ဒီပုံလေးကို ကြည့်လိုက်တာနဲ့ ဒက်ကနဲ သိသာပါတယ် ။ မိန်းမတွေ စကားအင်မတန်မှ များတယ် လို့ ဆိုချင်တာပေါ့ ။ ဆွဲတဲ့ သူဟာ ယောင်္ကျားသား သာ ဖြစ်ရမယ်လို သေချာ ပြောရဲပါတယ် ။တချို့ က ပြောကြ ပါသေးတယ် ။ ကျောပူတာ ခံနိုင်တယ် ၊ နားပူတာ မခံနိုင် ဘူး တဲ့ ။
လာပြီ ဒီမှာတင် ဇာတ်လမ်းက ။ တကယ်ဘဲ မိန်းမသားတွေ က ယောင်္ကျားသားတွေထက် ပိုပြီး စကားများ တတ်ကြတာလား ။ ပိုပြီး စပ်စပ်စုစု ရှိတတ်ကြတာလား ။ အတင်းအဖျင်း ပြောတတ်ကြတာလား ။ ရာခိုင်နှုန်း အတိအကျ တော့ မသိနိုင်ဘူး ။ ဒါပေမဲ့  များသောအားဖြင့် ၊ ယေဘူယျ အားဖြင့် ကတော့ ဒီလို သဘောမျိုး ရှိ နေကြတယ်လေ ။ မိန်းမတိုင်းတော့ ဒီလို မဟုတ်ပါဘုး ။ ရေခဲတုံး လို ယောင်္ကျားမျိုး ရှိသလို ရေခဲတုံးဘွားအေ လို မိန်းမမျိုးလည်း ရှိတာပါဘဲ ။ ( မိန်းမချင်း မို့  မိန်းမဘက်က ကိုယ့်ဟာကိုယ် အဆိုတင်သွင်းပြီး ၊ ကိုယ့်ဟာကိုယ် ရာနှုန်းပြည့် ထောက်ခံကာ ၊ ကိုယ့်ဟာကိုယ်ဘဲ အတည်ပြု လိုက်ပါတယ် )
ဒီကာတွန်းလေးကို ကြည့်ပြီးနောက် အဖေ နဲ့  အမေ တို့  အကြောင်းကို ပြောပြချင် စိတ်ပေါက်လာမိတယ် ။ ရီစရာ လိုလို မောစရာ လိုလို ကြီးလေ ။
ူသူတို့  နှစ်ယောက် က ကိုယ့်ဟာကိုယ်ကြိုက်လို့ ယူကြတာ ။( ဆိုလိုချင်တာက လူကြီးတွေ ပေးစားတာ မဟုတ်ဘူး ပေါ့ ) ။ ရှေးလူကြီးတွေက ပြောကြတယ် ၊ အသွင် မတူ အိမ်သူမဖြစ် တဲ့ ။ သူတို့  နှစ်ယောက်လည်း ဘာမှ အသွင်မတူပါဘူး ။ ဒါပေမဲ့  ဘယ်လိုလုပ်ပြီး အိမ်သူတွေဖြစ်လာခဲ့ သလည်း မပြောတတ်ပါ ။
ဥပမာ - အမေက အသားဖြူတယ် ။ အဖေက မဲတာမှ မသိတဲ့  သူတွေ က ကုလား မင်းသားလား လို့ တောင်ထင်ရတယ် ။ ပြီးတော့ အမေက စကားနဲ ပေမဲ့ အဖေက ကုလားသိုက် ကျားဝင်ကိုက်သလို ဝူးဝါး ဝူးဝါး ပြောလို့ မပြီးတော့ ။ အဖေက ဆေးလိပ်ကြိုက်သလောက် အမေက ဆေးလိပ်နံ့  ကို မခံနိုင်သူ ။ အစားအသောက်လည်း ဘာမှ မဆိုင် ။အမေက လမ်းဘေး ဆိုင်ဆို လုံးဝမစား။ယင်နားစာတွေကြောက်လို့  ။ အဖေက လမ်းဘေး ၊ လမ်းကြိုကြား မကျန် သူကြိုက်တယ်ဆို နေရာ အစုံလိုက်ရှာ စား တယ် ။ဘာမှ မရှောင် ( ရယ်စရာတခု က တအိမ်သားလုံး အမဲသားမစား ။ အဖေလည်း အမဲသား မစား ။ဒါပေမဲ့  အမဲအူပြုတ်တော့ သောက်ကြောင်းပါ ... ဘာလို့ လည်းမသိ ။ ဆေးလိပ်ကို ဖြတ်မရအောင်သောက်ပေမဲ့  ၊ အရက်တော့ လုံးဝ လုံးဝ မသောက်ပါ )။ အမေ သီချင်းမဆိုတတ် ၊ ဘာတူရိယာမှ မတီးတတ် မမှုတ်တတ် ။ အဖေကတော့ ဟိုစပ်စပ် ဒီစပ်စပ် ဆိုတယ် တီးတယ် ၊ကတယ် ။ အရင်ခေတ်က အဆိုတော် အကော်ဒီယံအုန်းကျော်တို့  ၊ ဦးမောင်မောင်ကြီးတို့ ဆို သူ့ ဘော်ဒါတွေလေ ။ဒါတွေက အကြမ်းဖျင်း အားဖြင့် မတူတဲ့ အရာတွေပေါ့ ။
အဖေ ပင်စင်ယူ တဲ့ အချိန် အမေ က အလုပ်လုပ်နေတုံး ပါဘဲ ။ အဖေ က အမေ့ထက် ၈ လ သာကြီးပေမဲ့  အချိန်စောပြီး ပင်စင်ယူဖြစ်တယ် ။ (လားပင်စင် ဆိုလား ၊ နွားပင်စင် ဆိုလား ၊ ဘလောဂါ မမကြီး တယောက် ပြောဖူးတယ် ) ။ အဲဒီတော့ အားနေတယ်ပေါ့ ။သူ့ ကို သတိထားမိတာကတော့ အရင် သူ အလုပ် လုပ်နေရတုံး ကတော့ အတူတူနေရချိန် သိပ်မရှိလို့လားမသိ ။ စကား ဒီလောက် မများဘုး လိုဘဲ ။ နောက်ပိုင်းအိမ်မှာနေရချိန် များလာတော့မှ စကားအတော်များပါလားလို့ သိလာတယ်။ ပင်စင်စားတွေရဲ့ ရောဂါတမျိုးမှာ စကားပိုများလာခြင်း ၊ လည်းပါမလား မသိပါဘူး ။ အဲလို အားနေတော့ အမေ အလုပ်တက် ၊ ဆင်း ဆို အဖေက ဒရိုင်ဘာ ရာထူး ယူတာပေါ့လေ ။ ဒီလို ဆိုတော့ လည်း သူ့ မိန်းမကို ချစ်ရှာသားဘဲ လို့  ခုမှ တွေးမိပါရဲ့  ။ အဖေက စိတ်မြန်တော့ ကားမောင်းလည်း မြန်တယ် ။ အမေက အင်မတန်ကြောက်တတ်တာ ။ ကားရှေ့ ခန်းမှာထိုင်ပြီးသကာလ ၊ ကားပေါ်မှ မဆင်းမချင်း သူ့ တကိုယ်လုံး ရှိသမျှ အကြောတွေ တောင့်ထားတယ် ။ ဘယ်တော့ မှ စိတ်ချလက်ချ ၊သက်တောင့် သက်သာ မစီးပါဘူး ။စိတ်ထဲကနေ သံဗုဒ္ဒေ ရွတ်နေတယ် ထင်ပါရဲ့  ။ အရေးမကြီး ရင် ဘာစကားမှ မပြောဘူး ။ ကားပေါ်မတက်ခင် ဘယ်နေရာသွားမယ် ဘာလုပ်စရာ ရှိတယ် အရင်ပြောထားတယ် ။ ကားပေါ်ကဆင်းမှ ၊ ဒါမှ မဟုတ် မီးပွိုင့်မှာ ကားရပ်နေချိန်မှ သူ ပြောလိုတဲ့စကားဆက်ပြောတယ် ။ အဲဒီတော့ တခါတလေ စကားက အဆက်အစပ် မရှိ ဖြစ်ရော ။ စိတ်မြန်တဲ့  ၊ စကားကြောရှည်တဲ့ အဖေ နဲ့  ကီးမကိုက် ဖြစ်ကုန်ရော လေ ။ အပေါ်က ပုံ နဲ့  တကဲ့ ပြောင်းပြန် ပါဘဲ ။
အဖေက တဇွတ်ထိုးသမား ၊ သူလုပ်ချင်တာဆို ဘယ်သူတားတားမရဘူး ။ သူပင်စင်ယူပြီးနောက်ပိုင်း ပိုရီစရာကောင်းတာက အားနေတဲ့ အချိန်တွေ ဆို ကားတွေ ကို ကလိတော့ တာဘဲ ၊ အလုပ်မရှိ တနေကုန် အားနေတော့ တချိန်လုံး ကားနှိုက် နေတာ ။ အသားမဲ ရတဲ့ အထဲ စက်ဆီတွေပေတော့ ပိုရီစရာ ။ ဘယ်လောက်တောင် အအားမနေလည်းဆိုတော့ တခါတလေ ခြံထဲမှာ ပက်လက်ကုလားထိုင်နဲ့ ထိုင် ပြီး သူ့ ရှိသမျှ ကားစုတ်တွေ ကြည့်ရင်း အင်း ဒီကားနောက် ဘီးက တာယာ ပွန်းနေပြီ ၊ ရှေ့ ဘီးက တာယာနဲ့ လဲတပ်ဆိုပြီး သူ့ တပည့် လေးကိုခိုင်း လိုခိုင်း ။ ဟိုကောင်လေးက လုပ်ပြီးရင် ဒီကား ကဘီးနဲ့  ဟိုကားကဘီး ပြောင်းတပ်အုံး လို့ ပြောပြန်ရော ။ အဲလို အချိန်ဆို ကိုယ်တို့ က ပြေးပြီ ။ အလကားထိုင်နေ တာ ၊ တီဗီ ကြည့်တာ သူတွေ့ ရင်တော့ မလွယ်ဘူးလေ ။ သမီးတွေ ကို ကားရေဆေး ခိုင်းလား ခိုင်းရဲ့  ။
တနေ့ ကျတော့ ခြံထဲမှာ ကားစုတ် တစီး ထပ်တိုးနေတာ တွေ့ လိုက်ရတယ် ။ အဲဒီနေ့ က မှတ်မှတ်ရရ အဖေ နဲ့  အမေ စကား အခြေအတင် ဖြစ်ကြသေးတယ် ။ ဓါတ်မသိသူတွေ အတွက်တော့ လင်မယား ရန်ဖြစ်နေတယ် ထင်ကြမှာပါဘဲ ။ ကိုယ်တို့ ကတော့ အကြောင်း သိနေတော့ ဘယ်သူ့ ကြားမှ မနေတော့ဘူး ။ ညီ အမ တတွေ ကိုယ့် အခန်း ကိုယ်ဝင်ပြေးကြတာပေါ့ ။
အမေ ။" ရှင်က ဘာလို့  မပြောမဆို နဲ့  ဒီကားစုတ်ကြီး ထပ်ဝယ်လာ ပြန်လာတာတုန်း"။
အဖေ ။ "ငါ မင်းကို ပြောပြီးသားဘဲ လေကွာ ။ မင်းကမှ အင်းမလုပ် အဲမလုပ် ၊ ဘာမှ ပြန် မှ မပြောတာ ဘဲ" ။
အမေ ။ "ဟင် ၊ ကျွန်မ ကို ရှင် ဘယ်တုံးက ဒီကားစုတ်ဝယ်မယ် ပြော လို့ လည်း" ။
အဖေ ။" ဟာ ။ ငါမင်းကို မနေ့ ညနေက မင်းအလုပ်ဆင်း အပြန် ကားပေါ်မှာ ပြောသားဘဲ ။မင်းကဘာမှ မပြောတော့ သဘောတူတယ် လို့ ဘဲ မှတ်လိုက်တာပေါ့ ကွ "။
အဲ့ လို ၊ အဲ့ လို ။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံ ခြင်း မည်သည် ဆိုတဲ့  စကားကို အဖေ လက်ကိုင်ထားပုံ ရတယ် ။ အမေ့ အကြောင်း ၊ အမေ့  အထာ ကို သူ နောကြေပြီးသား ။ သူလုပ်ချင်တာ ကိစ္စ အဝဝ ကို သူကားမောင်းနေချိန် ၊ အမေဘေးမှ တောင့်တင်းစွာ ကားစီး နေချိန် မှာမှ ရွေးပြီး ပြောတတ်တယ် ။အသိပေးရုံ သက်သက် အဆိုတင်သွင်းတတ်တယ် ။ အဲဒီတော့ သူ့ စကားကို အမေ ဘယ်တော့ မှ အင်းမလုပ် ၊ အဲမလုပ် ၊ ကြားချင်မှတောင်ကြားလိမ့်မယ် ၊ အဲဒါကို သဘောတူတယ် လို့  သူ့ ဟာသူ မှတ်ယူလိုက်ပြီး ၊ ရာနှုန်းပြည့် ထောက်ခံပါတယ်လို့  အတည်ပြု ကာ ၊ ကားစုတ်ကြီး ကို ဝယ်ချလာ လိုက် တော့ တာပါဘဲလေ ။
ဒါကြောင့်  ကိုယ် ဆွဲတတ်ရင် အပေါ်က ပုံလေးကို ပြန်ပြင်ပြီး ဆွဲလိုက်ချင်ပါသေးတယ် ။အဖွားကြီး ပါးစပ်မှာ ပိတ်ထားတဲ့  seat belt လေး ကို ကားမောင်းနေတဲ့  အဖိုးကြီးဆီ ပြောင်းတပ်ကြည့် ရင် ဘယ်လို နေမလဲ လို့  ။ စကားနဲတဲ့ မိန်းမတွေ ရှိသလို ပေါက်ပေါက်ဖေါက်တဲ့ အတိုင်း ပြောတတ်တဲ့  ယောင်္ကျားတွေလည်း တပုံကြီး ပါနော် ။
စကားဆိုတာ လိုအပ်တဲ့ အချိန်မှာ မပြောမဖြစ်သလို ၊ အကျိုးမဲ့ စကားတွေ မပြောမိဖို့ လည်း လိုအပ်ပါတယ် ။
အင်း ... ခုတောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေပါပြီ ။ ဘာတွေ ပြောမိ ၊ရေးမိ နေတာပါလိမ့် ။ တော်အုံးမယ်ကွယ် ။။။
►Posted by
:kiki
:
at
9/08/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
22 comments:
ကိရေ ဖတ်သွားတယ် ရီသွားကြောင်းပါ ဟိဟိ
အခုတလော ငါ ချည်း ၁ ရနေတယ် ကျန်တဲ့လူတွေ မအားဘူးထင်ပါ့ ခိခိ
ကိရေ များဂါတွေ အညင်ကတ်မှာ စိုးလို့ ၃ နဲ့ပဲတော်လိုက်တော့မယ်နော် (အမှန်တော့ လိုက်ဖတ်စရာတွေ ရှိသေးလို့ ) ခစ်ခစ်
အမျိုးသားတွေ ကြီးစိုးတဲ့ ခေတ်မှာ မိန်းမတွေကို လုပ်ပိုင်ခွင့် ပြောပိုင်ခွင့်ဆိုပိုင်ခွင့် နည်းနည်းပဲ ပေးထားတာကို ကြုံကြုံသလို ပြောချင်ဆိုချင်ကြတာတော့ မဆန်းပါဘူး။ ကိကိ မေမေလို စကားနည်းလွန်းရင်လည်း မကောင်းဘူးနော့် ကိုယ်ဘာမှ မပြောတာက ဟုတ်ကဲ့လို့ ပြောသလို ဖြစ်နေတယ်။ များလွန်းရင် မကောင်းသလို စကားနည်းလွန်းရင်လည်း မကောင်းပါဘူး။
ဒါနဲ့ လားပင်စင် နွားပင်စင်ဆိုတာ လားတွေ၊ နွားတွေ အလုပ်မလုပ်နိုင်တော့ရင် သတ်စားကြတော့ လူမှာဆိုရင် သေဒဏ်ပေးတာကို ဥပမာပေးပြီး ပြောတာနော့်။ ကိကိ အဖေ ပင်စင်ယူတာနဲ့ ဘာမှမဆိုင်လို့ ဒါကို ဥပမာ တခုအဖြစ်သုံးလို့မရဘူး။
ကိကိအဖေနဲ့အမေ အကြောင်းဖတ်ပြီး ပြုံးမိသွားပါတယ်...ပြီးတော့ ကိုယ့်အဖေအမေပါ
သတိရသွားတယ်..အသွင်မတူ အိမ်သူမဖြစ်ဆို
တဲ့စကားကိုတော့ လက်မခံချင်ပါဘူး...တို့မိဘဆို
အသွင်မတူကြပေမယ်လို့ နှစ်ပေါင်း ၄၀ ကျော်
သစ္စာရှိရှိနဲ့ ပေါင်းသင်းနေကြတုန်းပါ...
mie nge
ငိုပြီးပြန်သွားတယ်
မရှိတော့တဲ့အမေကိုလွမ်းလို့
ကိရေ
ဒီပို့စ်လေးကို ထောက်ခံချင်တယ်....
ပင်စင်ယူပြီးတဲ့ အမျိုးသားတွေက အမျိုးသမီးတွေထက်
စကားပိုများသလို...
နေရာတကာမှာလဲ စပ်စပ်စုစုရှိကြတယ်...
အမျိုးသားများ ၅၀ ကျော်လျှင်စကားပိုပြောတတ်ကြသည်း)))...
တောက်ပစ်တောက်ပစ် ပြောကြသည်...
အိမ်က အဖေလဲတူတူပဲသိလား...
အသက်လေးရလာတော့ အမြင်မတော်တာတွေ များလာတယ်...
ပြောစရာ ဆိုစရာ ဆုံးမစရာတွေ များလာတယ်...
နှင်း
မိန်းမ ယေင်္ကျား အားလုံးမှာ ပါးစပ်ရှိတယ် ရှိတဲ့လူတိုင်း စကားများကြပါတယ် ... ချွင်းချက်လေးတွေ ရှိတတ်မှာ ပါ ... တဖက်သတ်ပြောတာတော့ မကောင်းပါဘူး .. မိန်းမတွေကို ဖိနှိပ်သလို ချိုးနှိမ်သလို ဖြစ်နေတာပေါ့ ...
မမကီကီရေ ယောင်္ကျား မိန်းမ အတူတူပါဘဲ။ ယောင်္ကျားတွေထဲ ကောင်းတဲ့သူရှိသလို မကောင်းတဲ့ စိတ်ဓါတ်အောက်တန်းကျတဲ့သူတွေလဲ ရှိတာဘဲ။
ဒီလိုဘဲ မိန်းမတွေထဲလဲ ကောင်းတဲ့သူရှိသလို မကောင်းတဲ့ မိန်းမတွေလဲ ရှိတာဘဲ။
မမကီ အဖေနဲ့ အမေအကြောင်း ဖတ်လိုက်ရတာ အိမ်ကိုသတိရသွားပြီ။
ခင်မင်လျှက်
မေလေး(ဆုံနိုင်ခွင့်)
ဖွားကီအဖေပါဆိုနေမှတော့ ဖွားကီအတိုင်းပေါ့း) အဟား ဖွားကီအဖေအတိုင်း လေ့ကျင့်ရမယ် ခုထက်ထိတော့ ကားမမောင်းတတ်သေးဘူးး)ချစ်စရာမိသားစု အဖြစ်လေးတွေးပြီး ပျော်သွားတယ်ဗျာ
လေးစားလျက်
တောင်ပေါ်သား
ကိကိ အဖေ နဲ့ အမေ အကြောင်း ဖတ်ပြီး အိမ်က အဖေ နဲ့ အမေ ကို သတိရသွားတယ်...။း))
ပျော်စရာလေးပဲ
ဖတ်ပြီးတစ်ပြုံးပြုံးပဲ အမားရ
အမားလည်း အဖေတူပဲထင်တယ်နော် :D
သေချာတယ်...
ကျွန်တော်လည်းပင်စင်ယူပြီးယင်ပိုပြီးစကားများများ
ပြောဖြစ်မှာ...
ပင်စင်နီးပြီလေ....
ဟီး၂ ကိကိေ၇...ကိုယ်ကတော့ ကိုယ့်ကိုယ့်ကိုယ် အရမ်းစိတ်ပျက်မိတယ်။ အရမ်းစကားများတာ ကိုယ်က။
ဒွတ်ခပါဘဲနော်
ဟိ.. ပျော်စရာတော့အကောင်းသား.. မိသားစုတွေ...
မကီကရော အဖေနဲ့တူသလား အမေနဲ့တူသလား
မကီအဖေရဲ့ လုပ်ကွက်လေး သဘောကျတယ်
သူလိုချင်တာကို ကားမောင်းတဲ့ အချိန် ပြောတာလေ
အပိုင်ပဲနော် ကားလေးကြမ်းကြမ်းမောင်းပြီး ပြောချင်ရာ ပြောပဲ။
နောက်တခါ အမေအကြောင်းရေးအုံးလေ။
အမေကအသားဖြူတော့အဖေကသားမည်းတယ်ပေါ့ ဒါဆို အစ်မကျတော့ အသားလတ်တယ်ပေါ့နော့
အဖေတူးလား
အမေတူးလား
တူးရင်တော့ မည်းမည်းသည်းသည်း ရုပ်ဆိုးစရင်းထဲပဲ, တခုတူတာတော့ သေချာတယ်
အစ်မက အဖေတူပုံပဲ , ဥပမာပေါ့ အမေနဲ့အဖေက ချစ်လို့ယူထားတာလေ, (မိဘပေးစားလို့ယူတာမဟုတ်ဘူးပြောချင်တာ) အဲလိုမျိုးပေါ့ကွယ်
ဒါရှို... ကိ အတားက အနက်နုလေးပေါ့နော်....
ဟိဟိ နောက်တာ... အဖြူရဲရဲလေးပါ.... ခွစ်ခွစ်...
ပထမပြောချင်တာကတော့ အပေါ်ကအပုံဟာ
ပြင်စရာမလိုအောင် ကိုပြည့်စုံပါတယ်
မပြင်ပါနဲ့တော့
ဒုတိယပြောချင်တာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင် တံတောင်နဲ့အားစိုက်ပြီး ထောင်းပါ
တတိယပြောချင်တာကတော့ “ရယ်ရတယ်ဗြဲ”
စတုတ္ထပြောချင်တာကတော့ ပြန်ပြီကွယ်တာ့တာ ။
အမေနဲ့အဖေကို သတိရသွားပြီ
အမေနဲ့အဖေက တစ်ခါမှ ရန်မဖြစ်ဘူးဖူး အခု အဖေပင်စင်ယူပြီးမှာတော့ နည်းနည်း စကားများလာတယ် ပြောတယ် အခုတော့ ဘောလုံးပွဲလေးနဲ့ငြိမ့်နေတယ် ပြောတယ် အမေက တရားစခန်းသွားပေါ့ အခုတော့ အဖေ့ကိုလည်း တရားစခန်းလွှတ်နေတယ် ကြားတယ် ခိခိ
အဖေ နဲ့ အမေ အကြောင်းလေးဖတ်ပြီး ပြုံးမိတယ်။ မငုံ အဖေနဲ့ အမေလဲတူတူပဲ။ :)
ဖွားကိကတော့ အဖေတူသမီးပဲထင်တယ် စာလေးတွေဖတ်ပြီးပြုံးမိပါတယ် ကားမောင်းရင်း စကားတွေ တရစပ်ပြောနေတဲ့ အဖေနဲ့ နှုတ်ပိတ်ဆိတ်ဆိတ်နေနေတဲ့ အမေ ကိုမြင်ယောင်ရင် သဘောကျမိပါတယ်...
Post a Comment