တော်လှန်ရေး နေ့ မတ်လ ၂၇ ရက် နေ့  ၊ အမှတ်တမဲ့ပါဘဲ ။ ကိုယ့်ကြွေးပူနဲ့ ကိုယ်ဆိုတော့ ။ညနေက အမေ့ သတိရလို့  အိမ်ကို ဖုံးဆက်တော့ တူမလေး လာကိုင်တော့ အထူးအဆန်း ။ ဟဲ့  နင်တို့ကျောင်းမတက်ရဘူးလား လို့ မေးတော့ မှ ဒီနေ့  ကျောင်းပိတ်တယ်တဲ့  ။တပ်မတော်နေ့ တဲ့ ။
ကိုယ်တောင် နဲနဲ ကြောင်သွားတယ် ။ အရင် က တော့ တော်လှန်ရေးနေ့ လို့ ဘဲ စိတ်ထဲ စွဲခဲ့ဘူးတာကိုး။ဘယ်အချိန်က စပြီးတပ်မတော် နေ့ ဖြစ်သွားမှန်း သမိုင်းမကြေခဲ့ တော့လည်း မသိလိုက်မိဘူး ။တော်လှန်ရေးဘဲ စိတ်ထဲ စွဲ နေဘူးတာ ။ ( တကယ်ပြောတာပါ )
ဒီတော့မှ တချက်သတိထားမိလိုက်တယ် ။ ရွှေမြန်မာပြည်က ရွှေသူငယ်ချင်းလေးတွေ အားလုံး ။အားလုံး ကို ဒီနေ့  တနေ့ လုံး အုတ်လမ်းပေါ်တက်ကြတာ မတွေ့ မိပါဘူးလို့ လေ ။ တော်လှန်ရေးနေ့  အထူးစပါယ်ရှယ် အစီအစဉ်အရကိုးနတ်ရှင် ကြီးတွေလည်း အားလုံးဒေါင်းနေကြပါလားလို့  ။မူးပြီးဒေါင်းကုန်ကြသလားတော့မသိကြောင်းပါ။အင်း ၊ ဒီလိုသာ အုတ်လိုင်းပေါ်တက် လျှောက်လို့  မရတာ ကြာရင်တော့  အုတ်ကြားမြက်ပေါက် ကုန်ကြတော့မှာဘဲလို့ တွေးမိရင်း ... ရင်လေးမိပါသေးတယ်။
အားလုံးသိပြီးကြတာမို့  ဘာမှထူးထူးထွေထွေမပြောလိုပါဘူး။(ကိုယ်တိုင်ကလည်းသေချာ မမှတ်မိတော့လို့ပါ)
။ဖိနှိပ်ခံလူတန်းစားက ဖိနှိပ်ခံရတာတွေ မတရားမှုတွေ မခံနိုင်ကြတဲ့ အဆုံး ဖိနှိပ်နေတဲ့ သူတွေကို ဖီဆန်ပြီးလွတ်မြောက်ရာ ရှာကြတဲ့ အခါ၊ဒီလူတန်းစားနှစ်မျိုးအကြား မလွဲမရှောင်သာ ဖြစ်ပွားရတဲ့ ပဋိပက္ခ တိုက်ပွဲ များကို တော်လှန်ရေးလို့ ခေါ်ဆိုရမယ် ထင်ပါတယ် (ဒါကတော့ ကိုယ်နားလည်သဘောပေါက်သလို ပြန် ဖေါ်ထားတဲ့ အဓိပ္ပါယ် သတ်မှတ်မှု သက်သက်သာဖြစ်ပါတယ် ။ မှားနေရင်တော့ အမှန်ကို ဝေဖန် ထောက်ပြပေးကြပါနော် )
အခုပြောပြမဲ့ အကြောင်းလေးကတော့ ဘာမှ ကြီးကြီးကျယ်ကျယ်တော်လှန်ရေးကြီး တခုတော့မဟုတ်ခဲ့ပေမဲ့ ကိုယ့်နဲ့သက်ဆိုင်ခဲ့တဲ့ အသေးစားတိုက်ပွဲ တော်လှန်ရေးလေးတခုပါ ။ ဘာလက်နက်ကြီး လက်နက်ငယ်မှ မလိုလိုက်တဲ့ ဒီ တော်လှန်ရေးလေးအကြောင်း ခုချိန်မှာပြန်ပြီး စမြုံ့ ပြန်ရတာ အတော်လေး အရသာ ရှိလှပါတယ်။
ကိုယ်တို့ လို အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်တိုင်းပြည် ကိုယ်မနေရဘဲ မိဝေးဘဝေး သူတပါးတိုင်းပြည် လာပြီး ဘဝ ကို ရင်ဆိုင် ဖြတ်သန်း ဖို့  အလုပ် လာလုပ် နေရတဲ့ အဖိနှိပ်ခံလူတန်းစား တနည်းအားဖြင့် ပြောရရင် ကျွန်လူတန်းစား တွေ အမိမြန်မာပြည်ကြီးရဲ့ စည်းဝိုင်းအပြင်ဘက်မှာ ခုချိန်မှာဆို သန်းနဲ့ ချီပြီးရှိနေကြပါပြီ ။
ဒီလို နိုင်ငံရပ်ခြားမှာ လာပြီးရုန်းကန်လှုပ်ရှားနေရတဲ့  လူတွေ ထဲ မှာ လူတိုင်းရာနှုန်းပြည့် အဆင်ပြေနေကြတာမဟုတ်ပါဘူး ။ မသိတဲ့ သူတွေကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင် ပိုက်ဆံတွေ အများကြီးရတယ်လို့ ဘဲ အထင်မှတ်နေကြတာ ။ မျက်ရည်တွေ အများကြီးကျခဲ့ ရတာတွေတော့  ကိုယ်ကလွဲလို့ တခြားသူတွေ သိကြမယ်မထင်ပါဘူး။
ခုလဲ ဒီကိုယ်တွေ့ ဇာတ်လမ်းလေး ပြန် အမှတ်ရမိလို့ ပါ။ ဒီလိုလေ ဒီလို ။ မှတ်မိသလောက်ပြန်ပြောရတာပေါ့ .
ဒီနိုင်ငံရောက်ခါစ စကားမတတ် ၊ စာမတတ် နဲ့  အတော်လေး ဒုက္ခ ရောက် ။သောကဝေ ခဲ့ ရတာ ။ဘာလို့လဲဆိုတော့ ကြောက်စိတ် ဆိုတာကြီးကြောင့်ပါ ။ ကိုယ်တို့ ငယ်ငယ်တုန်းက ပညာရေးစနစ်ကြီးမှာ One way teaching , Teaspoon feeding ဆန်ဆန်တွေဘဲရှိခဲ့ ကြတာ ။ ဆရာမက အတန်းထဲ ရောက်တာနဲ့  သင်ရိုးညွှန်တမ်းအရ ပါတဲ့စာတွေ တလစပ် ရွတ် ၊ ကိုယ်တို့ ကလဲ ဘုမသိ ဘမသိ အလျှင်မီအောင် မနဲအမှီလိုက်ရေး။ အချိန်စေ့လို့  ဆရာမ အတန်းအပြင်ရောက်သွားမှ အချင်းချင်း မမှီလို့ လွတ်သွားတဲ့ ကွက်လပ်ပေါင်းများစွာ လိုက်ဖြည့်ကြနဲ့  ၊ ပြီးတော့ မှန်တာရော မှားတာရော မသိ နားမလည်တာတွေရော နှုတ်တိုက် အလွတ်ကျက်ပြီး အတန်းတွေ တက်လာကြရတာလေ ။ Discussion လို ၊ ဆရာ နဲ့ ကျောင်းသားတွေနဲ့  အပြန်အလှန် ဆွေနွေးဖလှယ် ပညာ သင်ယူခဲ့ ကြရတာ မဟုတ်ခဲ့ပါဘူး ။ သင်လိုက်တဲ့ အရာတခုကို လက်တွေ့ဘဝမှာ ဘယ်လို Apply လုပ် ၊အသုံးပြုလို့ ရတယ်ဆိုတာလဲ သေချာ မသိခဲ့ ကြပါဘူး ။ဒီတော့ အတွေးအခေါ်ပိုင်းတွေ မှာ သူများတတွေနဲ့  ယှဉ်လိုက်ရင် အနဲနဲ့ အများတော့ နောက်ကျ ကျန်နေခဲ့ ကြတာပေါ့ ။
ပြီးတော့  ဆွေးနွေးမှုတွေ အပိုင်းတွေ မရှိကြတော့ လူကြားထဲ ။ လူရှေ့ မှာ ထွက်ပြောဖို့  ။ဆွေးနွေးဖို့ ကို ရှက်ကြောက် နေကြတတ်တာ များပါတယ် ။ အဲဒီ စိတ် က လူတော မတိုးဝံ့ တဲ့  စိတ်လို ဖြစ်သွားတတ် ပြီး နောင် လူအများနဲ့ ပေါင်းသင်းဆက်ဆံ အလုပ်လုပ်တဲ့ အခါ တပန်းရှုံး နေတတ်တာပေါ့ လေ ။
ဒီလိုနဲ့  ဒီမှာ နေတာ ။ လုပ်တာ ၄ -၅ နှစ်လောက် ကြာတော့ ။ကိုယ့် ပါတ်ဝန်းကျင်က လူတွေ ။ဒီကလူတွေ နေပုံ။ပြောပုံ ။လုပ်ကိုင်ကြပုံတွေ နဲ့ ရင်းနှီးသလောက်ရှိပြီး သူတို့ ရဲ့  အလုပ် လုပ်တာ ။ ဆက်ဆံတာတွေ မှတ်သင့်တာတွေလိုက် အတုယူ တတ်လာတော့ ( ရှင်းရှင်းပြောရရင် လူရည် နဲနဲလည်လာတာပေါ့ )နေရာတကာ လိုက်ကြောက်နေတတ်တဲ့ စိတ်က အတော်လေး နဲပါးသွားပါတယ် ( လူပါးဝချင်တဲ့ စိတ်တောင် တခါတရံ ဖြစ်လာတတ်လို့  မနဲထိန်းနေရတယ် )။ ကိုယ့်ဖက်က မှန်နေရင် လုပ်ရဲ ပြောရဲတဲ့ စိတ်တခု ရလိုက်တာ အမြတ်ပါဘဲ။
ဒီကအလုပ်သမားတွေဟာလည်း ဒီနိုင်ငံရဲ့  အလုပ်သမားစည်းမျဉ်းဥပဒေ အရ သူ့ အခွင့်အရေး သူခံစားခွင့်ရှိကြပါတယ်။ တချို့ အလုပ်ပိုင်ရှင် သူဌေး ကလည်း လူလည်ကျပြီး လက်တလုံးခြား သူ့ ဖက်သူယက်တဲ့နေရာလေးတွေလည်း ရှိတတ်တာပေါ့လေ ။ အလုပ်ရှင်နဲ့ အလုပ်သမား ( ခပ်ရိုင်းရိုင်းပြောရရင်တော့ သခင်နဲ့ ကျွန်ပေါ့ လေ ) ကြားထဲ ပဋိပက္ခတ်လေးတွေ ရှိတတ်ကြတာ ဓမ္မတာ ပါဘဲ ။ လူတွေက ကိုယ့်အတွက်ကိုယ်အရင်စဉ်းစားတတ်ကြတာမို့ ကိုယ်ဖက်ကနာမယ်ထင်ရင် မလုပ်ချင်ကြဘူး ။တဖက်ကလည်းကိုယ့်အတွက်ပိုပိုသာသာကျန်အောင်လိုချင်နေတတ်ကြတာ မဟုတ်လား။အင်း ဒီတော့ ဒီတော့ ဒီလို အဖြစ်မျိုးလေးကိုယ်တိုင်ကြုံတွေ့ ခဲ့ ရတော့တာပါဘဲ။
အခုလက်ရှိ လုပ်နေတဲ့ နေရာလေးကို မရောက်ခင်က YangMai လို့ ခေါ်တဲ့ မြို့ လေးမှာလုပ်နေစဉ်အခါမှာပေါ့။ အဲဒီဆေးရုံ က ပုဂ္ဂလိကပိုင်အလတ်တန်းစားလေးပါ ။ဒါပေမဲ့ သူက high way လမ်းမကြီးနဲ့ သိပ်မဝေးဘူး ။ high way ကနေ ခွဲထွက်ဆင်းလိုက်ရင် တမိနစ်စာတောင် မမောင်းရတဲ့ အကွာအဝေးလေးမှာ ရှိနေတာ ဆိုတော့ ယာဉ်တိုက် ကားတိုက်မှု ၊ အနီးနားမှာရှိနေတဲ့  Industrial Zone မှ အလုပ်သမားတွေ ထိခိုက်ဒါဏ်ရာ ရကြရင် အဲဒီဆေးရုံကို ပို့ ကြတာများတယ် ။ ဒီတော့ လူနာများ၊ အလုပ်များတယ်ပေါ့ ။ အဲဒီ သူဌေးက ဒီမြို့ငယ်လေး တခုတည်းမှာတင် ဆေးရုံ ၂ခု ရှိနေပြီးသားလေ ။
ဒီအချိန်မှာဘဲ ဒီထိုင်ဝမ်ကျွန်းနိုင်ငံလေးမှာ အနှစ်၁၀၀ အတွင်း အကြီးမားဆုံး မြေငလျှင်ကြီးတခု ၁၉၉၉- ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ မှာ လှုပ်ခဲ့ တယ် ။ လူပေါင်း ၃၀၀၀ လောက်သေကျေပြီးအပျက်အစီးနဲ့ အိုးအိမ်မဲ့တွေ အများကြီးဖြစ်ခဲ့ရတယ် ။ပြည်တွင်းပြည်ပက အကူအညီတွေ ချက်ချင်းရောက်လာကူညီကြတယ်ပေါ့ ။မှတ်မိသလောက်ပြောရရင် ဂျပန်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ ဟာ နောက်တနေ့ မှာဘဲ ဦးဆုံးရောက်လာတဲ့ ပြည်ပ ကယ်ဆယ်ရေးအဖွဲ့ ပါ။နောက်ပိုင်းမှာတော့ အနောက်တိုင်းအတော်များများက လာရောက်ကူညီပေးကြပါတယ် ။အလှူငွေတွေလဲ ပြည်တွင်းထဲမှာချက်ချင်း အစိုးရပိုင်းရော ။ပုဂ္ဂလိကပိုင်းဆိုင်ရာတွေရော ပေးပို့ ကြတာ အချိန်ပိုင်းနဲ့အမျှ ရုပ်မြင်သံကြားတွေထဲ ထုတ်လွှင့် ကြေငြာပေးနေကြတာ ။အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ဆေးရုံတွေက လည်းကျန်းမာရေးဝန်ထမ်းတွေ လုပ်အားပေး ကယ်ဆယ်ရေးအဖွဲ့ တွေ လွှတ်ကြတယ် ။ ကိုယ်တောင် သွားချင်လို့ စာရင်းသွားပေးတာ အမျိုးသားတွေဘဲ သွားရမယ်ဆိုလို့  သွားခွင့်မရလိုက်ဘူး ။ဒီတော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြရတာပေါ့ ။( ဒီငလျှင်အကြောင်းနဲ့ပတ်သက်ပြီး နောက်မှ သပ်သပ် တင်ပြပေးပါမယ် )။ ဒီလိုနဲ့  တတိယမြောက်နေ့ ကျတော့ သတင်းထဲ ကြားလိုက်ရတာ ..ကိုယ်တို့ ဆေးရုံနာမယ်နဲ့  ထိုင်ဝမ်ဒေါ်လာ သောင်း ၃၀၀ အလှုထဲ့ ဝင်ကြောင်းပေါ့လေ ။ တချို့  နာမယ်ကြီး ကုမ္ပဏီကြီး ။စက်ရုံကြီးတွေဆိုရင် ဒီထက်မက သောင်းထောင်ပေါင်းများစွာလှူကြတယ်ပေါ့ ။ ဒါပေမဲ့ နောက်မှာ ဆက်ပြောတာ အလုပ်သမားတွေရဲ့ တရက်စာလုပ်ခငွေ လို့ ထဲ့ ပြောတော့ စိတ်ထဲ မရှင်းလို့  ဆရာမ တယောက်ကို မေးကြည့်တော့မှ နားလည်တော့တယ် ။ ရွာသားအလှူ သူကြီးကောင်းမှု ပါလားလို့  ။ ရှိသမျှ အလုပ်သမားတွေရဲ့  တနေ့ စာလုပ်ခငွေ ကို ကာယကံရှင်က လှူဖို့  စိတ် ရှိတယ် ၊ မရှိဘူး အရင် မမေးမမြန်းဘဲနဲ့ ၊ နှုတ်ပြီး ။ဖြတ်ပြီး ၊ အဲဒီပိုက်ဆံတွေနဲ့ ပိုင်ရှင် သူဌေးတွေ က မျက်နှာလုပ် လှူကြတဲ့  အလှူ ကြီးပေါ့လေ ။တကယ်ဆိုရင်ဖြစ်သင့်တာ က ကိုယ်စေတနာရှိသလောက် အလှူငွေထည့်ကြပါဆိုပြီး ကောက်ခံပြီးမှ လှူတယ်လို့ ဖြစ်ရမှာပေါ့ ။
ဒီတော့ မမေးမြန်း မပြောဆိုဘဲ အလုပ်သမားတိုင်းရဲ့ တနေ့ တာ လုပ်ခငွေကို ဖြတ်တောက်ပြီး မျက်နှာလို မျက်နှာရ လှူတဲ့ အလှု မှန်းသိလိုက်ရတော့ စိတ်ထဲ တမျိုးဖြစ်သွားတယ် ။ ဒီ တရက်လုပ်ခ ငွေလေးကို နှမြောလို့ လဲ မဟုတ်ပါဘူး ။ ဒီထက်မကတာလဲ ကိုယ်လှူခဲ့ ဖူးတာဘဲလေ ။ ဒီက သူဌေးတွေ မျက်နှာလုပ် လူလည်ကျ တာကို မကျေနပ် ဖြစ်မိတာပါ ။ ဒါကြောင့် နေ့ လည် အလုပ်နဲနဲပါးတဲ့ အချိန် သူဌေးရဲ့ ရုံခန်းထဲ ထိ သွားပြီး အကျိုးအကြောင်း ပြောပြဖြစ်တယ် ။အလှူလုပ်တယ်ဆိုတာ ကိုယ်က စိတ်ထဲက ရက်ရောစွာနဲ့  စေတနာအပြည့် နဲ့လှူရတဲ့ အကြောင်း ။ခုလို တရက်လုပ်ခ ဖြတ်ပြီးလှူတယ်ဆိုတာ အနိုင်ထက်စီးသဘော သက်ရောက်နေတဲ
့အကြောင်းပြော ပြတယ် ။ သူက အစပထမတော့ သဘောမပေါက်ဘူး ။ကိုယ်စိတ်ဆိုးလို့ လာ ရစ်နေတယ်လို့ထင်နေတာ။ ဒါနဲ့ အခြေအတင် ပြောကြရင်း စကားသံနဲနဲကျယ်လာလို့  သူ့ ရဲ့  စက်ကပ်ကျေး ( secretary မလေး) ကတောင် အနားမှာရစ်သီ ရစ်သီနဲ့ လာပြီး အခြေအနေလာကြည့် နေသေးရဲ့ ။ ဒီတော့မှ သူဌေးငတိ က စက်ကပ်ကျေးကို ကော်ဖီ နဲ့  စားစရာယူလာခိုင်းပြီး ကိုယ့် ကိုလည်းစိတ်မဆိုးဖို့  ။သူလည်းဒီလောက်ထိ ရှည်ရှည်ဝေးဝေး မစဉ်းစားမိလို့  ဒီလို လုပ်တဲ့ အကြောင်း ရှင်းပြပါတယ် ။ ဒီတော့ မှ ကိုယ်လည်းစိတ်ပြန်လျှော့ပြီး ငါတို့  ဗမာတွေ ၊ဗုဒ္ဓဘာသာကိုးကွယ်တဲ့ သူတွေ အလှူအတန်းရက်ရောကြတဲ့ အကြောင်း ။ ခု ကိစ္စကလည်းမလှူချင်လို့ လာပြောတာ မဟုတ်ကြောင်း ။ သူတို့ ရဲ့ တဖက်သပ်ဆန်တာကို မကြိုက်လို့  သိစေချင်တဲ့ သဘောနဲ့ပြောရခြင်းဖြစ်တဲ့ အကြောင်း ။ ပြောပြပြီး ကို့ယ့်အလုပ်ကိုယ်လုပ်ဆက်လုပ်ဖို့  သူ့ ရုံးခန်းကနေ ကျေနပ်စွာ ထွက်ခွာခဲ့ ပါတယ် ။ဘာလို့လဲ ဆိုတော့ ဒီ သူဌေးငတိ ကိုယ့်ကို ပြန်ပြောလိုက်တဲ့ စကားလေးတခွန်းကြောင့်ပါဘဲ။
ဒါက ဒီရောက်ပြီးပထမ ဦးဆုံးအကြိမ် အလုပ်ရှင်အပေါ် ကိုယ့်ရဲ့ မကျေနပ်မှုကို ဖေါ်ထုတ် အရေးဆို မှုတခုပါ ။
ကိုယ့် ဘက်က မှန်တယ်ထင်ရင် ကြောက်မနေဘဲ ပြောမှ နောက်တကြိမ် ဒီလို ထပ်ပြီးအနိုင်ကျင့် မခံရအောင် ။ နဂါးမှန်းသိအောင် တခါတလေ အမောက်ထောင်ပြရတဲ့  အခြေအနေလေးတွေ ရှိတယ်ဆိုတဲ့ အကြောင်းလေးပါ။
(နောက်ရက်မှဆက်ပြီး ဒီသဌေးငတိနဲ့  အရစ်တက်ရတဲ့ အကြောင်းဆက်ပါမယ် ။ခုလောလောဆယ်တော့ လက်ရှိ အကြွေးလေး ပြတ်အောင် လုပ်ရအုံးမှာမို့ ပါ ။) :))
5 comments:
မခံချင်စိတ်တွေကို
တွေ့နေရတယ်..ချပြချင်တာတွေများနေတယ်..
စိတ်လျှော့ပါ...
အဆင်ပြေသွားမှာပါ..
အကူအညီလိုရင်ဖိုးစိန်ကိုခေါ်လိုက်ပါ
နိုင်ငံခြားမှာရောက်နေတာတောင်ဒီလောက် ပေါက်ကွဲနေရင် ဦးလေးရေ (တပ်မတော်နေ့ဖြစ်သွားတာ တောင်မသိဘူးဆိုတော့ ဦးလေးအရွယ်ထင်လို့နော်) မြန်မာပြည် ပြန်မလာနဲ့နော် တော်ကြာ ဦးလေးမေးထားတဲ့ တော်လှန်ရေးဆိုတာ ဦးလေးကိုယ်တိုင် ပြန်ဖြေမိမှာစိုးလို့။
အပေါ်က ဘကြီးပြောသလိုပဲ စိတ်လျှော့နော် (သမိုင်းကြောင်းမကြေရင် ပြန်လာသင်လေ သင်ရိုးညွှန်းတမ်း အသစ်တွေ ထွက်ဖို့ရှိတယ်)
အဟီးး တော်ပြီး သမီးကြောက်လို့ ( ထွက်ပြေးပြီနော် )
တကယ်ပဲ တပ်မတော်နေ့ကို မသိတာလား...တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့အဖြစ်ပြောင်းလိုက်တာဟာ ဒီနေ့ဆိုရင် ၅၄ နှစ်တောင်ရှိပြီ...ဒီလောက်ကြာညောင်းလှတာတောင် တော်လှန်ရေးနေ့လိုပဲသိနေတာလား...မသိချင်၇င်ရောင် ဆောင်နေတာလား...တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့လို့ ဘယ်အချိန်က စတင်ပြောင်းလဲသုံးစွဲခဲ့လဲဆိုတာကို အောက်မှာကြည့်ပါ..
"မတ် ၂၇ ရက် တပ်မတော်နေ့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောသွားတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြည်ပ မီဒီယာတွေနဲ့ စကားပြောတဲ့ အခါ ဦးဉာဏ်ဝင်းက မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်ကို တော်လှန်တဲ့ တော်လှန်ရေးနေ့သာ ဖြစ်တယ်။ တပ်မတော်နေ့ မဟုတ်ဘူး။ မဆလ လက်ထက်ကျမှ မောင်ပိုင်စီးပြီး တပ်မတော်နေ့ လုပ်လိုက်တာ ဖြစ်တယ်။ တကယ်တော့ ဒါဟာ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ တော်လှန်ရေးနေ့သာ ဖြစ်ရမယ် ဆိုပြီး လေလုံးထွားခဲ့တယ်။ အဲဒါဟာ ဦးဉာဏ်ဝင်းရဲ့ ဗဟုသုတ အတိမ်အနက်၊ ဒီချုပ်ရဲ့ သမိုင်းဗဟုသုတ ချို့တဲ့မှုတွေကို မီးမောင်းထိုး ပြလိုက်တာ ဖြစ်တယ်။
တကယ်တော့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ နာမည်ပြောင်းတာ နအဖခေတ်မှာ မဟုတ်ဘူး။ မဆလခေတ်မှာလည်း မဟုတ်ဘူး။ ဦးနုအစိုးရ လက်ထက် ၁၉၅၅ ခုနှစ် ဆယ်နှစ်မြောက် တော်လှန်ရေးနေ့က စပြီး တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ အမည်ပြောင်းခဲ့တာ ဖြစ်တယ်။ ဒါ မှတ်တမ်း မှတ်ရာနဲ့ ရှိပြီး ဖြစ်တယ်။ ဒီချုပ်လို ပါတီကြီးတစ်ခုက ပြောရေး ဆိုခွင့်ရှိတဲ့သူ တစ်ယောက်က စစ်တပ်ကို ဆော်ရရင်ပြီးရော ဆိုတဲ့ သဘောနဲ့ မီဒီယာတွေပေါ်မှာ ထင်ရာ တက်ပြောတော့ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းသလို ဖြစ်တော့တာပဲ။ "
http://padaukmyay.blogspot.com/
ဖိနှိပ်ခံလူတန်းစားက ဖိနှိပ်ခံရတာတွေ မတရားမှုတွေ မခံနိုင်ကြတဲ့ အဆုံး ဖိနှိပ်နေတဲ့ သူတွေကို ဖီဆန်ပြီးလွတ်မြောက်ရာ ရှာကြတဲ့ အခါ၊ဒီလူတန်းစားနှစ်မျိုးအကြား မလွဲမရှောင်သာ ဖြစ်ပွားရတဲ့ ပဋိပက္ခ တိုက်ပွဲ များကို တော်လှန်ရေးလို့ ခေါ်ဆိုရမယ်
တော်လှန်ရေးနေ့----?
တပ်မတော်နေ့----?
ပိုစ့်လေးကောင်းတယ်--
တော်လှန်ရေးရဲဘော်မလေး.. တော်လှန်ခဲ့ပုံလေးကို ကြိုက်မိ၏.. :D
Post a Comment