ကိုယ့် သတင်း ကိုယ့်ဟာကိုယ် ရေးတင်ရတာ တော့ သိပ်မကောင်းသလို ပါပဲ ။ ဆန့် တငင် ငင် နဲ့ မတင်မကျ
လည်းဖြစ်နေသေးရဲ့ ။ အဆက် အစပ် မရှိ ဖြစ်မှာလည်း စိုးရဲ့  ။ စိတ်ထဲ မှာ ပြောပြချင်တာတွေ ကို ဒီလက်က
လိုက်မရေးနိုင် လို့  စာဖတ်သူတွေ အတွေးတမျိုး ပေါက်မှာလည်း စိုးရဲ့ ။ အဲလိုဆိုရင်တော့ ကိုယ့် အရေးညံ့ ဖျင်းမှု
ကြောင့် လို့ ပဲ သဘောထားပေးကြပါ ။ ရင်ထဲမှာ ပြောပြချင်နေတာတွေက များပြီး လိုရင်း မရောက်ခဲ့ ရင် သဘော
ပေါက်ပေးကြစေလိုပါတယ် ။ ဒီလိုပါ ။
ခုနှစ်- - ဖြစ်ပွား / သေဆုံး
အဖြစ်မှန် ၊။
ဝက်တွေ အထင်လွဲခံနေရတဲ့  လူတုပ်ကွေး A H1N1 အကြောင်း နဲ့သက်ဆိုင်ပါတယ် ။ ဒီရောဂါနဲ့ပတ်သက်တဲ့
ပြန့် ပွားပုံ ၊ ရောဂါ လက္ခဏာများ ၊ ကာကွယ်ပုံ ၊ ကုသပုံ စသဖြင့် ကို လူတိုင်းလိုလို ဖတ်ရှိ ပြီး ဖြစ်မယ် ထင်လို့ 
အရှည် မပြောတော့ပါ ။ ခုဆို မြန်မာပြည်မှာလည်း ဒီရောဂါကူးစက် ပြန့် နှံ့ နေပြီ ဖြစ်ကြောင်းကို လွန်ခဲ့တဲ့ 
ရက်သတ္တပါတ် အနည်းငယ်မှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်ကြေငြာ ခဲ့ ပါတယ် ။
ပထမဦးဆုံး လူသိရှင်ကြား ထုတ်ပြန်ခြင်းခံရတဲ့  ရောဂါ ကူးစက်ခံရသူ ၁၃ နှစ်သမီးလေးက စင်ကာပူ မြို့ မှ ရန်ကုန်မြို့ 
သို့  ပြန်လာသူ ဖြစ်ပါတယ် ။ ရောဂါ ကူးစက်တဲ့ ထုံးစံ အတိုင်း လေယာဉ်ပေါ်မှာ ရောဂါရှိသူရဲ့  ချောင်းဆိုး ချိန်မှာ
လေထဲသို့  လွင့်ပါလာတဲ့ ဗိုင်းရပ်စ် ပိုး မှ ကူးစက်ခြင်းဆိုတာ ရှင်းပါတယ် ။
ခုလည်း လပ်ကီးဆဲဗင်း ခွန်နှစ်ယောက်မြောက် ရောဂါ ကူးစက်ခံရသူအဖြစ် ကိုယ့် အိမ်က တူလေး ထီပေါက်
သွားပါတယ် ။ ဒါပေမဲ့ ခုချိန်ထိ သိရသလောက် သတင်း အရ ၆ ယောက်သာ ရှိ နေပါတယ် ။
သူက ဘန်ကောက် ကို ၂ ပါတ် သွားလည် တယ်တဲ့ ။ဒီလ ၁၆ ရက်နေ့ မှာ ထိုင်းအဲယားဝေး ကြီးနဲ့
မြန်မာပြည်ကို ပြန်လာတယ်ပေါ့ ။သူနဲ့ အတူ လေယာဉ် တစီးထဲ စီးလာသူတွေထဲမှာ အော်ဇီက ပြန်လာတဲ့ 
လူငယ် တဦး ပါလာတယ် ။ ဖျားနေမှန်း အစက မသိကြလို့ လား ။ ပေါ့လျော့ မှုလားတော့ သေချာ မသိပါ ။
အော်ဇီပြန် လူငယ် ဟာ တခြားခရီးသည် တွေနဲ့အတူ ရောနှောထိုင်လိုက်လာတယ်ပေါ့ ။မင်္ဂလာဒုံ လေယာဉ်ဆိပ်
အရောက်မှာ သူ့ မှာ အဖျားရှိနေကြောင်းသိရလို့  သက်ဆိုင်ရာက သက်ဆိုင်တဲ့ နေရာကို ပို့ ပေးလိုက်တယ် လို့
သိရပါတယ် ။
၂၁ ရက်နေ့ မှာ စပြီး တူတော်မောင်က ဖျားတယ် ၊လည်ချောင်းနာတယ် ၊ နှာစေး ချောင်းဆိုး ပေါ့လေ ။
ဒီတော့လည်း ထုံးစံအတိုင်း ပါရာလေးသောက်လိုက် ၊ဘာမီတွန်လေး မြိုလိုက်နဲ့ပေါ့ ။ရိုးရိုးကွေးတဲ့ အီကြာကွေးပဲ
မှတ်နေတာကိုး။ ဒီလိုနဲ့ မသက်သာဘူးတဲ့။
၂၄ ရက်နေ့ မှာ အက်စ်၂လုံးနဲ့စီနေတဲ့ SSC ဆိုတဲ့ ဆေးရုံမှာ သွားပြပါတယ် ။နိုင်ဂံဂျားပြန် လာတဲ့သူ ဟုတ် မဟုတ်
မေးလို့ သာပြောတာဖြစ်မယ် ။ ဒီတူတော်မောင်က တလုံးမေးမှ တလုံးဖြေတတ်တဲ့အကောင် ။ အူကြောင်ကြောင်ပါ ။
( ဒီမှာလည်း အဖျား 38.5C အထက်ရှိတဲ့ လူနာတိုင်းကို တပါတ် ၊ ဆယ်ရက် အတွင်း ပြည်ပခရီးထွက်ဖူးလား
ဆိုတဲ့မေးခွန်းက မမေးမနေရ ပါ ။ကောင်းသော ရာဇဝင်ယူနည်းလေးတခုပါ )။နိုင်ဂံဂျားက ပြန်လာတယ်လည်း ဆိုရော ၊
အဲဒီ SSC က တာဝန်ကျ ဆရာဝန်က သူ့ ကိုပြောပါတယ် ။ နောက်နေ့ ကျရင် ဒီဆေးရုံကို ဆက်လာစရာ မလိုတော့ပါဖူး တဲ့ ။
တူတော်မောင် ငကြောင်ကျားက ဘုမသိ ဘမသိ သူ့ ဟာသူ အိမ်ပြန်လာတယ် ။ အိမ်ရောက်တော့လည်း ဘယ်သူ့ ကိုမှ
မပြော ၊ သူ့ ဟာသူ ထုံးစံအတိုင်း နေတယ် ၊စားတယ် ။ အိမ်ကလူတွေ ကလည်း မမေးကြဖူး နဲ့တူပါတယ်။
၂၅ ရက်နေ့  နေ့လည် မတိုင်မီ မှာ မြောက်ဥက္ကလာပ မှာ ရှိတဲ့ နာမည်ကြီး ဝေဘာဂီ ဆေးရုံမှ ဆရာဝန် မ တဦးနှင့် 
သူနာပြုဆရာမ တဦး အိမ်တိုင်ရာရောက် ပေါက်ချလာပြီး လူနာကို စမ်းသပ်စစ်ဆေးကြည့်ရှုပေးပါတယ် ။
ပြီးတော့ ဆေးရုံတက်ဖို့ ပြောပါတယ် ။ နောက်များမကြာမီ ကျန်းမာရေးဌာန မှ တာဝန်ရှိသူများ (လူဦးရေ တိကျတော့
မသိ ၊ ဖုံးနဲ့ သတင်းယူရတာ လိုင်းမကောင်း၍ လုံးစိပတ်စိ မမေးဖြစ်သော မေးခွန်းများ ကျန်ရှိနေတာကို နားလည်ပေးကြပါ ) ၊
လူတပြုံကြီး ရောက်လာပြီး ဝေဘာဂီ ခရီးစဉ်ကို စတင်ပါသည် ။
( ဤနေရာတွင် ဖေါ်ပြလိုသည်မှာ ထောင်မြင်ရာစွန့် လို့ မသိရခင်မှာတင် မိမိအိတ်မှ တိုင်စီဖိုး စိုက်ထုတ်ပြီး
ထိုသူတွေကိုပါ ခေါ်ဆောင်သွားရခြင်း ဖြစ်ပါသည် ။အမ်ဗြူးလဲန့် ဖြင့် လူနာကို တင်ဆောင်သွားခြင်းမဟုတ်ပါ ။
ထိုလူတအုပ် အိမ်ကို မည်သို့မည်ပုံ ဘာစီးတော် ယာဉ်ဖြင့်ရောက်လာကြကြောင်း မသိပါ )။ဆေးရုံသို့ မျက်နှာငယ်ဖြင့်
လိုက်သွားရမည့် အူကြောင်ကြောင် တူတော်မောင် နှင့်  အဆက်အသွယ် လုပ်နိုင်ရန် ရှိစုမဲ့စု ဟံန်းဖုံးလေးတလုံး ကို
တောင် ယူဆောင်ခွင့် မပြုပါတဲ့ ။ ဘာလို့မှန်းတော့ မသိပါ ။ လူတုပ်ကွေး က ဝက်တုပ်ကွေးကို ပုန်ကန်မည့် သတင်းများ ကို
အိမ်သားတွေတောင် မသိစေချင်လို၍ များလားဟု စုံထောက်တွေး လေး တွေးမိပါသေးသည် ။နောက်တော့ အိမ်ကို
ကျန်းမာရေးဌာနမှ လူတွေရောက်လာပြန်ပြီး မည်သို့ မည်ပုံ နေထိုင်ကြရန် ၊ သန့် ရှင်းရေးလုပ်ရန် အစရှိသည်တို ကို
ပညာလာပေးသွားကြောင်း သိရပါသေးသည် ။
၂၆ ရက်နေ့ မှာ အိမ်သားတွေကို အကြောင်းကြားချက်က ဖုံး ပေးချင်လျှင် လာပေးလို့ ရတဲ့အကြောင်း
သတင်းကောင်းကဲ့သို့ အကြောင်းကြား၍ အဆိုပါ မယူရ ဆိုတဲ့ ဖုံးကို တကူးတက ထပ်သွားပေးရပါသည် ။
အဝတ်နှင့် အစား လည်းပေးလို့ ရပါသည် ။ လူနာကိုတော့ တွေ့ ခွင့် မရပါ ။သီးသန့် တယောက်ခန်းထဲ မှာ
ထားပေးပါသည် ။ အဲယားကွန်းနှင့်  ဇိမ်ကျ ပါသည် ။ တနေ့ ကို အစာ ၄ ကြိမ် ကျွေးပါသည် ။ ဆရာဝန်က တနေ့ လျှင်
၂ ကြိမ် လာကြည့်ပါသည် ။ သွေးအဖြေကိုတော့ ၂၆ ရက်နေ့  နေ့ လည်ပိုင်းမှာ သိရပါသည် ။
သိန်းထီပေါက်သွားပါသည် ။ A H1N1 Positive ဆုကြီးကို TG အဲယားလိုင်းမှ ပရိုမိုးရှင်းပွဲမှာ အလကား
ထီပေါက်ခြင်းဖြစ်ပါသည် ။
အထူးခြားဆုံး သတင်း က ခုမှ ရောက်ပါတယ် ။ အိမ်သားအားလုံး ၁၀ ရက်တိတိ အိမ်အပြင် မထွက်ရပါ ။
ဒါကြောင့် တူတော်မောင်က ဆေးရုံပေါ်မှာ ။ အိမ်သားတွေ အားလုံး အိမ်ထဲ မှာ ၊ ဘယ်သူမျှ အဝင် အထွက် မလုပ်ရ ပါ တဲ့။
( ဒါကလည်း လက်ခံလို့ ရပါတယ် ။ တကဲ့  ကို ဆိုးဝါးလှတဲ့  ကူးစက်ရောဂါတွေ ပြန့်ပွား နေတဲ့ အချိန်မျိုးမှာ
ဒီလို Quarantine နည်းမျိုးကို တကမ္ဘာ လုံး မှာ ကျင့်သုံးကြရတဲ့ နည်းလမ်းတခုပါ ။ ထောက်ခံပါတယ် ။
ဒါမှ ရောဂါလက္ခဏာ ပုန်းကွယ်နေဆဲ Incubation Period မှာ တင် တခြားသူတွေ ကို မပြန့် ပွားအောင်
ထိန်းချုပ်ပေး နိုင် မှာပါ ။ )
အထူးဆန်းဆုံး အကြောင်းအရာ ကတော့ ရီရမလား ၊ ငိုရမလား လို့  ကိုယ်တိုင်တောင် မဆုံးဖြတ်တတ်
နိုင်လောက်အောင် ၊ နားရှိလို့သာ ကြားလိုက်ရတယ်ဆို တာမျိုး ပါပဲ။
အစိုးရ ။ ကျန်းမာရေး ဌာန မှ ဒီရောဂါဖြစ်ပွားလို့ အိမ်ထဲ မှာ ပိတ်လှောင်ခံထားရတဲ့ မိသားစုဝင်တွေ ဒီ ၁၀ရက်
အတွင်း စားရေးသောက်ရေးအတွက် ကို ငွေ တစ်သိန်းကျပ်တိတိ ထောက်ပံ့  ပါ တယ် တဲ့ ။
ဒါပေမဲ့ ဒီငွေ ကို လက်ဝယ်မြင်ရတာတော့ မဟုတ်ပါ ။ ရပ်ကွက် ကောင်စီ (ခုတော့ ဘယ်လို ခေါ်သလဲ မသိပါ ..
ရယက ရုံး လား ဘာလား ) အဲဒီမှာ ထားပေးပြီး အိမ်က လူတွေ စားချင်သော အရာများကို သူတို့ မှ တဆင့်
ဝယ်ယူ ပို့ ဆောင်ပေးပါမည်တဲ့  ။
အိမ်သားတွေ တော့ ဒီကနေ့  ဒုတိယမြောက် နေ့ အိမ်ထဲ မှာ အချုပ်နှောင်ခံ ရခြင်း ဖြစ်ပါတယ် ။
တူတော်မောင်တော့ဆေးရုံ မှာပါ ။ နေကောင်းပါစေလို့ ပဲ ဆုတောင်းပေးနေရ ပါတယ် ။
ထင်မြင်ချက်များ ။
ခုပြောမဲ့ အကြောင်းအရာတွေ ကတော့ ကိုယ့်ထင်မြင်ယူဆချက် သက်သက်သာ ဖြစ်ပါတယ် ။ ဖြစ်သင့် တယ်ထင်တဲ့ 
ဖြစ်စေချင်တာလေးတွေ ကို ပါ တင်ပြထားတာမို့  ရောထွေး ပြီး မရှင်းမလင်းဖြစ်သွားခဲ့ရင်တော့ ဒီစာရေးသူရဲ့ 
ညံ့ဖျင်းမှု သာ ဖြစ်ပါတယ် ။
ဒီ A H1N1 တုပ်ကွေး တွေ လွန်ခဲ့တဲ့ ၄လ လောက်ကတည်းက မက်စီကို နိုင်ငံမှာ စတင် ပြန့် ပွားခဲ့တာ ခုဆို တကမ္ဘာလုံး
အတိုင်းအတာ နဲ့  အနှံ့ အပြား ဖြစ်နေကြ ပါတယ် ။
မြန်မာနိုင်ငံမှာလည်း စတင်ပြန့် နှံ့ နေပြီဖြစ်ကြောင်းကို လွန်ခဲ့တဲ့  ၃ ပတ်လောက်မှ စတင်ပြီး တရားဝင် ထုတ်ပြန်
ကြေငြာ ပေးခဲ့ ပါတယ်။ ခုချိန်ထိ လူ အသေ အပျောက် လုံးဝ မရှိသေး ပါ ။
ဆေးကုသရေးနဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံတွင် A (H1N1) ၀က်တုပ်ကွေး ရောဂါကုသဆေး ဖြစ်သည့် တမီလ်ဖလူး (Tamilflu) ဆေးနှင့်
သာမန် ရာသီ တုပ်ကွေးရောဂါ ကာကွယ်ဆေး ဖြစ်သော ဗက်ဆီဂရစ် (Vaxigrip) ထိုးဆေးများမှာ ၀ယ်ယူ
အသုံးပြုသူများ ပြားလွန်းသည့်အတွက် ဈေးနှုန်းမြင့်တက်သွားပြီး ပစ္စည်းပြတ်လပ် နေကြောင်း ။
ရန်ကုန်တိုင်းအတွင်း ၀က်တုပ်ကွေး ရောဂါ (H1N1) ထိန်းချုပ်နိုင်ရေး အတွက် ပြည်ပမှ ပြန်လာသူများအား
မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များကို စောင့်ကြည့်ခိုင်းမှုများ ပြုလုပ်နေ ကြောင်း အစရှိတာတွေ ကို ဒီနေရာမှာ
ဆက်ဖတ် နိုင်ပါတယ်။
အဓိက ပြောချင်တာကတော့ အမှန်တကယ်ဆို ဒီ လုတုပ်ကွေး ရောဂါဟာ SARS လောက်ဆိုးရွားပြင်းထန်ခြင်းမရှိပါဘူး ။
သေဆုံးတဲ့ အရေ အတွက်ကလည်း တကမ္ဘာ လုံး မှာတောင် ဒီလောက် မများပြားလှပါဘူး ။
ရောဂါဖြစ်သူတွေကို ကုပေးတာ ၊ Quarantine လုပ်တာတွေလည်း မှန်ပါတယ် ။လုပ်သင့်ပါတယ် ။
ဒါပေမဲ့  ခုလို လူနည်းစုသာ ဖြစ်နေကြတဲ့ ဒီရောဂါကို ပုံကြီးချဲ့ပြီး ကုသပေးနေမဲ့ အစား မြန်မာနိုင်ငံမှာ နှစ်စဉ်
မိုးတွင်း မှာ အဖြစ်များ ၊ အသေအပျောက်နှုန်း များနေတဲ့ သွေးလွန်တုပ်ကွေး ရောဂါ ကို ပိုမို ဦးစားပေး ပြီး
ဆောင်ရွက်ပေးဖို့ ၊ ကာကွယ်ရေးအတွက် ပညာပေးခြင်း ။ ခြင်နှိမ်နှင်းရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း ။
ရောဂါ ခံစားနေရတဲ့  လူမမယ် ကလေးငယ်များအား ထိရောက်စွာ ကုသပေးခြင်း ။အစရှိတာတွေကို ပိုပြီး
ဆောင်ရွက်ပေးကြ မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်ပါလေမလည်း ။
၂၀၀၄ ခုနှစ်မှ ယနေ့အထိ ရန်ကုန်တိုင်း တွင်သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား/ သေဆုံးမှုနှုန်းသူဦးရေ များမှာ ...
ခုနှစ်- - ဖြစ်ပွား / သေဆုံး
၂၀၀၄- - ၂၈၆၅ / ၈
၂၀၀၅ - - ၅၆၂၁ / ၄ဝ
၂၀၀၆ - - ၁၅၃ဝ / ၁၈
၂၀၀၇ - - ၄၉၄၈ / ၅၄
၂၀၀၈ - - ၃၆ဝ၄ / ၃၁
၂၀၀၉ (ဇွန်-၂၃ထိ)- - ၈၃၈ / ၆
ဒါတွေက စာရင်းဇယားယူလို့ ရသလောက်သာရှိတာပါ ၊ စာရင်းထဲ မသွင်းဖြစ်သောသူများဘယ်မျှ ရှိနေမလည်း
ဆိုတာ မှန်းရခက်ပါတယ် ။ဒါတောင် ရန်ကုန် တိုင်းတခုတည်းက အရေ အတွက်ပါ ။ တနိုင်ငံလုံး အတိုင်းအတာ နဲ့ဆိုလျှင်
ရော ။။။
ခုလို ပြောတော့လည်း လူ့ အလို နတ်မလိုက်နိုင်တာတို့  ၊ အလကားရတဲ့  နွား သွားဖြဲ ပြီးကြည့်ချင်နေသေးတယ် တို့ 
ပြောမဲ့သူ များလည်း ရှိနေမယ်ထင်ပါတယ် ။
ခုသူတို့ ထောက်ပံ့ ပါတယ် ဆိုတဲ့  ဒီငွေ တသိန်းရဲ့ နောက်ကွယ်မှာ ဘယ်လို ချည်နှောင်မှု မျိုး ရှိနေမလည်းဆိုတာ
တွေးမိလို့  အိမ်ကို မှာထာ့းပြီးပါပြီ ။ ဒီငွေကို ဘယ်လိုမှ မသုံး ဖို့  ။ ဘာမှ မပတ်သက်ဖို့  ပါပဲ
လောကကြီးမှာ ဘယ်အရာမှ အလကား ရယူ ခြင်းဆိုတာ မရှိကောင်းပါဘူး ။
ပိုပြီးအရေးကြီးတဲ့ ရောဂါ ဖြစ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါ နှင့်ပတ်သက်တဲ့ အကြောင်းအရာ
များကို အောက်ပါနေရာများမှာ ဖတ်ရှုနိုင်ပါတယ်။
ဒီတော့ ကိုယ့် မိသားစု မှာ လက်တွေ့  ကြုံနေရတဲ့ အဖြစ်မှန်တွေ ပေါ် အခြေခံရင်း ၊ ဖြစ်သင့်တယ်ထင်တဲ့
အကြောင်းအရာလေးများကို တင်ပြထားခြင်းသာ ဖြစ်ပါတယ်။
ဒီလို ထီမျိုး တော့  မပေါက်ကြစေလိုပါ ။
►Posted by
:kiki
:
at
7/28/2009 01:55:00 AM
Subscribe to:
Post Comments (Atom)
22 comments:
အောင်မလေးဗျာ... ဒီလောက်ဖြစ်နေတာတောင် နောက်နောက်ပြောင်ပြောင်နဲ့ ရေးသေးတယ်...
ပေါ့သေးသေး မဟုတ်ဘူးနော်...
အမြန်နေကောင်းပါစေ... ထီဆက်မပေါက်ရင်နေပါ... အမြန်ပြန်နေကောင်းပါစေ
အဲလိုပဲ ဆုတောင်းပေးလိုက်တယ်...
ဖွားကီ ရေ ... ဒီလိုဖြစ်မှာပါ စေတနာတွေပိုကြည့်တာပါ 3 D Fund ဗမာပြည်ကို ပြန်လာနေလို့ Budjet တွေရအောင် ပရပိုဇယ်လ် အတင်း လုပ်နေတာ ဖြစ်မှာပေါ့ .... ဒီကောင်တွေ လူတွေကို ဘယ်တုန်းက စာနာဖူးလို့တုန်း...
ဘွားကီရေ။ တူလေးမြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးနေမယ်နော့။
ဟုတ်တယ်မကြီးကိရေ... အနာတခြား ဆေးတခြားနဲ့၊ တတ်သိနားလည်သူတွေ အမြန်ဆုံးကုစားနိုင်ပါစေကြောင်းဆုတောင်းရင်း
အေးလေ ကလူထွေးပြောတာ ဟုတ်သားပဲ
ဒါ ထီပေါက်တာ မဟုတ်ဘူး
မြန်မြန်နေပြန်ကောင်းဖို့ အရေးကြီးတယ်လေ မကိရဲ့...
အခုမှပဲ ထီပေါက်တာ သိတော့တယ်...း)
ya, a lot of children died of Dengue Haemorrhagic fever.
ဟုတ်ကဲ့ မိမိက :P
ကျနော်တို့လည်းဒီထိုထီမျိုးမပေါက်ချင်ပါ
ပိုက်ဆံတစ်သိန်းဆိုပြီးအနောက်မှာဘာတွေရှိလည်းမသိရဘူး
ကြည့်ရတာခေတ်ရောဂါမို့လို့ ဟော့ရှော့ဖြစ်နေတာထင်ပါ့
သတင်းအချက်အလက်တွေဝေဝေဆာဆာနဲ့
ရှာဖွေတင်ပြတတ်တဲ့ မိမိက ကိုကျေးဇူးတင်ပါ၏
ငွေတစ်သိန်းရှင်ကိုလည်း ကျေးဇူးတင်၏
နောက်မှာဘာရှိလည်းတော့မသိဘူး
မိမိက တူတော်မောင်အမြန်ကျန်းမာစေသော်ဝ်
:)
ဒီလိုသတင်းမျိုးတင်ပေးတာကျေးဇူးတင်ပါတယ်... ကာယကံရှင်ရဲ့မိသားစုဝင်တယောက်ဆီကတိုက်ရိုက်သတင်းရတာဟာ.. သာမာန်သတင်းတွေနဲ့အများကြီးကွာပါတယ်...
ကျမတို့နိုင်ငံရဲ့စီမံခန့်ခွဲမှုတွေလွဲချော်နေတာကတော့နှစ်ပေါင်းလည်းမနဲတော့တာမို့ဘာမှမပြောချင်တော့ပါဘူး...
အမြန်ဆုံး ပြန်လည် ကျန်းမာလာပါစေ....။
တူကလေးက ငယ်ငယ်လေးလား။
ထူးထူးဆန်းဆန်းပဲနော်...ပိုက်ဆံ 1 သိန်းပေးပြီး လိုချင်တာ ၀ယ်ကျွေးတယ်ဆိုတာ..။ မမ တူလေး အမြန်နေကောင်းပါစေ...။
အမြန်ဆုံးနေပြန်ကောင်းပါစေ....
မကီးကတကယ်နောက်တယ်နော်
မသိဘူးလေးးး ထီပေါက်တယ်ဆိုတာဖတ်ပြီးတော့
နောက်ပြီးပေါက်ချင်တယ်ပြောသွားတာလေ
တူလေးး နေအမြန်ကောင်းပါစေနော်းးးး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
(အီအိမ်ပေါ်တွင် ကောင်းချီး မင်္ဂလာ တည်စေသော်... တည်စေသော်.....)၎
ထီ...ထီ...ထီကနဲဆို..ကီဘဲလို့ ပြောရမလို....ပါလား.....မကီရေ...အရေးသားညက်ညက်...တလေးတစား........ဖတ်မိတဲ့ အခါ......ပင့် သက်အထပ်ထပ်...ချမိပြီ..........ရင်မောစရာပါလားကိ.....ဒီလိုမျိုး....ထီတော့ .............ဘယ်သူ့ ကိုမှမပေါက်စေချင်ဘူး.....၃၁ဘုံ..ကျင်လည်...ကြကုန်သော....ဝေနေယျ...သတ္တ၀ါ..အပေါင်း.............ေ၇ာဂါပေါင်းစုံကင်းဝေးနိုင်ကြပါစေဗျာ.......................အားလုံးကိုခင်တတ်တဲ့ .......သုဒြေ္န.....ကျနော်............ရွှေပြည်တော်ကပြန်လာပါပြီ.......
ဒါအရေးကြီးတယ်...နောက်ဆုံးအခြေအနေကို အမြဲတမ်း သိနေရအောင် လုပ်သင့်တယ်...။
တစ်သိန်းကိစ္စကတော့ တမျိုးကြီးပဲ...။
လူတွေမှာကြောက်နေရတာများ စားချင်တာ ၀ယ်ကျွေး မယ်ဆိုတာတောင် မစားရဲရတဲ့ ဘ၀တွေ ပါလားနော်...
ကျွန်တော်ပြောသားပဲ တခုခုပါဆို...။
ငွေတသိန်းနဲ့ ချဲထီထိုး တော်ကြာ သူများဦးသွားမှာ စိုး
ဟေဟေ မောင်သန်းရွှေ တသိန်းဝေသည် ပြည်သူတွေ အံ့သြကြစေသား
မအယ်
ရ.၀.တ လေအမ။း) သူတို့ အခေါ်တွေလည်းအားလုံး တော့ မသိတော့ပါဘူး။ ကိုယ့်ဆီလာမပေးတာပဲကောင်း ပါတယ်။ တော်ကြာ ပိုက်ဆံကနေ ပိုးပါလာအုံးမယ်။ စိတ်ကုန်စရာကြီးး
အဆင်ပြေပါစေ အမ။
အင်းးးးးးးးးးးးးးးးးးးးးးသက်ပြင်းချမိပါရဲ့ဘာ commentပေးရမလဲမသိအောင်ပါပဲ
Anonymouse ရဲ့ comment ကိုသာဖတ်ပြီး ထောက်ခံသွားပါကြောင်း ..........
အယ်တော့ မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းလိုက်တယ်နော်
တူလေး နေကောင်းပါစေ ကိရေ
မှတ်သားသွားပါတယ်ခင်ဗျ။အားလုံးအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
ဒေါ်ဒေါ်ကိကတော့ ကိုယ့်တူလေးတစ်ယောက်လုံးနေမကောင်းတာတောင်
ထီပေါက်တယ်လုပ်သေးတယ်။
မြန်မြန်နေကောင်းပါစေ
Post a Comment