အကြွေး ဆို ဘယ်အကြွေးမှ မကောင်းပါ ။
မိမိ အပေါ်မှာထိခိုက်တတ်သလို သူတပါးအပေါ်မှာလဲ ထိခိုက်စေတတ်တယ်။
ဒီသဘောတရားကို ဒီနေ့ မှ မျက်ဝါးထင်ထင် ခံစားလိုက်ရလို့  ဒီအကြောင်းလေး ရေးဖြစ်သွားတာပါ ။ကြီးကြီးကျယ်ကျယ် ရှည်ရှည်ဝေးဝေး ကိစ္စတော့ မဟုတ်လိုက်ပါဘူး။
အရင်ကတော့  ကိုယ့်ကိုကိုယ် အကြွေးကင်းတယ်ဘဲ ထင်ထားမိတာ။
ဟုတ်တယ်လေ ။ ဒီအသက်အရွယ်ထိ လူများဆီမှာ ဘယ်တုံးကမှ ပိုက်ဆံ ချေးတာ ငှားတာမှ မလုပ်ခဲ့ မိဖူးလို့ ပါ ။
။ဖုရားစူးရ ပါစေရဲ့  ။ကိုယ့်မိဘဆီကတော့ ယူခဲ့ ဖူးတာပေါ့ ။ စုန်ရေ လေးတွေလေ ။
ချေးငှားသုံးတတ်တဲ့အကျင့် ကို မရှိခဲ့ တာ အမှန်ဘဲလေ ။ မရှိရင် မရှိသလို နေလိုက်တယ် ။ နေခဲ့ တယ် ။
ဒီမှာနေတာ ။ အလုပ်လုပ်တာ နှစ်ပေါင်းအတော်ကြာခဲ့ ပြီဘဲ ။ စစချင်းကတော့ အမိမြေကို မတတ်သာလို့  စွန့် စား
ပြီးစွန့် ခွာ လာခဲ့ ရတဲ့ လူတိုင်းကြုံတွေ့ ရတဲ့  ဒုက္ခ ပေါင်းများစွာ ကို ထုံးစံအတိုင်း ရင်ဆိုင်ကျော်လွှားခဲ့ ကြရတာ ။အပို
မပြောလိုတော့ပါဘူး ။နောက်ပိုင်းကျတော့လည်း အတွေ့ အကြုံအရ ။ အနဲနဲ့ အများ အဆင်ပြေလာတတ်ကြပါတယ် ။
ဒီတော့ကိုယ့်လောက်အဆင်မပြေတဲ့  သူငယ်ချင်းအပေါင်းအသင်း ။ မိတ်ဆွေ ၊ ဆွေမျိုးမကင်းသူ တချို့ 
့လာပြီးအကူအညီတောင်းတာ ၊ ဂဂျီဂဂျောင်ကျတာ ၊ တချို့ကျတော့အထက်စီးနဲ့ (နင့်ကိုငါအရင်က
ကူညီပေးထားခဲ့ဘူးတော့ အခုကျေးဇူးပြန်ဆပ်ဆိုတဲ့ သဘောမျိုးနဲ့ ) ချေးတယ် ၊ ငှားတယ်ပေါ့ ။
ကိုယ့်မှာက ရေလျှံနေတာတော့ မဟုတ်ပေမဲ့  သူတို့ ကို ကူညီနိုင်တဲ့ အတိုင်းအတာလေး ရှိနေတာဆိုတော့ 
စိတ်ပျော့တဲ့  ခပ်ညံ့ ညံ့ ကိုယ်က မ ငြင်းဆိုတတ်တော့ လည်း ရှိသလောက်လေး ထုတ်ပေးမိနေကြ။
ချေးငှားသူတို့ ထုံးစ့အတိုင်း ဘယ်နေ့ ဘယ်ရက် ပြန်ပေးပါမယ်ဆို ပြီ ၊ အချိန်တန်တော့ နေ့ ရွှေ့  ညရွှေ့  ။
ကိုယ့်ပိုက်ဆံနဲ့ ကိုယ် သူတောင်းစားလို လိုက်တောင်းနေရတာလည်းမလုပ်ချင်တော့ ( အဆင်ပြေရင်
၊အချိန်တန်ပြန်ပေးမှာဘဲလေလို့ ကိုယ်ကလဲ ထင်နေခဲ့ တော့) ၃လလောက် .ခဏပေးသုံးပါဆိုပြီး ခု ၇
နှစ်လောက်ကြာတဲ့ ထိ ပြန်မရသေးတာလဲ ရှိပါရဲ့  ။ အဲဒီတုံးက တန်ဖိုးငွေနဲ့ ပြန်တွက်ကြည့် ရင် ခုဆို ဗမာပြည်
မှာဆံပင်ကောက်ရုံတင်မက ဖင်ကောက်ပါစီးလို့ ရနေပြီ ။ ခုတော့ ဖင်ကောက်ဖို့ မပြောနဲ့  လိန်ပိန်သွားနေတာလေးနဲ
့ဘဲ နှစ်ပါးသွားနေရသေးတယ် ။ ဒီလို ဒီလို လူတွေက မကောင်းကြတာလေ ။ဒါက တယောက် ။
နောက်တယောက်ကတော့ ပြန်မရနိုင်မှန်းသိလို့  မေ့ထားလိုက်ပါပြီလေ ။ ဒါတောင် ခုချိန်ထိ ကိုယ့်ကို
မျက်နှာချင်းမဆိုင်ဘူး ။ရှောင်နေတာလေ ။ တခါတလေ လမ်းမှာ တွေ့ ရင် ရှောင်လင်သိုင်းကွက်နဲ့အမြန်ရှောင်သွားတာ ၊ လူတွေဟာ အတော်ရီစရာကောင်းတယ် ၊ တခါတလေကျတော့လဲ သနားစရာ ၊ တခါတရံကျတော့ မုန်းစရာ ။ အမြင်ကပ်စရာ ။ အမျိုးမျိုးပါဘဲ ၊
အတော်အသင့် ချွေတာစုဆောင်းထားတာလေးရှိနေတယ်ဆိုတာလဲ သူတို့ က သိနေတာဆိုတော့ မပေးပြန်ရင်လည်း၊
ကျေးဇူးကန်းတယ်လို့ နောက်ကွယ်မှာ အပြောခံခဲ့ ရဘူးတာ ။ အဲဒီတုံးက အတော်လေး ဒေါသထွက် မိပါသေးတယ် ။
ဒါပေမဲ့  အမေမှာထားဘူးတဲ့ ၊ ပြောခဲ့ ဘူးတဲ့  စကားလေးတခွန်း ၊ ပြန်ကြားမိ သတိရမိလို့ ။
ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်ခဲ့တာပေါ့ ။
ကိုယ့်စိတ်ကို ကိုယ်ကောင်းအောင်ထားပါ ၊မှန်အောင်နေပါ ။ကိုယ့်စေတနာ ၊ကိုယ့်ကိုပြန်အကျိုးပေးလိမ့်မယ် တဲ့ ။ အမေက ငယ်စဉ်တည်းက သူနာပြုဆရာမလုပ်ခဲ့တာ ပင်စင်ယူတဲ့ အထိ ။စာကြီးပေကြီးတွေတော့ ဖတ်တာသိပ်မတွေ့ ဖူးပါဘူး။ အင်္ဂလိပ်စာကို ဗမာစာအုပ်ထက်ပိုဖတ်တတ်တယ် ။ သူ ပင်စင်ယူပြီးနောက်ပိုင်းမှဘဲ ဘုရားစာ ၊ တရား စာအုပ်တွေ ဖတ်တာတွေ့ ဘူးတော့ ။ တခါတလေ အခါကြီး ရက်ကြီူး အချိန်မျိုးမှာသူ့ ကို လာကန်တော့ကြတဲ့ တပည့်တပန်းတွေ ။ သားသမီးမြေးမြစ်တွေကို ပါဠိလို ဆုပေးတာတွေ မလုပ်တတ်ဖူး ။ ရှမ်းသံဝဲဝဲနဲ့  ၊ ရိုးရိုးတန်းတန်းဗမာလိုဆုပေးတာတောင် တခါတလေ အမြီးအမောက်မတည့် တတ်လို့  ကိုယ်တို့ တခါတလေ ထိုင်ကန်တော့လို့တောင် မဖြောင့်ဘူး ။အော်ရီကြတတ်တာ ။ဒါပေမဲ့ ဆိုလိုတဲ့ အဓိပ္ပါယ်ကိုတော့ သိပါတယ် ။
ဒါကြောင့် ဆုံးမသြဝါဒ စကားဆိုတာ ကြီးကြီးကျယ်ကျယ် ရွတ်ဖတ်မှရယ်လို့ မဟုတ်ပါဘူး ။ နားလည် လွယ် အောင်ပေးတဲ့ ဆု ကို မှတ်သားပြီး လိုက်ကျင့် ကြံကြဖို့ ဘဲ အရေးကြီးတာပါ ။
ဒါကတော့ သူများကိုယ့်အပေါ်ကျန်နေ တင်နေတဲ့ အကြွေးလေးတွေထဲက သတိရသလောက်လေးတွေပါ ။ကိုယ်
မကောင်းတဲ့ အကျင့်တခုက ဘယ်တော့မှ စာရင်းဇယားဆိုတာ မရှိ ခဲ့၊ မလုပ်ခဲ့တာပါဘဲ ။ပြန်မရနိုင်လို့  တော့မှ
အလှူလို့သဘောထားလို့ကလည်း ကုသိုလ်ရမှာမဟုတ်ဘူးလို့ ထင်ပါတယ် ။ ဘာလို့ လည်းဆိုတော့ အဲဒါတွေက
အမှန်တကယ် စိတ်ထဲ က ကိုယ်စိတ်နှစ်တန် ပြတ်သားပြီးလှူခဲ့တန်းခဲ့ တာတွေ မဟုတ်လို့ ပါဘဲ။
အခု အဓိကပြောချင်တဲ့ အကြွေးကတော့ ဘယ်သူ့ အပေါ်မှာမှ ကိုယ်တင်ထားတဲ့ အကြွေးမဟုတ်သလို ၊
ဘယ်သူကမှ ကိုယ့်အပေါ်လာတင်နေတဲ့ အကြွေးလဲ မဟုတ်ပါဘူး။ကိုယ့်အပေါ်ပြန်တင်နေတဲ့ ကိုယ့်အကြွေးတွေပါ ။ အလုပ်ကြွေးတွေလေ ။အပျင်းကြီးတဲ့ကိုယ် ။အလုပ်တခုကို နေ့ ရွှေ့ညရွှေ့ လုပ်တတ်တဲ့ ကိုယ် ။ ပြီးခဲ့တဲ့  တပါတ်က အတော်လေး ခေါင်းစားသွားခဲ့ တယ် ။ အလုပ် (ဆေးရုံ) ကို စစ်ဆေးရေး-အောဒစ် -Audit ဝင်မယ်ပေါ့ ။ အစကတော့ အေးဆေးဘဲ ။ ဝင်လေ ၊ဘာဖြစ်လဲ ။ခါတိုင်းလဲ ဝင်နေကြ ။မထူးဆန်းပါဘူး ပေါ့ ။ကိုယ်နဲ့ မှ သိပ်မဆိုင်တာဘဲဟာ ။ ဒါတွေက သူတို့ Admin အပိုင်းနဲ့  ၊ သူဌေးအပိုင်းနဲ့  ဆိုင်တာဘဲဟာ ။
။ကိုယ်ကတော့ ကိုယ့်ပုံမှန် နေ့ တိုင်းလုပ်နေကျ တာဝန်တွေ ပြီးရင် ပြီးတာဘဲပေါ့ ဆိုပြီး ခပ်ပေါ့ပေါ့ ဘဲနေတာလေ ။
ခုတော့မဟုတ်ဘူး ။ နေရင်းထိုင်ရင်း အပိုဆုက လာပြီးပေါက်လိုက်သေးရဲ့  ။ပြီးခဲ့ တဲ့  တနှစ်စာ လူနာမှတ်တမ်းတွေကို ကွန်ပြူတာနဲ့ အကုန် ပြန်ရိုက်ရမယ်တဲ့လေ ။ အရင်ကတော့  လူနာဆေးရုံဆင်းမှတ်တမ်း အကျဉ်းချုပ်(case summary )ကိုဘဲ ကွန်ပြူတာနဲ့  ရေးမှတ်ထားရတာ ။ကျန်တဲ့ Inpatient Order ,Daily Progress တွေကတော့ လက်ရေးနဲ့ ဘဲ ရေးလေ့ရှိတာ လေ ။ အဲဒါကို ခု တပါတ်အတွင်း ဘယ်လိုလုပ်ပြီး ပြီးအောင် လုပ်လို့ ရပါ့မလဲ ။ ကွန်ပြူတာဆိုတာကြီး သိပ်မကျွမ်းကျင်တဲ့ ကိုယ်တယောက် အခုမှ ဒုက္ခနဲ့ လှလှ နဲ့ လာတွေ့ နေရပါပြီ။ ခုတော့ ကိုယ့်အကြွေးမဟုတ်ခဲ့ တဲ့ ကိုယ့်အလုပ်ကအကြွေးတွေလဲ ကိုယ့်အကြွေး ဖြစ်လိုဖြစ်နဲ့ ။
။နောက်ပြီး အရင်က လူအများပြောတတ်ကြတဲ့  စကားတခွန်းရှိပါတယ် ကြွေးတင်ကျွန်ဖြစ် တဲ့။
သူများဆီမှာ အကြွေးတင်ပြီး ပြန်မဆပ်နိုင်လို့  ကျွန်ဖြစ်ရတာပေါ့နော် ။
အခုတော့ ကိုယ့်ဘဝဟာ ကျွန်ဖြစ်ကြွေးတင် လို့  ပြောင်းပြန်ဘဲ ပြောရတော့ မှာပါ ။
သူများတိုင်းပြည်လာ ကျွန်ခံနေရရုံမျှမက သူ့ ကျွန်ဖြစ်လို့ ကြွေးတင်နေရ ပါတယ် ။
ဪ ..ဘဝဝဋ်ကြွေး ။ သံသရာကြွေးတွေ မတင်ကျန်ရလေအောင် ။ အမြန်ဆုံး ဆပ်ရပါတော့မယ် ။
( မဆပ်လို့ လဲ မရတော့ဘုး ၊ နီးရာဒါး ကြောက်ရသေးတယ် ။ စီးပွားကျတဲ့ ခေတ်ပျက်ကြီးထဲမှာလေ .. ရှိတဲ့အလုပ်လေး မပြုတ်ဖို့  ။ ကျားမြှီးဆွဲ ဆိုလဲ ဆွဲရတော့ မှာပါဘဲ )
ကြွေးပူကြီးအမြန်ဆပ်ဖို့  အလုပ်ကြိုးစားရအုံးမှာမို့  ဒီ post လေးတင်ပြီး ရက်အတော်ကြာ အဆက်ပြတ်နေရအုံးမယ်
ထင်ပါတယ် ။
ရှိသမျှ ဝဋ်တွေ ကြွေးတွေ အမြန်ဆုံး လွတ်ကင်းပါရစေတော့ ....
►Posted by
:kiki
:
at
3/23/2009 03:49:00 PM
Subscribe to:
Post Comments (Atom)
3 comments:
မဆပ်လို့ လဲ မရတော့ဘုး ၊ နီးရာဒါး ကြောက်ရသေးတယ် ။ စီးပွားကျတဲ့ ခေတ်ပျက်ကြီးထဲမှာလေ .. ရှိတဲ့အလုပ်လေး မပြုတ်ဖို့  ။ ကျားမြှီးဆွဲ ဆိုလဲ ဆွဲရတော့ မှာပါဘဲ
စိတ်မကောင်းဖြစ်မိပါတယ်--မိန်းခလေးရေ---
လာကူလုပ်ပေးရမလား.. အားနေလို့ ပါ..
အကြွေးလို့ သဘောမထားပါဘူး..စေတနာနဲ့ ပေါ့
အကြွေးကို ဖတ်ပြီး ပြုံးမိတယ်..ပြောချင်တာ ရေးချင်တာတွေ တစ်ထပ်တည်း ပဲ...ကြွေးယူပြုံးပြုံး တောင်းရင် မုန်း ဆုံးလဲ ဆုံးပါဧ။်
Post a Comment