ကျုပ်ကတော့ အသက်လည်းကြီးလာပါပြီ ။ ဘဝနေဝင်ချိန်ရောက်တော့မှာ ဆိုတော့ နောက်ဘဝအတွက်ပါမဲ့  ကုသိုလ်ကောင်းမှု များလည်း ဆက်လုပ်နေခဲ့ တယ် ။ဒီကောင်တွေကတော့ ဆက်ပြီး မိုက်လုံးကြီး နေတော့တာ ။တရားမရှိသေးဘူး တဲ့ ဗျာ ။တနေ့  ထမင်း ၃ နပ်ပဲ စားကြတာ ။ ဘယ်လောက်မှလည်းပိုမစားနိုင်ကြပါဘူး ။ တဝမ်းတခါး ဝရင် တော်ပြီပေါ့ ။ ထမင်းနပ်မှန်အောင် မစားရတဲ့  သူတွေ ကျုပ်တို့ ပြည်မှာ ဘယ်လောက်ရှိနေ ကြလည်း ၊ လူတွေ ဘယ်လောက် ငတ်နေကြလည်း ဆိုတာ တွေ ဘာလို့များ မတွေးမိတာလည်း ဗျ ။ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့ကောင်တွေကြောင့် ကျုပ်တို့ စစ်သားတွေ သိက္ခာကျ ရတယ် ။ အရွံ အမုန်းခံကြရတယ်။ ငခုံးမတကောင်ကြောင့် တလှေလုံးပုပ်ကြရတယ် ဗျာ ။
စစ်သား ဆိုလို့  လူတွေ ကြားရုံ နဲ့ ၊ မြင်ယုံနဲ့ တင် အော့နှလုံးနာ ကုန်ကြပြီ ၊ အရင် က တပ် နဲ့  ပြည်သူ တွေကြားမှာ ရှိခဲ့ ကြတဲ့ လေးစားမှု ၊အားကိုးမှု ဆိုတာတွေလည်း ရှာ မတွေ့ နိုင်တော့ဘူး ။ ကျုပ်ဘဝ ခုနေချိန်မှာ အမြင်ချင်ဆုံးအရာ က အဲ့ဒီ ဟာတွေ ပျောက်ပျက်စေချင်တာ ပါဘဲ ။ အရင်လို တပ်နှင့် ပြည်သူ လွန်ကြည်ဖြူ ဆိုတာတွေ ပြန်ဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်ဗျ ။
၁၉၉၅ စက်တင်ဘာလ ၂၂ ရက်နေ့  ။
ဒီနေ့ ကိုတော့ ကျုပ်တသက် လုံး မမေ့နိုင်တော့ပါဘူး ။ အဲဒီနေ့ မတိုင်ခင်ရက်တွေ ကျုပ် အတော်လေး ပင်ပန်းခဲ့ရတာဗျ ၊၊မထွက်ဖြစ်တာ အတော်ကြာ ခဲ့ပြီ ဖြစ်တဲ့  နိုင်ငံခြား ဆိုတာ ကို ထွက်ဖို့  ၊ နှစ်အတော်ကြာ ကွဲကွာနေတဲ့  ကျုပ်သမီးလေးဆီ သွားတွေ့ ဖို့  နိုင်ငံကူးလက်မှတ်ကိစ္စတွေ လိုက်လုပ်နေရတာ စိတ်ရော လူရော အတော်မောပါ့ ။ ကျုပ်ဆိုတဲ့ကောင်ကလည်း ခက်တာဘဲ ။ မိန်းမက ပြောပါတယ် ။ ပွဲစားလက်ထဲ အပ်လိုက်ပါတဲ့  ။ ပိုက်ဆံ နဲနဲ ပိုပေးလိုက်ရင် ဒီလောက် မပင်ပန်းဖူးပေါ့တဲ့  ။ ကိုယ်တိုင်လုပ်နိုင်ရဲ့  သား နဲ့  ဒီလို အပိုတွေ ကုန်မဲ့ ကိစ္စ ဆို နှမြောတယ် ဆိုတော့ ကိုယ်တိုင်ဘဲ အစ အဆုံးလိုက်လုပ်တာ ။ လဖက်ရည်ဘိုး နေရင်းထိုင်ရင်း တောင်းတဲ့ ကောင်မျိုး နဲ့ တွေ့ တော့ စိတ်တို ရသေးတယ် ။ ဒီစာရွက်လိုလို့ ၊ ဟိုထောက်ခံစာ လိုလို့ နဲ့ တနေရာတည်း ကိစ္စတခုတည်းကို အခေါက်ခေါက် အခါခါ ပြေးရသေးတယ် ။ တန်းစီ ရ၊ စောင့်ရ နဲ့ ဘဲ မြန်မာပြည်က လူတွေ ရဲ့  တန်ဖိုး ရှိတဲ့ အချိန်တွေ ကုန်ခဲ့ကြရတာပေါ့ ။ ဒီလို နဲ့ဘဲ နောက်ဆုံးတော့လည်း ပတ်စ်ပို့ ဆိုတာကြီး ကျုပ်လက်ထဲ ရတဲ့ နေ့ ပေါ့ ဗျ ။
ကျုပ်အတော်ကျေနပ်မိတယ် ။ ပင်ပန်းခံရကျိုးနပ်တယ်ပေါ့ဗျာ ။ ဘာလို့ လည်းဆိုတော့ ကျုပ်ရဲ့ ပြောမနာဆိုမနာ ဘဝတူ သူငယ်ချင်း တပ်ထွက် က ပြောဖူးတယ် ။" ဟေ့ကောင် မင်းပတ်စ်ပို့ က လျှောက်လို့  ကျလာမှာ မဟုတ်ဖူး ။ပင်ပန်းခံပြီးလုပ်မနေနဲ့ကွ " တဲ့ ။ သူပြောတာလည်း ဟုတ်ပါတယ် ။ ကျုပ်တို့ လို ရာဇဝင်ရှိတဲ့ကောင်တွေ ထွက်ဖို့ ကိစ္စက တကယ် မလွယ်တာ ဗျိုး ။ ဒါပေမဲ့  ဘယ်လိုက ဘယ်လို ဖြစ်တယ် မသိပါဘူး ။ ကျုပ်ကဘဲ ကံကောင်းချင်တာလား ၊ ကံဆိုးချင်တာလား ။ ကျုပ်ကိုယ်တိုင် လည်း မသိမိခဲ့ဘူး ။
ဒါနဲ့  ကျုပ်သူငယ်ချင်းကို ဒီအကြောင်း ပြောဖို့  ထွက်လာခဲ့တယ် ။ နေကလည်းပူပါ့ ။ ပြောချင်နေတော့လည်း နေပူတာလည်းဂရုမစိုက် ။ ကျုပ်မိန်းမက ပြောပါသေးတယ် ။ ရှင် အသက်လည်းကြီးပြီ ၊ ဒီနေ့ တနေ့ လုံး ပင်ပန်းလာတာ ခဏတဖြုတ် နားအုံး ၊ နေစောင်းမှ သွားပေါ့ ဆိုတာလည်း နားမထောင်ခဲ့ ဘူး ။ ဓါတ်ဆီချွေတာရေး အတွက် ဆိုင်ကယ်စုတ်လေး နဲ့ အိမ်က တခါ ထပ်ထွက်ခဲ့တယ် ။ မွန်းတဲ့ချိန်ကျော်လို့  ၃ နာရီ ခွဲနေပြီ ။ နေကတော့ အတော်ရှိန်နေသေးတာ ။ မနက်တည်းက ခေါင်းနဲနဲ ကိုက်နေတာ လည်း ဂရုမစိုက်အားဖူးဗျ ။ ကျုပ်က နှလုံးရောဂါ အခံရှိနေတာ ခုတလော ဆေးကို မှန်မှန် မသောက်ဖြစ်ဖူး ။ဆရာဝန်ကတော့ ပြောပါတယ် ။ ဆေးလိပ်ဖြတ်ဖို့  ။ အဆီ ၊ အငံတွေ မစားဖို့  ။ ဒါကြောင့် အိမ်မှာ ပေါ့ရွှတ်ရွှတ်တွေ ချက်ပေးတာ မကြိုက်တာနဲ့ မနေ့ က ဒီကိစ္စတွေလုပ်ရင်း မိန်းမ မသိအောင် အပြင်မှာ ဝက်ခြေထောက်စွတ်ပြုတ် သောက်လိုက်သေးတယ်။ ။ အဲဒီ အရှိန်တွေလား မပြောတတ်ဖူးဗျ ။ ဆိုင်ကယ်စီးရင် လမ်းတဝက် ကျတော့ ရင်ထဲ ကြပ်တပ်တပ် ၊ အသက်ရှူ မဝတော့ဘူး ။ ချွေးစေးတွေ ပြန်ပြီး ခေါင်းတွေ မူးလာလိုက်တာဗျ ။ အသက်ပြင်းပြင်းရှုလိုက်ရင် သက်သာမယ်ထင်လို့  ဆိုင်ကယ်ကို လမ်းဘေး ခဏထိုးရပ်လိုက် တယ် ။ ရင်ဘတ်ထဲ အတော်လေး နာလာတာဗျ ၊ ဒီလမ်းက သွားနေကျဆိုတော့ ရပ်လိုက်တဲ့နေရာ က ဆိုက်ကားဆရာ တချို့ နဲ့လည်း မျက်မှန်းတမ်း မိနေတယ် လေ ။ အဲဒီမှာ ရှိနေတဲ့ ဆိုက်ကားဆရာ လူရွယ်တယောက် က လှမ်းမေးလိုက် တာ တဝက်တပျက် ကြားမိလိုက်ပြီး .......တလောကလုံး အမှောင်ကျသွားတော့တာဘဲ ။ သတိလက်လွတ် မဖြစ်ခင် နောက်ဆုံး မြင်လိုက်ရတာတော့ ကျုပ်ရဲ့  သမီးအငယ်ဆုံးလေး ၊ ပြီးတော့ .... ဒီ မို က ရေ စီ ...........
ကျုပ် အိပ်မက် မက်နေသလားဗျ ။ တကိုယ်လုံးတော့ ပေါ့ပေါ့ ပါးပါး ဘဲ ။မြင်ကွင်းတွေကတော့ သိပ်မကြည်လင် လှဘုး ။ ကျုပ်ကို ဆိုက်ကားဆရာလေးက ပွေ့ ချီပြီး အနီးမှာ ရှိနေတဲ့  ရဲစခန်းဆီ ခေါ်သွားပေးတယ် ။သူကလည်းစေတနာ နဲ့ ပေါ့ဗျာ ။ လမ်းဘေးမှာ လဲကျနေတဲ့သူတယောက် အတွက် အလျင်အမြန်လာခေါ်ပေးမဲ့  အရေးပေါ်ကား ဆိုတာ မှ မရှိတဲ့ တိုင်းပြည်ကိုး ။ ရဲစခန်းရောက်တော့ ဟိုမေး ဒီမေးပေါ့ ။ဆိုက်ကားဆရာ က ကျုပ်ကို ဘယ်သိမတုံးဗျ ။ဒီလို နဲ့ ကျုပ်အိတ်ထဲ ပါလာတဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ဖုံးနံပတ်ရေးထားတဲ့ စာရွက်ပိုင်းလေး တွေ့ တော့ အိမ်ကို ဖုံးဆက်တယ် ။ဖုံးတွေ ကလည်း သိကြတဲ့ အတိုင်း ချက်ချင်းမရကြတာ တွေက ခပ်များများ ။ နောက်တော့ အငှားကားတစီး နဲ့  ကျုပ်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပို့ ခဲ့ကြတယ် ။
ဆေးရုံရောက်တော့ ကျုပ်မိန်းမက အရင်ရောက်နှင့်နေပြီ ။သူ အတော် စိတ်ပူနေရှာတယ် ။ သူ့ ဆရာဝန်ကြီးနဲ့ အရေးပေါ်ခန်းက ဆရာမတွေလည်း ကျုပ်တွေ့ နေကြ ဆိုတော့ လှမ်းနှုတ်ဆက်လိုက်သေးတယ်ဗျ ။ ဒါပေမဲ့ သူတို့ ကျုပ်ကို စကားပြန်ပြောဖို့  အချိန်မရကြပါဘုး ၊သွေးပေါင်ချိန်တဲ့သူတွေနဲ့ ၊ အောက်စီဂျင်ဗူးတွေနဲ့ ၊ ဆေးပုလင်းချိတ်တဲ့သူတွေနဲ့၊အသက်ကယ်ဆေး ထိုးတဲ့ သူတွေ နဲ့ မအားကြဘုးလေ ၊ DOA လို့ တော့ ပြောနေသံတွေကြားတာဘဲ ။ ဘာလဲတော့ ကျုပ်လဲ နားမလည်လို့ ၊ စပ်စုတဲ့ ကျုပ်က မိန်းမ ကို လှမ်းမေးမိသေးတယ် ။ သူပဲ မကြားတာ လား မပြောတတ်ပါဘုး ။ ကျုပ် ကို ဘာမှ ပြန်မဖြေဘုး ။ သူ့ စကားနားမထောင်ဘဲ အပြင်ထပ်ထွက်လို့  ကျုပ်ကို စိတ်ဆိုး နေတာ များလား ။ နောက်တော့ အီးစီဂျီ နှလုံးစက်နဲ့ ရင်ဘတ်မှာသွယ် ။ ပြီးတော့ ရှော့တ်ရိုက်ကြ သေးတယ်ဗျ ။ ကျုပ်မှာတော့ မချိမဆန့် နဲ့ ပါဗျာ ။
ကျုပ်သမီးကြီးကတော့ ငိုနေတာ တွေ့ ပါရဲ့  ။ ဒီလိုနဲ့  အချိန် တစ်နာရီကျော်လောက် ဆရာဝန်၊ ဆရာမတွေ အလုပ်ရှုပ်သွားလိုက်ကြတာ အားတောင်နာမိသေး ။ ကျုပ်မိန်းမ ကတော့ မျက်ရည်တစက်မှ မကျတာ ၊တယ်စိတ်မာတဲ့ မိန်းမဘဲ လို့ တောင် စိတ်ဆိုးမိသေး ။နောက်မှ ပြန်စဉ်းစားမိပါတယ် ။ သူ တယောက်တည်းနဲ့  ကျန်ခဲ့တဲ့ သားသမီးတွေ တာဝန်ဆက်ယူဖို့  အားတင်းထားလိုက်ရမှန်း သဘောပေါက် တော့တယ် ။
အအေးကြောက်တဲ့  ကျုပ်ဗျာ ။အဝတ်မပါ ဗလာကျင်းပြီး အေးစက်စက် နေရာမှာ ကျုပ်ကိုထားလို့ နောက်တရက်ကျ ဟိုခွဲ ဒီခွဲ လုပ်ကြသေးတယ် ။ ထူးဆန်းတယ်ဗျ ။ ကျုပ်လေ ဘာထုံဆေး မေ့ဆေးမှ မပါဘဲ ခွဲ စိပ်ခံရတာ ၊ တချက်မှ ကို မနာမိဘူး ။ ပြီးတော့ ဦးခေါင်းရယ် ၊ ရင်ခေါင်းကနေ ဗိုက်ထိ တတောင်လောက်ရှည်တဲ့ ဒါဏ်ရာတွေ ပြန်ချုပ်ပြီး ပို့ ပေးလိုက်တဲ့နေရာကတော့ ဆေးရုံထဲက လူနာခန်း မဟုတ်ပါဘုး ။ကျုပ် အမေ နေ တဲ့ နေရာ မှာ ရှိတဲ့  အအေးခန်း၊ ဗီဒိုလို အကန့် လိုက်တွေဗျ ။ တခြား အဖေါ်တွေလည်း ရှိပါတယ် ။ ကျုပ်လည်း ဦးဆုံးတော့ စပ်စု အုံးမလို့ ပါဘဲ ။ နောက်မှ စဉ်းစားမိတာ ကျုပ်ဒီနေရာမှာ လာဇိမ်ကျ နေတော့ ကျုပ်ကားစုတ် တွေ ဘယ်သူ နို့ ညှစ်ပေး မလည်း ပေါ့ ။ ကျုပ်ဆိုင်ကယ်စုတ်လေး ကိုလည်း စိတ်မချ ဘူး ။ဒါကြောင့် အပြေးတပိုင်း အိမ်ပြန်လာတယ်ဗျာ ။
အိမ်ရောက်တော့ လူတွေ အတော်များများ ရောက်နေကြတယ် ။ ကျုပ်မိတ်ဆွေ သူငယ်ချင်းကြီးတွေ ၊ ကျုပ်ဆွေမျိုးတွေ ။ ဒီ ၃ ရက် အတွင်း ကျုပ်မိန်းမ မျက်နှာ တော်တော်ချောင်သွားလိုက်တာဗျာ ။ နယ်က သူ့  အမျိုး တွေလည်း ရောက်နေကြပါလား ။ ၅ရက်ထားမယ်လို့ တော့ ပြောသံကြားနေရတယ် ။ ကျုပ်မေးတော့လည်း ဘယ်သူမှ ဂရုတစိုက် ပြန်မဖြေကြဘုးဗျ ။ ကျုပ်ရဲ့ ခြံထိပ်မှာ ဟိုတကောင် ယောင်လည်လည် လုပ်ပြီး စောင့်နေတာ လည်း တွေ့ ခဲ့တယ် ။ သူတို့ ခမြာ မလည်း ဟို အိမ်ပေါက် ချောင်းလိုက် ။ ဒီ အိမ်ဝ စောင့်လိုက် ၊ သတင်းတွေ ပို့ လိုက်နဲ့  အထက်ကခိုင်းတာ လုပ်နေကြရှာတာပါ ။။သူ့ ဆန်စား ရဲမှ ဆိုတဲ့ စကား ကြောင့် ထင်ပါရဲ့  ။ အပေါ်စီးက နေတဲ့ သူတွေ ကလည်း ဘာကိုကြောက်နေကြတာလဲ မပြော တတ်ဖူးဗျို့  ။ အမြင့်ရောက်လေ အကျနာလေ ဆိုတာ သိလို့  ကြောက်ကန်ကန်နေကြရရှာတာ ။ ရွှေဘုံပေါ်စံ နေကြရပေမဲ့  စားလည်းကြောက် ၊ သွားလည်းကြောက် ၊ ဒီလို ဘဝတွေလည်း တယ်မလွယ်လှဘုး ။
၅ ရက်မြောက်တဲ့ နေ့  ။ ကျုပ်အတွက် အေးချမ်းသက်သာစွာ နေရတော့မယ့် အချိန်ရောက်ခဲ့ ပြီပေါ့ဗျာ ။ ဘဝတလျှောက်လုံး နေခဲ့ရ လုပ်ခဲ့ရတာ တွေလည်း အတော်လေး ပင်ပန်းလှပါပြီလေ ။ ရှိခဲ့သမျှ သံယောဇဉ်တွေ အကုန်ဖြတ်ပြီး ကျုပ်တယောက်တည်း နေဖို့ ၊ ကျောတနေရာ စရာ ချဖို့ ၊ ကျုပ်အမေ နဲ့ မနီးမဝေး တနေရာလေး ကျုပ်ရခဲ့ပါပြီ ။ အဲဒီ အချိန်တုံးက စိတ်မကောင်း မိတာ တခု ပဲ ရှိပါတယ် ။ ကျုပ်မိန်းမ နဲ့ သားသမီးတွေ အတွက် စိတ်ပူ တာတော့ မဟုတ်ဘူး ဗျ ။ သူတို့ လမ်း သူတို့  ရှေ့ဆက်ပြီး မှန်မှန်ကန်ကန် လျှောက်ကြလိမ့်မယ် ဆိုတာ ကျုပ်ယုံ တယ် ။
ကျုပ်ဘဝရဲ့  နောက်ဆုံးချိန်ထိအောင် စိတ်မချနိုင်ဖြစ်နေခဲ့ ရတဲ့ သူတို့ ကိုသာ ကျုပ်လှမ်းကြည့်နေမိရင်း ကျုပ်မိန်းမ နောက်ဆုံး စကားသံ
" ကဲ .... ကျွန်မယောကျာင်္း တကယ်သေတယ် ဆိုတာ ယုံကြပြီလား။ ရှင်တို့ ကြည့်ပြီးရင် အခေါင်းပိတ် လို့ ရပြီလား " ။
ကြားလိုက်ရတဲ့ အချိန် မတော့ ကျုပ် ဘာဆက်ပြောလို့  ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး ။ နောင်ဘဝဆက်တိုင်း ဒီလို လူတွေနဲ့  မတွေ့ ပါရစေနဲ တော့ လို့ဘဲ....
ကျုပ်စိတ်ထဲ တိုးတိုးလေး ပြောနေမိတာ က "မိန်းမရေ ။ စိတ်လျှော့ကွာ ။ ငါမင်းကို တယောက်တည်း ထားခဲ့ ပြီး ကိုယ်လွတ်ရုန်း ခဲ့ ရတာ မင်းစိတ် မဆိုးပါနဲ့ ။ ငါတို့ လိုချင်နေတဲ့  ဒီမိုကရေစီ ရဖို့  ငါတို့ သားသမီး မြေးမြစ်တွေ ရှိနေသေးတယ် လေ"
ယုံကြရဲ့ လားဗျာ ။ အရှင်ထွက် ထွက်သွား မစိုးလို့  ကျုပ် အခေါင်းပိတ်၊ အလောင်းမြေကျတဲ့  အချိန်ထိ ဂရုတစိုက် လိုက်လံစောင့်ရှောက် ပေးနေကြတဲ့  မောင်မင်းကြီးသားများ ကျန်းမာ ချမ်းသာကြ ပါစေ ဗျား ။
( ချစ်သော အဖေ သို့  အမှတ် တရ )
►Posted by
:kiki
:
at
9/22/2009 03:00:00 AM
Subscribe to:
Post Comments (Atom)
17 comments:
Kiki ရေ သမီးနဲ့ တွေ့ဖို့အရေး အကုန်လုံး ပြင်ဆင်ထားပြီးမှ အခုလို ဖြစ်သွားတာတကယ်ပဲ စိတ်မကောင်း ဖြစ်မိတယ်။ တကယ်လို့ လူနာတင်ကား ဒါမှမဟုတ် အနီးအနားမှာ First Aider တယောက်ယောက် ရှိခဲ့မယ်ဆိုရင် အခုလို အဲလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ကံစီမံရာပဲလို့ သဘောထားရမှာပေါ့နော့်။
မကိရယ် ဖတ်ရတာ စိတ်မကောင်းလိုက်တာ ဘာလဲ ဟို တကောင်ဆိုတာ အစိုးရ စောင့်ကြည့်ခိုင်းတဲ့ လူတွေကိုပြောတာလား ဘာလို့ စောင့်ကြည့်ခိုင်းတာလဲဟင် ဘာကို သူတို့က စိတ်မချတာတုံး ဟယ်
ပြန်မယ် ဘိုင် ဘိုင် တာ့တာ
သနားပါတယ်... အမရာ..ဖတ်ရတာ..စိတ်မကောင်းလိုက်ထာ့
သူ့ခမျာ အသက်အရွယ်ကို လည်း မကြည့် နေကပူတော့
စိတ်မြန်လက်မြန်သမားတွေ အတော် ဂရုစိုက်ရမှာ..။
စိတ်ဆောင်တိုင်းထလုပ်တာကိုး။တကယ်ဆို သတိလေးနဲ့ ယှဉ်ပီးနေခဲ့ရင် အဲ့လောက်မြန်မြန်တော့ လောက က နုတ်ဆက်မသွားရလောက်ဘူး ထင်ပါတယ်။
သမီးဆီ လိုက်ဖို့အစစ ပြင်ဆင်ပီးမှ ဖြစ်ရတယ်လို့ အမရာ.. အမအတော်ကြေကွဲခဲ့မှာပဲနော်..။
စိတ်မကောင်းဖြစ်သွားတယ်...
ဟင်းးးးးး
အစ်မရယ်
စာတွေဖတ်ပြီး ဒေါသလည်းထွက်ပါရဲ့ စိတ်လည်းမကောင်းဘူး ..
ဟူးးးးးးး
မကိ ပျော်ရွှင် ကျန်းမာပါစေ
စိတ်မကောင်းဘူးကိကိရေ..း(
မကိရဲ့ မာစတာပိစ် ကိုဖတ်ပြီး...အာရုံတွေေ၀၀ါးသွားတယ်...
သမီးတွေကိုချစ်တဲ့ အဖေတစ်ယောက်ရဲ့ စိတ်ကူးအတွေး
တွေကို.....
ကိလေးရေ... ဖေဖေအတွက် စိတ်မကောင်းဘူးဟယ်...
ဟိုလူတွေကလဲ နာရေးနဲ့သာရေးတောင်မချန်အောင် လူစိတ်ခေါင်းပါးလိုက်ကြတာ... လူတယောက်မှာအဲဒီအရေးနှစ်ခုတော့ ရန်သူဖြစ်ပေ့စေ ချန်ပေးရမယ်လေ ဟုတ်တယ်မလား....
ကိကိရယ်.... စိတ်မကောင်းဖြစ်မိတယ်...
ဘာလိုလိုနဲ့ ၁၄ နှစ်တောင်ရှိသွားပြီနော်...း´(
ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါတယ် ရဲဘော်ကိကီရယ်...
ဘာပဲဖြစ်ဖြစ် အဖေဟာ သားကောင်းသမီးမွန်တွေကို မွေးထုပ်ပေးခဲ့တယ်...
အဲဒီအတွက် ဂုဏ်ယူပါတယ်... လေးလည်းလေးစားပါတယ်...
ခင်တဲ့
ကိုလူထွေး
ဒီတခါ ရင်ထဲ၇ှိတဲ့ အတိုင်းရိုးရိုးလေးဘဲ ရေးပါမယ် အရေးသားကောင်းတယ်တကယ်ပါ သတိပေးချင်တယ် မကိရယ် နေကောင်းအောင်နေပါ ဘေးကဘော်ဘ်ာတွေ စိတ်ပူရအောင် မလုပ်ပါနဲ့  ကျနော်စစ်သားအိုရဲ့  အရေးသားဟာ မကိရဲ့ စာရေးကျွမ်းကျင် သေသပ်မှုပိုပြီးနက်ရှိုင်းလာတာတွေရပါတယ် လောကကြီးမှာ လူအမျိုးမျိုးရှိပါတယ် အတွေးခေါ င်္်နိမ့် ကျပြီး သဘောထားသေးသိမ်သူတွေ ရှိသလို ဥာဏ်ရည်မြင့် မားပြီး စိတ်ဓါတ်မြင့် မြတ် သူတွေလဲ၇ှိပါတယ် သဗေသတ္တာ ကာမသကာတဲ့  မကိနားလည် ခွင့် လွှတ်နိင်ပါစေနော် ဒီပို စ် လေးဖတ်ပြီးရင်ထဲတဆစ်ဆစ် နာကျင်ခံစားရပါတယ် တကယ်စိတ်မကောင်းပါဘူး မကိလည်းဖြေသိမ့်  နိုင်ပါစေလို့ ကျနော် မေတ္တာပို့ ဆုတောင်းပေးပါတယ် ခင်မင်မှု များစွာဖြင့်  သုဒြေ္န
စစ်သား..စစ်သား.. စစ်သားဆိုတာနိုင်ငံ့အန္တာရယ်တွေ ကာကွယ်ဖို့ အခုတော့.... ဘာဖြစ်ဖြစ်လေ ဒလူတွေရွံကြောက်ကြီး ဖြစ်နေကြတာလဲ အမှန်ပဲ...ဗျာ...။ ကြောက်စရာလဲ တယ်ကောင်းသကိုးဗျ.. ဖြစ်လာသမျှ ပြဿာနာကို လက်ညိုတချောင်းထဲနဲ့ ဖြေရှင်းတတ်တော့လဲ...
ဟူးးးးးးးးးးးးးး
ဘာမှ မတတ်နိုင်၍၊ မပြောတတ်၍ သက်ပြင်းချသွားသည်။
မမကိကိရေ...
စိတ်ထဲ မကောင်းလိုက်တာ အစ်မရယ်
သြော် နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်မသွားရဘူး...
တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်...
ကိရေ စိတ်မကောင်းစွာ ဒါပေမဲ့
နှစ်လိုစွာ ဖတ်သွားတယ်
တိုင်းပြည်ကို အမှန်ချစ်တဲ့သူတွေ
အခွင့်မသာ လို့ ဘာမှ မလုပ်နိုင်ပေမဲ့
လက်နက် ကိုင်ရက် နဲ့ ပြည်သူ ကို တကယ် မြတိနိုးတဲ့ စစ်သားတွေ ရှိနေတယ် ဆိုတာ ယုံကြည်ထားဆဲ ပါပဲ
ဖွားကိရေ ဖတ်ရတာ စိတ်မကောင်းပါ
တကယ်တော့ လည်း လူအမျိုးမျိုးစိတ်အထွေထွေရယ်ပါ
အဆိုးရှိသလို အကောင်းလည်းရှိနေတတ်ပါတယ် အနည်းအများတော့ ကွာတာပေါ့လေ ဒီပိုစ့်လေးကို ဖတ်ပြီး ရင်ထဲမှာတစ်ခုခုကျန်ခဲ့ပါသည် နောက် ဖွားကိရဲ့အရေးအသား
အစအဆုံး စကားလုံးချောမွေ့မှု့ကျစ်လစ်သိပ်သည်းမှု့ ဇာတ်လမ်းတင်ပြပုံ ဘာမှပြောစရာမလိုလောက်အောင် ကောင်းပါသည် ။။
Post a Comment