ခုတလော အိမ်ကို ပိုလွမ်းနေမိတယ် ။ အမေ့ကို သတိရနေတယ် ၊ မကြာခဏ ဖုံးဆက်မိတယ် ။ ငိုတော့ မငိုမိပါဘူး။စိတ်မကောင်းတော့ ဖြစ်နေမိတယ် ။ အဖေ့ကို လွမ်းနေတယ် ။သူ့ ဆီတော့ ဖုံးဆက်လို့ မရတာမို့  ပြောချင်တဲ့ စကားတွေ ၊ သူ့ အကြောင်းတွေ ဘယ်သူ့ ပြောရမှန်း မသိ ။ ဒီစာလေးတွေဘဲ ထိုင်ရေး နေဖြစ်တယ် ။
သုမောင်ရဲ့  အချစ်နှင့်သူ၏ကိုကို ဆိုတဲ့ ဝထ္တု နဲ့  ရုပ်ရှင်လေးကို အမှတ်ရလို့  အဖေနှင့် သူ၏ ကားစုတ်များ လို့ ခေါင်းစဉ် တပ်ပေးလိုက်ပါတယ်။
အဖေကတော့ ဂျစ်ကျတဲ့နေရာ နှစ်ယောက်မရှိ ။ ကြိုက်တာ တောင် ဂျစ်ကား မှ ။အဲ့ လို ဂျစ်ကျ တာတွေကြောင့် ပင်စင်စောစော ယူ ဖြစ်သွားတယ် ။ တခါတလေ အိမ်မှာ ညီအမတတွေ စုံရင်း အဖေ့ အတင်းပြောကြတာ ။ အဲ့ဒီ အချိန် တုံး က ခြံထဲ တန်းစီ ထိုးထားတဲ့ အဖေ့ ကားစုတ်တွေ ကြည့်ရင်း ရီဖြစ်ကြသေးတယ် ။ လူ က ကားကို မစီးရဘဲ သူ့ ကားတွေ ကချည်း လူ ကိုစီးနေတော့ အမြင်ကပ်တာ နဲ့ လေ ။သူ့ ကားတွေ ကို နာမယ် ပေးထားကြတယ် ။ ဂျစ်စုတ် ၃ စီး မှာ ရှေ့  စက်ဖုံး အမြင့် ဝီလီဂျစ် ကို နောက်ဖက်မှာ အရှည် ထုတ်ထားသေးတယ် ၊ ခရီးထွက်ရင် ပစ္စည်းထဲ့ရအောင်လို့  ဆိုပြီး သူ့ ဟာသူ ဘော်ဒီ ပြင်ဆိုင်မှာ ကယ်ရီယာ အရှည် ထပ်ဆက် ထားတဲ့ အကောင်ကို ဖင်ရှည် လို့ ခေါ်တယ် ။ နောက် တစုတ်က ခေါင်းနိမ့် သူ့ ကိုတော့ ငပု /၃၈၈ ( ကားနံပတ်ကို စွဲပြီးခေါ်တာ) ။ နောက်တကောင်က Jeep Station Weagon ။ သူ့ ကိုတော့ ဝက်ကုန်း လို့ ခေါ်တယ် ။ တွန်းရရင် အင်မတန်လေးတာလေ ။ နောက်တစီးက Ford Taunus (အခေါ်ခံရတာ ကတော့ ဖွတ် တောနက် တဲ့ )ဒီတကောင်ကလည်း ဝက်ကုန်းနဲ့ အပြိုင် လေးလှတယ် ။ တွန်းရရင် မသက်သာ။ အရှက် အခွဲဆုံး ကားပေါ့ ။
ညဉ်ကောင်းတဲ့ Maurris Minor လေးကတော့ အမေ့ကားလေး ၊အတွန်း မခံ လိုက်ရတော့ နာမယ်ပြောင် မပေးဖြစ်လိုက်ပါဘူး ။ မောပေမဲ့ မရစ်တတ် တဲ့ မောရစ် လေးပါ။ သူက ဘယ်လောက်ထိ ညဉ်ကောင်းသလဲ ဆိုတော့ အဖေပင်စင်မယူခင်က နယ်မှာနေရတာများတော့ သူမရှိတဲ့ အချိန်တွေဆို အမေကိုယ်တိုင်ကားမောင်းတာ။ တနေ့တော့ ကိုယ်တို့ ကျောင်းဆင်းချိန် လာကြိုရင်း အင်းယားလမ်း ကုန်းအတက် အဆင်း ( အရင်က ကတ္တရာပုံးတွေ လှောင်တဲ့နေရာ ၊ အခု ဆာကူရာ ဟော်တယ်လား ဆောက်ထားတဲ့နေရာ) မှာ သူ့ ကားလေး မှောက်သွားတယ် ။ ဘီး ၄ဖက်လုံး မိုးပေါ်ထောင် နေတာလေ ။ ဒါပေမဲ့ လူကဘာမှ မဖြစ်ဖူး ။ အံ့ ရော ၊၊ အဲဒီနောက် ပိုင်း အမေ့အတွက် မှောက်ဖို့  မလွယ်ဘူးလို့  ဆိုကြတဲ့ လိပ်ခုံးလေးပြောင်းပေးလိုက်ပေမဲ့ သူ မမောင်းတော့ဘုး ။အဖေ အိမ်မှာ မရှိတဲ့ အချိန် ဆို ဘတ်စ်ကား ဘဲ တိုးခွေ့  စီးပြီး အလုပ်တက် ဆင်း လုပ်ပါတယ် ။ အဲဒီအချိန်က စပြီး ကားပေါ်ထိုင်လိုက် နေတဲ့ တချိန်လုံး ကြောက်တဲ့စိတ် ဝင်သွားတာနဲ့တူပါတယ် ။ အဲဒီအချိန်တွေတုံးက အမေ့ကို သနားလို့ ကားမောင်းပြီးလိုက်ပို့ ပေးချင်တဲ့စိတ် ရှိပေမဲ့ ကလေးဆိုတော့ ခြေထောက်က လီဗာနင်းလို့ရလောက်အောင်မှ မရှည်သေးတာ ။ ဒီလိုနဲ့ ငယ်ငယ်ထဲ က ကားမောင်းချင်တဲ့ ပိုးဝင်ခဲ့ရတာ ထင်တယ် ။(ပထမ ဦးဆုံး အကြိမ် ကားခိုးမောင်းတဲ့ အကြောင်း နောက်ကြုံမှ သပ်သပ်ပြောပြပါတော့မယ် )
အရင်က လွမ်းစရာ အချိန် တွေထဲ မှာ သာယာလှပတဲ့ လောကကြီးရဲ့  မနက်အာရုဏ်လေးတွေ ဘယ်လို ကုန်ဆုံး ခဲ့ရသလည်း ဆိုတာ ဖေါက်သည် ချ ပါမယ် ။ မနက် မိုးမလင်းသေးဘူး ။ အဖေ့ အသံ ဗြဲကြီး စကြားရပါပြီ ။သူက ခြံထဲကနေ အော် နေပြီ " သမီးတို့ ရေ မုန့်ဟင်းခါး စားကြမယ်ဟေ့ " တဲ့ ။
အဟက် .. အထာ မသိသူတွေ ကတော့ ဒီ အဖေ သူ့ သမီးတွေ သိပ် ချစ်တယ် ထင်ကြမယ် ။ အဲဒီ အသံကြားတာနဲ့  အိမ်ရှေ့ မှာ ရှိနေတဲ့ သမီး က မီးဖို ဖက်သွားပြီး ထမင်းချက်တဲ့ အဒေါ်ကြီးကို ကူလုပ်သလို ဟန်ဆောင်သူက ဟန်ဆောင် ၊ အိပ်ယာ မထသေးတဲ့  သမီးက ဆက်ပြီး အိပ်ချင်ယောင်ဆောင် နဲ့ပေါ့ ။ ဘယ်သူမှ သူ့ မုန့် ဟင်းခါး ထွက် မစားကြဘူး ။ အဲလို ၃ ခါလောက်အော်လို့  မှ သူ့ ကို အားပေးမဲ့သူ တယောက်မှ ထွက် မလာရင် နောက်တဆင့် တက်တာ တီတီ တီ ပွမ် ပွမ် ပွမ် နဲ့ ဆူညံ သွားတော့ တာဘဲ ။ လူမလာ မချင်းကို နှိပ် နေတော့ တာ .... အဲဒါမှ ထွက် မလာ သေးရင်တော့ မလွယ်တော့ဘူး ။ တယောက်ချင်း လိုက်ဆွဲ ခေါ်တော့တာဘဲ ။ အိပ်ချင်ယောင် ဆောင်တဲ့သူ ဆို ပိုမလွယ် ။ နှာခေါင်းကို ညှစ်ထားတယ် ။တခါတလေ နှာခေါင်းပေါက်ထဲ လက်၂ ချောင်းထဲ့ ပြီး ဆွဲတယ် ။ လက်နဲ့ညှစ်လို့ မှ မရရင် ခြေထောက်နဲ့  ညှစ်ရော ။ အဲ့ဒါ အကြောက်ဆုံးဘဲလေ ။ အကင်းပါးတဲ့ ကိုယ်ကတော့ လက်နဲ့ အညှစ် မခံ ရခင်တည်းက ။ ဟွန်းသံ ကြားရတည်း က ခြံထဲ ရောက်နေတတ်တယ် ။ ညီမ အလတ်က သူ့ ခြေစွမ်းပြတာ ကို ခံရတာ အများဆုံးပါဘဲ ။ ဒါကြောင့် သူ့ နှာခေါင်းက သူများထက် ပိုပွ နေသလိုဘဲ ။ ပလပ်ပေါက် ဘွဲ့ ထူး ရထားတယ် ။
ကဲ.. မုန့် ဟင်းစားကြွတာ ဘယ့် နှယ် ဒီလောက် ခေါ်ရခက် နေသလဲ လို့  ထင်နေကြမယ် ။ တကယ့် မုန့် ဟင်းခါး မဟုတ် ပါ ။အမေ့ကား လေး တစီးက လွဲလို့ အဖေ့ကားစုတ်တွေ က starter ပျက်နေကြတာ ။ ဘက်ထရီဒေါင်း နေကြတာ များတယ် ။မီးမကူးတဲ့ ပလပ်တွေဆိုလဲ ကော်ပတ်နဲ့ ပွတ်ပြီး ပြန်ထဲ့ သုံးနေတော့ .. ဒုတ်၊ ဝှီး ဆို ပြီး နိုးတဲ့ ကား က ခပ် ရှား ရှား ရယ် ။ မိုးလင်းတိုင်း တွန်းပြီး နှိုးရလို့  တွန်းစတပ် ၊ တနည်း အား ဖြင့် မုန့်ဟင်းခါးစား တယ် လို့  အိမ်က လူတွေ အားလုံး သဘောပေါက်ကြပြီးသား လေ ။ အကြော်တွေ ၊ ဘဲ ဥတွေ ထဲ့စားရတဲ့  အခေါက်ဆို မောပြီသာ မှတ်ပေရော့ ။ တကြိမ် တည်း နဲ့ တွန်းလို့  မနိုးတတ်တဲ့  အလွန် အမြင်ကပ် စရာ ကောင်းလောက်အောင် လေး လှတဲ့ ဝက်ကုန်းနဲ့ တောနက် ကားကြီး တွန်း ရတဲ့  အလှည့် ဆို အကြော်စုံ ။ ဘဲဥ က အဆစ်ပါလိုက် သေးတယ် လေ ။ အဲဒီ အချိန်တွေတုံးက စောစောစီးစီး မုန့် ဟင်း ခါး စား ကြွ ပါ ဆိုတဲ့ အသံ ကြီးကို မကြားချင်ဆုံးပါဘဲ ။ ခုတော့လည်း မနက်စောစော မှာ စားချင်တဲ့ မုန့်ဟင်းခါးလေး ကို လွမ်းရတဲ့ရက်တွေ များ နေပြီပေါ့ ။ တပတ် တခါလောက်တော့ မြန်မာပြန် တရုတ် တန်းထဲ သွားစားလို့  ရလို့ တော်ပါသေးတယ် ။
အဲ့လို ကားစုတ်တွေ တစီးပြီး တစီးကို မနက် စောစော စီးစီး မရ မက နှိုး ပြီး အဖေ ဘာလုပ်တယ် ထင်ပါသလည်း ။ အလုပ်ကြီးအကိုင်ကြီး လုပ်တဲ့ အကြောင်း ကိုပြောပြရ မလား လို့ စဉ်းစား နေရင်း အချိန်စေ့သွားလို့  နောက်ရက်မှ ဆက်ရပါတော့မယ် ။ ဆောရီး ပါ ။
►Posted by
:kiki
:
at
9/10/2009 11:50:00 AM
Subscribe to:
Post Comments (Atom)
20 comments:
မုန့်ဟင်းခါးစား ကြွပါဦး.... အဲလေ ... မုန့်ဟင်းခါးစားတဲ့အကြောင်း ဖတ်သွားတယ်... မယ်ကိရေ့...း)
ပျော်စရာကြီးပါလား မကိရယ်
မောတော့ မောတာပေါ့
တကယ်တော့လည်း မောတာပါပဲ :D
ပျော်စရာကြီး မုန့်ဟင်းခါးစားကြမယ်
ဟိုက် !!!
ရှေးဟောင်းရေဒီယိုအစီအစဉ်ထဲကလို
“ဒါပါပဲကွယ်...နောက်များမှဆက်ကြတာပေါ့”မလုပ်နဲ့လေ တို့လို့တန်းလန်းလုပ်ရင်သားကြီးတို့
အားကြီးစိတ်ဆိုးတယ် :P
ပုံစံသစ်မြန်မာဂျစ်ကိုတော့ မမကိအဖေကြိုက်လိမ့်မယ် မထင်ဘူး ဟဲဟဲ
....ပွမ်...ပွမ်....ပွမ်.....ရခိုင်မုန့်တီစားကြမလားဗျိုးးးးးးးးး.....ပွမ်....ပွမ်..... :P
နဖူးကချွေးခြေမကျရမဲ့ မုန်းဟင်းခါးပေါ့ အရသာရှိလွန်းတော့ အဲလိုပေါ့
မုန့်ဟင်းခါး စားမယ်ဟေ့
ဘီလော့ဂါးးးးး အပေါင်း ဖွားကီ အိမ်မှာ မုန့်ဟင်းခါး စားကြမယ်ဝေးးးးးးးးးးးး ကျနော်တို့ မြို့မှာ သုံးနေကျ စကားပဲ အဲ့ဒါး))
လေးစားလျက်
တောင်ပေါ်သား
အမရေ.. မီး၂တို့ လည်း ငယ်ငယ်ကမုန့် ဟင်းခါးစားနေ ကြလေ။ ဒါပေမယ့်အမလို ၃ပွဲတော့မဟုတ်ဘူး၊
၁ပွဲတည်း။ အဟက်း)
မမမမကီကီကီကီ..ရေ့ ....
ဖတ်ရတာကြည်နူးစရာလေးပါပဲဗျ။ ဒါလေးကမမကီရဲ့ 
ငယ်ဘဝ အစိတ်အပိုင်းလေးပေါ့ ၊ကျွန်တော့်  အစိတ်
အပိုင်းလေးများကတော့ ရှုပ်ရှုပ်ထွေးထွေးနဲ့  စိတ်ညစ်
စရာ သိပ်ကောင်းတာပဲ၊ ကိုယ့် ဖာကိုယ်ဖတ်ပြီးတော့ ၊
ဝင်ဖတ်ဝေဖန်ပေးသွားလို့ ကျေးဇူးသိပ်တင်ကြောင်း
ပါဗျာ။
ကျနော့်မှာလဲ မုန့်ဟင်းခါးတစ်ပွဲ အဲ မှားလို့ မုန့်ဟင်းခါးတစ်စီး ရှိသဗျ...။ မရောင်းရက်လို့ထားတားတယ်....
မုန့်ဟင်းခါးတစ်ပွဲ ဗျို့ 
အကြော်စုံ နဲ့ 
ဘဲဥတော့ မစားဘူးဗျာ
လိုက်ပွဲပါမယ်....
း))
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
အဟီး.. ကျွန်တော်လည်း အဲဒီလို မုန့်ဟင်းခါးတွေ စားဖူးတယ်.. သူများကိုလည်း ကျွေးဖူးတယ်..
yu ya
ဟုတ်တယ်
အဖေကျွေးတဲ့မုန့်ဟင်းခါးတွေ ရေးရမယ်
ထိုင်ဝမ်မှာ မုန့်ဟင်းခါးရောင်းရင်း လာစားတဲ့သူနဲ့ ဖူးစာဖက်ဖြစ်သွားတဲ့ မိတ်ဆွေ
စုံတွဲတတွဲတော့ ရှိခဲ့ဖူးတယ်...
mie nge
အောင်မလေး ကိရဲ့ ဖားရားမှောက်နဲ့ တွေ့နေပါပြီ ဝက်မန့်ထားတာတွေ အကုန်ပါကုန်လို့လေ သောက်ညင်ကတ်တယ် အားကြီးပဲ သိလား ဟွင်းးးးးးး
ကိရေ တမလွန်ကို ဖုံးခေါ်ပြီးမေးလေ ဒက်ဒီကြီးနေကောင်းရဲ့လားလို့ သမီးတို့ မုန့်ဟင်းခါးမစားရတာကြာပြီလို့လေ မခေါ်တတ်ဘူးလား ပြောနော် များ လုပ်ပေးမယ်သိလား ဟိဟိ
စတာနော် စိတ်မဆိုးနဲ့ ဆိုးလဲမတတ်နိုင်ဘူးလေ ဟဟဟ ဟိဟိဟိ ဟိုးးးဟိုးးးးးး
ဖွားကိ ကို မခင်တဲ့
ဝက်စုတ်မ
ကိရေ.... မြန်မာဂျစ်ကို များတော့ အကြိုက်ဆုံးပဲ.....
ဘာလို့လဲတိလား.... မူလီ မပါလို့ပေါ့အေ.... ဟီး..
ဖွားကိ အဖေက ကားသူထိန်းပေါ့နော် ဒီလိုပါပဲ အလုပ်အရမ်းကြိုးစားတဲ့ ပင်စင်စားတွေက အလုပ်မရှိတော့ဘူးဆိုရင် မနေတတ်တော့ဘူးထင်တယ် ဖွားကိ ရဲ့  ငယ်ဘ၀တွေက ပျော်စရာကြီးနော် ....
မုန့် ဟင်းခါးမကြိုက်ပါ
တို့ ဟူးနွေးမှ တို့ ဟူးနွေး
ဒါပဲ အမား မုန့် ဟင်းခါးစားဖိတ်မယ်မကြံနဲ့ မစားရေးချမစားပါ
ဒီလိုမုန့်ဟင်းခါးကြွေးရင်တော့ တော်ပြီ။ မလာရဲတော့ဘူး...းD
းဝ)
:) အဲဒီမုန့်ဟင်းခါးတော့ လိုက်မစားတော့ဘူးနော်။ ဆက်ရေးဦ။ အဖေ ဘာလုပ်လဲဆိုတာ.။
အယ် ဖွားကိကတော့လုပ်ပြီ ကောင်းခန်းရောက်မှမီးပျက်ရတယ် လို့ ရွှေလည်းမဟုတ် ဘာလည်းမဟုတ်နဲ့ ဟွန့် ဆက်ရေးနော် .. ဒါပဲ
Post a Comment