ယနေ့ ကမ္ဘာမှာ နိုင်ငံတိုင်းလိုလို စီးပွားရေးကျပြီး ကပ် ဆိုက်နေကြတာ ။ အလုပ်လုပ်နေသူတိုင်း ၊ စာဖတ်နေသူတိုင်းသိကြမှာပါ ။
ကိုယ်တိုင်က ဘာ စီးပွားရေးမှ မလုပ်တတ် ၊ Stock & Share တွေ နားမလည် ၊ မကစားတတ်ပေမဲ့  အဲဒီ စီးပွားရေး ဆုပ်ယုတ်ကျဆင်းမှုကို ခံစားမိပါတယ် ။ ဘာလို့ လဲ ဆိုတော့  အလုပ်က ဝင်ငွေဟာ ခါတိုင်းရနေကျ ထက် တဖြေးဖြေးပိုနဲလာ လာတာ ၊ အစက မသိသာပါဘူး ။နောက်ပိုင်းမှာ ဟို အခွန်အတွက် နှုတ် ၊ ဒီ အာမခံကြေးအတွက်နှုတ် တာတွေ ၊ လခ လျှော့တာတွေကြောင့်  ဝင်ငွေ နည်းသွားတာ ပိုသိသာလာတယ် ။
ဒါတောင် ဒီအလုပ်က တည်မြဲနေသေးလို့  တော်သေးရဲ့  ။ တချို့ များဆို အလုပ်ပါ ပြုတ်ကြရရှာတယ် ။ ဒီနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အလုပ် အင်မတန်ပေါတာ ။ ဒီတခု မကြိုက်ရင် နောက်တခုပြောင်းလုပ် ။ အချိန်မရွေးဘဲ ။ဘယ်နေရာ သွားရှာရှာ အလုပ်တွေ ။စက်ရုံတွေ ပေါမှပေါလေ ။ ယပက်လက်တို့ ။ ဖဦးထုပ်တို့ တတွေလဲ ဒီမှာ သိန်းနဲ့ ချီပြီး အလုပ်သမား ဦးရေ ရှိတယ် ။
ခု ဒီဖက် ၃ -၄ နှစ် လောက်မှ စပြီး စက်ရုံ အလုပ်ရုံတွေကို လုပ်အားခ ပိုသက်သာတဲ့  တရုပ်ပြည်မ ကြီးကို ပြောင်းပြီး ဖွင့်ကြလို့  ဒီကလူတွေ အများကြီး အလုပ် လက်မဲ့  ဖြစ်ကုန်ကြတယ် ။အလုပ်မရှိ ၊ ဝင်ငွေမရှိ တော့ လူတွေ ဒုက္ခရောက်ကြတာပေါ့ ။
ပိုက်ဆံမရှိတော့  ဟိုအရင်လို ဝယ်ကြ သုံးကြ လည်ကြ စားကြတွေလည်း တဖြေးဖြေး နဲလာကြတာပေါ့ ။ မလိုတာတွေ အပိုတွေ မဝယ် ၊ မသုံးကြတော့ဘူး ။ဒီတော့ ရောင်းအားလဲကျ ပြီး မုံ့ လုံးစက္ကူ ကပ် စီးပွားမပြေလည် သံသရာလည်နေကြတာ။
ဒါတွေက အများနဲ့ ဖြစ်နေကြတာ တွေဆိုတော့ မတတ်နိုင်ပါဘူး ။ကိုယ့် အလုပ်လေးမပြုတ်သေးတာဘဲ တော်လှပြီ ။ နဲနဲပါးပါးတော့ခြွေတာနေရတာပေါ့ ။ အရင် လို လက်သိပ်ဖွာလို့  မရတော့ဘူးလေ ။
ပြောချင်တဲ့ အကြောင်းက ခုမှရောက်တော့တယ် ။ ဒီလို ဒီလို ဒီလိုပါ
စားသုံးသူဖက်က ဝယ်လိုအားနဲတော့ ရောင်းအားလဲ ကျတာပေါ့ ။အလုပ်ရုံ ၊ စက်ရုံတွေလဲ လျှော့ထုတ်ရ ။ လောင်စာဆီက ဈေးတက် ။ထုတ်ကုန်တွေလဲ ဈေးတက်နဲ့  ဒေဝါလီ ခံလိုက်ရတဲ့  ဘဏ်တွေ ၊ ပိတ်လိုက်ရတဲ့  စက်ရုံတွေလဲ မနဲပါဘူး ။စားဝတ်နေရေး မပြေလည်လို့ အကြွေးတွေ ပတ်လည်ဝိုင်းပြီး အတိုး၊ အရင်း တွေပါ ပြန် မဆပ်နိုင်ကြလို့  ကိုယ့်ကို ကိုယ် သတ်သေ ရုံတင်မက . အပစ်မဲ့တဲ့ကိုယ့်ခလေး တွေပါ အပါခေါ်ပြီး မရဏလမ်းကို သွားကြသူတွေလည်း မနဲလှဘူး ။ နေ့ တိုင်းလိုလို သတင်းတွေထဲ ကြားနေရတယ် ။ သေနည်းတွေလည်းအစုံပါဘဲလေ ။ ဒါတွေကရော... သေနေ့ စေ့ လို့ သေကြရတာတွေလား ။ပြောရခက်တယ်နော် ။
ဒီ အနိ ဌာရုံ ပုံတွေကိုတော့ ထမင်းစားပျက်မစိုးလို့  မဖေါ်ပြပေးတော့ပါဘူး ။
ဒီနိုင်ငံက လူတွေ အတော်များများဟာ ဘာသာရေးကိုင်းရှိုင်းမှု မှာ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေလောက် လေးလေးနက်နက်မရှိကြဘူး ။ပြီးတော့  နတ်တွေ ကိုးကွယ်ကြတာများတယ် ။ ဒါကြောင့်  တခုခုဆို သည်းငြီးခံတတ်တဲ့ စိတ်နဲပါးတယ်။ လူတိုင်းကိုတော့မဆိုလိုပါဘူး။အများအားဖြင့်ကိုပြောတာပါ ။ ပြီးတော့ ဆင်းရဲခြင်းဒါဏ်ကို သိပ်မခံစားနိုင်ကြဘူး ။ သမီးရည်းစား စကားများရုံ ၊ကွဲရုံ ၊ မိဘကဆူလိုက်ရုံ ။ ဆရာ ဆရာမ ကဆူလိုက် ရိုက်လိုက်ရုံနဲ့  ကိုယ့် ကိုကိုယ်သတ်သေတာတို့ ။သူများကို အညှိုးနဲ့ ပြန်ရန်လုပ်တာတို့  ။ သတ်ပစ်တာတို့  လုပ်တတ်ကြတယ် ။ ဗရမ်းဗတာ တွေဖြစ်တတ်ကြတယ် ။ ခုခေတ် သူတို့ ရဲ့ လူ့ အဖွဲ့ အစည်းနဲ့ ပတ်ဝန်းကျင် အကျင့်စရိုက်တွေ။ အတွေးအခေါ်တွေ က ဒီလို ဖြစ်ဖို့  လမ်းပြပေးသလို ဖြစ်နေကြတာပေါ့ ။ မိဘ နဲ့ သားသမီးအရင်းခေါက်ခေါက်တွေတောင် ပြန်သတ်တဲ့ အကြောင်းတွေ မကြာခဏဆိုသလို မြင်နေ ၊ ကြားနေရပါတယ် ။
အဲဒါတွေ ကို ကိုယ်တို့ ရဲ့ ချစ်သော အမိ မြန်မာပြည်ကြီးမှ အခြေအနေတွေနဲ့  နှိုင်းယှဉ်ခံစားကြည့် မိတယ် ။အလုပ်မရှိ အလကား အားနေတဲ့ အချိန်လေးတွေ ဒီလိုဘဲ လျှောက်တွေး၊ လျှောက်ရေး နေတာ ။ ဘယ်တော့ ပြသနာ တက်မလဲ မသိဘူး ။
ဗမာပြည်မှာ စီးပွားရေးကျ ကပ်ဆိုက်တဲ့ ဒါဏ်တွေ မရှိပါဘူးတဲ့  ။ တနှစ်မှာ GDP(Gross Domestic Product) ၈ ရာခိုင်နှန်း တက်နေတဲ့ အကြောင်း ၊ အရူးစကားကို ဒဏ္ဍရီ ဆန်ဆန်ပြောတာ ၊ အံ့သြစရာတော့ မရှိလှပါဘူး(အဟဲ၊ စီးပွားရေးတောင့် နေပြီးသား နိုင်ငံကြီးတွေမှာတောင် တနှစ်မှာ GDP က ၃ တို့  ၄ တို့ လောက်ဘဲ ရှိကြတာ ။မယုံရင် ပုံပြင်မှတ်ကြပေါ့လေ ) ။ နဂိုကတည်းက ဟိုးအောက်ဆုံးထိချွတ်ခြုံကျနေတဲ့ စီးပွားရေး ဆိုတော့ ဒိထက်အောက်ကျစရာမှ မရှိတော့တာလေ ။ ဒို့ လူမျိုးတွေကလည်း မွေးကတည်းက ဆင်းရဲတွင်းရဲ့ ဟိုးအောက်ဆုံးမှာနေခဲ့ကြရတာ ဆိုတော့  ကျင့်သားရနေပြီးသားဘဲ ။ ဘာဖြစ်သလဲ ဒို့ ရွှေ ဗမာတွေ ဆိုတာ နက်ဖန် စားဖို့  ဆန်အိုးထဲမှာ ဆန်မရှိရင် လဲ ကိစ္စမရှိဘူး ။ လောလောဆယ် ဒီည မှာ IC စတိတ်ရှိုး ပွဲလေး မကြည့် လို့ မဖြစ်ဖူး ။ ၄၊၅ ထောင် ပေးပြီး အပြေးသွားကြည့် ရမှလေ ။ အဲသလောက်ကို ပွဲကြိုက်ကြတာလေ ။ ကျန်တာတော့ နောင်ခါလာ နောင်ခါဈေး ကြည့် ကျက်လုပ်ကြတာဘဲ ။ အမယ်... သူ့ ဟာနဲ့ သူတော့ အဟုတ် ၊ အဆင်ကို ပြေလို့ လေ ။
စီးပွားရေးပျက်လို့  ၊ မကောင်းလို့ ၊ အကြွေးတွေပတ်လည်ဝိုင်းလို့  သတ်သေကြရမယ် ဆိုရင် ဗမာပြည်မှာ ဟို လက်တဆုပ်စာလူတွေက လွဲပြီး ဘယ်သူမှ အသက်ရှင်ရက် ကျန်နေမှာ မဟုတ်ဘူးလို့  တွေးမိတယ် ။
အဲဒါကြောင့်  ပျော်ပျော်နေ သေခဲ ဆိုတာ သိပ်မှန်တာဘဲ လို့  ။ အများနဲ့ မိုးခါးရေ သောက်ကြတာဘဲ ။ ပူပင်သောကတွေ ဝေးဝေးနေကြပစေ ပေါ့။
နောက်နေ့ မှ ဒီနိုင်ငံ ရဲ့  အစိုးရက ဒီ ဝယ်လိုအား ၊ ရောင်းအား ပိုကောင်းလာအောင် ဘာတွေလုပ်ပေးသလဲ ဆိုတာ နားလည်သလောက် ရေးပြပါအုံးမယ် ။
►Posted by
:kiki
:
at
2/20/2009 12:25:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment