့အင်း ဒီနှစ်သင်္ကြန်မှာ သိကြားမင်းက ဂဠုန် စီးပြီး သံလျှက်ကိုင်ကာ လူ့ ပြည်ဆင်းမယ်ဆိုလို့  ဂဠုန်အုပ်စုတွေ အနှစ် နှစ်ဆယ်နီးပါး အိပ်စက်အနားယူနေရာမှ အကြိုတော်တပ်ဖွဲ့ ကို ခါတော်မီ ကမန်းကတန်း ဖြစ်သလို ဖွဲ့ ပြီးသကာလ သံလျှက်စွန်းမှနေ၍ တဟီးဟီးထအောင်ကြီးမားခန်းနားလှတဲ့  ရွာအဝင် မုဋ်ဦးကြီး ကို ပြင်ဆင်ဆောက်လုပ်ပြီး အရှင်သကြားမင်းအလာကိုကြိုဆိုဖို့  .. ခု ရွာထဲမှာ ဖြစ်ပျက်နေတဲ့  ဗရုတ် ဒုက္ခတွေကို အရှင်သကြား မမြင်အောင်ဖုံးကွယိဖို့  အမျိုးမျိုး ကြိုးစား ပြုပြင်နေကြပါတယ် ။
ဆင်သေကို ဖုံးဖို့ ရာကလည်း ရွာအတွင်းမှာ ရှိသမျှ ဆိတ်တွေ အားလုံး မသတ်မနေရ တဲ့ ။ ဆိတ်ရေခွံတွေ ခွာယူ ဖို့ ရာ မဟာ စီမံချက် ကြီးချမှတ် လိုက်လို့  နို့ ညှစ်စားနေတဲ့ ဆိတ်ပိုင်ရှင် ကိုကုလားတို့ တဝိုင်းလုံးလည်း ဆိတ်ချမ်းသာခြင်း ကင်းမဲ့ နေကြရပါပြီ။
ဒါ့ အပြင် ရွာတင်မက ကမ္ဘာနဲ့  တောင် ယှဉ်ပြီး ဗမာ့မီဒီယာတွေ အကျိုး မျှော်ကိုးပေးပြီး အဆင့်မှီ အဆင့်မြင့် အင်တာနက်စနစ်ကို ရွာလူထု နဲ့ ကမ္ဘာအကြားပေါင်းကူးတံတားကြီးတခု တည်ဆောက်ပေးမလို့ ပါတဲ့ ။မယုံရင် ပုံပြင်လို့သာမှတ်ကြပါ ။
ဒီပုံပြင်တွေကလည်း ကြားရပေါင်းများလို့  ဒို့ ရွာသားတွေလည်း ရိုးအီနေကြပါပြီလေ ။ Remix တွေ
နယူးဗားရှင်းတွေတောင်ထွက်နေလိုက်သေး ။
အတင်းညာတဲ့ သတင်းစာကလည်း တမှောင့် ..
၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့ မှစတင်ပြီး ခေတ်မှီ ဖိုင်ဘာအော့တစ် နဲ့ပြုလုပ်ထားတဲ့  အင်တာနက်လိုင်းကြိုးတွေ( ရေစိုခံ ဓါတ်လိုက်ခံ၊ နာဂစ်မုန်တိုင်းဒါဏ်ခံ၊ကြွက်ကိုက်ခံ ၊ဥတု သုံးပါးခံ၊ ခံနိုင်ရည် အပြည့် ရှိတဲ့ လိုင်းမျိုး) ပြောင်းလဲတပ်ဆင်ပေးတော့မှာမို့  ဧပြီလ ၁ရက်နေ့ နောက်ပိုင်းမှာ ရွာသားတွေ ခေတ်မှီတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ခံစားရပါမဲ့ အကြောင်း မြန်မာ့တယ်လီပို့ စ်မှ ရဲရဲကြီး ကြေညာသွားခဲ့ပါတယ်။
အချိန်တန်တော့ နပိန်တင်မက နပါးမဝတဝတွေတောင်ကန်နေကြပြီ .(ဘော်လုံးရာသီတောင်မဟုတ်သေးဘူး )
အရာရာခက်တဲ့  အင်တာနက် ၊ ပြင်ရတာလည်း အတော်ခက်တယ်ထင်ပါ့  ။သတ်မှတ်ထားတဲ့အချိန်အတိုင်းမပြီးနိုင်တော့ ဘာဖြစ်သတုန်း ။
ဘာမှမဖြစ်ပါဘူး ။ နောက် ဖက် ၅ ရက်ရွှေ့ လိုက်ရုံပေါ့ ။ ဘာခက်တာမှတ်လို့ ။ သတင်းဆိုတာ ငါ့ပါးစပ် ၊ငါ့လက်နဲ့ ငါ့စက်ကထွက်တာဘဲလေ ။ ၅ ရက်နေ့ လည်းမပြီးသေး ။ ဒီတခါတော့ ခပ်ခွာခွာလေး ချိန်းလိုက်မယ် ။ကဲ ၁၇ ရက်နေ့ ပါတဲ့ ။ လူရယ်စရာ သတင်းစာနဲ့ ပြန်ကြားရေးဌာန ။
[ ပြီးပါတော့မယ် ၊ ဒီနေ့ ရမှာပါ ။ ဟိုနေ့ ကျသေချာပြီးပါမယ် ။ ပြီးချင်မှလည်း ပြီးပါမယ် ၊ ကောင်းချင်မှလည်းကောင်းပါမယ်။ နောက်ဆုံးရ သတင်းများကိုလည်း ဆက်လက် ကြေညာ သွားပါမယ် ။
ပုံ / မြန်မာ့တယ်လီပို့ စ် ]
ဒါကြောင့်ပြောပါတယ် ။ ကဗျာလေးတွေ မစပ်ဘဲ မနေနိုင်ကြပါဘူး ။ ရွာသားတွေဘဲလေ ။ သိတယ်ဟုတ် ။
လက်တန်းလေးတပုဒ်တောင်ထွက်လိုက်သေး။
(လိမ်တယ် ညာတယ် ပုဂံနက် (Bagan Net ) ရယ် ။ ယုံအောင် ဖြီးတတ်တယ် ။ ကွန်နက်ရှင်ကို ရမယ်ပြောပြီး အချိန်ဆွဲလို့ ရယ်) ...
သင်္ကြန်မှီ တူးပို့  ရိုက်စား သီချင်းခွေထဲတောင် ကော်ပီလုပ်ပြီးသွားပါပြီ ။ အော်ရီဂျင်နယ် ခွေမထွက်ခင်မှာတောင် ကော်ပီခွေတွေ ထွက်နိုင်ကြတာ ၊ လူတွေ ဒီ အီးခေတ်ထဲ မှာ နေလို့ ပျော်တဲ့ အကြောင်းရင်းတခု နေမှာပေါ့ ။ အီးပစ္စည်းတွေလည်း အံ့ မခန်း ၊ ဒီစနစ် နဲ့ ဒီခေတ်ကြီးမှာ ဒီလူတွေနဲ့ လိုက်လည်း လိုက်ဖက်ပါပေတယ် ။ ရွာသားတွေ ရဲ့  လိုက်လျောညီထွေ နေတတ်ကြပုံ နဲ့ သည်းခံခြင်း တရားများ ဟာ ဒီကမ္ဘာပေါ်မှာ စံနမူနာ ယူလောက်စရာပါဘဲလေ ။
မငြိမ်မသက် ထကြွသောင်းကျန်းနေတဲ့ အလစ်သမား ၊ သူခိုး၊ ဓါးပြ ၊ ပြန်ပေး ၊လူသတ် ရာဇဝတ်မှုတွေ ဒလစပ် ကျူးကျော်ရမ်းကား နေတဲ့ ငမိုက်သားတို့ ကို ဆုံးမဖို့ အချိန်ကျလို့ သံလျှက်တော်ကိုင်ကာ ဆင်းလာမည့်  အရှင်သိကြားမင်းကြွရောက်လာမဲ့ နေ့ ရက်အချိန် အတိအကျကို မြန်မာတယ်လီပို့စ် မှ တဆင့်  အီးမေးလ်ပို့  ကာ အကြောင်းကြားထားပြီးဖြစ်သဖြင့် သိကြားမင်းရှေ့ ပြေးအဖွဲ့ မှ့ချက်ကင်( Checking) မလုပ်တော့ဘဲ၊ စိတ်ချလက်ချ ဖြင့် ၊ မြို့ ပြင်တနေရာ က ဆိုက်ဘာ ဆိုင်ကြီးမှာ ချက်တင်တွေ လာထိုင်နေကြပြီး နတ်ပြည်မှာ
ကျန်နေခဲ့ တဲ့  သုဇိတာ နတ် သမီးရဲ့ အပျိုတော်လေးများနဲ့  နေ့ မအိပ် ညမအိပ် နတ်ဇာတ်ခင်းနေကြသေးရဲ့ လေ ။
ကွန်နက်ရှင်က တက်လိုက် ကျလိုက်ဆိုတော့ ဆန့် တငင်ငင် နဲ့ နတ်ချက်တင် ကို ရှေ့ ပြေး နတ်အဖွဲ့ က ညိုညင်စ ပြုနေပါပြီ ။
တနေ့ ကောင်းနိုး ။တရက်ကောင်းနိုးနဲ့  လူ့  ဗြမ္မာပြည် (အဲ..ဗမာပြည်) က လဒတွေရဲ့ ပေါက်ကရ ရှစ်ဆယ် ကြေညာချက် တွေကိုအကြောင်းမသိသေးတဲ့  နတ်ရှေ့ ပြေး လေးတွေ အယုံကြီးယုံလို့  အပုံကြီးပုံအပ်မိခဲ့ တာ ။ ကိုးနတ်ရှင် အတက်အကျ တွေကြောင့် အပ် ပ် တူ ဒိတ် သတင်းများကို နတ်ပြည်သို့  မပို့ နိုင်တော့တဲ့ အခြေအနေ ။
ခရစ် သက္ကရဇ် ၂၀၀၉ ခုနှစ် ဧပြီလ ၁၂ရက်နေ့ ( မြန်မာ သက္ကရာဇ် ၁၃၇၀ တန်ခူးလဆုတ် ၅ ရက် ) မဟာ သင်္ကြန်အကျနေ့ရောက်ရှိလာပြီးသကာလ ။အလွဲလွဲ အချော်ချော်တော့ ဖြစ်ကုန်ကြပါပြီ ။
အရှင်သိကြားမင်းရဲ့  ရွာဝင်ခွင့် ဗီဇာ အချိန်မှီ မကျလာနိုင်တော့ပါဘူးတဲ့  ။ ဗီဇာကို ဟို နပြည်ဒေါ်မှာ ဝံကြီး ကိုယ်တိုင်နှိပ်ပေးမှ ရတဲ့  စနစ်သစ်ကြောင့် ရယ် ။ရွာကို ဆင်းဖို့ ရာ သန်လျှက်စွန်းဂိတ်သို့  ဒါရိုက်ဖလိုက်လဲ မရှိတဲ့ အတွက် ရွာနီးနားချင်းမှ တဆင့် ထရန်စစ်နဲ့  လာရမှာ အဲဒီရွာနီးချင်းက ရွာသား အချင်းချင်း ဒုတ်တပြက် ဒါးတပြက်နဲ့  ရွာသူကြီးလည်း လက်မှိုင်ချနေရတဲ့ အချိန့် ဖြစ်နေတာရယ် ၊ ကြောင့် ပါတဲ့ ။
ဒီတော့ ဒီတော့ ဒီနှစ် ရဲ့ မဟာသင်္ကြန်မှာ ရှေးစဉ်ဆက်တည်းက အကျနေ့ မှာ လူ့ ပြည်ဆင်း နေကျသိကြားမင်းကြီးလည်း
မြန်မာတယ်လီပို့ စ်ရဲ့ ပြင်လွန်းဖင်ချွန်းမှုများကြောင့် လွဲချော်မှုများ ကြောင့် အချိန်မီ မလာရောက်နိုင်တော့ကြောင်းပါ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကလင်.. ကလင် ..ကလင် .. ကလင် ..ကလင်
အန်...ဘာသံပါလိမ့် ...သြော် ဒီနာရီ နှိုးစက်ကလည်း တမှောင့် စောစောစီးစီး ...နှပ်နေတာလေး ..ဇိမ်ပျက်လိုက်တာ
သကြားမင်း ကို ဘယ်ပုံနဲ့ ဆင်းလာမလဲလို့ စောင့်ရင်း အိပ်ပျော်သွားလို့ ။ သင်္ကြန်ရက်တွေအတွင်း အထူးတလည် လွမ်းမိနေတဲ့ ရွှေပြည်မြန်မာ မှာ နှစ်ဆန်း ၁ ရက်နေ့ အချိန်မှစပြီး အင်တာနက်တွေ ပြန်ကောင်းတော့မယ်လို့ လွှင့်ထားတဲ့  သတင်းလေးကို မယုံ့ တယုံ စောင့်စားနေမိရင်း စိတ်စွဲလို့ မက်တဲ့ အိပ်မက်ကလေး တခု ။ အင်း ဒါကအိပ်မက်ပါဘဲလေ ။ သိကြားမင်းဆိုတာ ဗီဇာမှ မလိုတာနော် ။
အင်တာနက်နဲ့ ဆက်သွယ်စရာလည်း မလိုပါဘူး ။ ဒီတော့ ခုချိန်မှာ လူ့ ပြည်ဆင်းနေပါပြီ ။
ခွေးသားရေချပ်မှာ ဒီတနှစ် အတွက် နာမယ် အတပ် မခံရအောင် မဟုတ်တရုပ်လုပ်ထားကြသူများ သတိထားနေကြပါ..
နှစ်သစ်မှာ စိတ်သစ်တွေနဲ့ မျှော်လင့်ချက်အသစ်များ ပုံဖေါ်နိုင်ကြပါစေ ။ (လူကတော့ အဟောင်းအတိုင်းဘဲပေါ့ ။ဒါပေမဲ့ စိတ်ပျို ကိုယ်နုလေ) ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးဘယာ ကင်းကွာကာ အေးချမ်းပျော်ရွှင်နိုင်ကြပါစေ ။
►Posted by
:kiki
:
at
4/15/2009 09:45:00 AM
Subscribe to:
Post Comments (Atom)
4 comments:
ဟင်း ဘာများလဲလို့ အိပ်မက်မက် နေသေးတယ်
ဘလောဂ့်မဟာသင်္ကြန်စာကို လာဖတ်ပါတယ် .. အဟိ ။။
နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ ပျော်ရွှင် ပါစေ
ဥပုသ်စောင့်ထားရင် online မတက်ရဘူးဆိုတာ မမှန်ပါဘူး... online ရောက်ရင်သာ ဟိုလူဟင်းချက်ထားတာမြင်ရင် ဝင်သွားရည်ကျ.. ဒီလူသီချင်းတင်ထားတာကြားရင် ကွေးနေအောင်က.. ဒီလိုမျိုးဖြစ်ရင်တော့ သီလပျက်နိုင်တာကိုး...
အမှန်က စိတ်ထားတတ်ဖို့ ပါ.. စိတ်မထားတတ်ဘဲ ကိုယ်လုံးတီးလဲနေတဲ့ အသုဘကောင်ကို ဖောက်ပြန်မိတဲ့ ရဟန်းအကြောင်းတောင် ဘုရာဟောဖူးတယ် မဟုတ်လား...
သင်္ကြန်မှာသီလယူခဲ့တယ်ဆိုတော့ သာဓုပါဗျာ...
"( ရေစိုခံ ဓါတ်လိုက်ခံ၊ နာဂစ်မုန်တိုင်းဒါဏ်ခံ၊ကြွက်ကိုက်ခံ ၊ဥတု သုံးပါးခံ၊ ခံနိုင်ရည် အပြည့် ရှိတဲ့ လိုင်းမျိုး) " ဟုတ်ကဲ အဲဒါတွေ အကုန်လုံးအာမခံပါတယ်တဲ့ ဒါပေမဲ့ ပုရွက်ဆိပ် ကိုက်လိုက်လို့ ကိုးနတ်ရှင်နှေးနေကြောင်းပါ....
Post a Comment