ကိုရီနို ကြီးက အကြွေးစာရင်းမှတ်ထားမှန်းတောင် မသိ ( မေ့ချင်ယောင်ဆောင်ရင်း နဲ့တကယ်ပဲမေ့သွားတာပါ) ။တနေ့ က သူ့ အိမ်ရောက်တော့မှ အကြွေးစာရင်း အမှတ်ခံနေရကြောင်း လူသိရှင်ကြား ရေးထားလို့  မယူပဲတင်နေတဲ့  အကြွေးကို ဆပ်ရအုံးမယ်လေ ။ တော်ကြာနေ နောက်ဘဝတွေထိ ပါနေမစိုးလို့ ။
တင်နေတဲ့  အကြွေးကတော့ ဆု နဲ့ ဆူး တဲ့ ။
ငယ်စဉ် ကျောင်းသား ဘဝက ဖြစ်ခဲ့ တာတွေ သိပ်မမှတ်မိတော့ဘူး ။ ဦးနှောက် အမှတ်ဥာဏ် နဲ လို့  ထင်ပါတယ်။
ကိုယ့်ကိုယ် စိတ်ဆိုး စိတ်နာအောင်လုပ်လဲ သိပ်ပြီး စိတ်ဆိုးလေ့မရှိတော့ဘုး ။( ခု အသက်ကြီးလာလို့ နဲ့တူပါတယ်)။
ကလေးဘဝတည်းက ဒီကို ထွက်မလာမီ အထိ ရင်ထဲမှာ ဆူးစူးသလို ရှိနေခဲ့တဲ့  နာကျင်မှု တခုဟာ လည်း ခုဆို မရှိတော့ပါဘူး ။ ဒါပေမဲ့ အဲဒီဆူး တွေ ကို ပြန်လည်တူးဆွရေး လုပ်ငန်းကြီး ခေတ်စားနေတော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရတာလည်း အခါခါပါဘဲ။
ဆု ဆိုတာ ချီးမြှင့် ပေးအပ်တယ်လို့  သိကြတယ် ။ ဆုပေး ဒါဏ်ပေးစနစ် ကြီးမှာ လူတွေက ဆုကိုသာ လိုချင်ကြတာ များတယ် ။ကြွားတယ်လို့ တော့ မဟုတ် ။ ငယ်ငယ်တည်းက အတန်းစာနဲ့ ပတ်သက်ရင် သိပ်တော့ အညံ့ကြီး မဟုတ်ပါ ။ ကိုယ့် ပတ်ဝန်းကျင်က လူတွေက ကိုယ့်ထက်ပဲ ညံ့နေကြလို့ လားတော့ မသိ ။ အနုတောမှာ လူချော ဖြစ်ခဲ့ရပါတယ် ။နှစ်တန်း သုံးတန်းလောက်က ဟာတွေတော့ မမှတ်မိတော့ ။ ၄တန်း အစိုးရစစ်ဆိုတာတော့ သေချာမှတ်မိခဲ့တယ် ။ သူငယ်တန်း နှပ်ချေးတန်းက စလို့  ၁၀ တန်းထိကို အ.ထ.က (၂) ကမာရွတ် မှာ တက်ခဲ့တာ ။ ကိုယ်တို့ရှိ သမျှ မောင်နှမ ၆ ယောက်လုံး ရထားတွဲ လို တန်းစီပြီး အဲဒီတကျောင်းတဲမှာ တက်ခဲ့ကြတာပါ ။ အမလတ် နဲ့ ကိုယ်နဲ့ က အနူတောမှာ လူချောတယ်ဆိုရမယ် ။ မှတ်မိသလောက် ၄ တန်းနှစ်က စပြီး နှစ်တိုင်း စဉ်ပေါ်တက်ရတဲ့ စာရင်းထဲ ပါခဲ့ တယ် ။ ဆရာ ၊ဆရာမ တွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ထဲ နာကျင်ရလောက်အောင် ခံပြင်းခဲ့ရတာ ။ဆူးစူးခံခဲ့ရတာမျိုး မရှိခဲ့ပါဘူး ။အေးအေး ဆေးဆေးဘဲပေါ့ ။ အတန်းထဲမှာ စကားများ ပြီးဆော့တတ်လွန်းလို့ ဒါဏ်ပေးခံရ ၊ရိုက်ခံရတာတွေ လည်းရှိတာဘဲ ။ဒါတွေက ကိုယ့်အပြစ်ရှိလို့ ကိုယ်ဒါဏ်ပေးခံရတာဘဲလေ ။ စိတ်ထဲ ဘယ်လိုမှ မနေဘူးပေါ့ ။
ဒါပေမဲ့ နှစ်စဉ်ဆုရတဲ့ နေ့  ။ စဉ်ပေါ်တက်ပြီး ဆုယူရတဲ့အခါတိုင်း ရင်ထဲ ဆူး အစူးခံခဲ့ ရတယ် ။ ထူးဆန်းနေလား .။ရူးတယ်ထင်နေလား တော့ မသိပါဘုး ။ဆရာသမားကြောင့် မဟုတ်ပါ ။
ကျောင်းသားတွေ ဆုယူကြတိုင်း သူတို့  မိဘတွေ နဲ့အတူ ပျော်ပျော်ရွှင်ရွှင် အတူတူ လာကြတာလေ ။ သူတို့ကိုကြည့်ရင်း ကိုယ်နဲ့ အတူ ဘယ်တော့မှ ပါမလာတတ်တဲ့ အဖေ ကို စိတ်ထဲ သိပ်မကျေနပ်တာ ။အမေကတော့ ထားလိုက်ပါတော့ ။သူ့ အလုပ်က အလှည့်နဲ့ duty shift ဆိုတော့ တနင်္ဂနွေ နေ့ ဆို အိမ်မှာ မရှိတတ်တာ များတယ် ။ သူနာပြု ဆရာမ ဆိုတော့ ကျတဲ့ တာဝန် ချိန်တိုင်း ပြောင်းလို့ မရတတ်တာ များတယ် ။ ဆုယူရမဲ့ ဖိတ်စာရလို့  အမေ့ သွားပြတိုင်း ကျေနပ်တဲ့ အပြုံးနဲ့ ကိုယ့်ကို နမ်းတတ်တယ် ၊ ပြီးတော့ပြောပါတယ် ။အမေ့သမီး စာကြိုးစားလို့  အမေပင်ပန်းရကြိုးနပ်တယ်တဲ့ ။ ဆုတက်ယူတဲ့ နေ့  သူကိုယ်တိုင် မလိုက်နိုင်တာ စိတ်မကောင်းပါဘူး တဲ့ ။ အမေ့ဆီက အဲလို အပြုံးနွမ်းနွမ်းလေးရတိုင်း ကျေနပ်ပါတယ် ။ အမေမအားလို့ ဆိုတာ နားလည်ပါတယ် ။
ဒါပေမဲ့ အဖေ့ ကိုတော့ ကိုယ်နားမလည်ခဲ့ဖူးဘူး ။သူက သူ့ သားသမီးတွေ ဘယ်သူက ဘယ်နှစ်တန်း ရောက်နေမှန်းလဲ မသိ ။စိတ်မဝင်စားဘူး ။ တာဝန်အရ ခရီးထွက်နေရတာ များတယ်ဆိုပေမဲ့ ရန်ကုန်ကို ပြန်လာပြီး တလ ။နှစ်လ နေရတဲ့ အချိန်တွေလည်းရှိပါတယ်။၅ တန်းနှစ်က ဆုပေးပွဲတက်ဖို့  ဖိတ်စာရတဲ့ နေ့ က မှတ်မှတ်ရရ အဖေရော ၊ အမေရော အိမ်မှာရှိနေကြတယ် ။ ထမင်းဝိုင်းမှာလေ ။ အဲဒါနဲ့  ဝမ်းသာ အားရ သူတို့ နှစ်ယောက်စလုံးကို ပြတာပေါ့ ။ အဖေ့ ကိုကြွားချင်တာလည်းပါတော့ သူ့ကို အရင်ပြမိတယ် ။ ပြီးဖိတ်စာကို တချက်ဖွင့်ကြည့်ပြီး အမေ့ကို လှမ်းပေးလိုက်ပြီး မေးလိုက်သေးတယ် ။ မင့် သမီးက ဘယ်နှစ်တန်း ရောက်ပြီလဲ တဲ့ ။ စိတ်ထဲအတော်လေးဆိုးသွားတာ ။ပြောပုံ က မင့် သမီး တဲ့ ။သူ့ သမီးမဟုတ်တာကျနေတာပဲ ။ဆုရတာ တောင် နဲနဲလေးမှ အသိမှတ်ပြုတာ မဟုတ် ။ကိုယ်တို့ နေခဲ့တဲ့ ကျောင်းဆိုတာလည်း ဘယ်နားရှိမှန်းသူသိပုံမရ ။
အဲသလိုနဲ့  ဆယ်တန်းအောင်တော့ ကျောင်းကပေးတဲ့ ရွှေတံဆိပ်ဆုကို ထုံးစံအတိုင်း တယောက်ထဲ တက်ယူပေါ့ ။ အမလတ်က ရှေ့ နှစ်တည်းက အောင်သွားပြီးသား ဆိုပေမဲ့ လည်း အဖေါ်လိုက်လုပ်ပေးပါတယ် ။ တခြား ဆုရ သူများ မိသားစုတွေ တွေနဲ့  အမှတ်တရ ဓါတ်ပုံရိုက်တဲ့ အချိန် ကိုယ်လည်း အဖေ ၊ အမေတို့  နဲ့ အတူ ဓါတ်ပုံရိုက်ရရင်ကောင်းမယ် လို့ တွေးပြီး ဝမ်းနည်း ပက်လက်ဖြစ်ခဲ့ ပါသေးတယ် ။အဲဒီနေ့ က အမေအလုပ် ပြန်လာလာချင်း ရလာတဲ့ဆုလေးကို ထုတ်ပြဖြစ်တယ် ။ သူဝမ်းသာတာမြင်ရတော့ အဖေ့ အပေါ်မကျေနပ်တဲ့  နာကျင်မှုလေးတောင် ခဏတာပျောက်သွားသလိုပါဘဲ ။
ဒီလိုနဲ့ ဘဲ ထုံးစံအတိုင်း တက္ကသိုလ်ဆက်တက် ။ ကျောင်းသွား ၊ ကျောင်းပြန် ။ စာမေးပွဲဖြေ ။အချိန်တန်တော့ ဘွဲ့ ရ ။ ပညာရှာ ပြီးတော့ ဥစ္စာ ရှာကြ နဲ့  လူ့ ဘောင်လောကကြီးမှာ ကျင်လည်ခဲ့ရတာပါဘဲ ။
ဒါဏ်ရာ နဲ့  ဝေဒနာ ဆိုတာ အချိန် တန်လာတော့လည်း သူ့ အလိုလိုပျောက်သွားကြရတာပါဘဲ ။ ကာလ အတို အရှည်ကတော့ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှု ပေါ်တည်ပါတယ် ။ ဆူး ဒါဏ်ရာ အတိမ်အနက်ပေါ် တည် ပါတယ် ။အနာကျက်သွားလို့  ဒါဏ်ရာပျောက် ပြီဆိုပေမဲ့ လည်း အမာရွတ်ဆိုတာတော့ ကျန်နေခဲ့ မှာပါ ။
ဆူးလေး စူးစူးပြီးချင်းချက်ချင်း နှုတ်နိုင်ခဲ့ရင် ၊ အနာမရင်းခဲ့ရင် စောစောပျောက်မယ် ပေါ့ ။ကိုယ့်မှာတော့ အဖေ့ အပေါ်မထားသင့် တဲ့  မကျေနပ်မှု တခုအတွက်နဲ့ တဖြေးဖြေးနစ်ဝင်စူးခဲ့ရတဲ့ ဒီဆူးတချောင်းကို ရင်ထဲမှာ သိမ်းထားမိခဲ့ လို့ အနာရင်းခဲ့ရပြီး ။ နောင်တ ဆိုတာ တကယ်ပဲ နောင်မှ တ တတ်ကြပါတယ် ။
ကိုယ့်လောက်မိုက်တဲ့သူ ရှိပါ့မလား ။နိုင်ငံခြားဆိုတဲ့ နေရာကြီးကို ဦးဆုံးထွက်လာခဲ့တဲ့ အချိန်အခိုက်အတန့် လေးကို ခဏလောက် ပြန်လှည့် လိုက်လို့ ရရင် ဘယ်လောက်ကောင်းမလည်း ဆိုတဲ့ ရူးကြောင်ကြောင် အတွေးတခု မကြာခဏ ပြန်တွေးနေမိတတ်တယ် ။ အကယ်၍သာ အဲဒီ အချိန်လေးကို ပြန်ရနိုင်ခဲ့မယ် ဆိုရင် လေဆိပ်ကိုလိုက်ပို့ ကြတဲ့ အမေ ၊ အမလတ် နဲ့ ချစ်သော သူငယ်ချင်းများကို စကားဖေါင်ဖွဲ့ ဖက်လှဲတကင်း သေချာနှုတ်ဆက်ခဲ့ သလို ပဲ အဖေ့ကိုလည်းနှုတ်ဆက် မိခဲ့မှာပါ ။ ခုတော့ အဖေ့ကို အသက်ရှင်လျှက် တွေ့ရ တာ နောက်ဆုံး တကြိမ် ဖြစ်လိမ့် မယ် ဆိုတာ ကြို တင် မသိခဲ့ တဲ့ ဒီ သမီးမိုက် က ဝတ်ကျေတန်းကျေ တချက်ပြုံးပြပြီး ချာကနဲ လှည့်ထွက်လာခဲ့တာ သူ့ ရင်ထဲ ဘယ်လို ခံစားသွားရမလည်းဆိုတာ လည်း မတွေးမိခဲ့လိုက်ပါဘူး ။ ကိုယ့်ရဲ့ မိုက်မဲမှု တခုကြောင့် သူ့ ရင်ထဲ ဆူးတချောင်းစူးသွားမယ်ဆိုတာ မသိလိုက် မိခဲ့ဘူးး ။
ဒီရောက်ပြီး ၂ နှစ် နီးပါးရှိတဲ့အချိန် ၊ တနေ့ မှာ အဖေ့ဆီက ဦးဆုံး နဲ့ နောက်ဆုံး အကြိမ်ဖြစ်တဲ့ စာလေးတစောင် ရခဲ့တယ် ။ ကိုယ့်ကို နှုတ်ဆက် စာနဲ့ ဆုံးမ စာလေး တစောင်ပါ ။ အိမ်သားတွေ နေထိုင်ကောင်းကြောင်း ၊ အဆင်ပြေကြကြောင်း ၊ နောက်ဆံ မတင်းဖို့  ၊ ပိုက်ဆံ ပို့ ဖို့  မလို တဲ့အကြောင်း ။ အဝေးမှာ တယောက်တည်း ကျန်းမာရေး ဂရုစိုက်ဖို့  အကြောင်း စာရှည် တစောင် ။ ကိုယ်လည်း စာမပြန်ခဲ့မိပါဘူး ၊နောက်တလလောက် အကြာ မှာပဲ အဖေ ရုတ်တရက် ဆုံးတဲ့ သတင်းကြားလိုက်ရတယ် ။နှလုံးရောဂါ နဲ့ပါ ။အဲဒီတော့မှ မျက်ရည်ကျမိတာလေ ။ရရာလေယာဉ်နဲ့  အဖေ့ ဆီအမြန်ဆုံး ပြန်တယ်ဆိုပေမဲ့ ၂ ရက်တော့ကြာတယ် ။အေးစက်တောင့်တင်းနေတဲ့ သူ့ ကို ဦးဆုံး အကြိမ် ပွေ့ ဖက် မိခဲ့တယ် ။ ဒါပေမဲ့ အားလုံးဟာ လွန်ခဲ့ပါပြီ ။ ဒီလောက် မိုက်တဲ့ သမီးကို ခွင့်မလွှတ် ပါနဲ့ အဖေ ။
ခုအသက်အရွယ်ရောက်တော့မှ ငယ်ငယ်က မိုက်ခဲ့တာတွေ ပြန်စဉ်းစားတတ်လာခဲ့တာ တကယ်နောက်ကျ ခဲ့ပါပြီ။ သူ့ နေရာက ပြန်စဉ်းစားပေးတတ်လာခဲ့ပြီ ။မိဘဆိုတာ သားသမီးကို မချစ်တဲ့သူ ရှိမယ်မထင်ပါဘူး ။ တချို့ က သူတို့  ချစ်တဲ့ အကြောင်းကို ဖေါ်ထုတ်ပြီး မပြတတ်တာသာ ရှိ မှာပါ ။ အဖေက စစ်သားဆိုတော့ ဒဲ့ ဒိုးပဲ ပြောတတ်တာ။ စကားကို ချိုသာအောင် မပြောတတ်ဖူးဆိုတာ ဘာလို့ အစက သဘောမပေါက်ခဲ့ရတာလည်း လေ ။
်ဒါကြောင့် လူတွေ တယောက်နဲ့ တယောက် ဆက်ဆံကြတဲ့အခါ အထင်လွဲမှုကို အရင်းခံပြီး ကိုယ်ထင်တာ တွေသာ အမှန် ဆိုတဲ့ အတ္တစွဲတွေ မထား ကြဖို့  ။ရင်မှာ စူးနေတဲ့ ဆူးလေးတွေ ရှိရင်လည်း အနာမရင်းခင် အချိန်မှီ နှုတ်ပစ်ဖို့  ။ လူ့ ဘဝ တိုတိုလေးမှာ ကျန် ရှိနေ ကြတဲ့ အချိန်လေးတွေမှာ ဆူးလေးတွေ ကင်းစွာနဲ့ ဆက်လက် ရှင်သန်နိုင်ကြပါစေလို့  .....
( ကိုရီနို တဂ်ထားတဲ့ ဆူး က ကျောင်းသားဘဝမှာ ဆရာမတွေ နဲ့ပတ်သက်ပြီး ရှိခဲ့တဲ့ ဆူး ပါ ။ဒါပေမဲ့ ကိုယ့်မှာရှိခဲ့ဖူး တဲ့ ဆူးက တမျိုး ပါ ။ ဒီတော့ ရှိတဲ့ဆူး အကြောင်းပဲ ကိုယ့်ကိုယ်ကိုဖေါ် မသူတော် လုပ်ပေးလိုက်ပါတယ် ။ ကျေ နပ် မယ်လို့ ထင်ပါတယ် ။ )
မကျေနပ်လဲ မတတ်နိုင်ပါ . .. .ခုလောလောဆယ်လည်း ဆူးတချောင်းဆူး နေပါတယ် .. အနာရင်းနေလို့  ဆက်မရေး နိုင်တော့ပါ .. :(
►Posted by
:kiki
:
at
8/04/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
12 comments:
ဘွားရေ ဆုလေးတွေ အတွက်လာ ဂုဏ်ယူတယ်။
ဆုတွေအတွက် ဂုဏ်ယူထိုက်လို့ ဂုဏ်ယူပါတယ်...
ဆူးမိတဲ့ ဆူးဒဏ်ရာအတွက်တော့ တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်...
ဒါဟာ တကယ်တော့ လူငယ်အားလုံးအတွက် သင်ခန်းစာတခုပါပဲ...
နောက်လူတွေ မမှားသင့်တာမမှားရအောင် အခုလို နည်းပေးလမ်းပြပြုပေးတဲ့ ကိကီကို ကျေးဇူးတင်တဲ့အနေနဲ့ ကဗျာတပုဒ်ဆုချပါတယ်...
"ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက
နောက်နွားတသိုက် ဖြောင့်ဖြောက်လိုက်၏"
ကိကီတယောက် ဖြောင့်ဖြောင့်သွားတဲ့နွား ဖြစ်ပါစေ.. အဲအဲ...
လူငယ်ထုကို လမ်းမှန်ရောက်အောင် ဦးဆောင်မှုပေးနိုင်တဲ့ ဖြောင့်ဖြောင့်သွားတဲ့ သူတယောက် ဖြစ်ပါစေ...
စေတနာ ပဲရေပွဖြင့်
ကိုလူထွေး
ကျေနပ်ပါတယ်ဗျာ။
မကျေနပ်စရာလား။
ကျေးဇူးတောင် အကြီးကြီး တင်သေးတယ်။
ကျေးဇူးပါနော် အမ။ စရင်းလေး ပြင်ပေးလိုက်ေ
တော့မယ်နော်။
ရီနိုမာန်
ကိရေ
ကိရဲ့ဆူးလေးလဲ တမျိုးလေးဖတ်လို့ကောင်းပါတယ်။
လူတိုင်းမှာ ဆူးဒဏ်ရာတွေနဲ့.. လို့ ပြောရမလို ဖြစ်နေပီနော်...
မတူညီတဲ့ ဆုနဲ့ဆူးလေးတွေကို လိုက်ဖတ်ရင်း မတူညီတဲ့ အတွေးအမြင်လေးတွေ ရလာတယ်...
နှင်း
စိတ်မကောင်းဖြစ်ရတယ်အမ။ ကျနော်တို့သားသမီးတွေနဲ့ မိဘတွေကြား ဆူးတွေမဆူးကြပါစေနဲ့။ မကိရဲ့ ဆူးဒဏ်ရာတွေ အမြန်ဆုံးသက်သာပါစေ
ဆူး တစ်ချောင်းအတွက် စိတ်မကောင်းပါဖူး။ အခုလို လက်တွေ့ နဲ့ ယှဉ်ပြီး ပြောပြပေးတဲ့အတွက် ကျေးဇူးပါ
စိတ်မကောင်းဖြစ်သွားတယ် အမရယ်
ဘယ်လိုပြောရမလဲ
ကလေးဆိုတော့ ကိုယ့်ကိုဂရုမစိုက်ရင် မချစ်ဘူးပဲထင်မှာလေ
ညီမသာဆိုလည်း စိတ်ဆိုးမိမှာပဲထင်တယ် ..
မပြောတတ်တော့ပါဘူး အမရယ်
ရှုပ်လွန်းတယ်း(
စိတ်မကောင်းစွာနဲ့ လှည့်ပြန်သွားပါတယ် ..
ဟင့်
စာဖတ်ပြီး စိတ်ထဲတကယ်မကောင်းပါ...၊ အစ်မ ကိုလဲ ကိုယ်ချင်းစာသလို ...၊ အစ်မ အဖေ ကိုလဲ သနားပါတယ်...။
တကယ်ဘဲစိတ်မကောင်းဖြစ်မိတယ်... ခလေးငယ်တယောက်ရဲ့နာကျင်ခံစားမှုကိုနားလည် ပါတယ်... ဖခင်တချို့ရဲ့လျှို့ဝှက်စွာဘဲချစ်တတ်ခြင်း ကိုလည်းနားလည်တယ်...
ဖတ်ပြီးတော့ တို့လဲ ဆူးတချောင်း ဆူးသွားသလို ခံစားရပါတယ် ဖွားကိရယ်
ဘိုင်
လောလောဆယ်မှာ....လက်ရှိ....ဆူးနေတဲ့ ...စူးကို......အရင်နှုပ်လိုက်ပါ....သက်သာရာ..သက်သာကြောင်း.....ဖြစ်သွားအောင်......ဘယ်လိုနည်းနဲ့ ...စူးတာဘဲဖြစ်ဖြစ်..စူးမိတဲ့ ဒါဏ်ရာကြောင့် .....နာကျင်စေမှာအမှန်ပါဘဲ.....ဒါ့ ကြောင့် လေ...ကျနော်တို့ အိမ်က...မေမေ...ပေးတဲ့ ..ဆုလို(ငါ့ သားလေး...သွးလေရာရာနေလေရာရာတိုင်းမှာ....ခလုပ်မထိဆူးမငြိပါစေနဲ့ လို့ အမြဲဆုတောင်းပေးတယ်).အခုဒီပို့ စ...လေးရေးတဲ့ သူရော....စာဖတ်သူများပါ.....ပြည်စုံပါစေလို့ ဆန္ဒပြုပါတယ်နော်....အားလုံးကို..........ခင်တတ်တဲ့ .....သုဒြေ္န
Post a Comment