ်ဆိုရင် ကြက်ဖတစ်ကောင်နှစ်ကောင်ဆိုလျှင် ဒီကြက်မတွေအတွက် လုံလောက်ပါတယ် "
ကျွန်တော့်ကို ထိုအမျိုးသမီးက မကျေမနပ်နဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်မှာ . . .
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့ ။
( ကြက်မွေးမြူရေး လုပ်လိုသော မိတ်ဆွေကြီး ကို သုနြေ္ဒ တယောက် တော့ ဘယ်လို ဆုံး ဖြတ်မယ် မသိပါဘူး ... )။
.................................................................................................................
ဒါကတော့ ကြက်နဲ့ ပတ်သက်တဲ့ မယ်ကိ ကိုယ်တွေ့  ဇာတ်လမ်းလေးပါ ။ ရှက်ရှက် နဲ့ ပြန်ပြောမဲ့ ပြန်မပြောချင်တဲ့ ရွှေအရှက်တော်ကွဲ ဇာတ်လမ်း မို့  ရှေ့ မျက်နှာ အောက်ထားပြီး ရေးလိုက်ပါ အုံးမယ် ။
မယ်ကိ တယောက် အူကြောင်ကြောင် နဲ့ လူမျိုးခြား တိုင်းပြည် ကို ရောက်ပြီးသကာလ စကားမတတ် စာမတတ် နဲ့  ငိုစရာ ရော ရယ်စရာတွေပါ ဖြစ်ခဲ့ရတာ မကြာခဏပါပဲ ။ ခုတော့ ငိုစရာတွေ မေ့ ကာထား လို့  ရယ်စရာတွေလောက်ပဲ မှတ်မိနေပါတော့တယ် ။
မယ်ကိ တယောက် ကိုယ်ပိုင် ကလေး မရှိပေမဲ့ ကလေးချစ်တတ်တယ် ။ ( ကလေး မိဘ အလစ်မှာ ကလေးလေးပါးကို ဆွဲဆိတ် တာတို့  ။ ကလေး ငိုအောင်စတာ တို့လည်း တခါတလေ လုပ်တတ်ပါတယ် ) ။ ဒီလိုနဲ့  အားလပ်ရက် တရက် မှာ သူငယ်ချင်းတယောက်ရဲ့  ၂ နှစ်အရွယ် သမီးပေါက်စလေး ကို ချီပြီး တိရစ္ဆာန်ရုံ သွားဖြစ်တယ် ။ ဒီက တိရစ္ဆာန်ရုံ က မနဲ မနော ကျယ်လွန်းတော့ အဝင်ပေါက်ကနေ ဟိုးဘက် ထွက်ပေါက်ထိ ကို ခြေတိုမတတ် လမ်းလျှောက်ရတာပေါ့ ။ ဒီကတိရစ္ဆာန်ရုံမှာ ကြံကြံဖန်ဖန် လှောင်အိမ် ထဲ ထဲ့ မွေးထားတဲ့ ကြက် လေးတွေ ငှက်လေးတွေ လည်း ရှိလေရဲ့  ။( မယ်ကိ တို့ ဆီက ရွှေကျီးကန်း တို့ ကိုများ တခမ်းတနား နဲ့ ကို သံဇကာ ခြံလှောင်အိမ်မှာ မွေးပြထားလေရဲ့ ၊ ကြက်လေးတွေလည်း ရှိပါ့ ) ။ တခြား ကွာလာ ဝက်ဝံလေးတွေ ၊ ပင်ဂွင်းငှက်လေးတွေ၊ ပင်ဒါဝက်ဝံလေးတွေ ကတော့ ရှားပါး သတ္တဝါ တွေမို့  သိန်းပေါင်းများစွာ အကုန်ခံဆောက်ထားတဲ့ ဗီအိုင်ပီ အိမ်လေးတွေ နဲ့ သပ်သပ် ထားပေးတာပေါ့ လေ ။
ဒီလိုနဲ့ လမ်းလျှောက်ရတာ ညောင်းလာတော့ သမီးလေး က မယ်ကိကို ခဏ ခဏ ချီခိုင်းပါတော့တယ် ။ကလေး တွန်းလှည်းကလည်း မယူလာ မိတော့ ကိုယ့်အတတ် ကိုယ်စူး ၊ ကလေး မအေ လို ဗြုတ်စ ဗြင်းတောင်း ဆွဲပြီး ၊ကလေး တဖက် ၊ နို့ ဗူး ၊အနှီးထုတ် တထုတ် နဲ့ ၊ ကလေး တကောင် ခါးထစ်ခွင်ချီလို့  နေပူပူ မှာ လျှောက်ရင်း ၊ ငှက်အိမ် ကြက်အိမ် နားရောက်လာပါလေရော ။ ဒီ အချိန်မှာ အပူကြောက်တဲ့ ကလေးမှာတော့ ချွေးတရွှဲရွှဲ နဲ့  ဂျီတိုက်နေပြီမို့ 
ခြေညောင်း လက်ညောင်း နေတဲ့ မယ်ကိ ခမြာ ကလေး ဘေးချ ပြီး မြူရတာပေါ့လေ ။
“ ရှောင် ဖိန်ယို ၊ နီခန့်  နီခန့်  ရှောင်ကျီးကျီး၊ ရှောင်ရှောင်ညောင် ဖေးလိုင် ဖေးချွိ ။ ဟောင် ခန့်  ၊ဟောင်ခါအိုက် ရော ” ( 小朋友 . 你 看看 小 雞雞 跟 小小鳥 . 飛來 飛去. 好看 .好可愛 ) ..အိစံကွားလား.. ဘာ ညာ ..တတ်သမျှ လျှောက် မှုတ်ရတော့တာပေါ့ ။ ( ဘာသာ ပြန် .... ကလေးရေ . ကြည့်ပါ ..ကြည့်ပါ ။ ကြက်သေးသေးလေး ။ ငှက်သေးသေး လေး ။ ဟို ပျံ ဒီပျံ နဲ့  ။ကြည့်လို့ကောင်းတယ် ။ ချစ်စရာလေးတွေ ... စသဖြင့် ပေါ့လေ ..း)))
ဒီတော့ အနားက ဖြတ်သွားကြတဲ့ လူတွေ မှာ မယ်ကိ ကို ကြည့်ရင်း ပြုံးစိစိ နဲ့ ။ ခမြာ မတော့ ဘာမှန်းမသိ ပြန် ပြုံးပြ နေရတာကြာတော့ တခုခုတော့ လွဲနေပြီ လို့ ထင်မိသား ရယ် ။ ဟယ် တတ်နိုင်ပါဘူး ။ ဒါပဲ ပြောတတ်တာ လို့  စိတ်မှာ ထားပြီး ဒီစကားလုံးကိုပဲ ထပ်ခါ တလဲလဲ ရွတ်ပြီး ကလေးချော့တေး ဆိုသလို ဆိုလိုက် ၊ ပြုံး သွား တဲ့ သူ တွေ ကို ပြန်ပြုံးပြလိုက် နဲ့ ပဲ ကလေးလည်း မော ပြီးအိပ် ။ မယ်ကိလည်း ဟောဟဲဆိုက် နဲ့ အိမ်ပြန်လာခဲ့ကြတာပေါ့ ။
အိမ်ပြန်ရောက်ပြီး သူငယ်ချင်းနဲ့တွေ့ တော့မှ ဒီအကြောင်း ပြန်ပြောပြပြီး တဲ့နောက် အကြောင်းရင်းသိရတော့ မှ ပဲ ၊ အို့  ဟိုး ဒါ့ကြောင့်ကိုး လို့ ခွက်ခွက်လန် ရယ်လိုက်မိတော့တယ် ။
( ခက်ဆစ် အဓိပ္ပါယ် )...
小 雞雞 ၊ 小小鳥 .= ယောင်္ကျားလေးများ၏ ရွှေပြွန်က ရေသွန်သော ကရိယာ တန်ဆာပလာ အား ချစ်စဖွယ်ဆိုသော စကားစု ၊ ဖြစ်ပါကြောင်း...
ကြက်ကလေးတွေ၊ ငှက်ကလေးတွေ က သူ့ တို့ ဟာသူ တို့  နေကြတာ ကို လူတွေက ဘာလို့များ ဒီလို လာ လာ နှိုင်းကြမှန်းမသိပါဘူး ။
မြန်မာဘန်းစကား မှာတော့ ကြက် က အမ ပစ္စည်း ဖြစ်ရပြီး၊ တရုပ်မှာကျတော့ အထီးပစ္စည်း ဖြစ်ရပါသေးလားလို့ ။
အချက်မသိတော့ ဇရက်(ဆက်ရက်) ဂျိုးထင် ၊ မဟုတ်ပဲ အချက်မသိတော့ ကြက်နဲ့ ငှက် ကို “ဂျိုး” ထင် အောင် လွဲမှားရပါတော့တယ် လေ ။
ဒီတခါတော့ အဝါရောင် သန်းနေသော ရယ်စရာများ ဖြစ်နေတဲ့ အတွက် နားနဲ့  မနာ မျက်စိနဲ့သာ နာကြပါတော့ ။
ဖွားကိတယောက် နုနယ် လှပ လတ်ဆတ် သန်မြန်စဉ် အခါကပေါ့ ။ ဆူပါအိုင်ဒေါ မဖြစ်တော့လည်း ဆူပါမော်ဒယ်လေးများ ဖြစ်လိမ့် နိုးနိုး နဲ့  မျှော်လင့်နေမိသေးတယ် ။ ဒီတော့ ကြောင်လမ်းလျှောက်ခြင်း အကြောင်း တွေးမိ ငေးမိ ကြည့်မိ တာတွေလည်း ရှိသပေါ့လေ ။ ဪ ...ဘာလို့ များ လူဖြစ်ပြီး ကြောင်လို လမ်းလျှောက်ချင်နေကြပါလိမ့်ပေါ့ နော် ။ ဒီလူတွေများ တယ် ခက်သကိုး ။ ဥူးသုမင်္ဂလ တရား တပုဒ်ထဲမှာ ကြားယူမိတာ ကတော့ လူတွေက သူတို့ ကို ဒါရိုက်ကြီး ဟဲ့  ခွေးမ ၊ ဟဲ့ ဝက်မ စသဖြင့် တိရစ္ဆာန် တကောင်ကောင် နဲ့  နှိုင်းပြောလိုက်ရင် အင်မတန်မှ စိတ်ဆိုး ဒေါသထွက်တတ်ကြပါသတဲ့ ။ ဒါပေမဲ့  အို မိန်းကလေး ရယ် ၊မင်းရဲ့ “ ဇင်ယော်တောင် မျက်ခုန်းမွှေးလေး” ကသိပ်လှပါလား လို့  ဆိုတဲ့ အခါများကျ သဘောခွေ့  မနောခွေ့  ဖြစ်တတ်ပါသတဲ့ ။“ ပုတုန်းရောင်ကေသာ ”တို့  ။“ သမင် မျက်လုံး” “လမ်းလျှောက်ပုံက ဆင်မ ယဉ်သာ ဟန်ကလေး ” စသဖြင့် တင်စားပြီး ပြောတဲ့အခါ ဒီ တိရစ္ဆာန်တွေ နဲ့  နှိုင်းတယ်လို့ မထင်မိပဲ ကျေနပ်နေကြပါသတဲ့ ။ လူ့ မနောများ မှန်းရတယ်ခက်တာပဲ ။
ခုလည်းကြည့် လေ ။ ကြောင်လမ်းလျှောက်ခြင်း နည်း တဲ့ ။ ဘာလို့များ ကြောင်လို လမ်းလျှောက်ကြတာပါလိမ့် ။ လူဖြစ်ပြီး လူလို မလျှောက်ချင်ကြတာ ။ ဒီနည်း လေး နဲ့ အဆင်ပြေပြေ လျှောက်တတ်ရင် ။ အရပ်ကလေး မြင့်ရင် ။ ကြည့်ပျော်ရှုပျော် ရုပ်ရည်ရှိရင် ၊ နာမည် သာ ကြီးသွားကြည့် ။ စားမကုန် သောက်မကုန် ၊ သောက်သောက်လဲ ဝင်လိုက်မဲ့  ငွေတွေ မနည်း မနော မို့  လူတွေက ကြောင်လိုလမ်းလျှောက်တတ်ချင် ကြပါတယ် ။ အဟက်.. တလွဲ မထင်ပါနဲ့  ၊ မြန်မာစာ မြန်မာစကား ရေးချင် လွန်းလို့  မြန်မာလိုပဲ ရေးချလိုက်တာ ။ ဖတ်ရတာ ခိုးလို့ ခုလုကြီးဆိုရင်တော့ ဘိုလိုက ဒီလို ရေးထားပါတယ် ။
CAT WALK တဲ့ ။“ Catwalk floor is a narrow, usually elevated platform used by models to demonstrate clothing and accessories during a fashion show ”. လို့  ဆိုထားတော့ ...ဖက်ရှင် ပြပွဲမှာ မော်ဒယ်လေးများ ၊ လှပဆန်းသစ် ဝတ်စားဆင်ယဉ်ပြီး လမ်းတက်လျှောက်ပြရတဲ့ စင်မြင့် ကျဉ်းကျဉ်းလေး ပေါ့ ။
ကြောင်လို အဆင်ပြေပြေ လျှောက်ဖို့ လည်း တယ် မလွယ်လှပေဘူး ။ လေ့ကျင့်ရတာတွေ အတော်ပင်ပန်းတယ် ဆိုပဲ ။ ပြီးတော့လည်း အဆင် မသင့် တဲ့  အခါ ဒီလိုလေးတွေ ဖြစ်တတ်သေးလို့  ၊ ခါးချိနေတဲ့ ဖွားကိ တယောက် ကြောင်လမ်းလျှောက်နည်း မသင်လို တော့ပါ ။ ကြောင်လို မလျှောက်လိုတော့ပါ ဟု ဆုံးဖြတ် လိုက်ပါတော့တယ်။
နောက်ဆုံးတကွက်ကြောင့် ၊ ပို လန် သွား အဲ့ ... ပို လန့် သွားခြင်းဖြစ်ပါကြောင်း ။
ခွေး အောင်နက်ကြီး နဲ့ ဂုတ်ကျားမ တို့  ကိုလည်း တပါတီ ထောင်ပေးပြီး ၊ ကြောင်လို လမ်းလျှောက်သင် ခိုင်းရ ကောင်း မလား လို့ စဉ်းစား နေပါတယ် ။း))
နှစ်သစ်မှာ အထိတ်တလန့် သတင်းတွေ ချည်း ကြားနေရလို့  ပေါ့ပေါ့ပါးပါး ဖြစ်ကြစေ ဖို့  တင်ပြပေးလိုက်ခြင်းပါ ။
နိစ္စ ဓူဝ ကိစ္စ များမြောင် လူတို့ဘောင်ဝယ် ၊ တခါတရံ မှာတော့လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရယ်စရာ အကြောင်းလေးတွေ ကြံဖန် ပြောကြရင်း၊နားထောင်ကြရင်း နဲ့  ဘဝ အမောတွေ ဖြေကြရတယ် ။ဒီတော့ လည်း အမောပြေ ရယ်စရာလေး များ ပြန်ပြောပြချင်တယ် ၊
တစ်နေ့မှာပေါ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အစည်းအဝေးက ပြန်လာတဲ့ လေယာဉ်တစ်စင်းပေါ်မှာ ကျောင်းသားငယ်လေး တစ်ယောက်၊ ဘုန်းကြီးတစ်ပါးနဲ့ အမေရိကန်သမ္မတကြီး ရယ် ၊ တရုတ်နိုင်ငံ ခေါင်းဆောင်ကြီးရယ် ၊ရွှေနိုင်ငံက အကြီးအကဲဆိုသူ ရယ် အတူတူ စီးလာကြတယ်။
တစ်နေရာ အရောက်မှာ လေယာဉ် စက်ချို့ယွင်းပါလေရော ။ အဲဒီမှာ လေယာဉ်မှုးက ပြောတယ်
" လေထီးက ၅ ခုပဲပါတယ်ခင်ဗျား ၊ ကျနော့်မှာ အိမ်က ကလေးတွေနဲ့ မိန်းမကို စိတ်မချလို့ " ဆိုပြီး လေယာဉ်ပေါ်က ဦးဆုံး ခုန်ချသွားတယ် ။
အဲဒီမှာ အမေရိကန် သမ္မတကြီးက " ကျနော်က ကမ္ဘာ္ဘ္ဘကြီးငြိမ်းချမ်းရေးအတွက် လုပ်နေရတာ၊၊ ကျုပ်မရှိလို့ မဖြစ်ဘူး " ဆိုပြီး လေထီး ၁ ခု ယူပြီး ဆင်းသွားပြန်ရော ။
ဒီတခါကျတော့ တရုတ်ခေါင်းဆောင်ကြီး က ပြောတယ် " ကျုပ်မရှိတော့ရင် အရှေ့ တောင် အာရှရဲ့၊တိုးတက်မှုတွေ ရပ်တန့်သွားလိမ့်မယ် " ပြောပြီး လေထီးတခုနဲ့  ဆင်းသွားတယ် ။
တစ်ခါ ရွှေနိုင်ငံရဲ့  ရွှေ့အကြီးအကဲဆိုသူက လည်း၊ ကျုပ်က အရေးကြီးပုဂ္ဂိုလ် ဆိုတော့ ၊ ကျုပ်တိုင်းပြည်ကြီးမှာ ကျုပ်မရှိလို့ မဖြစ်ဘူးဆိုပြီး လေထီးအိတ်ဆွဲပြီး ဆင်းသွားတယ် ။
လေယာဉ်ပေါ်မှာ ဘုန်းကြီးနဲ့ ကလေးပဲ ကျန်ခဲ့တယ် ။ လေထီးက တစ်အိတ်ပဲ ကျန်တယ် ။အဲဒီမှာ ဘုန်းကြီးက ကျောင်းသားလေးကို “တကာလေး ၊ ကျန်တဲ့ဒီ လေထီး ကို ယူပြီးဆင်းပါ။ ဘုန်းကြီး အသေခံ မယ် ” လို့ ပြောတယ် ။
ဒီတော့ ကျောင်းသားလေးက ပြန်ပြောတယ်။
" ဟာ ....ဦဇင်းကလည်း ဦးဇင်းက ဘာလို့ အသေခံရမှာလဲ ၊ စောစောက သားတို့ ရွှေ အကြီးအကဲ ယူသွားတာ လေထီးမှ မဟုတ်တာ ။ အဲဒါ သား ကျောပိုးအိတ်ကြီး " .....တဲ့..။
forward mail ထဲမှ အခြေခံ ဖြည့်စွက်ထားခြင်းပါ ၊ မူလရေးသူအမည်ပါမလာတဲ့အတွက် ပြန်လည် ဖေါ်ပြပေးနိုင်ခြင်း မရှိတာကို နားလည်ပေးကြစေလိုပါတယ်။
ဒါနဲ့ ကိုယ့်ဟာကိုယ်လည်း တွေးကြည့်မိပါတယ် ။တွေးမိတွေးရာတွေပေါ့။
-ဟုတ်ပေလိမ့်မယ် ။ ရွှေအကြီးအကဲ က အသက်လည်းကြီးပြီပဲ ၊ အမြင်တွေ ဝေဝါးနေလောက်ရောပေါ့ ။
-ဒါမှ မဟုတ် လေထီးအိတ်နဲ့ ကျောပိုးအိတ် ကိုတောင် ခွဲခြားမသိသေးတာလား။ခက်လှချည်သေး ။ ဒါပေမဲ့ ခြေသွက် လက်သွက်တော့ ရှိနေပါသေးကလား ။ အရင်ရအောင်ခုန်နိုင်ပါပေ့ ။
-နောင်ဆို “ ကျောင်းသားများ၊ ကျောပိုးအိတ် မသုံးရ ” ဆိုတဲ့ ဥပဒေ တရပ်အသစ်ထွက်လာနိုင်တယ် ။ .....
-မောင်းသူမဲ့  နေတဲ့ ဒီ လေယာဉ်ကြီး ဘယ်လိုများ ရှေ့ ခရီးဆက်မှာ ပါလိမ့် ။ ဘုန်းကြီး နဲ့  ကျောင်းသား လေး တို့ လိုရာခရီး ချောချောမောမော ရောက်ပါ့မလား ။
-နောက်ဆုံးရတဲ့ အတွေး နဲ့  အသိတရားကတော့ “ စေတနာ အကျိုးပေး ” ဆိုတာ ဒီလိုပါလား လို့  ။
( စိတ်အပန်းပြေ ၊ ရယ်စရာ ပြုံးစရာ ..မျှသာ.... )
ပုံတွေကို photobucket မှ ရယူထားပါတယ်။
အောင်နက် နဲ့  ဂုတ်ကျားမ တို့ ရဲ့  ရှုမငြီး တဥတည်း တဦးတည်းသော သားတော်မောင် မိုက်ခဲလပြည့်( Micheal fullmoon- ရှင်းလင်းချက် = ရွှေပြည်ကြီးမှာ ခေတ်မှီသူတိုင်း ဘိုလိုမှုတ်ပြီး ဘိုနာမည်ပေးကြသဖြင့် ဖိုးလပြည့် တကောင်လည်း ဤ အမည် တွင်ပါသည် )တအီးအီးငိုပြီး အိမ်ပြန်လာသည်။ ဂုတ်ကြားမကြီး တကောင် အူနုကျွဲခတ်သလို ဆတ်ဆတ်လူး မျက်ကလည်းဆန်ပြာ နဲ့  ခွေးကတက်ပေါ်မှ ဝုန်းဒိုင်းကျဲပြီး ခုန်ပေါက်ပြီး ဆင်းလာသည် ။ ခွေးမသားလေးဆိုတော့ အကောင်လိုက်မွေးခဲ့ ရပေမဲ့ သားရွှေဥ ဆိုသလို ဥခဲ့ရတာ မို့  သူ့ သားတော်မောင်ကို ရင်နဲ့ အမျှ ချစ်ခဲ့ရတယ်ပေါ့ ။
“ ဘယ်သူကများ ငါ့သားလေးကို အနိုင်ကျင့်လွှတ်လိုက်တာပါလိမ့် ၊ပြောစမ်း ပြောစမ်း ၊မေမေ့ သားလေး မေမေတောင် မပြောရက် မထိရက်တာ ၊ ငါ့သားလေး ကို ဘယ်သူ ဘာလုပ်လိုက်သလည်း ၊ မေမေသွား ရှင်းမယ် ”
“ အို .. ။ ရှင် မ ကလည်းကွာ ။ မင့်သားကို သေသေချာချာမေးပါအုံး ။မင့်ဟာက ၊ ဘုမသိ ဘမသိ ဒေါကန်နေတာက အရင် ”
“ ရှင်က ဝမ်းနဲ့ လွယ် မမွေးခဲ့ ရတော့ ဒီလို ပြောရက်တယ်ပေါ့လေ ။ ဒါကြောင့် ရှင်တို့  ကိုပြောကြတာ ၊ မိဘ ဆိုတာမှာ အမိကို အရင်ခေါ်ကြတာ ။ ဘ တွေ က ဘေးထိုင်ဘုပြော ဖို့ လောက်ပဲ တတ်ကြတယ် ။ ဟွန်း ။ ခလုပ်ထိတော့ အမိ တ ကြတယ် . လန့် ပြီး .အော်ကြတာ ကို ကြည့်ပါလား ။ အမယ်လေး တော့ တို့  ။ အမလေး တို့ ၊ မွေးမေလေ့ တို့  ဆိုတာ တွေပဲ ရှိတယ် .ဘယ်သူမှ အဘလေး တို့  မွေးဖေလေး လို့ မတ ကြဘူး ရှင့် ”
“ဟ ။ ဘာဆိုင်သလည်းကွ ။ ခု မင့်သား ငိုတဲ့ ကိစ္စ ။ ငါ့ဖက်လှည့် လာပြန်ပြီ ။ ဟေ့ကောင် ၊ မင့်အမေ မေးနေတာ ဖြေလိုက်လေကွာ ။ အလကားနေ ၊ ငိုမနေနဲ့ တော့ ၊တိတ်စမ်း ။ခွေးမသား မဟုတ်တဲ့ အတိုင်းပဲ ”
အောင်နက်တကောင် ၊ သူ့ သားကိုပြောသလိုလို နဲ့  သူ့ ဖက်လှည့်လာတဲ့ မြှားဦးကို လွတ်အောင် အရင်ရှောင်လိုက်လေသည် ။နို့ မို့ ဆို လိုရင်းရောက်တော့မည်မဟုတ် ။ ဒီတော့မှ မိုက်ခဲတကောင် အငိုရပ်တော့သည် ။ အမေ့အပေါ် နွဲ့ ဆိုးပြီး ညာစား ညာတောင်းနေကျ ပေမဲ့ အဖေအောင်နက်ကြီးကိုတော့ သူကြောက်ပါသည် ။ အဖေက ခွေးဖြောင့်စိတ်တိုဆိုပေမဲ့ အကျိုးသင့် အကြောင်းသင့် တွေးတော တတ်သည် ။ မဟုတ်တာ မလုပ် ။မမှန်ရင် မဟောင် အဲ့လေ မမှန်ရင် မပြော သူ ဆိုတော့ ခုခေတ်ကြီး နဲ့  သဟဇာတ မရှိလှ ။
“ သားကို ဟို လေ.. သား ကို .... ”
မိုက်ခဲတကောင် စကား တန်းလန်း နဲ့ တွန့် ဆုတ်ဆုတ်ဖြစ်နေပြန်သည် ။ ဒီတော့ ဂုတ်ကျား မ အလျှင်စလို မေးလိုက်ပြန်သည် ။
“ ပြောလေ သားလေး ။ မေမေ့သားလေး ဘယ်သူ ဘာလုပ်လိုက်တာလည်း ”
“ သားသားကို ကျောင်းက ဆရာမ ရိုက်တယ် ၊ မေမေရ၊ ဒီနေရာကို ကြိမ်လုံးနဲ့ ရိုက်တယ် ။အီးးးဟီးးဟီးးး ” သူ့ တင်ပါး သူပွတ်ရင်း နဲ့  ကနွဲ့ ကရ ငိုနေပြန်တော့ ဂုတ်ကျားမ သားတော်မောင် တင်ပါး လှန်ကြည့် ရာ မဆိုစလောက် လေး နီနေသည့် အရာလေး တချက် ကိုတွေ့ လိုက်ရ၍ ရင်ဘတ်စည်တီး ဖြစ်ပါတော့သည် ။
“ အမလေး ငါ့သားကို ငါတောင် မထိရက် မဆူရက်။ ကြည့်စမ်းပါအုံး ၊ ဒီဆရာမ လုပ်တာ ကြိမ်ရာကြီးက ဒီလောက်တောင် ။ ဒင်းက ဘာမို့  ရိုက်ရတာတုန်း ။ ငါ့သားထိရင် ငါမခံဘူး ဟေ့ ။ လာစမ်း ။ ဂုတ်ကြားမ အကြောင်း သိစေရမယ် ။ဘယ်ဒင်းလည်း ။ ဘယ်ဆရာမလည်း ။သွားမယ် ။ ခုပဲ ကျောင်းမှာ စာရင်းသွားရှင်းမယ် ။ ဟင်းးးး ”
ဂုတ်ကျားမ တို့  ယမ်းပုံပေါ် မီးစကျသလို ဆက်တိုက် ပေါက်ကွဲ ပါတော့သည် ။ ဒီတော့ အောင်နက်လည်း ဘေးမှာထိုင် မကြည့်နေနိုင်တော့ ပဲ ဒီပွဲမှာ ဝင်ပါရတော့သည်။
“ အာကွာ မင်းကလည်း ၊ဘယ်မလည်း ကြိမ်ရာဆို တာ ၊ မနည်းပြူးပြဲ ကြည့်မှ ရေးရေးလေး နီနေတာ ကို ရေးကြီးခွင်ကျယ် လုပ်လို့  ကွာ ။ခွေးကြားလို့  မကောင်းပါဘူး ။ ဒီလောက်တောင် အော်မနေပါနဲ့  ”
“အောင်မလေး လေး.. ပြောရက်လိုက်တာနော် ၊ ရှင့်သွေးသား မဟုတ်တဲ့ အတိုင်းပဲ ”
“ ဒီလိုမဟုတ်သေးဘူးကွ ၊ခုကိစ္စမှာ မင့်သား ကို ဆရာ က ရိုက်တာ ၊အကြောင်းတော့ ရှိရမယ်။သူတခုခု အမှားအယွင်းလုပ်လို့ နေမှာပေါ့။”
“အို ဘာပဲဖြစ်ဖြစ်ပေါ့ ၊ ကလေးဆိုတာ ငယ်သေးတယ် ။ဒီလိုအရမ်းရိုက်ဖို့ မကောင်းပါဘူး”
“ အင်းလေ ။ ခေတ်ကြီးက ပြောင်းလဲ လာတော့ အယူအဆတွေလည်းပြောင်းလဲလာကြတာနေမယ် ။ ငါတို့  ငယ်ငယ်ကဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးတွေ လိမ္မာရေးခြား ရှိစေချင်လို့ ဆရာဆီ ကိုယ်တိုင်ကိုယ်ကျ အပ် ၊ လိုရင် ရိုက်နှက်ဆုံးမ ပါလို့ ပြောကြတာလေ ။ ခုခေတ်တော့များကွာ ကျောင်းသားကို ဆရာက မထိလိုက်နဲ့ ၊ တခါတည်း မီးပွင့်သွားမဟေ့ လို့ ပြောရလောက်အောင်ပဲ မိဘတွေ ရှေ့ကနေ ကာဆီး ကာဆီးလုပ် ၊ ဒါကြောင့် ကျောင်းသားကလည်း ဆရာ ဆို မကြောက် ၊ မထီလေးစားနဲ့ ဖြစ်ကုန်ကြတာပဲ ။ အကောင်ကြီးကြီး အမြှီးရှည်ရှည် သားသမီးများ ဆို ပိုဆိုးသေးသဟေ့ ”
“အို .. ရှင် ဘယ်လိုပဲ ပြောပြော ကျုပ်ကတော့ ကျုပ်သား ကို ဒီလိုရိုက်နှက်ဆုံးမတာ လုံးဝမကြိုက်ဖူးတော့်”
“ အေး ၊ ဒါဆို ရိုက်ပုံ ရိုက်နည်း အမျိုးမျိုး အကြောင်း ငါပြော ပြမယ် ။ ရိုက် တယ်ဆိုတာ ပြုသူ နဲ့ ခံရသူအတွက် ခံစားရတာချင်း မတူဘူး ။ဥပမာ ကွာ ဆရာ နဲ့ တပည့် ၊ ဆရာ က တပည့် ကို ကြိမ်နဲ့ ရိုက်ပြီးဆုံးမတယ် ။ ဆရာ က တပည့်ကို မုန်းလို့ရိုက်တာ မဟုတ်ဘူး ။ကောင်းစေချင်တဲ့ စေတနာ နဲ့ ဆိုဆုံးမတာပဲ ။ ဒါကို တပည့်က နားလည် သဘောပေါက်ရင် ကြိုးစားမယ်။တိုးတက်မယ်ပေါ့ ။ ဒီလိုမှ မဟုတ် စေတနာကို နားမလည်ရင်တော့ အမုန်းပွားမယ်။ ပိုပြီးဆိုးသွားမယ် ။ ဒီတော့ နားလည်မှုက အရေးကြီးတယ် ။”
အောင်နက်တကောင် တခါတလေတော့လည်း ယထာဘူတ ကျကျ တွေးတတ်ပါသေးသလား လို့  ဂုတ်ကျားမကြီး တွေးနေမိပေမဲ့ စိတ်ထဲမတော့ သိပ်ပြီး ဘဝင်မကျချင်သေး။
“ကဲလေ ။ ထားပါတော့ ဆရာ က တပည့် ကို ရိုက်နှက်ဆုံးမ တာ ၊ တခြား ဘာရိုက်ပြီး ဆုံးမ တာရှိသေး သလည်း ။”
ဂုတ်ကျား မ အမေးကို အောင်နက်တကောင် နှုတ်မှ မဖြေလိုတော့ ၍ သူဖတ်လက်စ “လွတ်လပ်ရေး ” သတင်းစာ ကြီး ရဲ့  စာမျက်နှာ တနေရာ ကို ၊မေးငေါ့ ပြပြီး အကြည့်ခိုင်းလိုက်လေသည် ။ ဒီလို ရေးထားတယ်ပေါ့ ။
( အသေးစိတ်က ဒီနေရာမှာ ရှိပါတယ် ၊ )
ဒီသတင်းကို ဖတ်လို့ အပြီးမတော့ ဂုတ်ကျား မ တကောင် ၊ ရိုက်နှက်ဆုံးမ မှ ရမဲ့ သူများ ကို ရိုက်ပေးမှ ရမဲ့  သဘောတရားကို သဘောပေါက်သွားပါတော့သည် ။ သူ့ သား အရိုက်ခံ ရလို့  ထွက်နေတဲ့ ဒေါသအချောင်းများလည်း အစည်းပြေ သွား လေသည် ။ သို့ ပေမဲ့ ခွေးမတို့  သဘာဝ စပ်စုချင်စိတ်က ပေါ် လို့ လာတော့လည်း သူ့  အိမ်ဦးနတ်သခင်ကို မေးကြည့်မိလိုက်ပါသေးသည် ။
“ နေပါအုံး ဒါနဲ့  ရှင်ပြောတာ က ရိုက်နည်း အသွယ်သွယ် ဆိုတာ လေ ။ တခြား ဘာတွေ များ ရိုက်နေကြတာ ရှိသေးတာလည်း တော် ရဲ့  ”
“ဟင်း ဟင်း .. မင်းက သိချင်တော့ လည်း ငါကပြောပြရတော့မှာ ပေါ့လေ ။ဒီလိုလေ ကွ ။ ငါတို့  ငယ်ငယ်တုံးက ရိုက်တန်းကစားခဲ့ ကြတာ နည်းမျိုးစုံပဲ ။ ဖါးရိုက် ၊ ဂေါ်လီရိုက် ၊ ကြက်တောင်ရိုက် အစုံပါပဲ ။ ပျော်စရာတွေ ပေါ့ကွာ ။အဲ့ဒီတုံး ကတော့ ဖါးရိုက်တယ် ၊ ဖါးကလေးတွေ သေရတာ သနားရကောင်းမှန်းမသိ ပဲ ပျော်စရာထင်တယ် ။ ဖါးသား စားရတာကိုးကွ ၊ သူ သေချင်သေပစေ ။ ကိုယ်စားရဖို့  အရေးကြီးတယ်လို့ ပဲထင်မိတာ ။
ဟဲ ဟဲ .. အရွယ်လေး နဲ နဲ ရလာတော့ ခွေးတွင်ကျယ် လုပ်ချင်လာတယ်ပေါ့ကွာ ။ အာရိုက် ၊ ဂွင်ရိုက် ။ တပတ်ရိုက် ။အဲ့ဒီနည်းတွေ သုံးပြီး ခွေးမလေးတွေ လိုက် ဖန်တာလေ ။ ဒါလည်း မဆိုး ဘူး ကွ ။ ဂွင်ကျသွား တဲ့ အခါ အဆင်ပြေ ပြန်ရော ။ ဟဲ ဟဲ ဟဲ ၊
အောင်နက်တကောင် ငယ်ဘဝ ဂေါ်စွံပုံကို စမြုံ့ ပြန် ၊ ပြုံးတုံ့ တုံ့  နဲ့ ပြောနေလေတော့ ဂုတ်ကျားမ တကောင် ကြည့် မရတော့ ။
“တော်စမ်းပါ ။ ရှင်က အပိုးကို မကျိုးဘူး ။ ရိုက်လည်း ရိုက်နိုင်လွန်းတယ် ၊ ရှင်တင် ရိုက်တတ် တာ မဟုတ်ဖူးရှင့် ၊ ကျုပ်လည်း ခွေးပျို ဘော်ဝင်စ က ၊ ရိုက်ခဲ့တာ တွေ ရှိသတော့ ။ ခိခိ ”
ဂုတ်ကျားမ လည်း အားကျမခံ ပြန်ကြွားရတော့သည်ပေါ့ ။
“အံမယ် ၊ မင်းလို ပုံတုံးကြီးကများ ။ ဘာတွေ ဘယ်လို ရိုက်ခဲ့ တာတုံး ။ ပြောစမ်းပါအုံး ”
အောင်နက်က မယုံသလို မေးနေတော့ ဂုတ်ကျားမ က ပြုံစိစိ မျက်နှာပေး နှင့်
“ အဟင့် ရှင်ကသာ ကျုပ်ကို အထင်မကြီးတာ ။ ကျုပ် ငယ်ငယ်က ရွာ မှာ ကွမ်းတောင်ကိုင် ရှင့် ။ သူကြီးသား ကိုရွှေပွကြီး များဆို ကျုပ်ကို ကြိုက်လွန်း လို့  ။ အဟင်း ။ သူ့ အကူအညီ နဲ့ ကျုပ်လည်းရိုက်ခဲ့ပါတယ်တော် ..ရှင်တို့လို ဖါးရိုက်တာတော့ မဟုတ်ဖူး ။ဗွီဒီယို နဲ့ ကြော်ငြာတွေ ရိုက်တာရှင့် ။ အဟင်းဟင်း ... ”
“ အမလေးဗျာ ။ မင်းလို ပုလင်းဘော်ဒီ ကြီးနဲ့က ဗွီဒီယို နဲ့ ကြော်ငြာတွေ ရိုက်တယ်ဆိုတော့ ငါက ဟောလီဝုဒ်မင်းသား ကနေ တပြားမှ မလျှော့နိုင်ဘူးကွ ။ အဟက်။ ပြီးတော့ ရှိသေးတယ် ။ ဓါတ်ရိုက် ဓါတ်ဆင် တဲ့ ။ ဟို သဂျီး ကလူထွင်း ဆို ကွာ ။ အဲ့ဒါနဲ့တင် အမတ်တနေရာ ရသွားပါရောလားကွ ၊ ကြည့်စမ်းပါဦး ။ ဘယ်လောက်ကောင်းလိုက်တဲ့ ရိုက်နည်း စုံလင် ရိုက်လိုက်ချင် ဆိုတာ”
“ အို ဒါက ဘာဟုတ်သေးလို့ တုံး ။ ရိုက်ပုံ ရိုက်နည်း အစုံထဲမှာ အလန်းဆုံးရိုက်နည်းတခု ရှိသေးတယ် တော် သိရဲ့လား”
“ဟေ ..ဘာများတုံးကွ ဆိုစမ်းပါအုံး ။”
“ဒီမှာကြည့်လေ ။ ခုခေတ်ကြီးမှာ ပိုက်ဆံ တပြားမှ မကုန်ပဲ အရိုက်ခံရတာ ၊ဘယ်လောက်ကောင်းသလည်း ၊ ရှင်အရိုက်ခံချင် သွားလိုက်ပါလား ။ ဟင်းဟင်း ။ တချို့ မြို့ နယ်တွေမှာဆို အရိုက်မခံချင်လို့ လည်းမရဘုးတော်ရေ ။ ဝါသနာ ပါပါ မပါပါ သူတို့  ကတော့ ရိုက်မှာပဲ ။”
ကိုအောင်နက်တကောင် သူ့  မဟေသီပြတဲ့  သတင်းအတင်း စာနယ်ဇင်းမှာ ပါလာတဲ့ သတင်းလိုလို အတင်းလိုလို စာတပုဒ်ကို ဖတ်ကြည့် အပြီးမတော့ ထုံးစံအတိုင်း တဂိန်ဂိန်အော်ရင်း ငြီးတွားမိပြန်ပါတော့သည် ။
“ဂိန်.... ခွေးဖြစ်ရတဲ့ ဒုက္ခ ။ မရိုက်ချင်ပေမဲ့လည်း ရိုက်ရတယ် ။ အရိုက်ခံရအုံးမတဲ့ ။ ပိုက်ဆံ မကုန်ပေမဲ့ ခွေးသိက္ခာကုန်ပါတယ် ။ ဓါတ်ပုံလည်း အရိုက်မခံဘုးကွာ ။ ထဲ့ ခိုင်းတာလည်း မထဲ့ ဘူး ကွာ ။ဒီလိုဆို ဒင်းတို့  ဘာလုပ်မလည်း ။တောက် ။ ”
“အင်း ။ ဒီလို တက်ညီ လက်ညီ ဆိုရင်တော့ အကောင်းသားပဲ ကိုအောင်နက်ရေ ။ ခုတော့ မတန်မရာ ခေါင်းပေါင်းကြီး တကားကား နဲ့  မထေ့တထေ့ အပြုံးများနဲ့  အမြှီးနန့်သွားချင် နေကြတဲ့ ခွေးသစ္စာဖေါက်တွေကြောင့် ကျုပ်တို့ လို လေလွင့် ခွေးဝဲစားတွေ ပို ပြီး ဒုက္ခရောက်ကြရအုံးမယ်တော်ရေ ။”
ဘယ်လိုရိုက်နည်းဆိုတာ သိလိုရင်တော့ ဖတ်တော်မူ .....
ဒီနေရာကရတဲ့ အကြောင်းအရာပါ ။
မိတ်ဆွေတို့ ရော ဘယ်လို ရိုက်ပုံရိုက်နည်းများကို ကြိုက်နှစ်သက်ကြပါမည်လည်း...
ကြပ်ပြေး-ကြမ်းပိုး ပေးပို့သည်
အိမ်သာပြင်လိုက ဗိုလ်ချုပ်မှူးကြီးထံ ခွင့်ပြုမိန့်တောင်းပါ
နေပြည်တော်က ၀န်ထမ်းတွေအပေါ် ဗိုလ်ချုပ်မှူးကြီး ထားတဲ့ စေတနာကတော့ ရှယ်ပဲခင်ဗျ။ ၀န်ထမ်းတွေ အားလုံးကို သူ့အဆင့်နဲ့သူ တိုက်ခန်းအသစ်တွေမှာ နေရာချထားပေးပါတယ်။ နေပြည်တော်သည် ပထမဖြစ်ရ မည်၊ နေပြည်တော်သည် နိုင်ငံတကာအဆင့်မီရမည် ဆိုတဲ့မူတွေနဲ့ အိမ်သာတွေကိုတောင်မှ အားလုံး ‘ဗိုလ် ထိုင်’ ကမုတ်တွေ တပ်ထားပေးသဗျ။
အဲဒီမှာ ခက်တော့တာပါပဲ။ ရေမီးရှားတိုင်းပြည်ကြီးရဲ့ နေပြည်တော်ဆိုတော့ မီးမရှားအောင် တခြားမြို့ ခွဲတမ်း တွေထဲက လုယူပြီး လျှပ်စစ်မီးတွေ ထိန်နေအောင် လုပ်ထားနိုင်ပေမယ့် ရေရှားတဲ့ ပြဿနာကိုတော့ မဖြေရှင်း နိုင်သေးလို့ တချို့အိမ်ရာတွေမှာ မကြာခဏ ရေပြတ်ပါတယ်။ ဗိုလ်ထိုင်အိမ်သာတွေရဲ့သဘောကလည်း ရေ များများသုံးနိုင်မှဆိုတော့ ... ရေပြတ်တဲ့အခါတွေမှာ အိမ်သာတွေက မသန့်ရှင်းနိုင်ဘဲ နံစော်နေတော့တာပေါ့။ အဲဒါကြောင့် ရေသိပ်များများ သုံးစရာမလိုတဲ့ ရေတံလျှောက်အိမ်သာအဖြစ် မြန်မာဆန်ဆန် ပြင်လိုက်ရင် အ ဆင်ပြေမှာပဲလို့ တွေးမိတဲ့ ၀န်ထမ်းတယောက်က အထက်လူကြီးကို တင်ပြတဲ့အခါ အဲဒီလူကြီး ပြန်ပြောတာက “အိမ်သာတွေကို နိုင်ငံတကာအဆင့်မီအောင် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လမ်းညွှန်ထားတာမို့၊ သူ့ခွင့်ပြုချက်မရှိ ဘဲ ပြင်လို့မရပါဘူး” တဲ့ခင်ဗျာ။
အိမ်သာလေးတလုံး ပြင်ဖို့တောင် ဗိုလ်ချုပ်မှူးကြီးရဲ့ ခွင့်ပြုချက်လိုနေရင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ကတော့ ... အင်း ... ...။
( ဆက်ဖတ်ချင်ရင် အောက်မှာ ရှိပါသေးသည် ။း))
မင်းတုန်းမင်းလောက်တော့ သနားတယ်
နေပြည်တော်ရွှေနန်းတည် မင်းတရားကြီး ဦးသန်းရွှေသည် လျှပ်စစ်မီးရောင်တို့ဖြင့် ထိန်ထိန်ညီးနေသော နေ ပြည်တော်၏ ညရှုခင်းအား ကြည်နူးစွာ ငေးမောရင်း တွေးတောနေမိသည်မှာ ...
“အင်း ... ငါတည်ထားတော်မူတဲ့ နေပြည်တော်ကြီးကဖြင့် အလွန်ကြီးကျယ်တာပေကပဲ။ ဇေယျာသီရိဗိဗ္မာန် ကြီးဆိုလည်း အမေရိကန်သမ္မတအိမ်ဖြူတော်တောင် ရှုံးရမယ်။ လမ်းမကြီးတွေ ဖောက်ထားတာကလည်း ကမ္ဘာ့အဆင့်မီတွေချည်းပဲ။ ဓာတ်တိုင်တွေမှာထွန်းထားတဲ့ မီးလုံးတွေကလည်း တလုံးကို တသိန်းကျော်တန် ရဲ့။ ရှေးရှေးတုန်းက မင်းတုန်းမင်းတို့ ရတနာပုံနန်းတော် တည်ခဲ့တယ်ဆိုတာ ငါကိုယ်တော်မြတ်ရဲ့ နေပြည် တော်ကြီးနဲ့ ယှဉ်လိုက်ရင် အသေးအဖွဲ ဖြစ်သွားရောမဟုတ်လား”
ထိုသို့ အတွေးပေါက်သွားမိသော ဦးသန်းရွှေက “ဟင်း ... ဟင်း၊ မင်းတုန်းမင်းလောက်တော့ သနားတယ်” ဟု ပါးစပ်မှ ရေရွတ်မိလေသည်။ ထိုစဉ် အမှောင်ထဲမှနေ၍ ...
“ဟေ့ကောင် ... သန်းရွှေ၊ မင်းနဲ့ငါနဲ့ မိန်းမစွံတဲ့နေရာကော ပြိုင်မလားကွ” ဟူသော မင်းတုန်းမင်းတရားကြီး၏ အောင်မြင်ခံ့ညားလှသည့် အသံကြီး ထွက်ပေါ်လာပေရာ တယောက်တည်းရှိသော မိန်းမကိုတောင် သူများ အကျ ယူထားရသည့် ကျွန်ုပ်တို့၏ မင်းတြားကြီး ဦးသန်းရွှေခမျာ ဇက်ပု၍သွားရပါတော့သည်။
ကြိုင်ကြိုင်နဲ့ ယိုင်ယိုင်
စားသောက်ဆိုင်တဆိုင်အတွင်း တီဗွီကလွှင့်နေတဲ့ ဦးသန်းရွှေ တိုင်းခန်းလှည့်လည်တဲ့ သတင်းကို ကြည့်ပြီး လူနှစ်ယောက် ဝေဖန်နေကြတယ်။
ပထမလူ ။ ။ ငါတော့ ဘိုးတော်ကြီးကို ကြည့်ပြီး ဇရာဆိုတာကို တော်တော်ဆင်ခြင်လာမိတယ်ကွာ။ သူ့ခမျာ အားသာ မနည်းတင်းထားနေရတယ်။ လူက ယိုင်တိုင်တိုင် ဖြစ်နေပြီ။ လမ်းလျှောက်တာတောင် အားမပါသလို ဖြစ်နေတယ်။
ဒုတိယလူ ။ ။ ဒါဆို ငါတို့ သူ့ကို နာမည်ပြောင်းပြီး ပေးလိုက်ကြရင် မကောင်းဘူးလား။ ‘ယိုင်ယိုင်’ ဆိုပြီးတော့ လေ။ သူ့မိန်းမနာမည်နဲ့လည်း ကာရန်တူသွားတာပေါ့။
သူတို့ပြောနေတာတွေကို ကြားပြီးတော့ ကျနော့်မှာ မပြုံးဘဲမနေနိုင်ဘူး။ တော်တော်လည်း တတ်နိုင်ကြတဲ့ လူတွေ။ အဘိုးကြီးကို နာမည်ပြောင်ပေးတာတောင်မှ ကာရန်လေးနဲ့။ မိန်းမနာမည်က ‘ကြိုင်ကြိုင်’ ဆိုတော့ ယောက်ျားနာမည်က ‘ယိုင်ယိုင်’ တဲ့လေ။ လိုက်လည်းလိုက်ဖက်တာပေကိုး။
POSTED BY ဒေါက်တာလွဏ်းဆွေ AT 4:49 PM 0 COMMENTS
LABELS: ဟာသ
မှတ်ချက်။ ။ http://drlunswe.blogspot.com/ မှ ကူးယူဖေါ်ပြပါသည်။
( ကိုယ်တိုင် စာမရေးနိုင်သေးတဲ့ အတွက် ဆား နှင့် ငံပြာရည် ရောချက်လိုက်ရပါတယ် ။ မဖတ်ရသေးသောသူများ အတွက်ပါ ။ နှစ်သစ်မှာ ရှာကြံပြီး ပျော်နိုင်ကြပါစေ )
“စလုံး”တို့ တိုင်းပြည် မှာ လုံးလုံးထွေးထွေး နေကြသော ဘလောဂါ တသိုက် ၊ သမီးယောက်ဖု များ ပလူးအလဲ အကြည်ဆိုက် နေကြသည်များကို ခုတလော မတွေ့  ချင် မမြင်ချင် အဆုံး ဖြစ်နေရသည် ။ ဒီတော့လည်း သူတို့  တတွေချည်းသာ စည်းလုံး ညီညွတ်ကြောင်း အင်အားပြ သကဲ့သို့  ထင်မြင်စရာ အခြေအနေတွေများ ဖြစ်နေသည့် အတွက် အကျွန်ုပ်တို့  “ထဆင်ထူး” သမားတွေလည်း ၊ထထကြွကြွ နဲ့  ထူးထူးဆန်းဆန်း ၊တစိတ်တည်း တဝမ်းတည်း ရှိနေတဲ့  အကြောင်း ကို သိစေလို၍ ဤစာကို ရေးလိုက်ခြင်းဖြစ်သည် ။ ( ဤကား အချီး ..... )
ဘလောဂ် တကာလည်ပြီး မိန့်မိန့် ကြီး ၊မန့် မန် စားတတ်သော (အိုကွယ် မှားပါတယ်... သွေ့ ပုချီ )...မိန့်မိန့်ကြီး ကော်မန့် ပေးတတ်သော ဘလော့တကာလည် “ ဦးသုနြေ္ဒ ”ဆိုသူ မှာ ပြီးခဲ့သော ပို့ စ်မှာ သူ့ ကို မေ့ပြီးချန်ထားခဲ့ သည့် အတွက် ၊ လူကြီးပြီ ပြီ စိတ်ဆိုး စိတ်ကောက် နေပါ၍ ၄င်း အား ပွဲထုတ်လိုက်ပါသည် ။ ( ဤကား ... အချွန် )
သိတော်မူကြသည့် အတိုင်း အလကားရလျှင် လှေကိုတောင် စုန်ချည် ဆန်ချည် အပြန်ပြန် လှော်တတ်သူ အကျွန်ုပ် တယောက် တပါတ်စာ အလုပ်များ သိမ်းကျုံးလုပ် ပြီး ၊ အနားရသည့် ရှားရှားပါးပါးရက် များမှာ အိမ်တွင် အလကားနေပါက မီတာတက်မည် ၊ဟင်းဘိုး ကုန်မည် ဖြစ်ပါသဖြင့် ဟိုဟိုဒီဒီလည် ပြီး ဟိုအိမ် ဒီအိမ် တက်စားလေ့ ရှိပါသည် ။
ယနေ့  ညတွင်လည်း ထုံးစံ အတိုင်း အလကား ဝါးနေကြ အိမ်တအိမ်သို့  ၊ မဖိတ်ချင် ဖိတ်ချင် ဖြင့် အဖိတ်ခံ ရပါသဖြင့် မသွားချင် သွားချင်ဖြင့် သွားပြီး ၊ စားချင် ဝါးချင် သည်များကို ဝါးရဖို့  အလို့ ငှာ အချိန်မီ ထွက်လာခဲ့ ပါသည်။ အဆိုပါအိမ် ကား .. အသင်တို့ ဖတ်နေ လည်နေကြ နာမယ်ကြီးဘလော့ဂါကြီးများ စုဝေးနေထိုင်ရာ အရပ် ဖြစ်ပါသည် ။ သူ တို့ နေထိုင်ရာ ၅ ထပ် တိုက်ပေါ်သို့  ဆာ လောင် မွတ်သိပ်စွာတက်လာသော အကျွန်ုပ် မှာ ဆွဲနေကြ အစားအစာများ မဆွဲ ရသေးမီ အိမ်ထဲ ဝင်ရန် အလို့ ငှာ ပိတ်ထားသော သံပန်းတံခါးကြီးဘေးမှ လူခေါ် ခေါင်းလောင်းလေးကို ဆွဲလိုက်မိချိန်တွင် ....
“ ဗလတ် ..ဗလတ် ..ဗလတ် ..”
အလိုလေး ၊ ခေါင်းလောင်းသံက“ ကလင် ကလင်” မြည်ရမည့် အစား အဘယ်ကြောင့်များ ဗလတ် မြည်နေရပါသတုန်း လို့  အံ့သြ သလို ဖြစ်မိရသေးသည် ။ ကံကောင်းထောက်မစွာ ပဲ အထဲမှ တံခါးလာဖွင့်ပေးသူ အချိန်မီ ထွက်လာ၍ အဆိုပါ အိမ်ထဲသို့  ဆိုက်မြိုက်စွာ ဝင်ရောက်ရသည် ။ တံခါးလာဖွင့်ပေးသူမှာ ကိုညောင်ရမ်း .. ( သမိန် ပေါသွပ်၏ ညောင်ရမ်း ခေတ်မစားမီ ကတည်းက သူက မူလ ပထမ ညောင်ရမ်း ဟု သိရသည် ) ။ ဟိုညောင်ရမ်းက ဒါးရှည်ကြီး ကိုင်တတ်ပေမဲ့ ဒီညောင်ရမ်းက ယောင်းမရှည်ကြီးကိုင်ထားခြင်းတော့ ကွာပါသည် ။ ယောင်းမကြီး ကိုင် ဆို ၊ သူက အိုးသူကြီး လုပ်နေသူကိုး ၊“ မင်္ဂလာပါ” ဟု လက်အုပ်ကလေးချီကာ အပြန် အလှန် နှုတ်ဆက်ပြီး သကာလ(အဟက်.. ရွှေ ပြည်ကြီးမှ လူကြီးလူဂေါင်းများ အား အနှီ နှုတ်ဆက် နည်း အတိုင်း အတုမြင် အတတ်သင် ထားခြင်းဖြစ်သည် ၊ ) ၊ အကျွန်ုပ်လည်း ကိုယ့်အိမ် ကိုယ့်ယာ လိုပင် သဘောထား၍ စားတော်ခန်း ( ထမင်းစားခန်း) ထဲ သို့  တန်းမတ်စွာ ဝင်လိုက်သည် ။
ထိုအချိန်တွင် ...“ မ ကိ ၊ နေကောင်းတယ်နော် ” ဟူသော ချိ နဲ့ စွာ နှုတ်ဆက်သံ ကြားရ၍ လှည့်ကြည့် မိလိုက်ချိန်တွင် အံ့သြဘွယ် ကောင်းလောက်အောင် ယူပစ်လိုက်သလို ပိန်ကျသွားသော သူ့  အား တွေ့ လိုက်ရသဖြင့် “ ဪ.. သူကပဲ ပြန်မေးနေရသေးတယ်နော် ”ဟု စိတ်ထဲ တွေးမိလိုက်သေးသည် ။ အချစ်ရဲ့ စွမ်းအားများ ဒီလောက် ကြီးမားကြောင်း သူက သက်သေပြလိုက်ခြင်းပင် ဖြစ်ကြောင်း မှတ်ယူ မိလိုက်သည် ။ ထိုသူကား ၊ ရည်းစားပစ်သွား၍ ( အလိုလေး မှားပြန်ပြီ .. သွေ့ ပုချီ ) .. ရည်းစား နှင့် ခေတ္တခဏ ခွဲခွာ နေရပါသဖြင့် မစားနိုင် မအိပ်နိုင် လွမ်းနာ ကျကာ ၂ ပေါင်သာ ကျန်တော့သော နာမည်ကြီး ထမင်းငတ် ...အဲ့ .. နာမည်ကြီး ဘလောဂါ ( လူကတော့ ခပ်ငယ်ငယ်ပါ .. စားကောင်းအောင် မြှောက် ပြောရသေးသည် ) “ကို မျှစ်ချိုးဟင်း” (မြစ်ကျိုးအင်း) ပင် ဖြစ်ပါသည် ။ သူ နဲ့ အလ္လာပ သလ္လာပ စကားအနည်းငယ် ပြော နေခိုက်မှာ ရေနံတွင်း အလုပ်သမားကြီး“ အဖြူလေး” ဆိုသူ ပုဂ္ဂိုလ်တပါး အလုပ်ဆင်းပြီး ညောင်းညာစွာဖြင့် ပြန်ရောက်လာသည် ။ ပညက်သွားရာ ဓါတ်သက် မပါသူပေမို့ အနှီ အဖြူလေး ဆိုသူ မှာ ဂွမ်းပုံကဲ့သို့  ဖြူ ဆွတ်ဆွတ်လေးတော့ မဟုတ်ရှာပါ ၊၊ ကုလားမင်းသား “ အမိတဗဂျမ်း” ကဲ့သို့  သော ရုပ်ရည်လေး သနားကမားတော့ ရှိရှာပါသည် ။ တခုခု ဆို အမိ ကို တတတ်သော ကိုဗဂျမ်း တဖြစ်လဲ ထို သူက အကျွန်ုပ် အား ၊ မခို့ တရို့ ဖြင့် နှုတ်ဆက်စကားဆိုပြီးသကာလ ရေနံ တွေ ပေပွနေသောကိုယ်ခန္ဒာ ကြီးအား ဆေးကြော သုတ်သင်ရန် အလို့ငှာ ၊ ရေတွင်းလေး ဆီသို့ အပြေးကလေး သွားပြန်လေသည် ။
အကျွန်ုပ် မှာတော့ ဗိုက်ထဲမှ ပိုးပေါင်း တသိန်းက ဒို့ အရေး အော်နေကြပြီ ဖြစ်သဖြင့် ၊ဂနာ မငြိမ် ဖြစ်နေရှာရသည် ။ ကိုညောင်ရမ်းကြီး လက်စွမ်းပြနေသဖြင့် ထွက်လာကြသော စားသောက်ဖွယ်ရာများ၏ မွှေးကြိုင်သင်းပျံ့ လှသော ရနံ့ များက ကျွန်ပ်၏ နှာဖျားဝ မှာ ကလူ၏သို့  မြှူ၏သို့  ဆိုသလို ဆွဲဆောင် ဖြားယောင်းနေကြရာဝယ် ..ဆာလောင်မွတ်သိပ်ပြီး သွေးအချိုဓါတ်များ နဲပါးနေသော အကျွန်ုပ် မှာ ရင် တဒိန်ဒိန်း ခုန်၍ အာခေါင်တွေ ခြောက်လာရပြီ ဖြစ်သည်။ သို့ ပေမဲ့လည်း ထမင်းဝိုင်းစရန်၊ လူမစုံသေး၍ စောင့်ရပေအုံး တော့မည် ။ ထို အချိန်ဝယ် ဖုံးသံ ကြားရသည် ။ ကျွဲမြီး အနည်းငယ် တိုချင်စရာ အကြောင်း ကို ဖုံးဆက် ပြောခြင်းပါပေ ။ ဘလော့တကာလည် ၊ဆရာကြီး ဦးသုနြေ္ဒ ဆီမှ အချိန်အနည်းငယ် လင့်မည့် အကြောင်း မက်ဆေ့ဖြစ်ပြီး အရင်စားနှင့်ကြဖို့ ပြောပေမဲ့ သူ့ ကို ကြောက်ကြသော တပည့် ကျော်ကြီးများမှ တုပ်တုပ်မလှုပ် ၊ ဆရာလာမှ ဝိုင်းစ ပါမည့်အကြောင်း ကြောင့် အကျွန်ုပ်မှာ အဆာရုပ်ကို ဟန်လုပ်ကာ မချိသွားဖြဲလေးနှင့် စောင့်နေရပေတော့သည် ။ စိတ်ထဲ မတော့ အနှီ လူသားများ အား.. !@#w$%^&*()_+ စသဖြင့် မေတ္တာ ပို့လျှက်ရှိပါသည် ။
လာပါပြီ၊ လာပါပြီ၊ လေဘာတီ မမြရင်တော့ မဟုတ် ၊“ လေပါတီ ဦးသုနြေ္ဒ ” တယောက် ၆ လဗိုက်ကြီး ပွေ့ ပိုက်၍ ၅ ထပ်ပေါ်သို့ မောပန်းစွာတလှိမ့်လှိမ့် တက်လာတော့သည် ။ မျက်နှာကလည်း ပြုံးဖြီးဖြီး နဲ့ ၊ အပြစ်ရှိသူ ဆိုပေမဲ့ သူ့ မဟုတ်တဲ့ အတိုင်း“ ဟေ့ကောင်တွေ မင်းတို့ ဆာရင် စားထားဖို့ပြောသား နဲ့” ဘာညာ သာရကာ သူ့ အပြစ် ကို သူများအပြစ် ဖြစ်အောင် ပြောလိုက်သေးသည်။
ဗိုက်ထဲမှာ တရုပ်မသာဗုံတီးသလို တဂွီဂွီ တဂွမ်ဂွမ် မြည်နေကြသော အကျွန်ုပ် တို့  တသိုက်လည်း သူ ပြောတာ ဂရုမစိုက်အား၊ နောက်ကျရခြင်း အကြောင်းရင်းကိုလည်း မမေးအား တော့ပဲ ၊ တက်ညီ လက်ညီ နဲ့ ထမင်းပွဲ ပြင်ဆင် ပြီး ခေါင်းမဖေါ်တမ်း စားဖြစ်ကြသည် ။ ( ဤ နေရာတွင် အစက ကိုညောင်ရမ်း၏ လက်ရာ စားချင်ဖွယ်ရာ များကို ဘလောဂါတို့ ထုံးစံ အတိုင်း ဓါတ်ပုံ ဝေဝေ ဆာဆာဖြင့် ဖေါ်ပြပေးရန် ရည်ရွယ် ပါသော်လည်း ဆာလောင်မွတ်သိပ် နေသူတို့ ၏ ထုံးစံ အတိုင်း ကြိုက်မရှက် ငတ် မရှက်ဆို တော့ လက်သွက် ခြေသွက်ဖြင့် အစွမ်းကုန် ဝိုင်း တွယ် လိုက်ကြပါသဖြင့် ဓါတ်ပုံ တပုံမျှ မရိုက်ယူလိုက်ရပါကြောင်း ဝမ်းနည်းစွာ အစီရင် ခံအပ်ပါသည် ။ ဒီတော့ စာသားဖြင့်သာ မျက်စိ အညောင်းခံ ဖတ်၍ အာရုံ ယူကြပါရန် တောင်းပန် အပ်ပါသည်) ။
“ ကိုညောင်ရမ်း၏ လက်ရာများ ”
-ဝက်သားဆီပြန်ဟင်း ။ငြုတ်ရောင် နီရဲရဲ ၊ အဆီအနှစ် ခပ်ပျစ်ပျစ်၊ ဝက်သားတုံးလက်တသစ် တုံးများကို ဗမာဆန်ဆန် နူးအိ နေအောင် ချက်ထားသည် ။
-ပဲကြီး နှင့် ဆူးပုတ်ရွက် ဟင်းရည် ၊ အနေတော် နူးပြီး သောက်၍ ကောင်းသည်။
-ငပိရေ နှင် တို့စရာများ ( သခွားသီး ၊ ရုံပတီသီးအတောင့်သေးသေးးပြုတ် ။ ဆူးပုတ်ရွက် ။ စသဖြင့်) .. ငပိရည် ပန်ထွေ ဖျော်မှာ - ဟင်းရည်သောက် ပန်းကန်လုံးကြီး တလုံးစာ အပြည့် ။ အစွမ်းကုန်အားပေးလိုက်ကြသဖြင့် ခဏတာ အတွင်း ခါလီ ပြသွားရှာ၏ ။
- ဗာလချောင်ကြော် ။ မစပ် တစပ်လေး။
- ဂေါ်ဖီရွက်ကြော် ပူပူလေး ၊ ( ဆရာကြီး အိမ်ထဲ ဝင်လာမှ ကမန်းကတန်း ကြော် ခြင်းဖြစ်သည် ။ ရှူးရှဲ ကြော်ပြီးချက်ခြင်းစားမှ အရသာ ရှိသည် ဆိုပြီး အိုးသူကြီးက စေတနာဖြင့် နောက်ဆုံးမှ ကြော်ပေးခြင်း ဖြစ်သည် ၊)
တကဲ့ ဟင်းက အခုမှ လာချသည် .... “ပုစွန်ပေါင်းထုတ် ” တဲ့ ၊ တသက် နဲ့ တကိုယ် ခုမှ စားဖူးခြင်းဖြစ်သည် ။ ပုစွန်၊ မျှစ်သေးသေး အချောင်းများ ၊ကြက်သွန် နီ ကြီးကြီး ခပ်ထူထူ လှီး၊ စပါးလင် ထောင်းပြီး အရည် ညှစ် ၊ဆန်မှုန့် တို့ တွင် ဆား၊ ကြာညို့ ၊ဆနွင်းမှုန့် အနည်းငယ် ထဲ့ ရောသမမွှေပြီး ငှက်ပျောရွက် ဖက်ဖြင့် ထုတ်ကာ ပြန်ပေါင်းထားခြင်းဖြစ်သည် ။ စားလို့ အလွန် ကောင်းပါသဖြင့် အိုးကြီး တအိုး အပြည့်လည်း ခဏ အတွင်း ကိစ္စချော သွားရှာ သည် ။ မျှစ်ပါသဖြင့် မျှစ်ချိုးဟင်း ဆိုသူ က အများဆုံးစားခြင်းဖြစ်ပြီး နောက်တကြိမ် ထပ်လုပ်ကျွေးရန် အားလုံးက တညီ တညွတ် ထဲ တောင်းဆို လိုက်ကြသည် ။
ထမင်းဝိုင်းအပြီး ၊ ဗမာ ပီပီ ရေနွေးကြမ်းသောက်ကြရင်းမြေပဲဆံလေးဝါးရင်းဖြင့် အလ္လာပ သလ္လာပ စကားများပြောဖြစ်ကြသည် ။ ဆရာ သုန် တယောက် သူ ၏ ရေနွေးကြမ်း ဋီကာ ချဲ့  ပြန်သည် ။ ဟွေ ကမ်း တဲ့ .. ဟွေ ( 回 ) = ပြန်လည်လှည့်ပတ်လာသည် ။ ကမ်း (甜) = အချိုဓါတ်။
အဲ့ဒီလဖက်ခြောက်က အချို့သော လဖက်ခြောက်များလို့ သောက်ပြီး တာနှင့် ခံတွင်းထဲမှာ ခါးသက်သက် အရသာ မကျန်စေခဲ့ကြောင်း၊စစခြင်းသောက် လိုက်ချိန်မှာ အနည်းငယ် ခါးသက် သယောင်ရှိပေမဲ့ သင်းပျံ့ သော လဖက်၏ သဘာဝ ပင်ကိုယ် အမွှေးရနံ့  နဲ့ အချိုဓါတ်ကလေးက ရေနွေးကြမ်းကို မြိုချ ပြီးချိန် မှ သာ ပြန်ပေါ် လာတတ်ကြောင်း .. မြွက်ကြားပြန်သည်။ ဪ.. ဆ ..ဆရာကြီးဆိုတဲ့ အတိုင်း သိတာတွေရော မသိတာတွေ ရော .. ရော ရော ချတတ်သူ ဖြစ်သည် ။
ဒီလို နဲ့ ရောက်ရာပေါက်ရာ ထွေရာ လေးပါး ရှစ်ပါးမက ပြောလိုက်ကြ ၊ တဟားဟား ရယ်လိုက်ကြ နှင့် ရှိနေချိန်မှာ မျှစ်ချိုးဟင်းက ငါးမုတ်ကြော် တပန်းကန်ကြီးကြော် လာပြီး ဧည့်ဝတ် ပြု ပြန်သည် ။ ဤတွင် စပ်စပ်စုစု ရှိပြီး မျက်စေ့လျှင်သော ကျွန်ုပ် မှာ အနှီသကောင့်သား ၅ ယောက်၏ ပြုံးဖြီးဖြီး မျက်နှာပေးများကို သတိပြုမိလိုက်လေသည် ။ ၅ယောက်ဟုဆို၍ မျက်စိ မလည်စေချင်ပါ ။ ဆရာသုန် ၊ ကိုညောင်ရမ်း၊ မျှစ်ချိုးဟင်း၊ အဖြူလေး တို့ အပြင်“ တရုပ်ကက်ဆက်” ဆိုသူ တဦးရှိသေးသည် ။တချက် တချက်မှ ထ၊ ထ ပြီး အသံထွက်တတ်သဖြင့် ဤ အမည် တွင်ရခြင်း ဖြစ်ပေမည် ။ ပြုံးဖြီးဖြီး မျက်နှာပေးအကြောင်းပြန်စပါမည် ။သူတို့  ၅ ဦးသား မရိုးမရွ မျက်နှာပေးများ ဖြစ်ရခြင်းအကြောင်းရင်းကို စပ်စုလို ( ခွဲခြမ်းစိတ်ဖြာ သိလို စိတ် ဟု အဓိပ္ပါယ် ကောက်ယူ ကြစေလိုပါသည်) ဖြင့် အကျွန်ုပ် မေးမြန်းလိုက်သည့် အခါတွင် မတော့၊ ပြောလည်း ပြောချင် ၊ ဘယ်က စ၍ ဘယ်လို ပြောရမှန်း မသိ ဖြင့် တယောက် ကိုတယောက် လက်ညှိုးထိုး လွှဲချ တတ်သော လူ့ သဘော ကို ဤ နေရာတွင် မျက်ဝါးထင်ထင် တွေ့ ရှိ လိုက်ရပေတော့သည် ။ ထိုအချိန်တွင် ဖိုးဆိုချင် ဖြစ်သူ မျှစ်ချိုးဟင်းမှ စတင်၍ သူတို့  လူပြိုကြီး၊ လူပြိုလေး ၄ယောက်၏ အပေါ်ထပ်နှင့်  အောက်ထပ်ဇာတ်လမ်းကို ဤသို့ စတင် အစီရင် ခံပါတော့ လေတော့ သတည်း ။ . . .
( ဆက်ရေးရန် ကြံရွယ် ပေ မဲ့ အလကားရ၍ မတရား တနင့် တပိုး စားလာသော စေတနာ ဗလပွ ဟင်းများကြောင့် အကျွန်ုပ်မှာ လေပွ ပြီး မရှူ နိုင် မကယ် နိုင် ဖြစ် လာ ပါသဖြင့်  ဆက်လက်ရေးသားရန် ငြိမ်သက် နိုင်စွမ်း မရှိတော့ပါသဖြင့် ဤ နေရာတွင် တထောက် နားပါမည် ။ ထွေလာကားလေးများကြည့် အပြီး တကဲ့ ဇာတ်လမ်း ကြီးကို ပြသခါနီး မှာ မီးပျက်သွားရ သလိုမျိုး ဆန့် တငင်ငင်ဖြစ်ရသည်ဆိုလျှင် တောင်းပန်အပ်ပါသည် ၊ ဒါမှမဟုတ် ပြီးပါပြီ ဟု ဤနေရာတွင် စာတမ်းထိုး ထားလိုက်ပါမည် ။)
ဤ စာ ကို ဖတ် နေစဉ် အတွင်း အနီရောင်စာသား ထူထူ များဖြင့် ဖေါ်ပြထားသော ဗလပ် ဗလပ် ဗလပ် ၊ ဂေါ်ဖီရွက်ကြော် နှင့် ငါးမုတ်ကြော် များ ကို သတိပြုစေ လိုပါသည် ။ ဆားပုလင်း နှင်းမောင် မဟုတ်ပေမဲ့ အိုင်ဆေး ကိုသိန်းမောင် ကဲ့သို့  နမိတ်ပြ စကားလုံးလေးများ မှာ ဆက်လက်ရေးသားမည့် အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း အတွက် အကျုံးဝင်စေမှာဖြစ်ပါသည် ။
ချမ်းမြေ့ ကြပါစေ ။
ရွှေပြည်သာ ဘလောဂ်ရွာကြီးရဲ့ ဆေးပေးခန်း ခြောက်လပတ် စည်းဝေးပွဲအား အောင်မြင်စွာကျင်းပ အပြီး နောက်တရက် ၊ တခုသော တနင်္ဂနွေနေ့  ။ ရွာထုတ် အတင်းအဖျင်း သတင်းစာကြီးရဲ့ ရှေ့ မျက်နှာ ဖုံးမှာ ခေါင်းကြီးပိုင်း အနေနဲ့ ရွှန်းရွှန်းဝေအောင် ချီးမွှန်းထောပနာ ပြုထားတဲ့ ဆေးခန်း သတင်းတပုဒ် ကို၊ ရွာ အလယ် လူအစည်ကားဆုံး မြို့ မရပ်ကြီးရဲ့ တခုတည်းသော လဖက်ရည်ဆိုင်ထဲမှာ ရွာသားများ သူ့ ထက်ငါ အလုအယက် ဖတ်ပြီးသကာလ ထုံးစံအတိုင်း လေကန်ရေး နဲ့  ဝေဖန်ရေးစကားသံများ ဆူညံ ပလူ့ပျံလို့ နေပေသည် ။
ဆိုရေးရှိလို့  ဆိုလိုက်တဲ့ အယ်အယ်ဇီ အသံလွှင့်ဌာန မှ လည်း အဆိုပါ သတင်းကို ၊ စရိတ်မျှပေး ကျန်းမာရေး ကဏ္ဍ မှ ထပ်ခါ တလည်းလည်း အသံလွှင့် ကြေငြာ ပေးနေသည် ဆိုတော့ အဆိုပါ ဆေးပေးခန်းရဲ့ ကောင်းသတင်းမှာ ရွာတွင်း တွင်သာ မက ရွာပြင် ထိအောင် သို့  တခဏအတွင်း ပြန့် နှံ့ သွားရပေပြီပေါ့ ။
ဒီတော့ ဒီဆေးပေးခန်းကြီးအကြောင်းကို ရွာသားများ အပြင် ကမ္ဘာသားများပါ သဘောပေါက် နားလည်ရလေအောင် မီဒီယာ က ကြားဝင် ပေးရပါတော့သည် ။ ဒလက်တော ရွာ မှအမိန့် ကြော်ငြာချက် အမှတ်များကြောင့် ကြော်ငြာချက်ဆိုတာ နဲ့ ကြောက်ရွံ့  ဖျားနာသွားကြသော ဘလောဂ်ရွာသားများ အတွက် ဘလောဂါ မီဒီယာ ဘိုးအေကြီး အဘ ဦးလူထွေး မှ ဦးဆောင်ပြီး စွမ်းစွမ်း တမန် အားထုတ် ရှင်သန် စေ မှု တို့ ကြောင့် စွမ်း၊ အား၊ ရှင်၊ ဟူသော စကားလုံးများ မြင်ရုံ ကြားရုံနဲ့ တင် အလီဂျာ ဖြစ်နေကြ သော ရွာသားများ မှာ အယားပြေ ၊ အမြင်ကြည် လာကြရပေပြီ ။ အဲ့ဒီတော့လည်း ဘလောဂ်အထူးကု ဆေးခန်းကြီးမှာ တဖြေးဖြေးနဲ့ တနေ့ ထက် တနေ့ ပို၍ ပို၍ လူစည်ကား လာရပါတော့သည် ။
ဆေးရုံ ၊ အချုပ် ၊ နဲ့ သင်းချိုင်း ဆိုတဲ့ လူမစည်ကားသင့်တဲ့  အရပ်ထဲမှာ ဆေးခန်း ဆိုတာ မပါသေးလို့  တော်ပါသေးသည် ။ဒီဆေးခန်းရဲ့  ထူးခြားစွာ ဝန်ဆောင်မှု များ ကြောင့် လူစည်ကား ရခြင်းပါလေ ။ တာဝန်ခံ ဆြာဝန်ကြီး အထု စပါယ်ရှယ်လစ်ဇ် ဒေါ်အယ်ဇီ ..( အမ် ဘီ ဘီ အက် ,အမ် အာ- စီပီ ကြက်စ် ၊ အေ တူ ဇက် ) မှ လူကိုယ်တိုင် လာရောက်သူများ အား ကိုယ်ဖိ ရင်ဖိ အကုန်ဖိ၍၊မပြောင် မချင်း.. အဲလေ .. မပျောက် မချင်း ကုသ ပေးနေ သောကြောင့် ၄င်း ။ ကို ရီးယား မင်းသားချော ကဲ့ သို့  ပုံတင် ဆင်ဆင် အသွင်ပြင် နှင့် ဒေါက်တို သက် တန့် ဂျို မှာ လည်း ၊ထူးထူး ဆန်းဆန်း အံ့ မခန်း ဘွယ်ရာ တိုလီ မုတ်စ ပုတ်ပွပွ များ ပြသကာ လူနာထူး လူနာဆန်းများ အား ကုထုံး ကုနည်း အဆန်းအပြား များဖြင့် ချိုချို သာသာ စစ်ဆေး ပြုစုပေးမှု ကြောင့် ၄င်း ။ ထစ်ကနဲ ဆို ခုတ်ချင် ထစ်ချင်နေသော ပေါချာကိ ရဲ့  လက်ရဲ ဇက်ရဲ မြင်သမျှ ဖြတ် ညှပ် ကပ် ချုပ်လုပ်မှု အတတ် ကြောင့် ရွာထဲ ရှိရှိသမျှ ရန်ပွဲ ရိုက်ပွဲ များမှ သနားစရာလူနာ အများ အပြား မှာ ပေါချာကိ လက် က ပြေးမလွတ်နိုင်ကြ ရှာသော ကြောင့် ၄င်းဘလောဂ်ရွာ ကြီးမှ ဘလောဂါ ရွတ်တွ လူမနာ တနာများ တစထက် တစ ကျန်းမာလာ ကြပြီ ဖြစ်လေသည် ။
ပြီးခဲ့တဲ့ လတွေ တုန်းက ၂၀၁၂ မှာ ကမ္ဘာကြီး ပျက်ဖို့  တစ်လ အလို ဆို ပြီး ဖြစ်ချင်ရာဖြစ် ဗိုင်းရပ်ပိုးကြီး ကူးစက်ခံလိုက်ရ လို့  ရွာသားအများ အပြား စိတ်တစ်ဇ နှစ်ဇ ဆင်ဒရုန်း ကို အလူးအလဲ ခံစားလိုက်ကြရာမှ စပြီး ဒီဆေးခန်းသို့  လူနာများ ဝင်လာမစဲ တသဲသဲ ရှိနေပါတယ် ။
၂၀၀၉ ခုနှစ် ဆောင်းဦးပေါက် တခုသော တနလာင်္နေ့  နံနက်။ ။
ဆေးခန်းဖွင့် စ အချိန်ဆိုတော့ ဆြာဝန်မကြီး ဒေါက်တို အယ်ဇီ မရောက်သေး ၊ အထုကု တို့  ထုံးစံ အတိုင်း သတ်မှတ်ချိန်ထက် ၃ နာရီမျှ နောက်ကျ ပြီးမှ ရောက်မှာ မို့  ဓါတ်မသိ လူနာ အချို့  သာ သူ့ အလာကို စောင့်စားလျှက်ရှိနေသည်၊ သူ့ လူနာတွေ စောင့်မယ်ဆိုလည်း စောင့်ချင်စရာပါပဲလေ ။ စိတ္တဇ ဝေဒနာသည် ဒွေး ကို အပျောက် ကုပေးနိုင်လိုက်ပြီးကတည်းက နာမည် တဟုန် ထိုး ကြီးလာခဲ့သူဆိုတော့ သူဆိုမှ သူ လို့ တန်းတန်းစွဲ နေကြသူ လူနာတွေ များလာရတာ မဆန်းလှပေဘူး။ ဆြာဝန်မကြီး မလာမှီစပ်ကြား သူနာပြုဆရာမလေး လသာည က သူတတ်သမျှ ဂျပန်၊ဥရောပ ပုံပြင်များကို ဝါသနာ အရ ပြောကြားရင်း လူနာတွေ မပျင်းရလေအောင် ဖျော်ဖြေလျှက် ရှိသည် ။ရေနံတွင်း အလုပ်သမားကြီး အဖြူလေး (တလောကလုံးကို ဖြူစေချင်သူ ) မှလည်း အလုပ်အားရက်မို့  သူ့ လက်ဖြစ် ရေတွင်းလေး မှာ ချစ်သူ မျှော်ရင်း၊ ရေ ငင်ပေးရင်း၊ သောက်ရေအိုး ဆေးကြော လဲလှယ်ခြင်း အလုပ် ကို ဝိုင်းလုပ်ပေး နေပါသည် ။ ရေ အကျိုး ဆယ်ပါး ထဲမှာ သူ့ ရည်းစား နှင့် အဆင်ပြေ ရန် တပါး ကိုပါ ထဲ့ သွင်းပေးရန် အဆို ပြုထားသူ ဖြစ်လေသည် ။ ကြီးတော် မအနမ်း မှာ လည်း လူနာ ကြည့်ချိန် ထက် ဝီရိယကြီးစွာ ရောက်နေ သဖြင့် အဖိုး တန် အချိန်များ အား၊ အဖွား ကို မပေးလို ၍ ရှိရှိသမျှ ဘုရားစာ များ ရွတ်ဖတ်ပြီး ခွန်နှစ်ရက် ခွဲသားသမီး များကိုမေတ္တာ ပို့  အမျှဝေ လျှက်ရှိသည် ။သူ့ ဘေးနားမှာ ဝတ်စုံအစိမ်းလေး နဲ့ ခပ်ရို့ ရို့ လေး ထိုင်စောင့်နေသူ ကိုသော်( စိန်ပန်းခြံ )အမည်ရ တဲ့ သူငယ်လေးမှာလည်း ကြီးတော် နမ်း နဲ့ ဘုရား တရား အကြောင်းများ ပြောဆို ဖလှယ် နေကြလေသည် ။
ထိုအချိန်မှာ လူ တအုပ် ရုန်းရင်း ဆန်ခတ် ထိုးကြိတ်ဆဲဆို ရင်းဖြင့် ဆေးခန်းထဲသို့  ရောက်လာကြ လေသည် ။ ငွေရတု ဘဘကျောက် လက်ချက်နဲ့ ဒါဏ်ရာ ရ သူအချို့  ၊ အဖြစ် အပျက် ရာဇဝင် မေးကြည့်တော့ အကြောင်းစုံလင် သိရသည် ။ ကမ္ဘာပျက်မယ်ဆိုပြီး ဟိုတွေး ဒီတွေး ဟိုရေး ဒီရေးလုပ်နေကြတဲ့ ရွာသားတွေကို ကြည့်မရ၍ ဆိုပြီး ဘဘကျောက် တယောက် လက်စွဲတော် ဂန်ဘီရ တုတ်ကောက်နဲ့ လိုက်ရိုက်လို့  ခေါင်းပေါက် သွားကြတဲ့ သူ ၂ယောက် မျက်နှာငယ်လေးနဲ့ ရှင်းပြ နေတာ ကတော့ ၊ သူတို့ လျှောက်ရေးရတာ မဟုတ်ကြောင်း ၊ ခင်မင်သူတွေက ရေးခိုင်းလို့ အတက်ခံလိုက်ရလို့ ရှာကြံတွေးရ ရေးရကြောင်း တွေပေါ့ ။ အင်း .. ခေတ်မှီတိုးတက် နေတဲ့ ဘလောဂ်ရွာကြီးမှာ ဒါတွေလည်း ခေတ်မှီလာကြပြီပဲ ။
အကျီင်္အပြဲ တောင်မချုပ်တတ်တဲ့ ပေါချာကိ လက်စွမ်းပြလိုက်တော့ ထို ရွာသား ၂ယောက် ခေါင်းပေါ်မှာ ကင်းခြေများ တွေ လမ်းလျှောက် နေသလားလို့ တောင် ထင်ရလောက်တဲ့ ချုပ်ရာ ဒီဇိုင်း ဆန်း ကြောင့် လူနာ ၂ ဦးမှာ ရူးချင်ချင် ဖြစ်ကုန်ကြရသည် ။ “ကိစ္စမရှိပါဘူး။ ဆံပင် က ပြန်ပေါက်လာမှာပေါ့ ” လို့ ပေါချာကိ မှ ထိုရွာသား ၂ယောက်ကို လေပြေထိုးရသေးသည် ။ ဒီလူနာတွေကို နှိပ်စက် ပြီးလို့  မှ မိနစ် မခြားသေး ။ ခြေထောက် ပေါက်လို့ ဝင်လာသူကတော့ ကိုဇော်( ခြေလှမ်းသစ်) ပါတဲ့ ။ သြော် ။ သူများက ခေါင်းပေါက် ၊သူကတော့ ခြေထောက်ပေါက် ၊ဘာကြောင့်များပါလိမ့် ဟု ဆိုတော့ မိုင် သုံးသောင်းခရီးရှည်ကြီးကို ဖိနပ်အသစ်နဲ့  လမ်းလျှောက်ပွဲ မှာ ပါဝင်ခဲ့ လို့ ပါတဲ့  ။ သူ့  ခြေရာ ..အဲလေ .. ဒါဏ်ရာ ကို ဆေးထဲ့ပေးရင်း “ ဖြစ်ရလေတယ် ကိုဇော်ရယ် ။ နောက်ဆို ခြေလှမ်းအဟောင်း နဲ့ ပဲ လျှောက်ပါ ”လို့  ပေါက်ကရ အကြံတွေ ပေးလိုက်တဲ့ ပေါချာကိ ကို ကျေးဇူးတင် လို့ တဲ့ လေ ၊ သူ့ ရဲ့ အမေရိကန် ဖြစ် ခြေလှမ်းအသစ် တဖက်ကိုတောင် လက်ဆောင်ပေးခဲ့သေးတယ် ။ တံစိုးလက်ဆောင် မယူပဲ စေတနာ ပဲဆီ သန့်သန့်နဲ့  ကူညီတဲ့ အသင်းမို့  မယူပါရစေနဲ့ လို့  မနည်းတောင်းပန် လိုက်ရသေး တာ ဒီခေတ်ကြီးမှာ မယုံချင်စရာကောင်းလှပါတယ် (ပေးတာ နည်းလို့ နာမည်ပျက်ခံပြီး မယူတာနေမှာ ) ။
၁၁း၃၀ နာရီ အချိန်ခန့် ။
လူနာတွေ လည်တဆန့်ဆန့် မျှော်နေကြတဲ့ အထုကု သမားတော်ကြီး အယ်အယ်ဇီ ရောက်လာတော့ လူနာ အများအပြား သူ့ ထက်ငါ အလုအယက် ဝင်ကြမလို့  ရုတ်ရုတ်သဲသဲ ဖြစ်လာကြတယ် ။ သူ အရင်ရောက်တယ် ငါအရင်ရောက်တယ် နဲ့ နေရာလုပွဲ လေးကို၊ ဟိုစပ်စပ် ဒီစပ်စပ် ဆေးခန်းကြီးကြပ် မခြစ်ရ က ထိန်းမနိုင် သိမ်းမရနဲ့  ဖြစ်ရတာကတော့ ဒီနေ့ မှာ စိတ်ကစင့်ကလျား လူနာ များပါ ရောက်နေကြသောကြောင့် ပါလေ ။ ကွန်ပြူတာ ပျက်လို့  ဟိုဟာ ဝယ်ရကောင်းနိုး ၊ဒီဟာဝယ်ရကောင်းနိုးနဲ့  စိတ် နှစ်ခွ ရောဂါ ဖြစ်နေတဲ့ မိုးမင်းကြီး ခမြာ ထိုင်ရမလို ထရမလို ငိုမဲ့ မဲ့ နဲ့မို့  ဘေးက ရင်တကိုယ်မေ မမသီရိ က ပိုင်စိုး ပိုင်နင်း နဲ့ကို အားပေး နှစ်သိမ့်  နေရှာတယ် ။သူကိုယ်တိုင်က သူ့ ရဲ့  ကို အား လွမ်းဆွတ်တသစွာနဲ့ အချစ်ဆိပ်တက်လို့  စိတ်နှစ်ဇ ဖြစ်နေပေမဲ့ သူများ ကိုလည်း အားပေးတတ်ရှာ ပါသေးတဲ့ မမသီရိ ပါလေ ။ ဒီနေ့ စိတ်ရောဂါ အထူးကုနေ့ အတွက် စာရင်း ပေးထားကြသူတွေ ကတော့ အချစ်နတ်ပူးနေတဲ့ ကန်ဒါရ မိုးရေခွက် မငုံ ၊ နှင်းကို တရင်း ပုလင်းထောင်ကာ အစွန်းတွေ ထင်းနေရှာတဲ့ ကိုအောင်သငယ် ။ အိမ်မက်တွေ မက်ရင်း အ သွားရှာတဲ့ ကို ရာတမေ ။ ကျောင်းဆရာ အလုပ် လုပ်နေရာမှ စာတတ်တတ် မတတ် တတ် ၊ ရှိသမျှကျောင်းသားတွေ ကို ရာနှုန်းပြည့် အအောင်ပေးရမယ် လို့ အတင်းအကြပ် အမိန့် ပေးခံထားရလို့  စေတနာရူး ရူးသွားရှာတဲ့ ဆရာ တောင်ပေါ့သား ။ ။ဘလောဂ်ဂါ အငြိမ့်မှာ ပွဲ ကန်ထရိုက် လုပ်တာ အရင်းပါပြုတ် လို့ ငုတ်တုတ်ကြီး နဲ့အသစ်တမျိုးရှင်းမဟဲ့ လို့ တကြော်ကြော်အော်နေရှာတဲ့ ကိုမျှစ်ချိုးဟင်း(ခို-တဏှာဇော) ။ အင်္ဂလိပ်ဘာသာ ကို မြန်မာလိုပြန် ၊မြန်မာစာကို အင်းဂလိပ်ရှ်လို ရေး ရင်း နဲ့အတွေးနယ်တွေ အချဲ့ လွန်သွား ၍ ပိုထူးပြ နေတဲ့ ကိုရူးရ ။ ကမ္ဘာမြေတလွှား ထူးဆန်းများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေး၍ အားမရ၊အာရေဗျ ဘာသာဖြင့်ပါ တိုးချဲ့ လို လို့ အပိုဘာညာရေးရင်း အပိုဗျာပါ များနေရရှာတဲ့  အကိုပီတာ ။ အိမ်ကို လွမ်းရင်း ၊ အလုပ်ပန်းရင်း၊ သူရဲ နဲ့တခန်းတည်း နေကာ စိတ်လေစွာ နဲ့ ခေါင်းတဝက်ကိုက် တယ်အော်ရင်း ခုန်ပေါက်နေတဲ့ မျောက် ဖိုးစိန် ။ အစရှိတဲ့ အကျော်အမော် မတော်တရော် ဘလောဂါ များ ဖြစ်ကြလေသည် ။
အခန်း နံပါတ်(၂)မှ ဒေါက်တို သက်တန့်ဂျို ခမျာလည်း ဆေးခန်းစဖွင့် ဖွင့်ခြင်း အချိန်မှ စပြီး မအားရရှာပါ ။ ဦးဆုံးရောက်လာသူ လူနာကတော့ အနီရောင် ဝမ်းတဆက်ရှည်လျားလျား နဲ့  အဖြူယောင် နတ်သမီး တပါး ပါ ။ အို ... နတ်တွေနေမကောင်းဖြစ်တာလည်း ဆေးခန်းပြ စရာလိုသေးလား လို့  အထင်မစောကြပါနဲ့ဦး ။ လူစင်စစ်က အလွမ်းသယ်ရင်း ဖြူဖတ်ဖြူယော် နတ်ဖြစ်သွား ရရှာသူလေးပါ ။တနေ့  တနေ့  ဆိုက်မရပ်စ် ပင်လယ် ကမ်းဖြေ ဖက်ထွက်ပြီး လေညှင်းခံသလိုလို နဲ့ ရည်းစားမျှော်ပါများတော့ ပင်လယ်လေဟပ်ပြီး နှာစေး ချောင်းဆိုး တုပ်ကွေးပိုး ဝင်သွား ရတာလေ ။ အစကတော့ ဝက်တုပ်ကွေး ထင်လို့  ဝက်ချေးနဲ့ ဖေါ်ထားတဲ့ ဗိန္ဓော ဆေး ကို တိုက်ကြည့်သေးတယ် ။ ၃ ရက်ကြာတော့ ဝက်ရူးပြန်ပြီး ၊ ကံကြီးပေလို့  နတ်သက် မကြွေတာလေ ။ ခုတော့ သက်တန်ဂျို အစွမ်းနဲ့  အတော်လေး သက်သာလာပါပြီ ။ ချောချော လှလှ ဆရာ့ ကို ကျေးဇူးတင်လွန်းလို့ တဲ့ ၊ မကြာခဏ တုပ်ကွေး ဖြစ်ပြီး လာ လာ ပြနေတာ သူပေါ့ ။
။ခဏလေးနေတော့ နောက်လူနာတယောက် အထက်လှန် အောက်လျှော ဗိုက်အောင့်တဲ့ လူနာတယောက် ၊ပျော့ခွေခွေနဲ့ ရောက်လာတယ်၊ ကြည့်လိုက်တော့ သမီးဂျီးအိန်ဂျယ် ။ဒူဘိုင်းက ပြန်ခါနီးဆိုတော့ ဖဲဝဲ ( ဝဲစွဲနေတဲ့ ဖဲ မဟုတ်ပါ ။ ခွဲခွာခါနီး နှုတ်ဆက်ပွဲ အခန်းအနား လေးကိုဆိုလိုပါတယ်) တကာလျှောက်စားရင်း ဖြစ်လာတဲ့ ဗိုက်ပြသနာပါပဲ ။ ဒီလို ပြသနာများကို ဖြေရှင်းနေကြ စပါယ်ရှယ် လစ် ဆရာဂျို အတွက်က မိုင်နာ လေးမို့  ၅ မိနစ်အတွင်း ရှင်းပေးလိုက်နိုင်ပါတယ် ။ အိန်ကျယ်တယောက် အိမ်ပြန်ခါနီး ဖြစ်ရလေခြင်း ရယ်လို့ သူ့ သူငယ်ချင်း မမကြီး ဂျီးဒေါ်နှင်း ( နှင်းနဲ့ မာလကာ) က အခန်းဖေါ် လေးအတွက် တဗြစ် တောက်တောက် ပြောမဆုံး နဲ့ လေ ။
အဲ .. ပြောလို့ မှ မဆုံးသေး .. လာကြပြန်ပြီ တပြုံကြီး ။အော့ အန် ။ ဝမ်းလျှော ၊ ဗိုက်အောင့်၊ အဖျားတက်ကာ ရေဓါတ်ခမ်းခြောက် ပြီး ရောက်လာကြတဲ့ လူနာ ၆ ယောက် ။ ရာဇဝင် မေးကြည့် တော့မှ သူတို့ကို ဖွတ်ပွိုင်ဇင် ဖြစ်စေရတဲ့ တရားခံကို သိရတော့တယ် ။ သိလား ။ သူဘယ်သူလဲ သိလား၊ သိလား ။မနောဖြူတဲ့ ဂျိန်းဖေါသူလေး မြူးသျှရီ လေ ။သိလား ။ သူ့ လက်ရာ ပဲပလာတာ နဲ့ ကြက်သားဟင်း ၊ စပ်ထားတဲ့  အချဉ်တွေ ။ ပြထားတာ . အဲ ချက်ထား တာက ကြာပါပြီတဲ့ ။( သူ ကိုယ်တိုင် တိုးတိုးတိတ်တိတ် ဝန်ခံထားတာ နော်) ၊ အဲ့ဒါကို အလကားရလို့  သွား သွား စားနေကြသူတွေ ဒီတခါ ထီပေါက်တာပါပဲ ။ဒီတော့ ဆရာဂျိုက “လူနာတွေကို ကျန်းမာရေးပညာပေး ဟောပြောပွဲလေး တခု လုပ်ပေးဦးမှ ”လို့  စိတ်ထဲ မှာတေးထား လိုက်ရသေးတယ် ။။ဒီလူနာတွေ နဲ့  အလုပ်ရှုပ် လို့ မပြီးသေး ။ တဝီဝီအော်ပြီး ဂျွမ်းထိုး မှောက်ခုန်ပျံ ဝင်လာသူကတော့ ဂွင်ကျွံနေတဲ့ ခြင်တကောင်ပါ ။ဆေးခန်းကြီးကြပ် မခြစ်ရ ၊မကိုင်ရ ခမျာ၊ အပြင်လူ မဝင်ရ ဆိုင်းဘုတ်ကြီး ကိုင်ကာ အခန်းဝမှနေ၍ " ဒီ ဆေးခန်း က လူ တွေ ကုတဲ့ ဆေးခန်းပါ ။ ခြင်တွေ ကို မကုပါဘူး ရှင် " လို့  လှမ်းအော် ပြီးတားပါသေးတယ် ။ ဇွတ်တရွတ်ခြင် က ဒေါသ တဝက်ထွက်ပြီး ညှောင်နာနာ သံ မသဲမကွဲ ပြန်ပြောရှာပါတယ် " ညီမငေး ရယ် .. အမခြင် ဂ.. နာမယ်သာခြင်ပါ .. လူဂတော့ မချဉ်ပါဘူး တွယ် ။ မမ ဂ မြင်မြင်ရာ ဟာတွေ အကိုက်လွန် သွားလို့  ၊သွေးလွန်တုပ်ကွေး ပါတဲ့ ယင်တကောင် ကို ကိုက် အပြီး ခုလို လေဒီဒလဟော ဖစ်လာရဒါပါကွယ် " ။ ဒီတော့လည်း သမားဂေါင်း ဆရာဂျို က ခြင်အတွက် ဒရစ် တလုံး ချိတ်ပြီး ငြိမ်အောင် လုပ်ထားပေးလိုက် ရပါတယ် ။ နို့ မို့ ဆို တခန်းလုံး ရှိရှိသမျှ လူနာတွေ ကို ကိုက်နေအုံးမှာ မို့လေ ။
ခြင်တကောင်က သတင်းသိုးသိုးသန့် သန့် ရထားလို့  ကြိုတင် ငြင်းပယ်ချက် ထုတ်နေလိုက်သေးတယ် ။“ ဆရာဂျိုရယ်၊ကျမက ခြင်လုပ်စားနေတာ အံတို နေပါဘီ ၊ ခြင်ဆိုတော့ သွေးလွန်တုပ်ကွေးသာ ဖြစ် နိုင်ပါဒယ် ။ အူအတက်ယောင်တာတော့ မဟုတ်ပါဘူး ။ရမ်းသန်းပြီးတော့ မခွဲပါနဲ့ ဆရာရယ်” တဲ့ ။ ဒီတော့ ဆရာဂျို ခမြာလည်း ပြာပြာသလဲ ဖြေရှင်းချက် ထုတ်ရတော့တာပေါ့ ။“ စိတ်ချပါ ခြင်မလေးရယ် ကျွန်တော်တို့ က စေတနာ ဆေးပေးခန်းပါ ဗျာ ။ ခြင်ရယ် လူရယ် မခွဲခြားပဲ အားလုံးကို စေတနာ အပြည့်နဲ့  ကုသပေးနေတာပါ ခင်ဗျာ” တဲ့ လေ ။
နေ့ လည် ၁၄း၃၀ နာရီ ။( ထမင်းစားချိန် တောင် အတန်ငယ် လွန်သွားခဲ့ပြီ။ ဆေးခန်းထဲမှ အမှုထမ်းများ အူလိမ်နေကြပေမဲ့  အလုပ် မပြီးပြတ်ကြသေး ၍ နေ့ လည်စာ မစားကြရသေး )
အလျော်ပေးနေကြ အရေးပေါ် ခန်းထဲ မှ ပေါချာကိ တယောက်လည်း ဒီနေ့ မှာ မှ အရှုပ်လုပ်မထားလို့  အလုပ်ရှုပ် နေရသည် ။ထိခိုက် ဒါဏ်ရာ ရသူများ က ဒီနေ့ ကျမှ များလွန်းလို့  လက်မလည် နိုင် ။ များပေ မပေါ့ ။ ဟိုလူကြီး ကိုရူးရ ကပြော ပြဖူးတယ်၊ မနေ့ က လပြည့်ည ။ လူတွေ စိတ်ဖေါက်ပြန်တတ်ကြတယ် ဆိုထားတာကိုး ။အဲ့ဒီ အရှိန် မသေသေးလို့ ဖြစ်ရမယ်။ ဒီအချိန်မှာ ပဲ ....
ဒိုင်း ၊ ဒိုင်း ၊ ဒိုင်း။
ဘယ်သူကမှ မမျှော်လင့်ထားတဲ့  သေနတ်သံ တွေ ရုတ်တရက် ဆူညံ သွားလို့  ဆေးခန်းကြီး ထဲမှာ ကမ္ဘာပျက် သွား ရပါ ပြီ ။ အိုး .. ဘယ်လိုတုန်း ။ ၂၀၁၂ တောင်မရောက်သေးပါလားလို့ စောစောစီးစီးပျက်ပြီလား ဟ ဒီကမ္ဘာကြီးရဲ့  ။ ကြည့်လိုက်တော့ ရွာသူဂျီးလို့ သူ့ ကိုယ်သူ တင်မြှောက်ထားတဲ့  သဂျီး ကလူထွင်း တယောက် သူ့ လက်စွဲတော် နှစ်လုံးပြူးကြီး ဆွဲလို့ ရယ် ။ ဆေးခန်းထဲ ဝင်သရမ်းနေလိုက်တာ ။လွန်ခဲ့ တဲ့ ၂ နှစ် အကျော်က ဗာဂျီးနီးယား တက္ကသိုလ်မှာ ပစ်သွားသလိုမျိုး ၊ မြင် မြင်ရာ မဲမဲ ရော ၊ ဖြူဖြူ ၊ပြာပြာ၊ နီနီ၊ ဝါဝါ ပါမကျန် လိုက်ပစ်နေတော့တာပဲ ။ တော်ပါသေးရဲ့  ။ ကျည်ဆန်ထဲက ယမ်းတွေက အတုတွေ ဖြစ်နေပေလို့ ၊ ထ မပေါက်အားတာ။ ထိ တဲ့ နေရာ ကတော့ လေးဂွ နဲ့ အပစ်ခံရသလောက် နာတာပေါ့လေ ။ ဒီတော့ ရုန်းရင်း ဆန်ခတ် ပြေးကြလွှားကြ နဲ့ ကမ္ဘာကြီးပျက်သလိုပဲ ပေါ့ ။
ရွာထဲမှာ ခွေးနှစ်ကောင် ကိုက်တာ ကအစ၊ လင်မယား ရန်ဖြစ်ပွဲ အဆုံး ဘာပွဲ ဖြစ်ဖြစ် ထိပ်ဆုံး မှ နံပါတ် တစ် ရအောင် နေရာ ဦးလေ့ဦးထရှိတဲ့ ဝက်ကလေး နဲ့  ချစ်ပါးလုံးလေး အပါအဝင် သူတို့ နှစ်ယောက် ကို လိုက်ထိန်းနေရတဲ့ သားကြီး ( မလေးယား) တို့  သုံးယောက်သား မှာ ပွဲကြီးပွဲကောင်း ကြည့်ရပြီ အထင်နဲ့  ဝမ်းသာအားရ ပြေးဝင်အလာ ၊သဂျီး နှစ်လုံးပြူး အရမ်း မို့ လွတ်အောင် ရှောင်ရင်း မှ အချင်းချင်း ခလုတ်တိုက် ၊ ဖါးပြုတ်ကိုက်၊ တရုတ် ရိုက် သကဲ့သို့  ဗလုံးဗထွေး ပြိုလဲ အကျ နဲ့  ဒါဏ်ရာတွေ အသီးသီး အသက ရသွားကြတယ် ။ ဒီတော့လည်း ၊ဒီ သုံးယောက်ပေါင်း လောင်းကျော် ကို အရေးပေါ် ဆက်ပြီး ပြုစုရပြန် ပါတယ် ။ ကြည့်လိုက်တော့ ဝက်ကလေးက ဖင်ထိုင်ကျတာမို့  ဝက်မြီး ကျိုးသွား ရရှာတယ် ။ နောက်တခါ ဖိုင်းယား အလန်းမြည်ရင်တောင် မှ တန်းပြေးစရာ အမြှီး မတန်း နိုင်တော့ ။ချစ်ပါးလုံးလေးမှာတော့  နဂို ၂လုံး ပဲ လုံးနေတဲ့ ပါးကဘိုးဘိုးအောင်တန်ခိုး နဲ့ နှစ်ဆတိုးလာ လို့  ငိုကြီးချက်မနဲ့  ။လူလည်ကြီးသားသမီး ကိုသားကြီး ကတော့ ရေးချင်ရာ လျှောက်ရေး တတ်သလို ပြေးချင်ရာလျှောက် အပြေးကောင်းလို့  ၊ဒါဏ်ရာ မရလိုက် ။သူက ဖိနပ်ပွန်း မှာစိုးလို့ အမြဲ ကိုယ်ဖေါ့ပြီး လမ်းလျှောက်နေကြ ဆိုပဲ ။
ဒီအချိန်မှာ ပဲ မြင်မြင်ရာ ရိုက်ချင်နေတဲ့ ချင်းမိုင် ရုက္ခစိုး အတင်းထောက် အဲလေ .. သတင်းထောက် မဆုမွန် အချိန်မှီရောက်ရှိလာပြီး တဖြတ်ဖြတ်ရိုက်နေပါတော့တယ်။ ဓါတ်ပုံ ရိုက်တာပါ ။ သဂျီး ရူး ရူးနေတဲ့ ကလူထွင်း ကြီးတယောက် မှာတော့ နှလုံးပြူးကြီးကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး ပစ်တုံးခတ်တုံးရမ်းနေတုံး ။ ဒီတော့ ခေသူမဟုတ်တဲ့ မဆုမွန်လေ ။ သိတယ် မဟုတ်လား ။ ခါးပတ် ရောင်စုံ ရထားတာ ။ ကရာတေး ဂျူဒို နည်းအစုံ နဲ့  ခုန်ပျံကျော်လွှားပြီး ဝင်လုံးပါတော့တယ် ။ ဟမ်ဘာဂါ စားချင်တဲ့ ကလူထွင်း ကလည်း လက်သီးစာ အမိမခံဘူး ။ ပြန်ချတယ် ၊ သူတပြန် ။ ငါတပြန် ပေါ့ ။ ပွဲက တဖြေးဖြေး ကြည့် ကောင်းလာတော့ စီးပွား အကွက်မြင်တဲ့ ခို-မျှစ်ချိုးဟင်း က ဘယ်သူနိုင်မယ် ဘယ်လောက်ကြေး ဆိုပြီး လောင်ကြေးစားကြေး လုပ်ဖို့  အကြံရလိုက်တာ နဲ့လေ ။ ဆေးမှတ်တမ်း စာအုပ်ကနေ ချဲ လက်မှတ် အသွင်ပြောင်းပြီး စိန်မျောက်မျောက် နဲ့  အတူ လက်မှတ်ရောင်း လိုက်ကြတာ နဲ့ ပဲ သဂျီးရမ်းကို မဖမ်းဖြစ်ကြဘူး တဲ့  ။
အလောင်းအစား လုပ်ကြတာ ကတော့ အမျိုးသမီး ဘလောဂါ လူနာ တသိုက် က ဆုမွန် ဖက်က ။ အမျိုးသား လူနာ တသိုက်က သဂျီးရမ်းဖက် ကပေါ့ ။ ပွဲက ကြမ်းတယ် ရမ်းတယ် ၊ ရမ်းတယ် ၊ ကြမ်းတယ် ။အရေးထဲမှာမှ လောလောလတ်လတ် မိန်းမ ပူပူနွေးနွေး လေးရထားတဲ့ ယမကာ သူ့လင် အိုက်ခီလောက် က နောင်ဗိန်နောင် တီးပြီး သိုင်းကွက်နင်းကာ အားပေးနေတာမို့  ၊ ယောက်ဖ မတော်လိုက်ရတဲ့ မျောက် ဖိုးစိန် က လိုက်ဆွဲ နေရပါသေးတယ် ။
ပထမ ပိုင်း တနာရီ .. ဘယ်သူ့  ဘယ်သူမှ အနိုင် အရှုံးမရှိ ။ ဒုတိယပိုင်း တနာရီ ... သဂျီးရမ်းက သေနတ်အားကိုး နဲ့ဆိုတော့ ဆုမွန် ခမျာ အခြေနေ သိပ်မဟန်တော့ ၊ လက်ပန်းကျစ ပြုလာပြီ ။ ဒီအချိန် မှာ ခြေလှမ်းတချက် ပျက်သွားတဲ့ ဆုမွန် အပေါ် သဂျီးရမ်း က ခုန်အုပ် လိုက် ချိန်မတော့......အမျိုးသမီးထုကြီးအားလုံး ဟယ်ကနဲ အသံတွေ အထွက်......
က လူ ထွင်းးးးးးးးးး
မိုးချိန်းသံထက် ကျယ်လောင်စူးရှ တဲ့  အသံ နက်ပြာ ကြီးကြောင့် သဂျီးရမ်း ခမြာ တုန်လှုပ် ရိုကျိုးစွာ နဲ့ လက်အုပ်စုံမိုးလို့  ယုန်သူငယ် အသွင် ချက်ချင်း ပြောင်းသွား ပါတော့တယ် ။
ဒီတော့မှ အမျိုးသမီး ရွာသူ ဘလောဂါ တသိုက် ဝမ်းသာ အားရ ဝေး ကနဲ အော်လို့  ကယ်တင်ရှင်ကြီး ကို အပြေးအလွှား ခရီးဦးကြို ပြု ကြ ပါတော့တယ် ။ ကယ်တင်ရှင် အမျိုးသမီးကြီး ကတော့ အားလုံး သိချင်နေကြတဲ့ မဒမ် လူထွင်း ( သဂျီး ကတော် ) ပေါ့[သူ့ ကို မိတ်ဆက်လိုသူများ အထဲပါ လင့်အတိုင်း ဆက်သွယ်နိုင်ပါဒယ် ] ။ သူက ရွာသား အားလုံးကို ရှင်းပြတော့ မှ အကြောင်းရင်း သိသွားကြပြီး သဂျီးရမ်းကို ဝိုင်းချုပ်ဖမ်းကာ ဆေးခန်းမှာ အဆင်သင့် ရှိနေတဲ့  စိတ်ရောဂါ အထုကု ဆြာဝန်မကြီး ဒေါက်တို အယ်ဇီ လက်သို့  ဝ ကွက် အပ်လိုက်ကြ ပါတော့တယ် ။
hallucination , delusion , illusion , schizophrenia ဆိုတဲ့ စိတ်ပညာ ရပ်ဆိုင်ရာ အသုံး အနှုန်း များ နဲ့ ရှင်းပြ နေတဲ့ အထုကု ဆြာဝန် မကြီး အား လူအများ က ဘုမသိ ဘမသိ နဲ့  ထောက်ခံ အပြီးမှာတော့ ......သဂျီးကလူထွင်း ရဲ့  ကံကြမ္မာ မှာ အဘယ်သို့  ရှိပါမည်လည်း ဆိုတာကိုတော့ လိုသလို သာ တွေးယူကြပါလော့ ....
ဤတွင် ကြမ်းကြမ်းရမ်းရမ်း ဘလောဂါ ဆေးခန်း ရဲ့  တနေ့ တာ ရင်မောဖွယ် ရာ ဇာတ်ကြောင်း တခန်းရပ်ပါသည် ။
(ပြောမနာ ဆိုမနာ ရင်းနှီး ခင်မင် ရသော မောင်နှစ်မ မိတ်ဆွေ သူငယ်ချင်း ဘလောဂါ များ ရဲ့  အမည်များကို ကြိုတင် ခွင့် ပြုချက် မယူပဲ နှင့် ထဲ့သွင်း ရေးသား မိပါသည် ။အားလုံးပဲ ခွင့်လွှတ်တော် မူကြစေချင်ပါသည် ။ မည်သူ့ ကို မျှ ပုဂ္ဂိုလ် ရေးတိုက်ခိုက် မှု နဲ့  မဟုတ်ပဲ ၊ ပျော်စေလိုတဲ့ စိတ်သက်သက် နဲ့ရေးထားခြင်းမျှသာ ဖြစ်ပါတယ် ။ တကယ်လို့  စိတ်အနှောက် အယှက် ဖြစ်တော်မူတယ် ဆိုရင်တော့ နာမယ်လေး ချန်ထားပေးခဲ့ ကြပါ ။ ပြန်ဖြုတ်ထားပေးပါ့မယ်။ )