အိပ်စက်အနားယူခြင်း
ခုတလော နေသိပ်မကောင်းချင်သလိုမို့ ရောဂါအကြောင်းတွေဘဲ စိတ်ထဲရောက်နေမိတယ် .. လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ် ။ ခန္ဓာကိုယ်ကြီးက ညောင်းညာပြီးမျက်စိနှစ်လုံးကမဖွင့်ချင်လောက်အောင်ဖြစ်နေပေမဲ့တကယ်တန်းအိပ်ယာဝင်တော့ စိတ်ကူးတွေ တသီတတန်း ဘယ်က ဘယ်လိုဝင်လာမှန်းမသိ မောင်းထုတ်လဲမရ၊
ဒုက္ခပေးတာ ဒီစိတ်လေ။ အိပ် ရေး မဝတော့ နောက်တနေ့  အလုပ်တက်၊ကျောင်းတက်ရသူတွေ ဦးဏှောက်အမြင် မကြည်လွင် စွာနဲ့  စိတ်ပါလက်ပါ အလုပ် မလုပ်နိုင် ၊ မသင်နိုင်နဲ့  မဆုံးရှုံးသင့်တာ ၊မဖြစ်သင့်တာတွေ ဖြစ်ကြရတာ အများကြီး မြင်ဖူး ကြားဖူးကိုယ်တွေ့ ကြုံဖူးကြမှာပါ။
အိပ်ချိန်မမှန်ရင် ဦးဏှောက်ကို ထိခိုက်စေတယ် ။ ဒီတော့ အိပ်စက်ခြင်းဟာ ဘယ်လောက်အရေးကြီသလဲဆိုတာ မိတ်ဆွေတို့ သိအောင်ပြောပြချင်ပါတယ်။
ဘာဖြစ်လို့ ညဖက်မှာ အိပ်ချင်ကြတာလဲ ? ။
(ချွင်းချက်တော့ရှိသပေါ့  ညဘက်အလုပ် လုပ်နေရတဲ့ သူတွေ မလွှဲမရှောင်သာ နဲ့  အိပ်ချင်ပေမဲ့  မအိပ်အောင်နေရင်း အကျင့်ဖြစ်သွားသူများ မပါဝင် ပါ ဘူး)
အိပ်ချင်စိတ်ကိုး နှိုးဆွပေးတဲ့  မယ်လ်တိုနင် လို့ ခေါ်တဲ့ ဟော်မုန်းတမျိုး ( Melatonin Hormone ) ကို ညဖက် သဘာဝမှောင်လာချိန် ( true darkness ) မှာ ဦးဏှောက်ရဲ့  အတွင်းပိုင်းတနေရာ မှာရှိတဲ့ ပီနီရယ်ဂလင်း( Pineal Glands) မှ ထုတ်လုပ်ပေးပါတယ် (တခြားနေရာများဖြစ်တဲ့  မျက်ကြည်လွှာ ၊ မျက်စိမှန်ဘီလူး ၊ အစာလမ်းကြောင်းတို့ မှလဲ အနည်းအကျဉ်း ထုတ်လုပ်ပေးပါတယ် )။ နောက် တမျိုးက ကော်တီစော ( Cortisol Hormone ) ဟာလဲ မနက် အာရုံတက်ခါနီး အချိန်မှာ ထွက်တတ်ပါတယ် ။
ဒီ ဟော်မုန်း တွေက အိပ်စက်ခြင်း အာရုံကို နှိုးဆွပေးယုံမက တခြားလုပ်ငန်းတွေ ကိုပါ ပံ့ပိုး လုပ်ဆောင်ပေးပါတယ် ။ ဒါတွေ ကတော့ 
ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့  အခြေခံ ဆဲလ် လေးတွေရဲ့ အသက်ဖြစ်တဲ့  DNA မျိုးစေ့လေးတွေ အချိန်မတန်မီ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်၊(Protect DNA from damaged)
ပြီးတော့ အိုမင်း ရင့်ရော်မှုကို ကာကွယ်ပေးပါတယ်( Antioxident Action)
နောက်တခုက ခန္ဓာ ရဲ့  ကိုယ်ခံစွမ်းအား ကို လှုံ့ ဆော်ပေးပါတယ် (ှုImmune Stimulation Action)
ဒါ့အပြင် ကင်ဆာ ဆဲလ်များ နိုးကြွမှုကို ဟန့်တားပေးပါတယ် (Inhibitor of Cancer Cells)
အဲဒီလို အရေးပါတဲ့ ဟော်မုန်းတွေ ထုတ်လုပ်မှု ဟာ အသက်အရွယ်ကြီးရင့် လာတာနဲ့ အမျှ တဖြေးဖြေးနဲပါးလာပါတယ် ။ ဒါကြောင့် အသက်ကြီးသူများရဲ့ အိပ်စက်မှုဟာ ငယ်သူများထက် တဖြေးဖြေးပိုနဲ လာတတ်ကြတာပါ ။
တချို့  ဦးဏှောက်နဲ့ပတ်သက်တဲ့ရောဂါရှိသူများဥ၊ီးဏှောက်အမြှေးပါးယောင်ဖူးသူများ ။ဦးခေါင်းထိခိုက်ဒါဏ်ရာရဖူးသူများ ။ စိတ်ဖိစီးမှု ဒါဏ် ၊ ရောဂါတမျိုးမျိုး ခံစားနေရသူ များ (Emotional and physical disorders ) မှာလဲ ဒီဟော်မုန်း ထွက်နှုန်း နဲ သွားတတ်ကြပါတယ် ။ ဒီလို လူတွေရဲ့  အိပ်စက်ခြင်းဟာလဲ နဲပါးသွားတတ်ကြတယ် ။
အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် ပုံမှန် အိပ်စက်ခြင်း မရှိသူများမှာ ပုံမှန်လုပ်ငန်းများကို လုပ်ဖို့ သူများနဲ့ မတူ ပြောင်းပြန် တွေ ကမောက်ကမတွေ ဖြစ်ကြရတာပေါ့ (Reversals of Sleep Rhythm)
နောက်ပြီး လူတယောက်ဟာ တနေ့ ကို ဘယ်နှစ်နာရီ အိပ်ရမလဲ ၊ အိပ်သင့်သလဲ ဆိုတဲ့  အချက်လဲ ပြောပြချင်ပါတယ် ..
အသက်အရွယ်နဲ့  အကျင့်  ကိုလိုက်ပြီး တဦးနဲ့ တဦး မတူညီနိုင်မှန်း လူတိုင်းသိကြမှာပါ . ဖျမ်းမျှခြင်း အကြမ်းအားဖြင့် ပြောရရင် ကျန်းမာရေးနဲ့  ညီညွတ်စေတဲ့  အိပ်ချိန်ဟာ ၆နာရီမှ ၉နာရီ လောက်ဆို လုံလောက်ပါတယ် ။ ဒါပေမဲ့ အနဲဆုံး ၄ နာရီ တော့ ရှိရပါမယ် ။
တန်ရင်ဆေး လွန်ရင်ဘေး ဆိုသလို အလွန်အကျွံအိပ်စက်ခြင်း ဟာလဲ ကျန်းမာရေးမညီညွတ်စေပါဘူး ။ သာမန် အိပ်ချိန်ထက် ၂၅% ပိုပြီး အိပ်စက်ခြင်း ကို ဆိုလိုတာပါ
( အရင် သင်ခဲ့ ရဖူးတဲ့  စာအုပ်ထဲကအတိုင်းပြန်ဖေါက်သည်ချတာပါ ။ ဂဏန်းသချာင်္ သိပ်မကျွမ်းလို့  ကိုယ့်ဟာကိုယ်ပြန်တွက်ကြည့် ကြပါနော် ။ ၁၂ နာရီလောက်ဖြစ်မယ်ထင်တယ်နော်)
အိပ်မပျော်တဲ့ ရောဂါ(Insomnia) နဲ့  အအိပ်လွန်ရောဂါ(Hypersomnia) တွေအကြောင်းကို နောက် မှ ဆက်ပြီးဖေါက်သည်ချပါမယ် ။ ခုတော့  ကိုယ်တိုင်လဲ အလွန်အမင်းအိပ်ချင်နေပြီ ဖြစ်တဲ့ အတွက် ခဏလောက် အိပ်လိုက်ပါအုံးမယ် ။
အချိန် ကြည့်မိတော့ 3:15 Am .. ဗုဒ္ဓေါ မြတ်စွာဘုရားးး ။ မနက်ဖန်အလုပ်တက်ရအုံးမှာ ။ဒုက္ခပါဘဲ ..သူများကို ဆရာလုပ်နေတာ မှားပါတယ် ..အိပ်ချိန် ၃နာရီဘဲ ကျန်ပါရောလား ။ Melatonin ထွက်မဲ့ အချိန်မမှီတော့ဘူး ။။
►Posted by
:kiki
:
at
11/27/2008 01:23:00 AM
Subscribe to:
Post Comments (Atom)
1 comments:
ဗဟုသုတလေးတွေ တင်ပေးတာ ကျေးဇူးပါခင်ဗျ
ကျနော်လည်း တော်တော် ဂရုစိုက်ရဦးမယ်ဗျာ
တစ်နေ့တစ်နေ့ အိပ်ချိန်က တော်တော်နည်းတယ်
ကျေးဇူးဗျို့
Post a Comment