ဪ... စောစောစီးစီးဖုံးသံကြောင့်နိုးရပြန်ပြီ ။ အရေးပေါ် ခန်းကခေါ်သံပေါ့ ။အပြေးအလွှားဆင်းပြေးကြည့်တော့ အသက် ၃၀ ကျော် လူလတ်ပိုင်းတယောက် ဆောင်းတွင်းအေးနေတဲ့အချိန် ချွေးစေးတွေပြန်လို့  ။ ညာဘက်လက်ကလဲ ခါးနဲ့ဗိုက်နဲ့ကို နှိပ်ပြီး ထော်လီပေါ်မှာ တဖက်စောင်းလေးလှဲ ပြီး အန်နေတာ ။
။အန်တဲ့ အိတ်လေးထဲလှမ်းကြည့်လိုက်တော့ စိမ်းဝါရောင် အရည်တချို့နဲ့ မကြေညက်သေးတဲ့  အစာဖတ်တချို့ တွေ့ ရပြီး အရက်နံ့ ပုပ်အက်အက်ဟာ အပေါ်က တပ်ထားတဲ့  mask ကို ဖြတ်ပြီးကိုယ့် နှာခေါင်းထဲကို စူးကနဲ ဝင်ရောက်လာပါတယ်။ ရောဂါရာဇဝင်ကမန်းကတမ်းမေးပြီး ပက်လက်လှန် အိပ်ခိုင်းတော့ ပက်လက်တောင်မလှဲနိုင်ဘူး ။လူးလှိမ့်နေတာလေ ။ ဒီတော့ ဖြစ်နိုင်ခြေ ရောဂါ ၂ မျိုး အတွက် ဦးစားပေးလုပ်ရတာပေါ့ ။
၁ ။ အူအတက်ရောင်တာ( Acute Appendicitis)
၂ ။ ဆီးလမ်းကြောင်းမှာကျောက်တည်ပြီး ဆီးပြွန် တနေရာရာမှာ ပိတ်ဆို့ နေတာ ( Urolithiasis )
ဒီ ၂ မျိုး က အများဆုံး ဖြစ်လေ့ရှိတဲ့  ရုတ်တရက်ဗိုက်အောင့်ခြင်း( Acute Abdomen Pain )တွေထဲ က ညာဘက်အောက်ပိုင်း ဗိုက်အောင့်ရတဲ့ အကြောင်းရင်း ပေါ့နော် ။
နာနေတဲ့ ဗိုက်နေရာက ညာဘက်အောက်ပိုင်း ဆိုတော့ ၂မျိုးစလုံး ဖြစ်နိုင်တယ် ။ (အမျိုးသမီး မှာဆိုရင်တော့ ဥအိမ်မှ ပြသနာ တမျိုး မျိုးလည်း ဖြစ်နိုင်ခြေရှိပါတယ်။)
ဒီတော့ အဖျားရှိ ၊မရှိ တိုင်းတော့လဲ မဖျားနေဘူး ။ ၂ မျိုးစလုံးမှာ တခါတရံ အဖျားရှိတတ်တယ် ။ အန်တတ်တယ်လေ ။
ဒီတော့ သွားတဲ့ ဆီးအရောင် ထပ်မေးကြည့်ပေါ့ ။ ဆီးလမ်းကြောင်းမှာကျောက်တည်ရင်တော့ ဆီးထဲ သွေးပါတတ်လို့ ဆီးအရောင်ဟာ လဖက်ရေကြမ်း အရောင်လို့  နီကျင့်ကျင့် အရောင် ရင့်ရင့်ဖြစ်မယ် ။တခါတလေ ဆီးတောင် မထွက်နိုင်လောက်အောင် တစ်ဆို့ ဆို့ နဲ့  ။ တချို့ ကတော့ ဆီးသွားနေရင် စူးကနဲ မျက်ကနဲ နဲ့ ဆီးပြွန်နားမှာ အောင့်သွားပြီး မာမာ အခဲသေးသေးလေး ထွက်ကျ တယ်လို့ ပြောတတ်တယ် ။တချို့များဆို နာလွန်းလို့  ချွေးစေးပြန်ပြီး မျက်နှာတပြင်လုံးသွေးရောင်တောင်မရှိဘဲ ဖြူဖတ်ဖြူရော်နဲ့ ၊ခြေဖျား လက်ဖျားတွေအေးစက်နေတတ်တာ ။ Pain Shock အနာလွန်ပြီးရှော့ ရသွားတတ်တဲ့ အထိလေ ။
ဒီတော့ ခပ်မြန်မြန်လေး သွေးစစ် CBC,DC ၊ အူအတက်ရောင်ရင် အများအားဖြင့် WBC သွေးဖြူဥ တွေ မြင့်တက်နေတတ်တယ်
ဆီးစစ်( Urine for routine examination) ။ ဆီးလမ်းကြောင်း ကျောက်တည်ရင် ဆီးထဲ သွေးပါလို့  OB (Occult Blood) နဲ့  RBC တွေ ရှိတတ်၊ များနေ တတ် တယ်။
ဗိုက်ကို ဓါတ်မှန် ရိုက်( KUB ) - ထုံးဓါတ်များတာကြောင့်ဖြစ်တဲ့ကျောက်ဆိုရင် ။ သိပ်မသေးရင် ဓါတ်မှန်ထဲ မှာ ကြည့်လို့ ပေါ်နေတတ်တယ်။
ဒီလူနာက ဆီးထဲမှာ OB 4+ , RBC -Numerous (မရေမတွက်နိုင်အောင်များတယ်) ပြနေတယ်လေ ။
KUB မှာတော့ ဘာမှ ထင်ထင်ရှားရှားမမြင်ရပါဘူး ။ အူထဲမှာ ရှိနေတဲ့  လေနဲ့ ဝမ်းတွေ ရဲ့ အရိပ်တွေ ထပ်နေလို့ ပေါ့ ။
ဒါပေမဲ့ ဆီးလမ်းကြောင်းတနေရာ ရာမှာ ကျောက်တည်နေတာမှန်းသေချာလို့  ဒရစ်တလုံး ချိတ်ပေး ဗိုက်အောင့် နေတဲ့ ဝေဒနာ သက်သာအောင် အကိုက်အခဲပျောက်ဆေး အကြောဆေးတလုံးအရင်ထိုးပေးလိုက်တယ် ။ ပြီးတော့ အနီးကပ် ကြည့် ရှု စောင့်ကြပ်ခြင်း( close Observation) ပေါ့။ အကြောင်းမသိသေးဘဲ ရုတ်တရက် ဗိုက်အောင့်တဲ့ လူနာတွေကို ထုံးစံအတိုင်း နာရီဝက်တခါ ။ ပြီး လိုရင်လိုသလို သွေးစစ်ပေး ၊ သွေးပေါင်ချိန်ပေး ။ နှလုံးခုန် ။ အသက်ရှုနှုန်း စစ်ပေး လုပ်ရတယ်လေ ။မိနစ် ၂၀ ကြာစောင့် ကြည့် ပြီး လူနာက နာတာ မသက်သာ ၊ လူးလှိမ့် နေတာနဲ့ ဘဲ Demerol( Pethidine ) တလုံး အသားဆေး ထိုးပေးလိုက်ရတယ် ။ ဒီဆေးက မူးယစ်ဆေးဝါးထဲမှာ အကြုံးဝင်နေတဲ့ အတွက် တော်ရုံနာတာလောက်ဆို မသုံးရဘူး ။ ဟိုစာရွက် ဒီစာရွက်ဖြည့် ရတာနဲ့  အတော် စာရင်းဇယားရှုပ်တတ်လို့  သိပ်မသုံးဖြစ်ပါဘူး ။ ဒီဆေးထိုးရင် သွေးပေါင်ကျတာမျိုး ။မူးတာ အန်တာ မျိုးလဲ ဖြစ်တတ်လို့ သေချာ စောင့်ကြည့်ပေးပေါ့နော် ။ နောက် ၁၅ မိနစ်လောက်ကြာတော့မှ လူနာလဲ ဗိုက်အောင့်တာ သက်သာလို့ လား ။ ဆေးအရှိန်ကြောင့် လာ ။ပင်ပန်းလို့ လားမသိပါ ။ တရှုးရှုးနဲ့ အိပ်ပျော်သွားတာ ၊ အမယ်...ဟောက်တောင်ဟောက်နေလိုက်သေးရဲ့  ။
ခုလောလောဆယ်တော့ နာတာ သက်သာသွားပြီပေါ့လေ။
ဒါပေမဲ့  နောက် ဘယ်အချိန်မှာ ထပ်နာအုံးမလဲဆိုတာ ဘယ်သူမှ မှန်းလို့ မရပါဘူး ။နောက်ဆက်တွဲ ပြသနာတွေလည်းဝင်ချင် ဝင်လာနိုင်တယ်လေ။ ဥပမာ ..ဆီးလမ်းကြောင်းမှာ ပိုးတွယ်ပြီး ဖျားနိုင်တယ် ။ပိုးက ကျောက်ကပ်ထဲထိ ဝင်သွားရင်တော့ ကုရတာ ပိုကြာမယ် ။ APN( Acute Pyelonephritis) ဆို ပဋိဇီဝဆေးတွေ တပုံကြီးထိုးပေရော့ဘဲ ။ အဖျားကလည်း ၅ရက် တပါတ်လောက်နဲ့ တက်လိုက် ကျလိုက်ပေါ့
ဒီတော့ နောက်ဆက်တွဲ အနေနဲ့  စမ်းသပ်စစ်ဆေးတာတွေ လုပ်ရတော့မယ်လေ ။ အဆင့်ဆင့်ပေါ့နော် ။
ဒီတော့ ဆီးလမ်းကြောင်းမှာကျောက်တည်ရခြင်းအကြောင်းကို နားလည်လွယ်အောင် ပြောပြပေးချင်တယ်။
ကျောက်တည်ရတဲ့ အကြောင်းရင်းနဲ့ဘယ်လိုလူတွေမှာ အဖြစ်များတတ်သလဲဆိုတော့ ...
-ရေသောက်နဲ တဲ့ သူ
-အရက်သောက်တာများတဲ့သူ ( တချို့ က ဘီယာ လေးဘဲ ။ ဆီးတောင် ပိုရွှင်သေးတယ်ဆိုပြီး ဘီယာ ချည်းလှိမ့်သောက်နေတာ ။ လွဲမှားတဲ့  အယူအဆတွေ ပါနော် ။ ဘီယာထဲမှာလည်း အယ်လ်ကိုဟော ဓါတ်တွေ ပါတယ် ဆိုတာ သတိရကြပါ )
-အသားတွေချည်း အလွန်အမင်းစားတဲ့ သူ။( တချို့ လူတွေ ဟင်းသီးဟင်းရွက်ဆို လုံးဝ မထိဘဲ အသားကင်တို့ ။ဟော့ပေါ့ တို့ ချည်း စားနေတတ်တာ.. သတိထားနေကြပါ)
-ထုံးဓါတ်( Calcium) ၊ ဗီတာမင် စီ နဲ့ ဒီ ဓါတ် ပါတဲ့  အစာ နှင့် ဆေးတွေ အလွန်အမင်း စားတဲ့ သူ
-သွေးထဲမှာ ယူးရိတ် အချဉ်ဓါတ် ( Uric Acid) များတဲ့ သူ
-ဆီးထဲမှာ uric acid , Oxalate ,Phosphate , calcium များတဲ့ သူ ( ရေသောက်နဲတာနဲ့ လည်းဆိုင်တယ်နော် )
-ဂေါက်( Gout ) လို့ ခေါ်တဲ့ အဆစ်ရောင်ရောဂါရှိသူ
-မျိုးရိုးထဲမှာလည်း ဆီးလမ်းကြောင်းကျောက်တည်တာ ရှိတဲ့ သူ။
- တချို့ ဆေးဝါးများ - ဥပမာ -ထုံးဓါတ်တွေ များတဲ့  အစာအိမ်ဆေး ။ဆီးရွှင်ဆေးတချို့ ၊ကင်ဆာရောဂါ နဲ့  AIDS ရောဂါအတွက်သုံးတဲ့ ဆေးဝါးတချို့  -
စသဖြင့်ပေါ့နော် ။ ဒါတွေကြောင့်လည်း ကျောက်တည် တတ်ပါတယ်
ပြီးတော့ အမျိုးသားတွေ မှာ အမျိုးသမီးတွေထက် ကျောက်တည်ဖို့  အခွင့်အလန်းပိုများတတ်ပါတယ် ( အမျိုးသားတွေ အရက် ပိုကြိုက်တတ်လို့နဲ့ တူတယ်နော် )။
ဒီတော့ ဆီးလမ်းကြောင်းမှာ ၊ဘယ်နေရာမှာ ကျောက်တည်နေတာ ကို ဘယ်လိုနည်းတွေနဲ့ သေချာအောင် စစ်ဆေးမလဲပေါ့ ။
၁။ ဆီးစစ် တာ နဲ့  ရိုးရိုး ဓါတ်မှန် ရိုက်တာ ကတော့  မလုပ်မဖြစ် ဦးဆုံးလုပ်ရမှာလေ။
Uric acid များလို့တည်တဲ့ကျောက် နဲ့  Calcium Oxalate ကျောက်ဆို ရင် ရိုးရိုး ဓါတ်မှန်ထဲလဲပေါ်တာများတယ်
၂။ Ultrasound - ဒါကတော့ ကျောက်ကပ်ထဲမှာ ကျောက်တည်ရင် မြင်ရတာများတယ်။ ကြီးလေ ၊မာလေ ဆိုတဲ့ ကျောက်မျိုးကိုကြည့်ရတာ ပိုမြင်သာထင်သာရှိပါတယ် ။ ပြီးတော့လည်းတကယ်လို့ ကျောက်က ဆီးပြွန်မှာသွားပိတ်နေတာကြာရင် ကျောက်ကပ်မှာအရည်တွေစုပြီးဖေါင်းကားလာတတ်ပါတယ်( Hydronephrosis )လို့ ခေါ်ပါတယ်။ ရေမြောင်းထဲ အမှိုက်ပိတ်ဆို့တာ ကြာရင် ရေစီးမကောင်းဘဲ နောက်ပြန် ရေလျှံတက်တဲ့သဘောခပ်ဆင်ဆင်ပေါ့ ။
၃။ဒီထက်ပိုသေချာတဲ့ နည်းကတော့ Intravenous Pyelogramme ( IVP ) လို့ ခေါ်တဲ့ သွေးကြောထဲကို ဆေးရည်တမျိုးထိုးပြီး ဆီးလမ်းကြောင်းတလျှောက်ကို ၁၀ မိနစ်စီခြားပြီး ဓါတ်မှန်ရိုက်တာပါ ။ အဲဒီလို ရိုက်လိုက်ရင် ဆီးပြွန်ရဲ့ ဘယ်နေရာမှာ ကျောက်တုံးရှိနေတယ်။ ပိတ်ဆို့ နေတယ်။ ကျောက်ကပ်ကြီးဖေါင်းကားနေ ၊မနေ ဆိုတာတွေ ပိုပြီး ထင်ရှားစွာ မြင်ရမှာ ဖြစ်ပါတယ်။
၎။ ဒါနဲ့ မှ မသေချာသေးရင် CT Scan။ MRI အစရှိတဲ့  ပိုပြီးတိကျတဲ့  ဓါတ်မှန်မျိုးတွေ လုပ်ကြည့် စစ်ကြည့် နိုင်ပါတယ် ( အကုန် အကျတော့ ပိုများမယ်နော် )။
အင်း ဟုတ်ပါပြီတဲ့ ။ ဆီးလမ်းကြောင်းတနေရာမှာ ကျောက်တုံးလေး ပိတ်ဆို့ နေပါပြီတဲ့  ။ ဘာဆက်လုပ်ကြမလဲ နော် ။
ကျောက်ကလေးက သူဟာနဲ့သူ ကျောက်ကပ်လေးထဲမှာ ငြိမ်ငြိမ်လေးနေရင် ။ မနာ မကျင်တာမို့  တချို့ သူတွေ ဆို တခါမှ ငါကကျောက်သူဌေးပါလားဆိုတာ ကို သိတောင်မသိပါဘူး ။ မနာမှမနာတာလေ ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ မွေးထားကြတဲ့ သူတွေလည်းရှိတယ် ။Stag horn stone ဆိုတဲ့  ဂျိုတွေပါတဲ့ ကျောက်တုံးလေးတွေဟာ တခါတလေဘာ ဒုက္ခမှမပေးဘဲ နေတတ်တယ် ။ တခြားအကြောင်းကြောင်းကြောင့် ဓါတ်မှန်ရိုက်ကြည့်မိတဲ့ အခါမှ သူ့ ကို မတော်တဆတွေ့ ရတာလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို ငြိမ်နေတဲ့ ကျောက်တုံးလေးတွေ ကို ဘာမှမလုပ်ဘဲ ဒီတိုင်းထားလဲ ရပါတယ် ။ အရေးပေါ် ဘာမှ လုပ်ပေးစရာ မလိုသေးပါဘူး။
ဒါပေမဲ့ကျောက်ကပ်ထဲမှာ နေ နေတဲ့ကျောက်အပိုင်းအစလေးတချို့ ဟာ တခါတရံ လှုပ်ရင်းပြုရင်းနဲ့ အဆင်မသင့်ရင် ဆီးပြွန်ထဲရောက်လာတတ်ကြတယ် ။အဲဒီအခါကျတော့ သူ့ ရဲ့ ချွန်နေတဲ့ မျက်နှာပြင်က ဆီးပြွန်နံရံကို ပွတ်တိုက်ဆင်းတော့ သွေးယို စီးပြီး နာကျင်မှုဝေဒနာ ကိုလည်းဖြစ်စေတော့တာပေါ့ နော် ။
အဲဒီလိုအခါမျိုးမှာတော့အထက်မှာ ပြောခဲ့သလိုဘဲ နာကျင်တဲ့ဝေဒနာကိုလျော့အောင်အရင်ဆုံးလုပ်ပေးရမယ်ပေါ့။ ပြီးတော့ ဆီးများများသွားနိုင်အောင် ဒရစ်ပုလင်း ချိတ် ၊ အကြောထဲ ရေဓါတ်လုံလောက်အောင်သွင်းပေး ။ ကျောက်တုံးလေးက 4mm မီလီမီတာ ထက်သေးငယ်ရင်တော့ အများအားဖြင့် သူဟာသူဘဲ ဆီးနဲ့ အတူ အပြင်လောကထဲ လျှောလျှောရှူရှူ ထွက်လာတတ်လေ့ ရှိတယ် ။
တကယ်လို့ 5 mm ထက် ကြီးမားနေတဲ့ ကျောက်လေးတွေဆိုရင် တနေရာရာမှာ တစ်ပြီးခံ နေတတ်တယ်လေ ။
ဒီတော့ ဆေးရုံတင်ပြီး ဒီကျောက်ကို အပြင်ထွက်အောင် လုပ်ရတော့မယ် ။
လုပ်တဲ့ နည်းလမ်း တွေကတော့ ဒီလိုပါ။
(၁) ဆီးပြွန်တနေရာရာ (အောက်ပိုင်း ၁/၃ ပုံနေရာမှာဆိုရင် ဆီးအိမ်ထဲ မှန်ပြောင်းသွင်းပြီး ဇကာလိုခြင်းတောင်းလေးနဲ့  ဆွဲချလို့ ရတယ်၊ ပြီးရင် ဆီးလမ်းကြောင်းမပိတ်အောင်လို့ ပြွန်ပိုက်လေးတချောင်းကို အထဲမှာ ၂ ပါတ်လောက်ကြာအောင် ထဲ့ ထားပေးရပါတယ် ( URS-SL and DJ insertion ) လို့ အတိုကောက် ခေါ်ပါတယ်။
(၂) ကျောက်ခဲလေးက ကြီးပြီး ကျောက်ကပ်ထဲမှာဘဲ ရှိနေသေးရင်တော့ အပြင်ကနေပြီး စက်တုန်ခါမှုနဲ့ ကျောက်ခွဲစက်လိုသဘောမျိုး အပိုင်းအစငယ်လေးတွေဖြစ်အောင်ခွဲချေပစ်တဲ့ နည်း( Extra-corporeal Shock Wave Lithotripsy - ESWL) ကို သုံးလို့ ရပါတယ် ။ပြီးတော့ အရည်များများ သောက် ။ သွေးကြောထဲ အရည် သွင်းပေးပြီး ဆီးနဲ့အတူ ကျောက်အစလေးတွေ ထွက်ကျလာအောင် လုပ်ပေးရပါတယ်။
(၃) ဒီလိုနည်းနဲ့မှ မထွက်ကျနိုင်တဲ့ကျောက်မျိုးဆိုရင်တော့ ခွဲရ စိပ်ရတော့ တာပေါ့လေ ။ တချို့ ဆို ကျောက်ကပ်တခုလုံးသုံးမရအောင် ပျက်စီးသွားတတ်ကြတယ် ။
နောက်ဆုံးအဆင့်  အတော်လေးဆိုးဝါးနေရင်တော့ ကျောက်ကပ်လေး ဆေးရတော့တဲ့  အခြေအနေ ပေါ့လေ
(ဒါနဲ့ ပတ်သက်ပြီး အရင်က နေမကောင်းတဲ့ ကျောက်ကပ်လေး ဆိုပြီး ပို့ စ်တခု ရေးပြခဲ့ ပြီးပါပြီ )
ဒီတော့  ဒီလောက်ထိ ဒုက္ခပေးနိုင်တဲ့  ကျောက်ကလေးတွေ မဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ရ ပါမလဲ နော်။
လွယ်ပါတယ် ။ လိုက်နာကြည့် ရုံပါဘဲ။
၁။ ရေများများသောက်ပါ ။ တနေ့ ကို အနည်းဆုံး ၂လီတာ မျှသောက်ရပါမယ် ။(အလွန်အကျွံ 7 -8 လီတာထက်များရင်လဲ ရေအဆိပ် သင့်တတ်တယ် ။ တန်ဆေး လွန်ဘေး ပါ )
ရိုးရိုးရေကိုပြောတာပါ ။ အရက် ။ ဘီယာ ကို မဆိုလိုပါဘူး ။
ပြီးတော့ ကိုကာကိုလာ တို့  ။ပက်ပ်စီ တို့လို့  gas တွေများတဲ့  အချိုရည်တွေလည်းရှောင်ရပါမယ် ။
၂။ ပရိုတိန်းခေါ် အသားဓါတ် တွေချည်း အလွန်အမင်း မစားသင့်ပါ ။ အသားထဲရှိ purine , amino acid cystine ဓါတ်တွေ က ကျောက်တည်စေတတ်ပါတယ်
အခွံမာ ပဲအမျိုးမျိုး ၊ ပဲပုပ်စေ့ ။ဟင်းနုနွယ် ။ ချောကလက် ၊ ဗီတာမင် စီ နဲ့  ဒီဓါတ် ၊ ကယ်စီယံ ဓါတ် အများအပြား မစားသင့်ပါဘူး။
၃။တကယ်လို့  သွေးထဲမှာ uric acid ယူးရိတ် ဓါတ်တွေ များနေရင်( ဥပမာ - gout ခေါ် အဆစ်ယောင်ရောဂါ ရှိသူများ) ဟာ Allopurinol ဆေးကို တနေ့  200 မှ 300 မီလီဂရမ် သောက်ပေးခြင်းဖြင့် ယူးရစ်အက်ဆစ်ကို လျှော့ချပေးနိုင်လို့  ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
စိန်ကျောက် ။ မြကျောက် တွေ ကိုတော့ လူတွေ နှစ်ခြိုက်လိုလား ကြပေမဲ့ ဒီ ဆီးကျောက်လေးတွေ ကိုတော့ ဘယ်သူမှ အလိုရှိကြမှာ မဟုတ်ကြောင်း တထစ်ချ ပြောရဲပါတယ် ။
ဆီးကျောက်ပိုင်ရှင်လေးများ မဖြစ်ကြလေအောင် ဂရုစိုက်နေထိုင်နိုင်ကြပါစေ နော်။
►Posted by
:kiki
:
at
4/19/2009 09:53:00 PM
Subscribe to:
Post Comments (Atom)
5 comments:
တောင်ပေါ်သား said...
အမရေ တကယ့်ကို တန်ဖိုးရှိတဲ့ ပိုစ့်လေးပါ။ တကယ့်ကို ဂုဏ်ယူအားကျမိပါတယ်။ အားလုံးအတွက် သတိထားရမဲ့ ဆေးပညာလေးတွေ မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်.. နောက်များလဲ ဒီလိုတင်ပေးဖို့ တောင်းဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ဖွယ်အတိနဲ့ ပြည့်စုံပါစေ.. ဟဲဟဲ မြန်မြန်လဲ စွံပါစေသား စွံစေသား....
လေးစားလျက်
တောင်ပေါ်သား
April 20, 2009 9:49 AM
အဲဒီရောဂါတော့ မဖြစ်ချင်ဘူးဗျ။ ကျတော်ကတော့ ရေအသောက်များတယ်ဗျ။။ အဲ ဘီယာတော့ တစ်ခါ တစ်လေ သောက်တာပါ(တစ်ခါတလေဆို ရတယ်ဟုတ်)..သေသေချာချာရေးပေးတဲ့ အတွက် ဖတ်မှတ်သွားတယ်...
ဆေးပညာပေးတွေဖတ်ရတာ တန်ဘိုးရှိလိုက်တာ
ပျော်ရွှင်ပါစေ ကိကိရေ
ရောဂါဖြစ်မှ ကုသတာထက်
မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းကို ပိုနှစ်သက်တယ်။ ခုလို စိတ်ရှည်လက်ရှည် ဖော်ပြ ပေးလို့ ကျေးဇူးပါ။ ကျန်းမာရေး ဗဟုသုတ အတွက် ကျေးဇူးကြီးလှပါတယ်။
လေးစားလျက်
ဝင်းဇော်
မမကီ..
ကျွန်တော့် ဆီမှာ မတက်လို့  မမကီတို့ 
မောင်နှမ နှစ်ယောက် ခွပ်နေတဲ့  ဖွဘုတ်က
လိုက်လာရတယ်။
ကျွန်တော်က တစ်နေ့  ဂါလံဝင်လောက်
သောက်တယ် ရေ လေ..။
အဲ့ ဒါ မဖြစ်နိုင်ဘူးထင်ပါတယ်နော...။
မမကီ ဘလွတ်က ကွိုက်ကွိုက်ပဲ...။
Post a Comment