ဒီစာကြွေးလေးလည်းမရှင်းရသေးဘူး ။ အရေးကြီးတဲ့ အလုပ်ကြွေးတွေ အရင်ရှင်းနေရလို့  ၊အားတော့နာပါရဲ့ 
့ကိုတောင်ပေါ်သားရေ ။ ကိုယ့်ပေါင်ကိုယ်လှန်တောင်းရမဲ့ အလုပ် မျိုးတော့ မလုပ်ချင်လို့  အချိန်ဆွဲ နေတာကလည်းတကြောင်းပေါ့ ။ဒီနေ့ တော့ပေါ့ပေါ့ပါးပါးလေးဘဲပြောကြရအောင်။အေပရယ်ဖူးလ်နဲ့ ရောပြီး ၊သူငယ်ပြန်လိုက်ပါအုံးမယ်။
ဟုတ်ပ ။ ဝါသနာပါတာ နဲ့  အကျင့် ဆိုတာကြီး နှစ်မျိုးကို အရောရော အနှောနှော နဲ့ မို့ ခုရေးလိုက်တဲ့ အကြောင်းတွေမှာ လည်း ရောထွေးနေပါလိမ့် မယ် ။ ကိုယ့်ဟာကိုယ်သာ ခွဲခြမ်းစိတ်ဖြာ လိုက်ကြတာပေါ့နော်။
တကယ်ပါဘဲ အသက်ပိုင်းခြားအလိုက် ရှိခဲ့  ဖြစ်ခဲ့ကြတဲ့ ဝါသနာတွေဟာ ပြောင်းလဲသွားတတ်ကြပါလား ။သိပ်ငယ်ရွယ်တဲ့ အသက်အရွယ် နဲ့ အချိန်တွေမှာ ရှိခဲ့တဲ့  ဝါသနာတွေ ကိုသေချာ မမှတ်မိတော့ပါဘူး ။
အမေပြန်ပြောပြဖူးလို့ သိနေတာက ဥပမာ- တနှစ်ကျော်အရွယ်လောက်က စကားပြောတတ်ခါစအရွယ် နေတဲ့နေရာက ရှမ်းပြည်၊ အေးလွန်းလို့ မနက်စောစော ဘယ်သူမှ မထချင် အိပ်ကောင်းနေတဲ့အချိန်မျိုးမှာ စူးစူးဝါးဝါးအော်ငိုပြီး ဂျီကျတတ်တဲ့  အကျင့် ကြောင့် အမေနဲ့အဒေါ်တွေ နာမယ်ပေးထားတာက ပုရစ်လေးတဲ့။ဒါက ပုရစ်လုပ်ဖို့  ဝါသနာတော့ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်နော်။
ရန်ကုန်မှာ ကျောင်းနေတဲ့ အရွယ် ၊ မူလတန်း ၊ မောင်နှမ ၆ ယောက်မှ အမကြီးနဲ့  အကို တို့ က အသက်ရွယ် ကွာနေကြတော့( အဲဒီအချိန်မှာ သူတို့ က အပျို၊လူပျိုပေါက်လေးတွေ ဖြစ်နေကြပြီ ဆိုတော့) အငယ် ၄ ယောက်ဘဲ အတူတူဆော့ဖြစ်ကြတာများတယ် ။ ပြီးတော့ ကျိုင်းတုံကတဝမ်းကွဲ အကိုအငယ်ဆုံးလေးတယောက်ကလည်း အိမ်မှာလာနေပြီးကျောင်းတက်ကြတော့ သူကဘဲ ဦးဆောင်ပြီး တအိမ်လုံး နဲ့  ခြံထဲ တဝင်းလုံးကို ဗြောင်းဆန်အောင်ဆော့ခဲ့ ကြတာ ။ ကိုယ်က မိန်းကလေးပေမဲ့  ဘယ်တော့မှ မိန်းကလေးလို မနေခဲ့  ။မဆော့ခဲ့ ဖူးပါဘူး ။ အဲဒီ အကို နောက်ကလိုက်ပြီး သူဆော့သလို လိုက်ဆော့တယ် ။ ခြံထဲမှာရှိသမျှ သစ်ပင်တွေ အကုန်ရှောက်တက်တယ် ။သစ်ပင်တက်တာ ဝါသနာပါတယ်ပေါ့ ။ပြီးတော့ လေသနတ်တလက် အဖေက အကိုအတွက် ဝယ်ပေးထားတာ ရှိတယ် ။ အဲဒါ ခိုးပြီး ဆော့ကြ ပစ်ကြတယ် ။ အဲဒီ အချိန်တွေတုန်းက သေနတ်ပစ်တာ ဝါသနာပါတယ်ပေါ့ ။ ရှိတဲ့ နို့ ဆီခွက် အလွတ် ။အဟောင်းတွေ ဆို လေသေနတ်ကျည်ရာ အပေါက်တွေ နဲ့  ပြန်ရောင်းစားလို့ တောင် ဝယ်မဲ့ ကုလားမရှိပါဘူး ။သရက်ပင်ပေါ်မှာရှိတဲ့ ကျီးကန်းအသိုက်က ဥ သွားနှိုက်လို့  ကျီးမကြီး နှုတ်သီးနဲ့ အဆိတ် ခံလိုက်ရလို့ ဂေါင်းပေါက်ပြီးနောက်ပိုင်းမှ သရက်ပင်တက်တဲ့ ဝါသနာ ပျောက်သွားတာ ။ ဒါပေမဲ့  ကျန်နေတဲ့  မာလကာပင် ၃ပင် ပေါ်ဆက်တက်တာ ၃ပင်စလုံး အိမ်ကကိုယ်တို့ ၅ယောက်လက်ချက်နဲ့ ခြောက်ကပ်သေသွားတော့မှ သစ်ပင်တက်တဲ့ ဝါသနာလုံးဝပျောက်ခဲ့ ရတယ်။
၇ တန်းလောက်ကစပြီး ဝတ္ထုတွေဖတ်တာ ဝါသနာ ပါခဲ့ဘူးတယ် ။ ကျောင်းက မနက်ပိုင်းနေ့ တဝက် တက်ရတာ ။ ကျောင်းကပြန်ရောက်တာနဲ့ ကွမ်းယာဆိုင်က ငှားလာတဲ့  ဝတ္ထု ကို ဆက်တိုက် ဖတ်တာ ။အဝတ်အစားတောင် မလဲအားဘူး ။ ထမင်း စားရင်း၊ ဇွန်းက တဖက် ။စာအုပ် ကတဖက် ၊ မျက်စိ နဲ့စာအုပ် မခွာဘဲ တောက်လျှောက်ဖတ်တာ ။ ထမင်းအကြာကြီးဇိမ်ဆွဲ စားနေတာ အဖွားက တစက်မှ မကြိုက်ဘူး ။ တွေ့ ရင် အမြဲ ဆူခံထိတယ် ။
နောက်ပြီးတော့ စက်ပစ္စည်းတွေ ကလိတာ ဝါသနာပါလိုက်သေးတယ် ။ ၄ -၅ တန်းလောက်တုန်းက ရေဒီယိုထဲက ဘာကြောင့်စကားသံ ၊ သီချင်းသံတွေထွက်နေရတာလဲ သိချင်လို့  အကိုနဲ့ ပေါင်းပြီး ရေဒီယို တလုံးကို တစစီဖြစ်အောင် ဖွင့်ပြီးပြန် မတပ် တတ် လို့  အမေဆူခံထိခဲ့ဖူးတယ်။အဖေကလည်း ကားအစုတ်တွေဝယ်ပြီးပြင်တာ ဝါသနာပါလို့ သူအနားမှာဟိုကြည့် ဒီကြည့်ရင်း ။
အဖေခိုင်းတာကူလုပ်ပေးရင်းနဲ့  မက္ကင်းနစ် လုပ်ရတာ ဝါသနာဖြစ်မိသေးတယ် ။ ကြီးလာရင် အင်ဂျင်နီယာကြီးလုပ်ချင်စိတ်က အလယ်တန်းမှာ ဖြစ်လိုက်သေးတယ် ။ ခုထိလဲ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ဆဲ ၊ သုံးဆဲ ။ ဖျက်နေဆဲ ပါဘဲ ။ ၁၀ နှစ်လောက်အတွင်း မှတ်မိသလောက် ကင်မရာ ၈လုံး ဝယ်ဖျက်ပြီးပါပြီ ။ ဘယ်နေရာသွားသွား အိတ်ထဲမှာ ကင်မရာတလုံးဆောင်ထားတတ်တဲ့ ဝါသနာ ရှိနေပါတယ် ။မြင်သမျှ ရိုက်ချင်တယ်လေ ( ဓါတ်ပုံ ရိုက်တာကို ဆိုလိုပါတယ်နော် )။
နောက်ဝါသနာပါတာကတော့ မိုးရွာထဲဘောလုံးကန်ရတာပါဘဲ ။ နေပူထဲ ကန်ရတာပူလို့ မကြိုက်တာလားတော့မသိဘူး ။ မိုးရွာတဲ့ အချိန်ဆိုရင်တော့ မနေနိုင်မထိုင်နိုင် ဘောလုံးကန်ကြတယ်။ အဲဒီ ၃- ၄ တန်း အချိန်ကစပြီးဘောလုံးကို စိတ်ဝင်စားခဲ့တာ။ ၁၀ တန်းထိအမေလစ်ရင် ခြံချင်းကပ်ရက်က ယောကျာင်္းလေးသူငယ်ချင်း၂ယောက်ရယ် ။အကို ဝမ်းကွဲရယ် ဘောလုံးကန်ခဲ့ ကြတာ ။နောက်တော့အမေဆူတာနဲ့ သူတို့ ဆီသွားမကန်ဖြစ်တော့ဘူး ။အပျိုပေါက်ရွယ်လေးရောက်လာတော့ လူမြင်ရင် ကြည့်မကောင်းဘူးတဲ့ လေ ။ ဒါပေမဲ့ တိုင်းနဲ့ ပြည်နယ် ဘောလုံးပွဲတွေတော့ လစ်ရင်လစ်သလို ခိုးကြည့်တယ် မှတ်မှတ်ရရ ၁၀ တန်းနှစ်က ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်း နောက်ဆုံးဗိုလ်လုပွဲ ဖိုင်နယ်နေ့ ။ အောင်ဆန်းကွင်းမှာ ကန်တာ ၊အမဝမ်းကွဲတယောက်က ဘယ်ဌာနကလဲမမှတ်မိဘူး ။ ပြေးခုန်ပစ်အဖွဲ့ လက်ရွေးစဉ် ဆိုတော့ ဘောလုံးပွဲလက်မှတ် အလကားရလို့ သူနဲ့ ကပ်လိုက်ပြီး သွားခိုးကြည့် ကြတာ ။ ရှမ်းပြည်နယ် က ပထမချေပဂိုးသွင်းတော့ ထခုန်ပြီးလက်ခုပ်လက်ဝါးတီး တော့ နောက်ဖက်က ပြောင်းဖူးရိုးနဲ့ ပေါက်တာ ခံခဲ့ ရဘူးတယ် ။
၁၀ တန်းရောက်တဲ့ အထိဘောလုံးပွဲ ပွဲကောင်းရင် ကွင်းထဲထိသွားပြီးကြည့်တုံးပါ ။လောင်းကစားတာတော့ဝါသနာမပါလို့ ဘယ်ပွဲမှာမှ မလောင်းခဲ့ဖူးပါဘူး ။နောက်ပိုင်းစာမေးပွဲနီးတော့မှ ကျူရှင်နဲ့ ကျောင်းစာပိသွားတာနဲ့ ဘောလုံးအရှိန်လျော့ သွားတာ။
အဲဒီကြားထဲ ကိုယ် ၇တန်းရောက်တော့ အမအကြီးဆုံးက တက္ကသိုလ် တက်တာ တတိယနှစ်ရောက်နေပြီဆိုတော့ ရီးစားလေးထားတတ်နေပြီ ။ သူ့ ရီးစား အိမ်လာလည်ရင် ဂီတာတီးပြီး သီချင်းဆိုကြတယ် ။ အဲဒီ ဂီတာကြီးကို အိမ်မှာဘဲထားခဲ့ တတ်တော့ ယူဆော့ရင်းနဲ့ ဂီတာတီးတာ စပြီးဝါသနာပါပြန်လေရော ။ ခဲအိုလောင်းကြီးကလည်း အမမျက်နှာနဲ့ မို့  စိတ်ရှည်စွာ သင်ပေးပါတယ် ။ လက်နာ ။လက်အရေခွံ ကွာပြီးသွေးထွက်တဲ့ အထိ ဝါသနာကြီးတာ ။နောက်တော့ စိုင်းထီးဆိုင်သီချင်းတွေ နာမယ်ကြီးလာတော့ မလွတ်တမ်း နားထောင် ။ လိုက်ဆို ။လိုက်တီးပေါ့ ။တော်ပါသေးရဲ့  ၁၀တန်းအောင်တော့ ဒီလေးတွေတန်းစီပါလာပေလို့  ။နို့ မို့ ဆိုရင် အဆူခံလိုက်ရမဲ့ ဖြစ်ခြင်း ။ ဒီတော့ လိုချင်တဲ့ ဆု တခုပေးမယ်တဲ့ အမေကမေးတော့ ဘာမှ မစဉ်းစားအားပါဘူး ။ ၁၂ကြိုးတပ် ဂီတာတလုံးပြေးဝယ်ပစ်လိုက်တယ် ။ ကိုယ်ပိုင်ဂီတာလေးဆိုတော့ မိုးလင်း မိုးချုပ် တဒေါင်ဒေါင်လုပ်နေလို့ အိမ်မှာရှိတဲ့  အဖွားက ဆူတာခံရသေးတယ် ။ နောက်ပိုင်းတော့ ဟို ၇ နှစ်တက်ရတဲ့ ကျောင်း( ကိုယ်တို့ နှစ် မတိုင်မီ ၂နှစ်လောက်က စပြီး ၅နှစ်ခွဲ ဘဲတက်ရတော့တာ) အဲဒီကျောင်းတက်နေရတာနဲ့ ဘဲ ဝါသနာပါတဲ့ ဘောလုံးနဲ
့ဂီတာတီးခြင်းလေးတွေ ဟာ တဖြေးဖြေး လျော့ နည်းလာခဲ့ရပါတယ် ။
အဲဒါနဲ့ ဘဲ ရီးစားထားဖို့  ဝါသနာလေးတောင် မြေမပျိုး ဖြစ်လိုက်ရဘူး ။ ခုချိန်မှာ အစကပြန်စလို့ ရရင်လဲ အကောင်းသားဘဲနော် ။ငယ်ငယ်က မလုပ်ဖြစ်လိုက်တဲ့ ဝါသနာလေးတွေ ပြန်လုပ်လိုက်ချင်လို့ပါ ။
ခုလက်ရှိလုပ်နေရတဲ့အလုပ်နဲ့ ပတ်ဝန်းကျင်အရ အနီးအနားမှာ ဗမာလိုစကားပြောဖေါ်မရှိလို့  အားနေတဲ့အချိန်များမှာ အုတ်လမ်းပေါ်မှ ချစ်သူငယ်ချင်းလေးတွေနဲ့  ချက်တင်ထိုင်ရင်း အပျင်းဖြေတတ်တဲ့ ဝါသနာ တမျိုး ရှိနေပါသေးတယ်။နောက်ပြီး ခုလို ပေါက်တတ်ကရလေးတွေလျှောက်ရေးပြီးဘလော်ဂါလိုလိုဘာလိုလိုလုပ်ချင်တဲ့ဝါသနာလည်း မနှစ်က နှစ်ကုန်ချိန်နီးမှစတင်အမြစ်တွယ်နေကြောင်းပါ (စာကြီး၊ပေကြီးတွေ မရေးတတ်တဲ့အထုံပါရမီကြောင့်ပေါတောတော စာလေးတွေဘဲ ရေးနေရခြင်းဖြစ်ပါတယ်)။
ဤတွင် မှတ်မိသလောက် ဝါသနာများအားပြန်လည်တင်ပြ၍ ပြီးပါပြီ။။ ကိုတောင်ပေါ်သားရဲ့ အမိန့် အာဏာကို မဖီဆန်ရဲလို့ ရေးလိုက်ရပါတယ် ။ ခပ်ကြောင်ကြောင် ပို့ စ်များအား အချိန်ကုန်ခံပြီး မဖတ်လိုသူများ လွတ်လပ်စွာ ကျော်ခွ သွားနိုင်ကြပါတယ် ။ အဆုံးထိဖတ်မိပြီးမှ အူကြောင်ကြောင် အကြောင်းအရာများဟု ယူဆသူများအား အားနာစွာဖြင့်တောင်းပန်ပါတယ် ။ :)
►Posted by
:kiki
:
at
4/01/2009 06:37:00 PM
Subscribe to:
Post Comments (Atom)
4 comments:
အောင်မလေး..ဝါသနာ ဝါသနာ
ငယ်ငယ်က ဥနှိုက်တယ်
အရွယ်ရောက်တော့ ကလိတတ်တယ်
နည်းနည်းကြီးတော့ဘော ကန်တယ်
အဲပြီးတော့အတီးကလည်းဝါသနာပါတယ်
ကြောက်ပါတယ်..
အပြင်မှာတွေ့ လို့ ကတော့ဝါသနာတစ်ခုခုနဲ့ 
ပြသနာရှာရင်းဒွတ်ခတော့ရောက်မှာပဲ
အဟီးးးး
စတာပါ
ခင်တဲ့
ဖိုးစိန်
အောင်မြတ်လေး ။ ဥနှိုက်ဝါသနာတဲ့ ။ တားတားကြောက်ကြောက် ။ ၀တ္တုဖတ်တာတော့ တူတရ် ။ လာ ကမ်းပင်း ။ ကျန်တာတော့ လန့်လန့် ။ ဟိ ။
(ကို၇ဲ)
အဟင့် ဥနှိုက်ဝါသနာပါတရ်တဲ့ ။ နောက် ၀တ္တုဖတ်တာတော့ တူလို့ ကြိုက်တရ် ။ လာလာ ကမ်းပိန်း ။ ကျန်တာတော့ လန့်လန့် ။ ဟီး ။ ချတာချတာ ငါ့အစ်မ အပျိုကြီးကို ။
(ကိုရဲ)
ဖတ်သွားပြီ မိုက်နေတယ်ဟေ့ အမ၀ါသနာက တမျိုးကိုးးးး ဟီးးးးး ၀ါသနာ မပျိုးရသေးရင် မပျိုးတော့နဲ့ အမရေ ကြာတယ် အပင်ပေါက်တာ ၀ယ်စိုက်လိုက်တော့ ဟီးးးးး
လေးစားလျက်
တောင်ပေါ်သား
Post a Comment