ဪ .. ခုတလော ဘာလို့ လူတွေက သူများပေါင်ကိုယ်လှန်ထောင်း ကိုယ့်ပေါင်သူများလှန်ထောင်း ဖြစ်နေကြပါလိမ့်နော် ။ ဒါဟာလဲ ကူးစက်ရောဂါ တမျိုးပေဘဲ။ကာကွယ်ဆေးလေး ဘာလေး ဖေါ်အုံးမှ ပါ။ နို့ မို့ ဆို ဝက်တုပ်ကွေးထက် ပို ဆိုးတယ် ဖြစ်နေ မစိုးလို့ ပါ။
ဒီတခါတော့ အညိုရောင် ထဲ က မှ အလွန်ရင့် သော အညို ရောင်ကို မှ ကြိုက်လှချည်ရဲ့ လို့ ဆို တတ်တဲ့  ကို နေညိုရင့်  နဲ့ 
ကိုလူထွေး၊ ကိုလူထွင်း လို့  လူတွေသိနေကြတဲ့ မထွေးတထွေး (တံတွေး တခါထွေးရင် ဒါဏ်ငွေ ဘယ်နှစ်ထောင် ထိဖူးလို့လဲတော့ မသိ ၊ မြိုရခက် ထွေးရခက် ဖြစ်နေတဲ့  မောင်လူထွေး) တို့  က သူ့ ဟာသူ လျှောက်ထွေး ပြီးလို့  မှ အားမရ ။အကျွနုပ် အား အတင်းထွေးထုတ် ခိုင်းနေပါ သဖြင့် ရှိတာလေး ထွေးထုတ် ပြလိုက်ပါ၏ ။
NICK တဲ့ nick name ပေါ့။ လူ တဦးကို ချစ်စနိုး ဒါမှ မဟုတ် မုန်းစနိုး နဲ့  ခေါ်ကြတဲ့ နာမယ် နောက် တမျိုး ပေါ့ နော် ။
Nick ဆိုတာ ဘာမှန်း သေချာ မသိသေးလို့  အဟမ်း.. ဒစ်ရှင်နရီကြီး ပြန်ကြည့် မိပါတယ် ။ နောက် အဓိပ္ပါယ်လေးတွေ ရှိသေးတယ်တဲ့ လေ ။ ကျန်းမာရေး လို့ အဓိပ္ပါယ်ရတယ် ။ နောက် တခုကတော့ မာရ် နတ် တဦး ကို လည်း Nick လို့ ခေါ်တယ် ဆိုဘဲ။
ဒါဆို.... ကိုလူထွေး = မာရ် နတ် တဦး ။ ကို နေညိုရင့် = အနားသား မာရ်နတ် တဦး .. အဲသလိုမျိုး အီကွေးရှင်း ချလို့  ရမလား မသိဘူးနော် ။ ဘာ လောဂျစ် လဲ တော့ မသိ ။ ခုတလော ဂျစ်ကန် နေတဲ့  လောဂျစ် လို့ ဘဲ မှတ်လိုက် ကြပါ။
တန်းစီပြောပြလောက်အောင် နာမည်ကောင်း နာမည် ဆိုး ချစ်စနိုးတွေ ကလည်း မောင်ဖိုးစိန် လို များများ မရှိပါဘူး ။
ကျောင်းမှာ မှတ်ပုံတင်မှာ လူ သိရှင်ကြား တရားဝင် ခေါ်ဆို ကြတဲ့  နာမည် တလုံး အပြင် တခြား အလွယ်တကူ ၊အိမ်မှာ ကျောင်းမှာ ပတ်ဝန်းကျင်က ရင်းနှီးသူ တွေ ခေါ် ကြတာ က ..
ကိကီ တဲ့ ။ ကိုယ့် အထက်က အမလတ် ( ခုတော့ ...မရှိရှာတော့ပါဘူး ။ ကိုယ်တို့  မိသားစုကို အပြီးတိုင် ခွဲသွားခဲ့ တာ ၂နှစ်နီးပါး ရှိတော့မယ်) ။ အဲဒီ အမလတ် ကို ကုကူ လို့ ခေါ်တော့ ကိုယ်ကလည်း အော်တို ငုတ်တုတ် ကိကီ ဖြစ်လာ တယ် ဟု ယူဆရ ပါသည်ပေါ့ ။ က ကာ ၊ကုကူ ၊ကိကီ ၊ကယ်ကဲ ၊ကော့ကော်၊ ကံကား ။အဟဲ ငယ်ငယ်တုံး က မြန်မာစာ ထဲ မှာ သင်ခဲ့ ရတာလေ ။ ကကြီး ခခွေး စရေး ရတုံးကပေါ့ ။
အမေ ကတော့ ချစ်စနိုး နဲ့ ကိ လို့ ခေါ်တယ်။တခါတလေ လည်း သမီးလေး လို့ ခေါ်ပါတယ် ။
အဖေ ကတော့ စိတ်လိုရင် သမီးကိကီ တဲ့ ။ ငါ့ သမီးတဲ့ ။( သူက ကားစုတ်တွေ နှိက်တာ ပြင်တာ သိပ်ဝါသနာ ပါတယ်လေ ။ အိမ်မှာ မွေးထားတာ က သမီး ၅ ယောက် ၊ ကိုယ်တယောက်ပဲ သူကားနှိုက်ရင် ဘေးမှာ ဟိုဒီ စပ်စုတတ် ၊ ဝိုင်းလုပ်ပေးတတ် ၊ တကယ်ဆိုရင် ဝိုင်းရှုပ်ပေးတယ် လို့ ပြောရင် ပို မှန်တယ် ။ဒီတော့ အဖေ က ခိုင်းချင်ရင် ငါ့ သမီး လို့  ခေါ်တတ်တယ် ။ အဟက် အီဖေစကိုယ် ကလည်း စိတ်လိုရင် တော့ ဘာမဆို လုပ်ပေးတတ်တယ် ။ စိတ်မလိုရင်တော့ မကြားချင်ယောင်ဆောင်တာ ။ ၃ ခါလောက် ငါ့ သမီးက ခေါ်လို့ မကြားရင်တော့ သူက နောက် တမျိုးပြောင်းခေါ်တတ်ပါတယ် ဟိုကောင်မ တဲ့  ။အဲ့ ဒီ အချိန်ဆို သူ့ ကို ဘုကြည့် ပြန် ကြည့်လိုက် ။ဘေးဘီ လှည့်ကြည့် လိုက် လုပ်ပြီး ဟာ အဖေ ..ဘယ်သူ့ ခေါ်နေတာလဲ ။ အိမ် မှာ ဘယ်အချိန်က ဟိုကောင်မ ရောက်နေတာလဲ လို့ ပြန်ချော်တောငေါ့ရတယ် ။ အဲလို ကောင်မလို့  အခေါ်ခံရတာ အမုန်းဆုံးဘဲ ။အဲဒါဆို သူ့  ပုံ မှန် ငါ့ သမီး ပြန်ဖြစ်တာပေါ့ ။
ခင်တဲ့ ငယ်ပေါင်း သူငယ်ချင်း တွေ ကတော့  ငကိ တဲ့ ။ ငကွိ တဲ့ ။
တချို့ လည်း ခေါ်ကြသေး ကစ်ကစ် တဲ့  ။ ဘာတွေ ကစ်လဲတော့မသိ ။ဖလိုင်းကစ်လား ။ ဖရီးကစ်လား။
နောက်ပြီးဒီရောက်တော့မှ နာမယ်တခု ထပ်တိုးပါ၏ ။အမေရှမ်း၊ အဖေ ဗမာ ကမွေးဖွားလာတဲ့  အူကြောင်ကြား တယောက် ခု တရုပ်ပြည်ကို အမှတ်မထင်ရောက်လာပြီးမှ တရုပ်နာမယ်ကြီးတလုံး ထပ်တိုးလာပါတယ် ။Lin Pi Yu တဲ့လေ ။ ဒါက nick name တော့မဟုတ်ပါဘူး ။
林 老大 တဲ့ ။ 小林 တဲ့ ။ ဒါ ကတော့ လုပ်ဖေါ် ကိုင်ဘက် ဆရာမလေးတွေ က ခေါ်ကြတာပေါ့ ။

ဘလောဂ် မှာ ခင်လာတဲ့ ညီအကို မောင်နှစ်မ တတွေ ကလဲ အမျိုး မျိုး ထောပနာ ပြု ကြသေး။ အပျိုကြီး ၊ မကြီး ကိ ၊ အပျိုကြီး ကိ ။ မကီး စုံ နေတာဘဲ ။ အ ပျိုကြီး အမ ကို အမေလာခေါ်တဲ့  ငမူး တကောင် ( ခီလောက် ) ဆိုရင် မူးပြီး ရစ် ခေါ် တာ က တော့ အမား တဲ့ ။ကြားရတာ ကျော ချမ်းပါတယ် ။
နောက်ဆုံး ကိုယ့်ဟာကိုယ် မရှက်ဘဲ ပေးထားတဲ့ အမည်တလုံး က ဒီ ဘလောဂ် ရေးမယ်ဆိုတော့မှ ရူးကြောင်ကြောင် ဘယ်လိုပေးလိုက် မိလည်း သေချာ မသိလိုက်ဘူး ။ အမေမွေးတုံး က အကောင်း ။ဒါကို မိဘ မျက်နှာအိုးမဲသုတ်တဲ့ သမီးက သူ့ ကိုယ်သူ ဒီလို ပါဆို ပြီး ဘယ်သူမှ ရိုက်မစစ်ဘဲ အမည်ပေး ကင်ပွန်းတပ်လိုက် ပါတယ် ကုရာ နတ္တိ ဆေးမရှိ တဲ့  ဝမ်းတွင်းရူး( idiotlove ) ပါတဲ့ လေး ။
သူ့ အကြောင်း သေချာ သိချင်ရင်တော့  အောက်က လင့် ခ်လေးမှာ သွားကြည့် ပေးကြပါနော် ။ နှစ်ခါ ရေးရတာ လက်ညောင်းလို့ ပါ ။ မှင်ချွေတာရေး လေ ။ :) ။
http://www.blogger.com/post-edit.g?blogID=2079092592498290820&postID=3716001317269726888

(ကဲ ဒီလောက်ဆိုရင် အထက်က မာရ်နတ် ၂ ပါး ကျေ နပ် နိုင် ကောင်း ပါ ရဲ့  ။ )
►Posted by
:kiki
:
at
5/24/2009 06:00:00 PM
Subscribe to:
Post Comments (Atom)
10 comments:
ဟိ ချစ်မမကြီးကိ ရဲ့ နစ်အကုန်ပဲလား ကျန်သေးတယ် ထင်တယ်နော်... :P
Idiotlove က အဲဒါလား.. ဟုတ်လား..
မထင်ပါဘူး မကြီးကီကို
ဝမ်းတွင်းရူးလို့
ဒီလောက်ထင်ရှားနေတာကိုပဲ
ဝမ်းတွင်းရူးဘယ်ဟုတ်ပါ့မလဲ
အဟီးး
ချစ်လို့စသွားတာ အပျိုကြီးရေ
လွန်တာရှိ ဝန်တာမိ ပါ အမတော်ဘုရား
ခင်မင်လေးစားစွာဖြင့်
မောင်လေး
ဖိုးစိန်
ဟား ဟား ကိုယ့်ကိုကိုယ် အခုမှ မာရ်နတ်မှန်း သိသွားတယ်..။ တော်သေးတယ် အဖော်ရှိလို့ ..။ တလက်စတည်း မာရ်နတ် ဂိုဏ်းချုပ်က ဘယ်သူလဲ ဆိုတာ ပြောပြပါရစေ။ ကိုရီနိုမာန် ပေါ့.. ဟီဟီ။
ဘာပဲဖြစ်ဖြစ် အခုတော့ ကိကီ အကြောင်း သိသွားပြီ။ :P ရေးပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
ဒါနဲ့  ကိကီ စီလုပ်ချောချော တယောက်နဲ့ အမြန်ဆုံးတွေ့ ပါစေလို့ .................။
ကိကိဗားရား နစ်သစ်
ဟိဟိ
နာမည်တွေ ဖတ်သွားတယ် အမရေ.. တဖြည်းဖြည်း လူတွေလဲ နာမည်ပဲ များပြီး ပိုင်နေတယ်။ ဟီးးးး တက်ဂ် လောက ကြီး တက်ဂ် နိုင်တုန်း တက်ဂ်ဟေ့
လေးစားလျက်
တောင်ပေါ်သား
(((((((မကျေနပ်ဘူးဟေ့)))))))
နာ့ နာမီလေး ဘယ်စူဖျက်တာလဲ
တွားပါဘီ။ တွားပါဘီ။
မထွေးတထွေး ကိုလူထွေးတဲ့... မြိုရခက် ထွေးရခက် ကိုလူထွေးတဲ့...
တော်ပြီတော်ပြီ... နောက် မတဂ်ရဲတော့ဘူး...
(ချီးကျွေးချက်။ ။ ရေးပုံ စားပုံ ခေါင်းလယ်)
ဘာသာပြန်
(ချီးကျူးချက်။ ။ ရေးပုံ သားပုံ ကောင်းတယ်)
ချစ်တဲ့မကြီးကီ..:) နာမည်တွေအများကြီးနဲ့ပါလား.နော်။
iditloveဆိုတဲ့ အဓိပ္ပာယ်ခုမှသိတော့တယ်။ ဟုတ်ပါဘူးနော့..ငုံလေးရဲ့မကြီးက ဒီလောက် သဘောကောင်းတာ။
အဖေခေါ်တာ အကြိုက်ဆုံးပဲ။။:))
ကိုယ့်ကိုကိုယ်မြှောက်ပြောတယ်ပေါ့...။
ဒီတဂ်တဲ့ ကူးစက်ရောဂါ တကယ်ဆိုးပါ့ဗျာ..။
Post a Comment