ကျုပ်ဘဝအကြောင်းလေးတချို့  ပြောပြချင်တယ်ဗျာ ။ ကျုပ်က စစ်သားဆိုတော့ စိတ်ကြမ်း လူကြမ်းလို့ အများက ထင်ကြမယ် ။ထင်လောက်အောင်လည်းကျုပ်က နေခဲ့  ပြောခဲ့ တာကိုးဗျ ။ကျုပ်သမီးတွေတောင် ကျုပ်ကို အမြင် သိပ်ကြည်ကြတာ မဟုတ်ဘူး ။ ဘာဘဲ ဖြစ်ဖြစ်ပေါ့ ဗျာ ကျုပ်ကတော့ ကျုပ်တာဝန် ကျုပ်ကျေခဲ့တယ် စစ်သားတယောက်ရဲ့ ဘဝ မှာ စစ်ပွဲဆိုတာတွေလည်းနွှဲခဲ့ဖူး တာပေါ့ ။ကျုပ်နိုင်ငံကို ထိပါးမဲ့ ရန်သူနဲ့ တွေ့ ရင် ကျုပ်တိုင်းပြည်၊ ကျုပ်လူမျိုး အတွက် ခုခံခဲ့ရတယ် ။ အဲ့ဒီ အတွက် ရခဲ့တဲ့ ဆုလဒ်တွေကတော့ ကျုပ်ရဲ့ ညာဖက်ခေါင်း နဲ့ ခြေထောက်မှာ ထိခဲ့ရတဲ့ သေရာပါမဲ့ ဒါဏ်ရာ ဒါဏ်ချက်တွေ ပါဘဲ ။ ဒါတွေ အတွက် ကျုပ်ဝမ်းမနည်းပါဘူး ။ စစ်သားတယောက် စစ်မြေမှာ ဒါဏ်ရာ ရတာ အဆန်းမှ မဟုတ်တာဘဲဗျ ။
ဒီလို ကြမ်းကြမ်းတမ်းတမ်းနေခဲ့ရပေမဲ့ ကျုပ်မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိပါသေးတယ်ဗျာ ။ ကျုပ်လက်အောက်က အရာရှိ အကြပ် တပ်သားတွေ အပေါ် ကျုပ်ဘယ်တုန်းက မှ အနိုင့်ထက်စီး မလုပ်ခဲ့ဘူး ။ သူတို့  အဆင်မပြေရင် ကျုပ် မရှိ ရှိတာ တတ်နိုင်သလောက် ပေးခဲ့တယ် ။ ကျုပ်လဲ ဒီလို ဘဝက တဆင့် တဆင့်တက်လာခဲ့တာ ၊စစ်သားပေါက်စ ဘဝကို ကျုပ် နားလည်တယ် ၊ ဒါပေမဲ့ ဗျာ ကျုပ်နားမလည်တာက ကျုပ်အထက်က အကောင်တွေဘဲ ။ ဘာကြောင့်မှန်းမသိ သူတို့ထဲက အချင်းချင်းလဲ သိပ် တဲ့ကြတာ မဟုတ်ဖူးဗျ ။
တပ်ထဲမှာ နေရင်၊သက်ဆိုးရှည်ချင်ရင် ဖ သုံးလုံး ကျေကြရတယ် ။အထက် ကကောင်ကို ဖါး ၊အောက်ကကောင်ကို ဖိ ၊တန်းတူတဲ့ကောင်ကို ဖြုတ် ဖို့ လုပ်ကြတဲ့ လောကကြီးဗျို့  ။ ဒီလို ကောင်မျိုးတွေ တနေ့  တခြား များလာတဲ့  ကျုပ်တို့  တပ်လောကကြီး ထဲမှာ ခပ်မှန်မှန်နေတဲ့ကောင်တွေက ဂျောင်ထိုးခံရတယ် ၊မှန်ရုံတင်မက သူတို့ နဲ့ လိုက်လျောညီထွေ မရှိတဲ့ကောင်တွေ ဆို ဖြုတ်ထုတ်သတ် လမ်းစဉ် ပေါ့ဗျာ ။
ဒီလိုနဲ့ဘဲ ဂျစ်ကန်ကန်လုပ်တတ်တဲ့ ကျုပ် စောစောစီးစီးဘဲ ကျုပ်ချစ်တဲ့ တပ်ကို လမ်းခွဲခဲ့ရတယ် ။ အဲဒီအချိန်ကျမှ လူ့ လောကကြီး တပ်လောကကြီး အကြောင်းကောင်းကောင်း နားလည် သဘောပေါက်လာခဲ့တယ် ။ ဒါပေမဲ့  ကျုပ်က နဂိုတည်းက ခေါင်းမာတဲ့ အကောင်ဘဲဗျ ။ ဝမ်းမနည်းခဲ့ပါဘူး ။ ။ တကယ့် မိတ်ဆွေရင်း ဆိုတာ အဲ့ဒီ အချိန်မှာ မှခွဲခြား သိမြင်ခဲ့ရတာပေါ့ ။ အရင် ကျုပ်ရာထူးရှိတဲ့အချိန်တွေမှာ လာနေကြတဲ့ အပေါင်းအသင်းတွေ ထဲက တော်တော်များများ ဟာ ကြက်ပျောက် ငှက်ပျောက် သလိုဘဲ ပျောက်ကုန်ကြတာ ဗျ ။ ကျုပ်ကတော့ ဘာမှ အာဂတ မထားခဲ့ပါဘူး ။ သူတို့ လည်း သူတို့ ရှေ့ ရေး သူတို့ ကြည့်ရမှာဘဲလေ ဆိုတဲ့ အမြင်နဲ့  မြင်ပေးလိုက်ပါတယ်ဗျာ ။
အဲဒီ အချိန်တုံးက တပ်ထွက် ပင်စင်စားတွေ အတွက် ကပစ ကနေပြီး ထုတ်ပေးတဲ့  ကားတွေ ရှိတယ်ဗျ။ ကျုပ်နဲ့ တပတ်ထဲဆင်းတဲ့  အကောင်ဆီက လက်မှတ် တခုပါရင် အဲဒီကားတွေ ထုတ်လို့ရတယ် ။ဒီတော့ ကျုပ်မိန်းမက ပြောပါသေးတယ်ဗျာ ။ "ကားပါမစ်လျှောက်လွှာ သွားယူပြီး ရှင့်သူငယ်ချင်းဆီမှာ လက်မှတ်သွားထိုးခိုင်းပါလား "တဲ့ ။ ကျုပ်ဆိုတဲ့ကောင်ကလည်း ခက်သားဗျ ။ အဲလို အောက်ကျ နောက်ကျ ခံချင်တဲ့ကောင်မဟုတ်တော့ ကျုပ်မိန်းမကို ပြောပစ်လိုက်တယ် ။ " မင်းဆီမှာ စီးစရာ ကားမရှိလို့ လားကွ၊နောက်ဆို ဒီလို အောက်ကျို့ ရမဲ့အလုပ်တွေ ဘယ်တော့မှ လာမလုပ်ခိုင်းနဲ့ "လို့  ။ဒါကလည်း ကျုပ်မိန်းမကို အပြစ်မဆိုသာပါဘူး ။ သိတယ်မဟုတ်လား ၊ကိုယ်ရသင့်တဲ့ အခွင့်အရေး တော့ ယူသင့်တယ်လို့  သူယူဆ တာ မမှားပါဘူး ။ ကျုပ်သမီး အကြီးဆုံးဆို တက္ကသိုလ်ကျောင်းသူကြီး ဖြစ်နေပြီဗျာ ။သူလည်း ကားသစ်လေး စီးချင်ရှာမပေါ့ ။ ကျုပ်ရာထူးရှိတုံးက ကျုပ်အတွက်ပေးထားတဲ့ တပ်ကကားဆိုတာတွေတောင် သူတို့ တခါမှ စီးဖူးခဲ့တာ မဟုတ်ဖူး ၊ ဘုရားစူးရပါစေရဲ့ဗျာ ။ သူတို့ဟာသူတို့ ကျောင်းကားစီး ခိုင်းခဲ့တာ ။တခါတလေ ဘတ်စ်ကား စီးခိုင်း တယ်ဗျာ ။ ဘာဖြစ်သေးလဲ ။
ဒီလိုနဲ့ ပင်စင်စားဘဝ ရောက်တော့ ကျုပ်ပျော်ပါတယ် ၊ကျုပ် ဘယ်သူ့ ကိုမှ အောက်ကျို့ စရာမလိုတော့ဘုး ။ ကျုပ် ဝါသနာပါတဲ့ ကားစုတ်တွေ နဲ့ ကျုပ်အချိန်ကုန်ခဲ့တယ်။သမီးတွေကို မုန့်ဟင်းခါးစားခိုင်းလိုက် ၊ကားစုတ်တွေ နဲ့ နို့ ညှစ်လိုက် ဟန်ကျနေတာ ။ အသေးစိတ်တော့ မပြောပြတော့ဘူုးဗျာ ။ ကျုပ်သမီး ဟို အလတ်မ က ဖေါက်သည်ချထား ပြီးသားတွေဘဲ ။
ဒီလိုနဲ့ ဖ သုံးလုံးကျေ တဲ့ အကောင်တွေကြောင့် လူတွေ တဖြေးဖြေး စားဝတ်နေရေး ကျပ်တည်းလာလိုက် တာဗျာ ။ ၈၈ ခုနှစ်ရောက်တော့ အားလုံးသိကြတဲ့ အတိုင်း တိုင်းပြည်ကြီး ကမောက်ကမ ဖြစ်ခဲ့ ရတယ် ။ အဲဒီအချိန် မှာ ကျုပ် မျက်စိရှေ့ မှာ ကိုယ်တိုင်တွေ့ လိုက်ရတဲ့  မြင်ကွင်းတွေကြောင့် စိတ်ကြမ်းလူကြမ်း ကြီး ကျုပ်တယောက် မျက်ရည်ကျခဲ့ ရတယ် ။ ဘဲ့ နှယ်ဗျာ ကျုပ်တသက်လုံး ချစ်မြတ်နိုးခဲ့ရတဲ့ စစ်တပ် နဲ့ ဒီစစ်သားတွေ က အပြစ်မဲ့တဲ့  ကိုယ့်ပြည်သူတွေ ကို ပြန်ပစ်သတ် ရက်ကျတယ် လို့  ။ကျုပ်တို့ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော် ဆိုတာ ကျုပ်တို့ ပြည်သူတွေကို ပြန်သတ်ဖို့ မဟုတ်ဘူးဗျ ။ကျုပ်ဆိုလိုတဲ့ ဗိုလ်ချုပ်ဆိုတာ ခင်ဗျားတို့ သိကြမှာပါ ။ခုခေတ်လို ချီးပေါ သေးပေါ ပေါနေတဲ့၊ ကိုယ့်ဟာကိုယ် ရင်ဘတ်တံဆိပ်အပြည့်ဆွဲထားကြတဲ့ ရူးကြောင်ကြောင်ကောင်တွေကို ပြောနေတာ မဟုတ်ဘူး ။ သူတို့ အချင်းချင်းလည်း ကွဲကြ ပြဲကြ နှိပ်လိုက်ကြနဲ့  ပြည်သူတွေ မှာ ကြားက မြေဇာပင်ဖြစ်ခဲ့ ရတယ် ။ဘာမှ နားမလည်သေးတဲ့ နယ်ကစစ်သားပေါက်စအရိုင်းလေးတွေကို ဦးနှောက်ဆေး ၊ စည်းရုံးသိမ်းသွင်းခဲ့ ကြတယ် ။ မသေရုံတမယ် ရာရှင်လေးပေးပြီး ရန်ကုန်မြို့ ကြီး သူပုန်ဝင်စီးလို့  စစ်ပွဲကြီးနွှဲပြီး ကယ်တင်ရတဲ့ အသွင်ဖန်တီးခဲ့ကြတယ် ။စိတ်ကြွဆေးတွေကျွေး၊ လူစိတ်ပျောက်အောင် လုပ်ခဲ့ကြပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ အပြစ်မဲ့ တဲ့ ပြည်သူ တွေကိုသတ်ခိုင်းခဲ့တယ် ၊
အဲဒီမှာ တချို့ တပ်တွေလည်း ပြည်သူ့ ဖက်က ရဲရဲကြီးရပ်တည်ခဲ့ ပါ့ဗျာ ။ ဒီမှာတင် တပ်ပြေးဆိုတာတွေ ဖြစ်လာကြရတာ ။ စစ်သား ဆိုတာ ဟာလည်း နှလုံးသား ရှိတဲ့ လူတွေဘဲဗျ ။ အာဏာရူး ၊ ဥစ္စာရူးတွေ ရှိသလို တကဲ့  ပြည်ချစ် စစ်သားတွေ ရှိကြပါတယ်ဗျာ ။ အာဏာရူးတတွေကြောင့် ကျုပ်မြတ်နိုးတဲ့  စစ်တပ်ဆိုတာကြီး က အမဲစက် စွန်းထင်းခဲ့ ရတယ် ။ စစ်သားဆိုတဲ့  အသံကြားရယုံနဲ့  လူတော်တော်များများက အော်ဂလီ ဆန် ခဲ့ကြရတယ် ။ စစ်သားထဲမှာလည်း ဘုရား တရား သံ ဃာကို ယုံကြည်ကိုးကွယ်ကြ သူတွေ ရှိပါတယ်ဗျာ ။ငခုံးမ တကောင်ကြောင့် တလှေလုံး ပုတ်ခဲ့ ရတဲ့  အဖြစ်တွေ ကျုပ်ရင်နာသလို သူတို့လည်းရင်နာမိသူတွေ ရှိမှာဘဲ ။ခင်ဗျားတို့ စဉ်းစားကြည့်ကြပါအုံး ။ လူတွေ တယောက်နဲ့ တယောက် ဘီလူး သူရဲ စီးသလိုမျိုး အကြောင်းမဲ့  ခေါင်းဖြတ်သတ်ခဲ့  ကြတာ ၊ အဆိပ်ခတ်သတ်ကြတာ ။ဒေါသထွက်အောင်လုပ်ကြတာ ဘယ်သူတွေ က သတင်းဖြန့် ၊ ခြေထိုး ၊ တပတ်လှည့် ခဲ့ ကြလို့လဲ ဆိုတာ ။ အဲဒီအချိန်တွေကများဆို ရန်ကုန် မြို့  ကြီးက တကဲ့  လူသတ်ကွင်းဘဲဗျို့ ။ စစ်ပွဲတွေ နွှဲလာခဲ့ တဲ့  ကျုပ်လို လူတောင် မကြည့်ရက်ဖူးဗျာ ။
ဒီနောက်ပိုင်း ရွေးကောက်ပွဲကြီးလုပ်ပေးပြီး တိုင်းပြည်ငြိမ်သက်တာနဲ့ စစ်တန်းလျှားကို ပြန်ပါ့မယ် ဆိုတာ မျိုးလည်း အရှက်မရှိ ပြောခဲ့သေးတယ်ဗျို့  ။ ဖ သုံးလုံးကျေကြတဲ့ စစ်ဗိုလ်များကတော့ နေ့ချင်းညချင်း ချမ်းသာလာကြသလောက် မှန်တဲ့ကောင်တွေက အကန်ခံခဲ့ ကြရတယ်။ ကျုပ် ကိုယ်ချင်းစာပါတယ် ။ တချို့ ဟာ စစ်သားပေမဲ့  စိတ်ထားကောင်းသူတွေ တပုံကြီး ရှိသေးတယ်ဆိုတာ လည်းနားလည်တယ် ။ ဗိုလ်အုန်းကျော်မြင့်လို စစ်သား မျိုး လည်း နောက်တကြိမ် ပေါ်လာအုံးမယ်လို့  ယုံကြည်ရင်း ဒီမိုကရေ စီ ဆိုတာကြီးကို မျှော်လင့်လာလိုက်တာဗျာ ....
( ဆက်ပါဦးမည် ...) အဖေ့ ရဲ့  လေသံနှင့် ခံစားချက်များကို မှတ်မိသလောက် အမှတ်တရ အဖြစ် စုစည်းထားခြင်းသာ ဖြစ်ပါသည် ။
►Posted by
:kiki
:
at
9/21/2009 10:02:00 AM
Subscribe to:
Post Comments (Atom)
11 comments:
Hi..this is a great post of real life. Read from head to tail, thanks for your true life post.
Cheers..
I love this sentence
"ခုခေတ်လို ချီးပေါ သေးပေါ ပေါနေတဲ့ ကိုယ့်ဟာကိုယ်ရင်ဘတ်တံဆိပ်အပြည့်ဆွဲထားကြတဲ့ ရူးကြောင်ကြောင်ကောင်တွေ"
Keep going man, will come back to you..
ကျုပ်အသက်က ၆၅
အရင်က စစ်သားပေါ့ဗျာ
အခုတော့
အားမရှိတော့တဲ့ကျား
သွားမရှိတော့တဲ့ နွားလို
လားပင်စင် မထိအောင်ပဲ
ကြည့်ရှောင်နေရတော့တယ်...
"ဖြုတ်..ဖိ..ဖား..တွေ ကင်းရှင်းဖို့
အာဏာရှင်စနစ် ဖြုတ်ချစို့..."
းဝ)
ဆက်ရန်မျှော်နေသည်...
းဝ)
အဲဒီစစ်သားဟောင်းကြီးကို လေးစားမိပါကြောင်း
ဆက်ရန်မျှော်နေပါကြောင်းးး
အမ ကိကိ..
ခွိခွိ
kiki ရေ ဖတ်သွားပါတယ်။ မြန်မာပြည်မှာ အခုလက်ရှိလည်း kiki အဖေလို တိုင်းပြည်ကို ချစ်တဲ့ စစ်သားတွေ အများကြီး ရှိမှာပါ။
မကိရေ ဖတ်သွားပါတယ် ဆက်ရန်လဲ မျှော်နေတယ် သိလား စစ်သားဟောင်းကြီးတွေက ဒီလိုပါပဲ တိုင်းပြည်ကို သိပ်ချစ်တော့ အခု လက်ရှိကို သူတို့ ကြည့်မရဘူးပေါ့ ညီမတို့က ၈၈ ကို မမီပေမယ့် ၂၀၀၈ တုံးက ဖြစ်သွားတာကိုတော့ တော်တော်လေး ခံပြင်းတယ် ကိရယ်
ဒါနဲ့ ဘုန်းကြီးတွေ ကိစ္စဖြစ်တုံးကကော မကိ အဖေ ရှိသေးလား ရှိရင် စိတ်မကောင်းဖြစ်ရဦးမယ် သိချင်လို့နော် ဘာရယ် မဟုတ်ဘူး
ဘိုင် တာ့တာ
ဆက်ရန်မြန်မြန်တင်ပါဗျိုးးးးးး
ကိရေ... ညကထဲက ဖတ်သွားတယ်... မက်ကျိ ဖွန့်မရလို့ မမန့်သွားတာ.... ဖတ်လို့ အရမ်းကောင်းတယ် တယ်ဂျင်း... မသိရင် ဖေဖေကိုယ်တိုင် ရေးထားတာကျနေတာပဲ... ဟဲဟဲ... မြှောက်တာ မဟုတ်... ဂယ်ပြောတာ.. လက်ရည်တွေ တတ်လာတယ် ....
မကိကြီးရေ... တိုင်းပြည်ချစ်တဲ့ ဖေကြီးနဲ့ ကျန်တဲ့ တိုင်းပြည်ချစ်စစ်သားကြီးတွေ လေးစားပါတယ်။ ဆက်ရန်လဲ တလက်စထဲ ဖတ်သွားတယ်။
Post a Comment