ဘလောဂ်ရေးတယ်ဆိုတာ ဘာပါလိမ့် ။ဘယ်လိုရေးရတာပါလိမ့် ဆိုတာ ကျနကွဲပြားစွာမသိသေးခင်မှာဘဲ ဟိုရေးဒီရေး
ဟိုဖတ်ဒီဖတ် ၊ဟိုခြစ် ဒီခြစ် ရင်းနဲ့ ဘဲ ဒီအသိုင်းအဝိုင်းလေးထဲမှာ နေပျော်ဖြစ်ခဲ့တာ ၆ လလောက်ရှိသွားပြီ ။ တဂ် တယ်ဆိုတာလဲ ဘာမှန်းမသိ ။အဟိ ၊ ဒါနဲ့ သူများကိုမေးကြည့်ရသေးတယ်။မသိရင်မေး မစင်ရင်..အဲ ၊ ထားလိုက်ပါတော့။
road map ကြီးလွဲနေမစိုးလို့ ပြန်ဆွဲလိုက်အုံးမယ် ။ကိုယ့်ဖက်ပါအောင်။ ဒီတော့ အဖြေသိသလောက် က.. တဂ်တယ်ဆိုတာ...
ဟိုလူက ကိုယ့်ပေါင်လှန်ထောင်း ၊ကိုယ်က ဟိုလူ့ ပေါင် လှန်ထောင်းခိုင်းနည်းတမျိုးလို့ ကိုယ်လိုရာဆွဲတွေးလိုက်တယ်။(It's my own definition for TAG ) ဟဲဟဲ။ မှားနေရင်လဲ လာမပြောနဲ့ ။ကြိုက်ဖူး ။
ဒီကလူက သိပ်စိတ်ရှည်တာ မဟုတ် ။ တွေ့ တာမြင်တာ စိတ်ထဲ မျက်စိထဲ ခရောစ့် ဖြစ်နေရင် ရိုက်ချင်နေတာ ၊။ ဤကား စကားချပ် ။
ခုလည်းကြည့်လေ ။ မငုံ ဆိုတဲ့ ကန္တာရထဲမှာပွင့်တဲ့ အိုနာစစ်သမီးလှ ညီမလေး ပေါချောင်ပြာဂလောင်လေးက သူ့ ပေါင်သူလှန်ထောင်းလို့ မှ အားမရ ။သူ့ ချစ်အမကြီးရဲ့ ပေါင်ပါရောထောင်းနေလိုက်သေး ။ ဒီကလည်း အထောင်းခံချင်နေတာ ။ နှစ်ခါမထောင်းရဘူး။ တန်းပြီးဖေါ်တော့တာဘဲ ။
ဘာတဲ့ ။အကြောင်းအရာက ဒါက ဒီလိုရှိတယ် ဆိုတာ။ ဒါက ဒီလိုရှိဆိုတော့ ဟိုဟာက ဟိုလို ရှိပေမပေါ့နော ။ ဘုမသိ ဘမသိ ။ ဪ ..နောက်မှ သဘောပေါက်မိတယ်။ကိုယ့်ရဲ့ အားနည်းချက်တွေ( ရှင်းရှင်းပြောရရင် အသုံးမကျတာတွေ )ကို ပြန်တွေးရင်း ဘာတွေ ပြုပြင်ဖို့ လိုနေသေးတယ် ဆိုတာ ကို ဆိုလို တာပါတဲ့ ။ ကဲ .. ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မိမိကိုယ် မိမိစမ်းစစ်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်း ပေါ့ နော်။ ဒီတော့ အပြစ်အနာ အဆာများ ညံ့ဖျင်းချက်များကို ဖေါ်ပြပြီး(အလျှင်းသင့်ရင်သင့်သလို ကိုယ်ရည်သွေးတာလေးတွေလည်း ထဲ့ သွင်းဖေါ်ပြလို့ ရမယ်ထင်ပါတယ်) ဘယ်လို ကောင်းမွန်အောင် နေထိုင်ပါ့ မယ်လို့  ဂတိခံဝန်ချက်များ ပေးရတော့မှာပေါ့လေ။ ချို့ ယွင်းချက် ၊ လိုအပ်ချက် ၊ ညံ့ဖျင်းချက် ၊အစရှိသဖြင့် မကောင်းတဲ့ အချက်တွေဟာ အဖေါ်အသင်းတွေ ဖြစ်နေကြတာမို့ ကိုင်းကျွန်းမှီ ။ ကျွန်းကိုင်းမှီ ဆိုသလို ယှက်နွယ်နေတတ်လို့  ရောတောပေါတော တွေ ဖြစ်နေမှာ ။ဒီတော့လဲ ရောတိရောရာ ပြောရတော့ မှာပေါ့နော် ။
(၁)ရတာမလို ၊ လိုတာမရ။ ။ ၊ဒီလိုဘဲ ကိုယ့်စိတ်က ။ လောဘ ဒေါသ မောဟ တွေ ချုပ်တည်းဖို့ ၊ ရောင့်ရဲတင်းတိမ်ဖို့ ဘုရားဟောတဲ့အတိုင်းမနေမိတော့ ကိုယ်ဘဲစိတ်ဆင်းရဲရတယ် ။ မကောင်းမှန်းသိရဲ့ နဲ့  ခုထိခေါင်းမာနေဆဲပါဘဲ ။ လုပ်ချင်တာ လုပ်လိုက်ရမှ ကျေနပ်တာ ၊လိုချင်တာ တခုခု မရရင် မကျေနပ်တာ။ ဒါတွေက လုံးဝ မကောင်းပါဘူး နော် ။မကောင်းမှန်းလဲ သိပါရဲ့  ။ ခုတော့ စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ပါတယ် ။ ဟိုးငယ်ငယ်လေးကတည်းက လိုတာမရရင်ကောက်ကွေးနေတတ်တာ အသားအနာခံပြီးတော့ကို စိတ်ဆိုးတတ်တာ ၊ ခု ထိပြန်တွေးရင်း ရီချင်နေတုံးဘဲ ။ မှတ်မိသလောက်ပြန်ပြောပြမယ်လေ ။
၂တန်းလား၃တန်းလားသေချာမမှတ်မိတော့။ အဲဒီအရွယ်တုံးက အဖေနဲ့ အမေတို့ ဒင်နာ ပွဲတခု တက်စရာရှိတယ်။ အိမ်နမှာက မောင်နှမ ၆ ယောက် ။ တပြုံ ကြီး ဆိုတော့ အဲလိုပွဲမျိုးသွားရင် တယောက်စီကို အလှည့်ကျခေါ်လေ့ရှိတယ် ။ အဲဒီညက ကိုယ့်အလှည့်ကျတယ်ပေါ့ ။ အသေကိုမှတ်ထားတာ ။ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီည ပွဲက အရေးကြီးတဲ့ပွဲ ဆိုတော့ ကလေးတွေ မခေါ်ရဘူး သတ်မှတ်ထားတယ်( ခုခေတ် ဟိုမျောက်လောင်းလို နေရာတကာ ပါလို့ ရတဲ့အချိန်မဟုတ်ဖူးထင်ပါရဲ့ )။
အတိုချုပ်ပြောရရင် ကိုယ့်ကိုထားခဲ့တယ်ပေါ့ ။ဒီတော့လဲ ဘာရလဲ ။ အဖေ နဲ့ အမေ ကားထွက်တဲ့ အချိန်မှာ သူတို့မသိအောင် ကားနောက်ဖက် ဘန်ပါပေါ် ခိုပြီးထိုင်၊လက်ကအကြာကြီး ဘယ်ဆွဲထားနိုင်ပါ့မလဲနော်။ ဒါကြောင့် လမ်းထိပ်မရောက်ခင်ဘဲ ကားပေါ်ကပြုတ်ကျပြီး ဘယ်ဖက် တံတောင်ဆစ်မှာ ၃လက်မလောက်ကွဲသွားတယ် ။ အဖေ အမေတို့ ကတော့ မသိဘုး ။ဆက်ထွက်သွားတော့ စိတ်ဆိုးပြီး လမ်းပေါ်က မထဘူး ။ လှိမ့် အော်ပြီး အော်ငို နေတာ ။ အိမ်ဘေးက အန်တီကြီးတွေတွေ့ တော့ မှ သူတို့ အိမ်ခေါ်သွားပြီး ဆေးထဲ့ပေးတာ ။နောက်တနေ့ တော့ သူက အမေကို တိုင်ပါလေရော ။ထပ်ပြီးအဆူခံရတယ် ။ ကိုယ့်အလှည့် ရသင့်တာ မရလို့ ခေါင်းမာတာလေ ။ မိအေး ၂ခါ နာတာပေါ့ ။ ခုထိ ဒီ အနာရွတ်လေး ခပ်ရေးရေး ရှိနေပါသေးတယ်။
ခုတော့ နဲနဲ စဉ်းစားပြီးမှ လုပ်တတ်ပါပြီ ။ အရင်လို တစွတ်ထိုးလုပ်ရင် ၂ခါ မက နာမှာ စိုးလို့ ပါ။
(၂)ဒါလဲ မကောင်းတာ တခုပါဘဲ။ အစွဲအလန်းကြီးတာလေ။။ ။အချစ်နဲ့ ပတ်သက်တာ။မချစ်ရင်လဲ တော်ရုံမချစ်ပါဘူး ။ စွဲလန်းရူးသွပ်စွာချစ်မိတာ တသက်မှာ ၂ယောက်ရှိခဲ့ဖူးတာ။ ပထမတယောက်က ခုဆို ဒီလောကကြီးထဲ မရှိတော့ပါဘူး ။
ကိုယ့်ကို ပစ်သွားတဲ့အချိန် မှာ အတော်လေးခံလိုက်ရသေးတယ် ။ရှင်ကွဲ ကွဲခဲ့ပြီး နောက်၂ နှစ်လောက်အကြာမှာတော့
သေကွဲပေါ့ ။ သူ မိန်းမယူသွားပြီး နောက်တော့ ကားအက်ဆီးဒင့် နဲ့ လေ ။ခု မှ ပြန်စဉ်းစားမိတာ ။ တော်ပါသေးရဲ့ လို့  ။ နို
့မို့ ဆို မုဆိုးမ ဖြစ်နေလောက်ပြီလို့။ သူ့ ကို ခုတော့ ကြံဖန်ပြီး ကျေးဇူးတင်လိုက်ပါတယ် ။ခုလောလောဆယ်လည်းနောက်ထပ်တခါအစွဲအလန်းကြီးနေမိပြန်ပြီ ။ ဘယ်တော့ ထိအုံးမလဲ မသိသေးပါဘူး။ဒီတော့ ဒီမကောင်းတဲ့ အကျင့်ကြီး အချိန်မီ ပြင်သင့်နေပြီ။
(၃) အပေါင်းအသင်း ။ ဆက်ဆံပေါင်းသင်းရေးမှာ။ ။ လူတယောက်ကို ဦးဆုံး စတွေ့ ဖူး ။ မြင်ဖူး ။ ကြားဖူးတဲ့ အချိန်ပိုင်းလေးအတွင်း စိတ်ထဲ ဖြစ်ပေါ်လာတတ်တဲ့  အကျင့် တခု ။ မခင်ချင်လဲ လုံးဝ မခင်ဘူး ။ ခင်မိရင်လဲ အရမ်းခင်တတ်သွားတာ ။ ပြီးတော့ ချစ်မိခင်မိပြီးရင် ပြန်မုန်းလို့ မရတတ်တာလေ ။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ စကားက ကိုယ့်အတွက် မဟုတ်ခဲ့ ပေဘူးပေါ့။ ပစ်သွားတဲ့ ရီးစားဟောင်းကြီးကိုတောင် မမုန်းဖြစ်လိုက်ရဘူး ။သူအသေစောသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ခုထိတော့ အရမ်းချစ်မိတဲ့သူတယောက် ကို အရမ်းမုန်းသွားတယ်လို့  မရှိသေးပါဘူး။ ဒါကျတော့ ဘယ်လိုကောက်ချက်ချရမလဲနော် ။ ပြုပြင်ဖို့ လိုနေမလား ။။ဒီအတိုင်းဘဲ ဆက်နေပါမယ်လေ ။ ပြင်တော့ဘူးနော်။
(၄) အားနာ တတ်တာ။ ။ ခင်မင်တဲ့သူတွေ ။ မိတ်ဆွေ သူငယ်ချင်းတွေ ။ တခုခု အကူအညီ လာတောင်းရင် ချက်ချင်းကြီး ငြင်းဆန်ပစ်ရမှာ ။အဲဒီလို စကားလုံးတွေ ဘယ်လိုမှ ပြော မထွက်ဘူး။ ( ကိုယ်ကူညီိနိုင်တဲ့ အခြေအနေ ဘောင်အတွင်းရှိနေရင်ပေါ့လေ)။ ၁ ကျပ်ဘဲရှိနေတာကို ၁၀လောက်လာအကူအညီတောင်းတဲ့ ကိစ္စမျိုးမဟုတ်ဘူးပေါ့နော်။ အခုလဲ ငြင်းရခက်လို့  ပြီးခဲ့တဲ့တပတ်က တလခစာ ပေးလိုက်ရသေးတယ် ။အဆင်ပြေတဲ့ အချိန် ပြန်ဆပ်မယ်ပြောတာဘဲ။ သူ မြန်မြန် အဆင်ပြေပါစေလို့ ဆုတောင်းနေရတယ် ။ ဘုရားလည်း နားပူနေလောက်ပါပြီ။နောက်တယောက်ဆီကတော့ ခုထိ ပြန်မရသေးဘူး ။သူကတော့ ယောက်ကျားရပြီး ခုဆို ခလေးတောင် ၂ယောက်ရနေပြီ ။ အဆင်မပြေသေးဘူးပြောနေတုံးဘဲ။ဒါဆိုလဲ ဒီယောက်ကျားးများ ဘာလို့ ယူနေတာပါလိမ့်နော်။ ဒီအကျင့် ကိုတော့ ပြင်ဖို့ သင့်နေတာကြာပါပြီ ။ ကြိုးစားပြီး ပြုပြင်နေပါတယ် ။ ပြင်လို့ မပြီးသေးခင် အချိန်မှီ လာပြီးပိုက်ဆံချေးကြပါ ။(ယနေ့ ည သန်းကောင်မတိုင်မီထိ ပါဘဲ)
(၅) ဒေါသထွက်လွယ်တာ ။စိတ် မရှည်တတ်တာ ။ စိတ်မထိန်းနိုင်တာ ။။ ။ တခါတလေ ဘာမှန်းမသိ ။ နေရင်းထိုင်ရင့်းနဲ့ ကို ဒေါသထွက်နေတတ်တယ်။ မကောင်းမှန်းသိပေမဲ့ ခေါင်းမာပြီး တဇွတ်ထိုးလုပ်တာနဲ့ ဆက်စပ်နေမယ်ထင်ပါတယ် ။
ဟိုးလွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်ခဲ့တာ ခုထိမမေ့နိုင်သေးဘူးလေ ။ အရက်မူးနေတဲ့ အမျိုးသမီးလူနာတယောက် ။ အမူးပါးပေါ့ ။နဲနဲသောက် များများမူးချင်ယောင်ဆောင်တာမျိုး။ သိချင်တဲ့ ဟာတော့ သိနေပြီး မသိသလိုမျိုးရမ်းနေတာ ။ ညကြီးသန်းခေါင် လာရစ်နေတာ ။လူနာဆိုတော့ အစက သည်းညီးခံပါသေးတယ် ။ သူ စတိုက်ခိုက်တာကို တတ်နိုင်သလောက် ရှောင်ပါသေးတယ် ။နောက်တော့ ပညာကိုလည်းစော်ကားတယ် ။ မိဘ ကိုပါစော်ကားတဲ့  ရင့်ရင့်သီးသီးတွေ ပါလာတာနဲ့ ။လက်က ပါသွားတယ် ။ ပွဲ နဲနဲကြမ်းသွားတယ်လေ ။၂ဖက်စလုံးက ဝိုင်းဆွဲကြလို့ဒီလောက်နဲ့ဘဲ ပြီးသွားတာ ။ နို့ မို့ ဆို ဘယ်သူ ဂတ်ရောက်မယ် မသိဘူး ။
အဲဒါမျိုးတွေ ဘယ်ဖြစ်သင့်မလဲနော်။ လူနာဆိုတာ ဘယ်လောက်ဘဲ ဆိုးနေပါစေ လူနာမို့ လို့  ခွင့်လွှတ်ထားရမယ် တဲ့ ။့။သူတို့  ဘာလုပ်လုပ် အမြဲ မှန်တယ်တဲ့ ။ ဒီက သူဌေးရဲ့  အယူအဆ လေ။( သူ့ ဆေးရုံ လူနာမရှိရင် သူ့စီးပွားထိခိုက်မစိုးလို့  ပြောတာ ဖြစ်မှာ။ အဲ ပြောရင်းဆိုရင်ေ--ွး မြှီးကောက် ကျေတောက် စွပ်နေမိပြန်ပြီ ။ စိတ်ထိန်းလေ) .
(၆) အချိန်ဆွဲနေတတ်တာ ။ နမော်နမဲ့ နိုင်တတ်တာ ။ ။ အိပ်ယာနိုးနိုးချင်း ဆက်နှပ်နေတဲ့အကျင့်တော့ မရှိဘူး ။ ဒါပေမဲ့တခုခုကို လုပ်စရာရှိနေရင် ချက်ချင်း ထ မလုပ်ဘဲ နောက်ဆုံး အချိန်ကပ်ပြီးတော့မှ ရေးကြီးသုတ်ပြာ လုပ်တတ်တာလေ ။ဝီရီယ နဲတယ်ခေါ်ရမှာပေါ့ ။ဥပမာ - စာမေးပွဲဖြေဖို့  ဖေါင်တင်ရတာမျိုး -သတ်မှတ်ထားတဲ့နောက်ဆုံးရက်မှ ကပ်ပြီးတင်တာ ။တခါက ဓါတ်ပုံ ယူသွားဖို့ မေ့ကျန်ခဲ့လို့ ကမန်းကတန်းပြေးရိုက်ရတယ် ။အမြန်ကြေးပေးရတော့ ပိုက်ပိုက်လဲ ပိုကုန်သွားတယ် ။ဖေါင်တင်ရတဲ့နေရာနဲ့ ဓါတ်ပုံဆိုင်က နေရာလှမ်းတော့  ကားခလည်းမကုန်သင့်ဘဲကုန်ရတယ်လေ။
နမော်နမဲ့နိုင်တဲ့ အထဲက တခု ဥပမာပေးရရင်တော့ ၉ တန်းတုန်းကပေါ့ ။တက်တဲ့ကျောင်းက မနက်ပိုင်းကျောင်းလေ ။၇ နာရီကနေ ၁၂ နာရီထိ ကျောင်းပေါ့ ။ အဲဒီနေ့ က ကျောင်းရောက်တော့ တခြားအတန်းက လူတွေဝိုင်းကြည့်ပြီးပြုံးစိစိနဲ့နှုတ်ဆက်ကြတယ်။ ကိုယ့်စိတ်ထဲ ထင်နေတာတော့ အမယ် ၊ငါဒီနေ့ တယ်စန်းပွင့်နေပါလားလို့ လေ။ ဒါလဲ သိသေးဘူး ။ အခန်းထဲရောက်မှ အရင်ရောက်နှင့်နေပြီးသား အတန်းဖေါ်တွေ ဝါးကနဲ ပွဲကျတော့ ရှပ်ပြာပြာ ထုံးစံအတိုင်းခလုတ်တိုက်လိုက်သေး။အချိန်နောက်ကျမှ ရောက်တော့ ပြေးရတာကိုး ။ကိုယ့်နေရာဝင်ထိုင်မှ ဘေးက သူငယ်ချင်းမလေးက လက်တို့ ပြောတော့မှ ရှက်လိုက်တာ ၊ မပြောလိုက်ချင်ဘူး၊ အိပ်ချင်မူးတူးနဲ့ စွပ်လာတဲ့ ကျောင်းစိမ်းထမီက အထက်ဆင့် မဲမဲ ကြီးက အောက်မှာထင်းကနဲဘဲ ။ ထမီဇောက်ထိုးနဲ့  ပြသနာ ။ ဆရာမလည်းဝင်လာပြီ ။ စာသင်ချိန်ကုန်မှ ကျောင်းအိမ်သာထဲပြေးပြီးလဲရတဲ့အဖြစ် ။
ခုတော့ ဒီလောက် မဟုတ်တော့ပါဘူး ။ အချိန်မလေးစားရင် ။ အလုပ်နောက်ကျရင် နောက်ဆက်တွဲ အကြီးဆုံး ပြသနာ က ထမင်းအိုးကွဲမှာလေ ။ ဒီတော့ လဲကွယ် ။ အတွေ့ အကြုံက သင်သွားတာပေါ့ ။ အတော်လေး အချိုးပြေနေပါပြီ။
အဲ အဲ.. နောက်ရှိပါသေးတယ် ။ဒါကတော့ ... ပြောလို့ ဖြစ်သေးဘူး ။ပြင်လို့ မရတဲ့ သေရာပါ အကျင့် ။ဒါကြောင့်လည်း ခုထိ တယောက်တည်း ဖြစ်နေရတဲ့ အဓိက အကြောင်းရင်းပေါ့ ။ ဒါပေမဲ့ ပြင်မရ ၊ ဆိုတော့ ထုတ်ပြီးမပြောတော့ပါဘူး ။ဒိုင်လျှို ထားလိုက်ပါမယ် ။ တသက်လုံးပေါ့ ။ ဒီထက်ဆက်ရေးရရင် ဒီထက် ကျော်ကြား လာမည်စိုး၍(အရှက်တကွဲ အကျိုးနဲနေမစိုး၍) ဒီလောက်နဲ့ ဘဲ အဆုံးသပ်ပါတယ် ။ ။
ပြာဂလောင် ငုံလေးတယောက် တိုးရင်းပေါင်း ၅ဆ လာမတောင်းနေနဲ့ တော့နော် ။နောက်တခါ ထပ်ထပ်တောင်းနေရင် ရိုက်ထုတ်တော့မယ် ( အမကြီးက ချစ်လို့ စတာပါ ပျိုပျို ငုံရေ ) :))
စာဖတ်သူမိတ်ဆွေများကို စကားလေးတခွန်း ပေးဝေချင်ပါတယ် ။ မဖြေချင်တဲ့ မေးခွန်းများ အမေးခံရတဲ့အခါ အခင်မင် မပျက် ဝိနည်းလွတ်အောင် ရှောင်နိုင်ဖို့ အတွက်ပါ နော် ။
When someone asks you a question you don't want to answer, smile and ask, 'Why do you want to know?'
ရွှင်လန်းချမ်းမြေ့ ကြပါစေ...
►Posted by
:kiki
:
at
5/09/2009 04:17:00 PM
Subscribe to:
Post Comments (Atom)
13 comments:
ဟဟ.. မကီတော့ တော်တော် စွမ်းတာပဲ အဟီ..
ကားပေါ်ကို တွဲရဲတယ်.. ပါဝါရိမ်းဂျားလိုမျိုး ပြန်ခုန်ချ လိုက်တယ်ပေါ့ အဟဟဟ..
နံပါ ၂ ကိုတော့ ပြုံးမိသား.. အဟိး..
အဟီး.. အခု ဗိုက်ဆံချီးမလို့..
၁၅၀၀ လောက်ပေး သောက်ချင်လို့.. အဟိး..
နံပါတ် ၆ ကိုတော့ အကျယ်ကြီးအော် ရီသွားတယ်ဗျို့...။
အိုမိုင် အီးတစ်ရော့ အယ်လေ အီးဒီရော့ခ ရေ
ကိုယ်မင်းကို လုံးဝမကယ်နိုင် မပြင်နိုင်ပါတော့ဘူး။
ဒီလိုပြောလို့ ဝမ်းမနည်းပါနဲ့ အီးဒီရေ
မင်းလေးက ကိုယ့်ပေါင်ကိုယ်လှန် လောက်အောင်
ဘာဆို ဘာမှ မသိတော့ပါလား
အင်းရဲ့ idea တွေ ရော့ နေတာမဟုတ်ပါဘူးကွယ်
အီဒီရော့ရေ။
အသိလက်လွတ်ဖြစ်နေရှာတယ် ကိုယ့်ပေါင်လာမလှန်နိုင်အောင်သာ ကိုယ်ကျပ်ဘောင်းဘီဝတ် ခါးပတ်ပတ်ထားပါတော့မယ်။
အီးဒီလေး အသည်းနှစ်ခါကွဲခဲ့တယ် တဲ့။ ဘုရားဘုရား။ အချစ်မှာ မျက်စိမရှိပါဆိုတာ ဒါပဲနေမှာ။
မင်းလေး အသည်းက ဘေလုံးလိုလားဟင်။
အသည်းလေး rupture ရထားတယ်တဲ့။
ကိုယ် သံကြိုးကြီးနဲ့ ပြန်ချုပ်ပြီး မဆလာကိုင်ထား ကျောက်ပတ်တီး ပတ်ထားပေးမယ်နော်။
တော်ပြီ အီးတီ အဲလေ အီဒီရော့ရေ
ရေးတာများကောင်းပါ့ဗျာ...အကျင့်တခုတိုင်းမှာ ဇာတ်လမ်းလေးတခုစီနဲ့..
ကျွန်တော်ကြားဖူးတာက အသဲသုံးခါကွဲရင် နိဗ္ဗာန် ရောက်တယ်ဆိုပဲ..။သိချင်ရင်တော့ရှင်းပြမယ်လေ..။
...ခင်မင်သောအားဖြင့်...
အို .... သင့်ရဲ့အဖြစ်တွေပဲ ကားပေါ်တောင် နောက်နေခိုးစီးတယ် မိုက်တယ်နော်
အောင်မလေးကြောက်စရာကြီးပါလားမကီး
ကားကိုဘန်နာတွယ်စီးရတယ်လို့ 
ဘိန်းကိုဖက်ထားလိုက်ရင်ပြီးရော....
အခုအချစ်သစ်လေးကရော ဘယ်လိုလဲ
အဆင်ပြေလား
အဟီးးး
စပ်စုတာ သူ့ကိုအပျိုကြီးပြောမှာကြောက်လို့တစ်ခါတည်းကြော်ငြာဝင်ထားတယ်
သားသိတယ် သားသိတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
:)) ချစ်မကြီးရေ..အာဘွာ အရင်ပေးလိုက်တယ်။ ကျေးဇူးပါနော့။ နံပါတ်စဉ်-၃ ငုံလေးနဲ့တူတယ်။
အဟိ..နံပါတ်စဉ်.၆..
ဒီထက်ဆက်ရေးရရင် ဒီထက် ကျော်ကြား လာမည်စိုး၍(အရှက်တကွဲ အကျိုးနဲနေမစိုး၍) ဒီလောက်နဲ့ ဘဲ အဆုံးသပ်ပါတယ်
လှလှပပလေး လှည့်ထွက်သွားတတ်တယ်..
အာဂပါပဲ ဒေါက်တာရယ်...
အမားရေ ဖတ်ပြီးရီသွားတယ် နင့်မောင်လေ
မပူနဲ့ အပျိုကြီးဖြစ်လည်း ဘာဖြစ်လည်း င့ါသားသမီးတွေလာထိန်းကူလေ
အဟတ် မူးတာမူးတာအမူးပါးနော်သိလား
ချစ်ရသူနဲ့ပျော်ရွှင်စွာ ပေါင်းရပါစေ..
ရိုးသားစွာဖြင့်၊ ဒီကွန်မန်းရေးဖို့တစ်နာရီလောက်ကြာသွားတယ်၊ ရေးလိုက်ဖျက်လိုက်နဲ့..
တစ် မျောက်လောင်းတဲ့ လားကင်ပွန်းတတ်ကောင်း၏ ဘယ်တယောက်ကိုပြောတာပါလိမ့် ကိုယ်သိတဲ့ တယောက်ဘဲဖြစ်မှာပါ လေး အချိန်မှီပိုက်ဆံချေးမယ် ဘယ်လောက်များများချေးချင်တယ်အတိုးလဲပေးမှာပေါ့  ငါး အောက်ဆုံးစာတန်းလေးရေးတာအမှန်ဘဲကြိက်၏ ခြောက် အိပ်ရာထမပျင်းတာတော့ အလွန်ကောင်း ခုထိတယောက်ထဲဖြသ်နေရတဲ့ အကြောင်းလေး post တခုအဖြစ်ရေးပါလား ခင်မင်မှုများစွာဖြင့် 
မိုက်တယ် မိုက်တယ် ခုထိ တစ်ယောက်တည်းဖြစ်တဲ့ အကြောင်းကို အနော်သိတယ်နော် ဖွလိုက်ရမလား အဟမ်း
နာလဲ သိချင်ဒယ်ဟေ့...
သိချင်ပါတယ်ကွယ် သိချင်ပါတယ်လို့ ပြောပြပါနော် ဟိဟိ
Post a Comment