ဒီလို ပြိုင်ရင်းနဲ့ သူက နောက်ထပ် ဆေးရုံကြီးတခု ကို Chung Liလို့ ခေါ်တဲ့ မြို့ (中壢巿) မှာ ထပ်ဆောက်တယ် ။ ခုလောလောဆယ် လုပ်နေတဲ့  ဆေးရုံငယ်လေးကိုလည်း ၂နှစ်စီမံကိန်းနဲ့  ဆေးရုံကြီး ပြန်ပြင်ဆောက်မယ်ပေါ့ ။ ဒီလို စပ်ကူးမတ်ကူးကာလလေးမှာ လုပ်ရတဲ့ အပိုကိစ္စတွေ ဘာမှန်းမသိ တဖြေးဖြေးများလာတယ် ။ ဟိုတမြို့ ကဆေးရုံသစ်ကြီးပြီးသွားတော့  ဒီဖက် Yang Mai ( 楊梅 )က လူတွေဆက်လုပ်ချင်တဲ့ သူတွေအားလုံးနေရာသစ်ပြောင်းရတယ်။အရွှေ့ အပြောင်းဆိုတော့လည်းကိစ္စဝိစ္စတွေအများသား ။နေရာသစ် ၊ အားလုံးအသစ် ။လူတွေကတော့ အဟောင်း နဲ့ အသစ်အရောပေါ့ ။ အရင်ဆေးရုံထက် ဆယ်ဆလောက်ပိုကြီးသွားတော့ လူတွေလည်းအသစ်တွေထပ်တိုးခန့်ရတာပေါ့နော်။တွဲဘက်သင်ကြားရေးဆေးရုံအဖြစ်တဆင့်ထပ်တက်ချင်တော့ သူ့ ရဲ့ စံချိန် စံညွှန်းမှီအောင် ၊တောင်းဆိုချက်တွေကလည်းမတရားများလာတယ် ၊ မိတင်တွေကလည်းတနေ့ တနေ့ မပြီးနိုင် မစီးနိုင် ၊ လူနာ ဆေးရုံတက် ၊ ဆင်း နှုန်းကလည်း ဒီရေနဲ့ အပြိုင် ။အထပ်တထပ်မှာ လူနာအယောက် ၄၀-၅၀ ။ အဝင် ၄၀ ဆိုရင် အထွက် ၄၀ လောက်ဆိုတော့  ဒီလူနာတွေရဲ့  ဆေးရုံ အဝင်မှတ်တမ်း ၊ ဆေးကုခြင်း ၊ နေ့ စဉ် အခြေနေများ၊ ဆေးရုံဆင်းလက်မှတ် ၊ အကျဉ်းချုပ် မှတ်တမ်း အဲဒါတွေ ရေးရတာနဲ့ ။လူနာလိုသလိုအရေးပေါ်လုပ်ပေးရတာနဲ့ ။ဘယ်လိုမှ အလျဉ်မမှီနိုင်ပါဘူး ။လူ မလောက်လို့  လူသစ်တွေတော့ ခေါ်ပါရဲ့  ။ ပင်ပန်းဒါဏ် မခံနိုင်ကြလို့ တချို့ ဆို ၁ပါတ်၊၂ပါတ် နဲ့တင် အလုပ်ထွက်သွားကြတယ် ။ဒီတော့လဲ ဒုံရင်းဘဲ။မနိုင်ဝန်တွေထမ်းရတာ။ ကြာတော့ လူလည်းဂေါက်ချင်သလို ။ပေါက်ချင်သလို ဖြစ်လာတယ်။
ဆေးရုံအသစ်ဆိုတော့ စစ်ဆေးရေးကလည်းမကြာခဏဝင်နေကြတာ ။ တနေ့ ကို ပုံမှန်အလုပ်ချိန် က ၈ နာရီ ။နောက်ပြီး onduty ဆိုရင် ၂၄ နာရီ ဆင်းရတယ် ။ ၃ရက်ခြားတခါ onduty အလှည့် ကျတယ်လေ ။
ကိုယ့် အလုပ်မပြီးသေးရင် နောက်ရက်တွေမှာ အကြွေးတွေတင်နေမစိုးလို့ တနေ့ အလုပ်တနေ့ ပြတ်အောင် မပြီးမချင်းအလုပ်မဆင်းဘဲ လုပ်တတ်တဲ့ အကျင့်ကြောင့်  အတော်လေးဒုက္ခရောက်ရသေးတယ် ။ တရက်မှာပေါ့ ။ မနက် ၈ နာရီ မှ ညနေ ၅ နာရီ ပုံမှန် ဂျူတီနေ့ ပါဘဲ ၊ အလုပ် မပြီးလို့ ဆက်လုပ်ရင်း ဇောနဲ့ ဆိုတော့ဘယ်အချိန် ရောက်သွားမှန်းမသိလိုက်ဘူး ၊ ဒါနဲ့ အပြီးသတ်တော့ အိမ်ပြန် နားမယ်ပေါ့လေ ( အရင်ဆေးရုံအဟောင်းလို ဆေးရုံထဲမှာနေစရာ အဆောင်မရှိလို့  အနီးနား မှာ ဘဲ အိမ်ခန်းသပ်သပ်ငှားနေရတာလေ ။အမြန်လမ်းလျှောက်ရင် ၅ မိနစ်စာလောက်ဘဲ လှမ်းပါတယ် ) ။အဲသလို အပြန် ညကအတော်လေးနက်နေပြီ အာရုံတက် ၃ နာရီထိုးခါနီးပါဘဲ ။လူတွေအိပ်ကောင်းတဲ့ အချိန်ပေါ့။လမ်းပေါ်မှာလူအသွားအလာမရှိသလောက်ဘဲ ။ နေတဲ့ နေရာက လမ်းသွယ်လေးထဲချိုးဝင်ရတယ်လေ ။ နဲနဲလေး အမှောင်ကျတယ်ပေါ့ ။ ဒါနဲ့ စိတ်ထဲ တမျိုးဖြစ်တော့ ခပ်သွက်သွက်ဘဲလျှောက်ပါတယ် ။ ဒါပေမဲ့ သိတယ်ဟုတ်လား ။ ကိုယ့် နောက်မှာ လူတယောက်ယောက်ရှိနေရင် ၊ကြည့်နေရင် မသိစိတ်က အလိုလိုသိသလိုဘဲလေ ။ ဒါကြောင့် နောက်ကိုတချက်လှည့် ကြည့်လိုက်တော့ လူတယောက် အနောက်မှာ ကပ်လိုက်ပါလာတာ ။ ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားတယ် ။အခြေအနေ ရိပ်စားမိတော့ ဘာမှ မစဉ်းစားအားပါဘူး ။တချိုးတည်းသုတ်ခြေတင်ပြေးတော့တာဘဲ။ကိုယ့်ဟာကိုယ်တောင်ဒီလောက်အပြေးသန်မှန်းအစကမသိဘူး။ကိုယ်တို့ နေတဲ့ apartment မှာက အချိန်ပြည့် အစောင့်ရှိတယ်လေ ။ တံခါး က ၂ ထပ် ။အပြင်တထပ်က ညဆို lock လုပ်ထားတယ် ။ကိုယ့်  ကဒ်နဲ့ ကိုယ်ဆွဲပြီးမှ အပြင်ကနေဖွင့် လို့ ရတာ ။ အစောင့် က အထဲမှာ ။ကြောက်အားလန့် အားနဲ့ ဆိုတော့ ကဒ်လဲဘယ်ရှာရမှန်းမသိ ။အနောက်ကလူကလည်းအတော်လေးကပ်နေပြီ ။ တံ ခါးကို တဘုံးဘုံးထုပြီးအစောင့်ကိုအော်ခေါ်ရတာ ။ အသံတောင် အတော်လေးတုန်နေတယ်လေ ။တော်သေးတယ် ။အဲဒီည က မောင်မင်းကြီးသားက အထဲမှာအိပ်ပျော်မနေတာဘဲကျေးဇူးတင်ရမယ် ။ ဒါနဲ့ သူလဲ ကမန်းကတန်းထွက်လာကြည့် တော့မှ နောက်ကလူလည်း ပြန်လှည့်သွားလို့ ။ လုယက်ဖို့ လား ၊ဘာလုပ်မလို့ လဲတော့မသိ ။ ဘဝမှာ ဒီတခါဘဲ သေပြေးရှင်ပြေးပြေးဖူးလိုက်တယ် ။
လူနာက အမြဲလို ပြည့် နေတော့ စစ်ဆေးရေးက နဲနဲသံသယဝင်လာတယ်။အသစ်ဖွင့်ကာစ ဆေးရုံတခုမှာဘာလို့ ဆေးရုံတက်နှုန်းက ဒီလောက် များနေရတာလဲပေါ့ ။ National Health Insurance ( 全民健康保險 )ဆိုတာ ဒီမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတရပ်ပါ ။ ဆေးကုသစရိတ် ၊ ဆေးရုံတက်စရိတ်တွေအားလုံးထဲမှာ ပြည်သူတွေက ၁၀ ရာခိုင်နှုန်းဘဲပေးစရာလိုပါတယ် ။ကျန်တဲ့ ၉၀ ရာနှုန်း ကို အစိုးရကနေ အကုန်ကျခံပေးပါတယ် ။ဒီအတွက်ကို ပြည်သူတွေက တလ ဘယ်လောက်နှန်းနဲ့ (ပမာဏနဲနဲလေးပါ...ရာဂဏန်းလောက်ပါဘဲ ) အစိုးရကို အခွန်သဘောမျိုးပေးထားရပါတယ် ။ အမြဲနေမကောင်းဖြစ်တတ်တဲ့သူတွေ ။ နာတာရှည်ရောဂါသည်တွေအတွက် ဒီစနစ်ဟာ အထူးကောင်းမွန်ပါတယ် ။ ဒီတော့ ကျသင့်တဲ့  ကုန်ကျစရိတ်ကို ဆေးရုံတွေက နောက်ပိုင်းမှာ အစိုးရဆီမှာပြန်ပြီးလျှောက်ယူရပါတယ်။များသောအားဖြင့်တော့အဲဒီလူနာဆေးရုံဆင်းသွားပြီးနောက်ပိုင်း၃လ မှ ၆ လ လောက်ကြာမှဘဲ ဆေးကုသစရိတ် ငွေကို ဆေးရုံက ပြန်လည်တောင်းခံလို့ရတတ်ပါတယ် ။ တချို့ မသမာတဲ့ ဆေးရုံတွေဟာ လည်း လိုတာထက် ပိုပြီးတင်ပြ တောင်းဆိုတာတွေ ရှိတတ်တော့ ဒီလိုဘဲ မသင်ကာတဲ့ ဆေးရုံတွေဆိုအချိန် မရွေးစစ်ဆေးရေးဝင်တတ်ကြတယ်လေ ။သူတို့စစ်ချင်တဲ့ လူနာမှတ်တမ်းကို တောင်းတဲ့ အချိန်ပြသရတယ် ။ အရင်ကဆိုရင် ဆေးရုံကနေ ဆင်းပြီးတဲ့လူနာအတွက် ဆေးကုခစရိတ်တောင်းတဲ့အချိန်မှာမှ အစိုးရအာမခံဆိုင်ရာဌာန က မသင်ကာရင်တောင်းစစ်တာပါ ။ အခုတော့ ဒီလူနာ ဆေးရုံတက်တာ ၂ ရက်မှ မပြည့်သေးဘူး ။သူ့ နဲ့ဆိုင်တဲ့ ဆေးမှတ်တမ်းတွေ စစ်ချင်ရင် လှမ်းစစ်နေတော့တာဘဲလေ ။ ဒီတော့ ဒီမှတ်တမ်းတွေကို အချိန်မရွေး ပြီးပြည့်စုံ နေအောင် ရေးနေ မှတ်နေရတာ ။
အလုပ်ချိန်က မနက် ၈ နာရီမှစတာ ဆိုပေမဲ့ ၇ နာရီကတည်းကရောက်အောင်သွားပြီး မနေ့ ညက အသစ်တင်လိုက်တဲ့ လူနာတွေကို အရင်လိုက်ကြည့် .။လိုတာတွေလုပ် ။ မှတ်တမ်းရေး ။ ဒီလိုနဲ့ ၈ နာရီထိုးရင် ဆရာကြီးတွေ ward round တာလိုက် ။ changesတွေလုပ် ။ progress note တွေရေး ။ ဆင်းမဲ့ လူနာတွေလိုက်ကြည့် ။ ဆေးရုံဆင်းလက်မှတ်ရေးရ နဲ့ တခါတလေ ၊နေ့လည်စာနဲ့ညစာပေါင်းပြီးတနပ်ဘဲစားလိုက်ရတဲ့ ရက်တွေလဲ မရေတွက်နိုင်ပါဘူး။ onduty ရက်နဲ့ဆုံနေရင်တော့ ဘုရားတရားသာ တ ပြီးနေပေရော့ဘဲ ။ နောက်ဆုံးအဆင့် က case summary ဆိုတာရေးရတယ် ။ ဒီလူနာတယောက်ဆေးရုံတက်တဲ့ အချိန်မှစပြီးဆင်းတဲ့ အချိန်ထိ ကုသချက်၊စမ်းသပ်ချက်အားလုံးပြည့် စုံအောင် အကျဉ်းချုပ်ထပ်ရေးရတာ။ အဲဒါက insurance claim ပြန်တင်ဖို့ အဓိက စာရွက်ဘဲလေ ။ဒီ မှတ်တမ်းတွေကို လူနာဆေးရုံဆင်းပြီးတာနဲ့ နောက်အကျဆုံး ၃ ရက်အတွင်းမှတ်တမ်းဌာနကို အရောက်အပ်ရမယ်တဲ့ ။ မအပ်နိုင်ရင် မှတ်တမ်းတခု အတွက် 50.NTD လခထဲကနေဖြတ်မယ်တဲ့ လေ ။ စဉ်းစားကြည့်လိုက်တော့ သေရော ကျေရော အသကုန်ထိုင်ရေးရင်တောင် တရက်မှာ ၄၀ ကျော်ရှိတဲ့ အထဲက တဝက်လောက်ဘဲ ရေးလို့ ပြီးနိုင်တာလေ ၊။ ဒါတောင် တညလုံးမအိပ်ဘဲ ရေးရတာ ။ တရက်ပြီးတရက် တင်လာတဲ့ မှတ်တမ်းစာအုပ် အကြွေးပုံကြီးဟာ တဖြေးဖြေးစုပုံလာတာ ။ တခါမှာ ၃ရက်တိတိ- နာရီပေါင်း ၇၂ နာရီ မအိပ်လိုက်ရဘဲ အပြတ်ရှင်းပေးလိုက်တာ လူကတခါတည်း နေ့ မှန်း၊ ညမှန်းမသိတော့လောက်အောင် ကြောင်သွားဘူးတယ် ။
ဒါနဲ့ ကိုယ့်ဟာကိုယ်ပြန်စဉ်းစားမိလိုက်တာ ။ ငါဘာလို့ ဒီလောက်တောင် အပင်ပန်းခံနေရတာလဲလို့ ။ ဘယ်သူ့ အတွက်လဲလို့  ပေါ့ ။ ဒီတော့မှ သဘောပေါက်မိတယ် ။ ဒီလောက်ကြီးလဲ လုပ်စရာမလိုပါဘူးလို့ ။ ငတ်နေလို့ လုပ်နေရတာလဲ မဟုတ်ပါဘူးလို့ ။ ဒီတော့မှ စိတ် နဲနဲ ပြန် သက်သာရာရသွားတာပါ ။ ဒီတော့ မပြီးတဲ့ အကြွေးတွေ အတွက် ဒါဏ်ငွေ ရိုက် ။ လခထဲက ဖြတ်ချင်လဲ ဖြတ်ပါစေတော့ပေါ့ ။ အဲဒီအပုံကြီးကို လှည့်ကိုမကြည့် တော့ဘုး ။ပစ်ထားလိုက်တာလေ ။ အဲဒီလက မှတ်မှတ်ရရ 3000 NTD နီးပါးအဖြတ်ခံလိုက်ရတယ် ။ ဖြတ်ပစေလေ ။ ပြီးတာဘဲပေါ့။ အမယ်....ဒါပေမဲ့  ဇာတ်လမ်းက ဒါနဲ့ တင် ပြီးသွားတာမဟုတ်ကြောင်းပါ ။
လဆန်း ၅ရက်နေ့ ကျော်တော့ မှတ်တမ်းဌာန က စာရေးမတယောက် က မှတ်တမ်းတွေ တပုံကြီးနဲ့ ကိုယ့်ဆီပေါက်ချ လာပါလေရော ။ အကျိုးအကြောင်းမေးကြည့် တော့ ဟိုအရင်လက ရေးလို့ မပြီးသေးတဲ့ အကြွေးမှတ်တမ်းတွေတဲ့ ။ ပြန်လာရေးခိုင်းတာလေ ။ အဲဒါကြားလိုက်ရတော့ ဒေါသ အတော်လေးထွက်သွားတယ် ။ ဒါ ငါနဲ့ ဘာဆိုင်တော့လို့ လဲ လို့  ။ မင်းတို့ တွေ တန်ရာတန်ကြေး ငါ့ လခထဲက ဖြတ်ပြီးသားဘဲလို့ ။ ငါမရေးပေးနိုင်ဘူးလို့ ။ ဒီတော့ စာရေးမလေးကလည်း မျက်နှာငယ် နဲ့  သူ့ ကို သူ့ အထက်ကခိုင်းလို့ ပါတဲ့ ။
ဒီလို လူလည်ကျလို့ တော့ဘယ်ရလိမ့်မလဲ ။ စာရေးမလေးကလည်း သူ့ အလုပ်သူလုပ်ရတာဘဲလေ ။ သူနဲ့ မဆိုင်တော့ သူ့ ကို ဘာမှ ဆက်ပြောမနေတော့ပါဘူး ။ နေ့ လည်လုပ်နဲနဲပါးချိန်ကျမှ သူဌေးငတိရုံးခန်းထဲ သွားတယ် ။ အကျိုးအကြောင်းပြောတယ် ။ တန်ရာတန်ကြေး ဖြတ်ပြီးသားမို့ ဒီအလုပ်လက်ကျန်က ငါနဲ့ မပတ်သက်တော့လို့ မလုပ်နိုင်ကြောင်းပြောပြီး အပြတ်ငြင်းလိုက်တယ် ။ တခြားလူတယောက်ရှာပြီးရေးခိုင်းပါလို့ ။ကိုယ့်ဖက်ကတင်းတော့မှ သူ့ ဖက်က လေသံလျှော့လာတယ် ။ လူထပ်ရှာလို့ မတွေ့ သေးလို့ ကူညီပါတဲ့ လေ။ အဲဒီအချိန်မှာ ကူဖို့ အသစ်ဆိုပြီးလာတဲ့ တယောက်ကလည်း ၂ ပါတ်ကျော်လေးလုပ်ပြီး ထွက်သွားတော့ တကယ်လူမလောက်ဘူး ဖြစ်နေတာပါ ။ ဒီတော့တလက်စထဲ အရေးဆိုရတယ် ။
(၁) ဒီမှတ်တမ်းတွေဟာ ၃ ရက်အတွင်းဘယ်လိုနည်းနဲ့ မှ မပြီးနိုင်တဲ့ အတွက် ရက်ကန့် သတ်ထားတာကို ဖြုတ်ပေးပါ လို့ ။
(၂) ဒါဏ်ငွေ လခဖြတ်တာလည်း မတရားတဲ့ အတွက် ဒီအချက်ကိုလည်းဖျက်ပေးပါလို့ ။
ဒါပါဘဲ ။ ပြီးတော့ သူ့ ကို နှတ်ဆက်ပြီး ရုံးခန်းကထွက်ခဲ့ တယ်။
ပြောချင်တာတွေပြောလိုက်ရလို့  စိတ်ထဲ အတော်လေးပေါ့ပါးသွားတယ်လေ ။
နောက်တရက် မနက်အလုပ်ရောက်တော့ notice board မှာ စာရွက်တရွက် အသစ်တွေ့ လိုက်တော့မှ သိလိုက်တယ်။ ကိုယ့် ဟာကိုယ်လည်း စိတ်ထဲ ပြုံးမိသေးတယ် ။ မနေ့ က တောင်းဆိုချက် ၂ မျိုးလုံး အသက်ဝင်သွားကြောင်း သိလိုက်ရလို့ ပါ။
ဒါပေမဲ့ စက်ရုပ်တရုပ်လို လှုပ်ရှားနေရတဲ့ ဘဝ ကို ။အဲဒီ ပါတ်ဝန်းကျင် မှာ လုပ်ကိုင်နေရတာတွေကို ကြာတော့ ငြီးငွေ့ လာပါတယ် ။ အရင်နေရာဟောင်းလေးက အတူတူပြောင်းရွှေ့ လာကြတဲ့ ခင်မင်နေတဲ့  မိတ်ဆွေ တွေနဲ့ အပြင်ထွက်ပြီး လည်ဖို့ မပြောနဲ့  တဆေးရုံထဲ မှာလုပ်နေတာတောင် ။ ဌာနချင်းမတူလို့  လနဲ့ ချီပြီးမတွေ့ ဖြစ်တာတွေရှိတယ်လေ ။ ထုံးစံအတိုင်း ကိုယ့်အလုပ်ကိုယ် မပြီးမချင်းလုပ်နေရတာ ။ဒါကြောင့် အဲဒီ သူဌေးလက်အောက်မှာ ၅ နှစ်နီးပါး အလုပ် လုပ်ပြီး တရက်မှာတော့ အလုပ်ကထွက်စာတင်လိုက်တယ် ။
ထုံးစံအတိုင်း သူ့ ဖက်ကလည်းမေးတာပေါ့ ။အကြောင်းပြချက် ပေးခိုင်းတယ် ။ မလုပ်ချင်လို့ ဆိုတဲ့ အကြောင်းပြချက်က သူ့ အတွက် မခိုင်လုံလို့ ဘဲလားမသိ ။ ဒီမေးခွန်းဘဲထပ်ခါတလဲ မေးတယ် ။ အဖြေကလဲ ဒီအဖြေဘဲ ရှိတယ် ။ နောက်ဆုံးတော့ သူထင်တာ ငွေစကားပြောရင်ရမယ် မှတ်နေလားမသိ ။ လခ တစ်သောင်းတိုးပေးပါ့မယ်တဲ့ ။
အတော်ရီစရာကောင်းတဲ့ သူတွေဘဲ။ လုပ်လာတာ ၅ နှစ် ...လခတိုးပေးမဲ့စကားကို တခါမှ မပြောခဲ့ဘူးဘဲနဲ့  အခု အလုပ်ထွက်မယ်ဆိုတော့မှ ၊ လခတိုးပေးမယ်တဲ့ ။ ဘာရမလဲ လုပ်ချင်စိတ်မရှိတဲ့ နေရာတခုမှာ ငွေမျက်နှာတခုတည်းကြည့် ပြီး ငရဲ ခံသလိုမျိုး တကယ်ကို နေချင်စိတ်မရှိတော့တာမို့  အလုပ်ထွက်စာ တခါတည်းတင်လာခဲ့ လိုက်တယ် ။ ဒီက ထုံးစံအရ ထွက်မယ်ဆို စည်းကမ်းချက်နဲ့ အညီထွက်စာကို တစ်လ ကြိုတင်ရတယ်လေ ။ ဒီငတိကလည်း ထွက်စာကိုလက်မခံဘူး ။ နောက်တရက်မှာ သူ့ စက်ကပ်ကျေးနဲ့ ကိုယ့်ရဲ့ ထွက်စာ ပြန်လာပေးခိုင်းလိုက်သေးတယ် ။ ဒါနဲ့ သူပြန်လာပေးတဲ့  ရက်စွဲ နဲ့ အချိန် ရေးခိုင်း၊ စာရေးမကို လက်မှတ်ထိုးခိုင်းပြီး ထွက်စာကို ပြန်သိမ်းထားလိုက်တယ် ။ စိတ်ဆုံးဖြတ်ပြီးပြီဖြစ်လို့  လူအသစ်အချိန်မီ ရှာဖို့ ။ သတ်မှတ်ထားတဲ့ အချိန်ထိဘဲ လုပ်မှာဖြစ်ကြောင်း သူဌေးကို ဖုံးဘဲဆက်ပြီးပြောလိုက်ပါတယ် ။ကိုယ့်ဖက်က သူတို့စည်းကမ်းချက်နဲ့ အညီလုပ်တာ ။( တစ်လကြို မပြောဘဲ ရုတ်တရက် အလုပ်ထွက်ရင် အရင်လုပ်ထားတဲ့ လခငွေထဲက တလဘယ်လောက်ဆိုပြီး သူတို့ သပ်သပ်နှုတ်ထားတာတွေ ပြန်မရ နိုင်ပါဘူး )။
ဒီလိုနဲ့ အချိန်တစ်လ ပြည့် မဲ့ တရက်အလို သူ့ ရုံးခန်းသွားပြီးနှုတ်ဆက်တော့ ။အင်း ပြန်တွေးရင် ရီစရာဘဲ ။ သူဘာမှ မသိတဲ့ ပုံစံ မျက်နှာပေးက ။မင်းကို စာရေးမနဲ့ ထွက်စာပြန်ပေးခိုင်းလိုက်ပြီးသားဘဲတဲ့  ။ကိုယ့်ထွက်စာသူလက်မခံလို့ အကျုံးမဝင်ဘူးလို့ ဆိုလိုချင်မှန်းသိတာပေါ့ ။ အဲဒါနဲ့ လက်ထဲ အဆင်သင့်ယူလာတဲ့ သူ့ စက်ကပ်ကျေးလက်မှတ်ထိုးထားတဲ့ ထွက်စာလေးဘဲပြန်ထုတ်ပြလိုက်ပါတယ် ။ ရက်စွဲအရ လွန်ခဲ့ တဲ့တစ်လက တင်ထားခဲ့ တာပေါ့ ။ ဒီတော့ ကိုယ်ဖက်က စည်းကမ်းနဲ့ အညီ အလုပ်ထွက်တယ်ပေါ့ နော် ။
ဒီလိုနဲ့ ဘဲ အဲဒီ မွန်းကြပ်တဲ့ နေရာကနေ ထွက်ခွာခဲ့ ပါတယ်။
အဲဒီလအတွက် လခ များအဖြတ်ခံရအုံးမလားဆို ပြီး နောက်လ ရဲ့  လဆန်း ၅ရက်နေ့ မှာ ငွေစုစာအုပ်ကို စက်ထဲသွားစစ်ကြည့်တော့  .... တော်ပါသေးရဲ့  ။ တပြားမှ အနှုတ် မခံလိုက်ရပါဘူး ။
တကယ်ဆိုရင်တော့  အဲဒီသူဌေး ညစ်ချင်ရင်လည်းရပါတယ် ။ အဟဲ ။ ဘာလို့ လဲဆိုတော့  ထွက်စာ စာရွက်ပေါ်မှာ သူကိုယ်တိုင် လက်မှတ်ထိုးထားတာ မဟုတ်လို့ ပါဘဲ ။ သူ့ ရဲ့ စက်ကပ်ကျေးက စာအိပ်အပေါ်မှာ ဘဲ စာရွက် ပြန်ပို့ ပြီးတဲ့ အကြောင်းလေးဘဲ လက်မှတ် ထိုးထားတာကြောင့်ပါ ။ :))
ဘယ်လိုဘဲ ဖြစ်ဖြစ် ။ ဘယ်သူတွေ ဘာဘဲ ပြောပြော သူများတိုင်းပြည်မှာ အလုပ်လာလုပ် ( ခပ်ရိုင်းရိုင်းပြောရရင် ကျွန်လာခံ တာပါ ) ဆိုပေမဲ့  မတရားတာတွေ ဖြစ်နေရင် ၊တရားသဖြင့် ရသင့်တာတွေ တောင်းဆို တတ်ရပါမယ် ။ ကြုံတွေ့ လာနိုင် တဲ့ အန္တရာယ်ကိုလည်း သတိထားပြီး ရှောင်နိုင်အောင် လေ့ကျင့်ထားရပါမယ် ။
ဒီတခါရေးတာ အတော်လေး ပေရှည်သွားပြီ ။ကိုယ့် ရဲ့  ဘဝတပိုင်းတစထဲက တော်လှန်ရေးလေး တခုကို စိတ်ရှည်စွာ ဖတ်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ။
လူတိုင်း ကိုယ့်ဘဝ တော်လှန်ရေးလေးတွေ အောင်မြင်ပြီး အဆင်ပြေ ချမ်းမြေ့ စွာ နေနိုင်ကြပါစေ နော် ။
4 comments:
မကြီး..သတိထားနော်။ အလုပ်ချိန်ပဲ လုပ်ပါ။ အဲဒီလို ညကြီးမဆင်းနဲ့တော့။ သူများတိုင်းပြည်မှာ ဆိုတော့ သတိထားနေတာ အကောင်းဆုံးပဲ။
မကြီး..အမြဲ အန္တာရယ်ကင်းပါစေ။
စိတ်ထိန်း စိတ်ထိန်း
စိတ်နောက်ကိုယ်ပါရင်ပင်ပန်းတတ်တယ်နော်
အဆင်ပြေပါစေဗျာ
ခင်တဲ့
ဖိုးစိန်
ဘယ်လိုဘဲ ဖြစ်ဖြစ် ။ ဘယ်သူတွေ ဘာဘဲ ပြောပြော သူများတိုင်းပြည်မှာ အလုပ်လာလုပ် ( ခပ်ရိုင်းရိုင်းပြောရရင် ကျွန်လာခံ တာပါ ) ဆိုပေမဲ့  မတရားတာတွေ ဖြစ်နေရင် ၊တရားသဖြင့် ရသင့်တာတွေ တောင်းဆို တတ်ရပါမယ် ။ ကြုံတွေ့ လာနိုင် တဲ့ အန္တရာယ်ကိုလည်း သတိထားပြီး ရှောင်နိုင်အောင် လေ့ကျင့်ထားရပါမယ် ။
ကြိုက်တရ် မကီရေ ။ ပွင့်လင်းတ၇် ။ အဆင်ပြေပျော်ရွှင်ပါစေနော့် ။
(ကိုရဲ)
ဘယ်လိုဘဲ ဖြစ်ဖြစ် ။ ဘယ်သူတွေ ဘာဘဲ ပြောပြော သူများတိုင်းပြည်မှာ အလုပ်လာလုပ် ( ခပ်ရိုင်းရိုင်းပြောရရင် ကျွန်လာခံ တာပါ ) ဆိုပေမဲ့  မတရားတာတွေ ဖြစ်နေရင် ၊တရားသဖြင့် ရသင့်တာတွေ တောင်းဆို တတ်ရပါမယ် ။ ကြုံတွေ့ လာနိုင် တဲ့ အန္တရာယ်ကိုလည်း သတိထားပြီး ရှောင်နိုင်အောင် လေ့ကျင့်ထားရပါမယ် ။
လာဖတ်ရင်း တွေးသွားပါတယ်--
လေးစားပါတယ်--
အစစအရာရာအဆင်ပြေပါစေ--
Post a Comment