များပြားလှစွာသော ကင်ဆာရောဂါများထဲမှ အတော်များများဖြစ်လေ့ဖြစ်ထရှိသော အူမကြီးကင်ဆာ အကြောင်းကို ကိုဇော်(ခြေလှမ်းသစ်) က သိလိုပါတယ် ဆိုလို့  လက်လှမ်းမီသလောက် အကျဉ်းချုံ့ လေး ရေးပြ လိုက်ပါတယ် ၊ကိုယ်တိုင်ကလည်း အစာအိမ်၊အူလမ်းကြောင်းဆိုင်ရာ အထူးကု မဟုတ် တဲ့ အပြင် ထိစပ်မှု သိပ်မရှိတာ ၅ နှစ်ကျော် ကြာခဲ့ ပြီမို့  ဒီ ဘာသာရပ်အကြောင်းကို အချက်အလက်တွေ ပြန်ရှာနေရတာနဲ့ အချိန်အနည်းငယ် ကြာသွားပါတယ်။ဒါပေမဲ့ ပြန်လည်လေ့ကျင့်ခန်းသဘောမျိုး နဲ့ စာတွေ ပြန်ဖတ်ဖြစ်တဲ့ အတွက် ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်လေ။(ဒီစာတွေ ရေးဖို့  ပြန်ဖတ်နေတဲ့  အချိန်မှာတောင် အရင်က နာမယ်ကျော် ရုပ်ရှင်မင်းသားကြီး (ဦး) ဝင်းဦး တယောက်လည်း ဒီအူမကြီးကင်ဆာရောဂါ နဲ့ ကွယ်လွန်သွား တဲ့  အကြောင်းကို ပြန်ပြီး သတိရနေမိပါသေးရဲ့  )။ အသေးစိတ် တွေ ကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးပညာပေး ဆိုဒ်တွေမှာ ဖတ်ရှု လေ့လာနိုင်ပါတယ် ။
အူမကြီး ရဲ့  တည်ရှိပုံ နဲ့  အမည် အခေါ်အဝေါ်လေးများ ကတော့ ဒီ ပုံပါ အတိုင်းပါ ။ အူလမ်းကြောင်းရဲ့ တာဝန် ဟာ အစာအိမ်ထဲ မှ ချေဖျက်ပေးလိုက်တဲ့ အစားအစာများမှ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့  အဟာရ များကို သွေးကြောများအတွင်းရောက်အောင် စုပ်ယူ ပြီး ပို့ ဆောင်ပေးခြင်းပါ ။ ပြီးတော့ မလိုအပ်ပဲ ကျန်နေတဲ့ စုပ်ယူခြင်း မပြုလုပ်နိုင်တဲ့  အစာဟောင်းတွေ ကို မစင် ၊ အညစ်အကြေးအဖြစ် စအို မှ တဆင့် စွန့် ထုတ် ပေးပါတယ် ။ သူ့ ရဲ့  အသေးစိတ် တည်ဆောက်ပုံ၊ သွေးကြော၊ အာရုံကြော များ ၊ လုပ်ငန်းတာဝန်များ၊ အကြောင်းကို တော့ မရေးပြတော့ပါဘူး ။
အူမကြီးကင်ဆာမှာ တွေ့ ရှိရမဲ့ ရောဂါလက္ခဏာများ ကတော့ စစချင်းဦးဆုံးမှာ တော့ ဘာမှ သိသာထင်ရှားမှု မရှိပါဘူး ။ ဒါကြောင့် ရောဂါ ကို စောစီးစွာ ဖေါ်ထုတ်နိုင်ဖို့  အတော်လေးခက်တယ် ။ ဘာလို့ လည်းဆိုတော့ နေထိုင်မကောင်းရလောက်အောင် ရောဂါလက္ခဏာ မရှိဘဲ နဲ့  ဘယ်သူမှ ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးမှုတွေကို ပုံမှန်စစ်ဆေးတဲ့  အလေ့အကျင့် မရှိကြသေးလို့ပါဘဲ ။ဒါကြောင့် ဒီလို နေထိုင်မကောင်း ဖြစ်လာမှ စစ်ဆေး အဖြေရှာ မိတော့ အခြေအနေ လွန်မှ သိကြရတာ မျိုး ဖြစ်ကုန်ကြရတာပါ ။ဒါကြောင့် အောက်ပါ လက္ခဏာ များ သင့်ထံမှာ ရှိနေပြီဆိုရင် အမြန်ဆုံး စစ်ဆေး ဖို့  လိုအပ်လှ ပါတယ် ။
(၁)- ဝမ်းသွားနေကျ အလေ့အထ ပြောင်းလဲ လာခြင်း ။ ရက်သတ္တပါတ် များစွာမှာ ဝမ်းက မာလိုက် ပျော့ပြဲလိုက် ၊ ဝမ်းချုပ်လိုက် ၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်လိုက် နဲ့  အမျိုးမျိုး ဖြစ်လာ တတ်ပါတယ်။
(၂) -ဝမ်းထဲမှာ သွေးစသွေးန များ ပါလာတတ်ပါတယ် ။ စအိုဝမှ သွေးယို သလို ဆိုတော့ တချို့  ကလည်း လိပ်ခေါင်း လို့  အထင်ရောက်တတ်ကြ ပါတယ်။
(၃)-ဗိုက်ရစ်ပြီး ၊ ဗိုက်အောင့် ဗိုက်နာ လေထိုးလေနာလိုမျိုး ခံစားရတတ်ပါတယ်။
(၄)-ဝမ်းသွားပြီးပေမဲ့  အကုန်မစင်ပဲ ကျန်နေသလိုမျိုး ခံစားရတတ်တယ် ။
(၄)-လူတကိုယ်လုံး အားမရှိသလို နုံး ပြီး ပင်ပန်းနွမ်းနယ် လွယ်တယ် ။
(၅)-အကြောင်း မရှိပဲနဲ့ ကိုယ်ခန္ဓာ အလေးချိန် လျော့ နည်းလာတတ်တယ် ။ တဖြေးဖြေးပိန်ချုံးလာတတ်တယ် ။
ဒီ ရောဂါ ဖြစ်နိုင်ခြေ ရှိသူများ ( Risk Factors) ကတော့ အသက်၅၀ ကျော်ပြီး သွေးသားအရင်းအခြာ ထဲမှာ ဒီရောဂါ ဖြစ်သူရှိပါက ၇၅ % မှာ ဒီလို ရောဂါ ဖြစ်တတ်ပါတယ် ၊ဒါကြောင့် သွေးသားရင်းချာထဲမှာ ဒီရောဂါ ဖြစ်ဖူးခဲ့ သူ ဆိုရင် သူနဲ့ ပတ်သက်တဲ့ ဆေးစစ်ခြင်းတွေကို အချိန်မှန် လုပ်သင့်ပါတယ် ။ အမေရိကန် နိုင်ငံမှာ အူမကြီးကင်ဆာ ရောဂါ အသစ်အနေနဲ့  တနှစ်ကို ၁သိန်း၆၀၀၀ မျှ ရှိပြီး ယူကေ မှာတော့ ၃၅၀၀၀ မျှ ရှိတယ် လို့ ဆိုပါတယ် ။
စားလေ့ရှိတဲ့ အစားအသောက်မှာ အသားချည်းပဲ အဓိကစားသူ ။အမျှင်များတဲ့  ဟင်းသီးဟင်းရွက် high fiber diet စားလေ့ မရှိသူ ၊တွေမှာ ဒီ ကင်ဆာ ဖြစ်ဖို့ ပိုများပါတယ် ။ ကယ်လ်စီယမ်(Calcium) ။ ဆဲလီနီယမ် (Selenium) ၊ သွေးနီဥ ဖြစ်ဖို့ လိုအပ်သော ဖေါလစ်အက်စစ်(Folic Acid) အစရှိတာ တွေဟာ အူမကြီးကင်ဆာ မဖြစ်ဖို့  အထောက်အကူ အနည်းငယ်ပေးတယ်လို့ လည်း ဆိုပါတယ်။
ဒါ့အပြင် အက်စ်ပရင်လိုမျိုး အကိုက်အခဲ ပျောက်ဆေး( aspirin-like painkillers ) နဲ့  ဟော်မုန်း ကုသမှု တချို့  (hormone replacement therapy) များဟာလည်း ဒီရောဂါ ကို ကာကွယ်ပေးနိုင်ကြတယ် လို့ ယူဆကြပါတယ် ။ဒါပေမဲ့  ဒီဟာတွေက ကိုယ့်စိတ်ထင်တိုင်းအတိုင်းအဆ မရှိ သုံးလို့ မရပါဘူး ။တန်ရင်ဆေး၊လွန်ရင်ဘေး ဆိုတာလေးကို သတိပြုရပါမယ်၊ ဒါကြောင့် တတ် ကျွှမ်းနားလည်တဲ့  ဆရာဝန် နဲ့ သေချာ စမ်းသပ် ဆွေးနွေးပြီးမှ အသုံးပြု သင့်ပါတယ်။
ဖြစ်ပွားစေတဲ့  အကြောင်းရင်းများ -ခုထိ အဓိက အကြောင်းရင်းကို သေချာရှင်းလင်းစွာ မသိကြသေးပါ ။ ဒါပေမဲ့  အူမကြီးနဲ့  စအို အတွင်းနံရံတွေမှာ ပေါ်လာတတ်ကြတဲ့  မှိုပွင့် လို ပုံစံ နဲ့ အသားပိုအလုံး(Polyps) များ ကြောင့် အများဆုံး ဖြစ်နိုင်ခြေရှိပါတယ် ။ဒါကြောင့် သူ့ ကို အကြို ကင်ဆာ အသားလုံးလို့  ( precancerous cells (polyps) on the inside lining of the colon )လည်း ခေါ်ဆိုကြပါတယ် ။ တချို့ ကျတော့ အဖုလုံးလေးအနေနဲ့ မထွက်လာပဲ အူနံရံ မျက်နှာပြင်အတိုင်း တပြေးတည်း ပြားနေကြပါတယ် ။ ဒါကြောင့် သူ့ ကျတော့ ကြည့်ရင် သိပ်မသိသာလှပါဘူး ။
အမျိုးလိုက်ပြီး မျိုးရိုးဗီဇဆဲလ်များ ပြောင်းလဲ သွားမှု (Inherited gene mutations ) ကြောင့် လည်း ဖြစ်စေတတ်ပါတယ် ။ ရာခိုင်နှုန်းတော့  နဲတယ် လို့ ဆိုကြတယ် ။ အဲ့ ဒီအထဲ မှာတော့ အောက်ပါအတိုင်း ၂မျိုး ရှိပါတယ်။
(က)- Familial adenomatous polyposis (FAP). သူကတော့ အမျိုးလိုက်ပြီး ဖြစ်တဲ့ အသားပို လုံး လေးပါ ။ အသက် ၄၀ မတိုင်မီ မှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်
(ခ) - နောက်တမျိုး က အသားပိုလုံးမပေါက်ပဲ အမျိုး လိုက်တဲ့  အူမ ကင်ဆာပေါ့ ၊ Hereditary nonpolyposis colorectal cancer (HNPCC). သူ့ ကို အခြားကင်ဆာများ (ကျောက်ကပ် ၊အသည်း၊ အစာအိမ်၊ သားအိမ်၊ ဥအိမ် ကင်ဆာ အစရှိတာတွေ)နဲ့ တွဲဖက်ပြီးတွေ့ ရတတ်သေးတာမို့ Lynch syndrome လို့ လည်း ခေါ်ကြသေးတယ် ။
နောက်ပြီး Crohn's disease ,ulcerative colitis လို့ ခေါ်တဲ့  အူမကြီး အနာဖြစ်ပြီးယောင်ရမ်း ခြင်း ရောဂါ ရှိခဲ့ဖူးသူတွေမှာ လည်း ကင်ဆာ ဖြစ်လာနိုင်ပါတယ် ။
ဒါကြောင့် သွေးနီးတဲ့  အမျိုးထဲမှာ(မိဘ နှင့် မောင်နှမ ရင်းချာ များ) အူမကြီးကင်ဆာ ဖြစ်ဖူးသူ ရှိပါက အထူးသတိထား သင့်ပါတယ် ။ ဒါ့အပြင်အဝလွန်သူ ၊လှုပ်ရှားသွားလာမှု နည်းပါးသူ ၊ ဆီးချိုရောဂါရှိသူ ၊ဆေးလိပ်သောက်သူ၊ အရက်သောက်သူ၊ အခြားကင်ဆာကြောင့် ဝမ်းဗိုက်မှာ ဓါတ်ကင်ကုသမှု ခံယူခဲ့ ဖူးသူ အစရှိသူတွေမှာ အူမကြီးကင်ဆာ ပိုမို ဖြစ်နိုင်ခြေရှိပါတယ် ။ လူမျိုး အနေနဲ့  အာဖရိကန် နဲ့  အမေရိကန် လူမျိုးတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ် ။ ဒါကြောင့် သူတို့မှာ ပုံမှန် စမ်းသပ်စစ်ဆေးခြင်းများ လို ပါတယ် ။ ဒါမှ ရောဂါကို စောစီးစွာ သိရပြီး လိုအပ်တဲ့  အချိန်မီ ကုသမှုတွေ ရယူနိုင်မှာ ဖြစ်ပါတယ် ။
ဘယ်လို စစ်ဆေးကြမလဲ ။
ဝမ်းထဲသွေးပါရင် ဝမ်းကို ဦးဆုံး စစ်ပါ ။ Stool for Occult Blood( OB ) လို့ ခေါ်ပါတယ်။
colonoscopy ခေါ်တဲ့  မှန်ပြောင်းနဲ့  စစ်ဆေးပါ ။အဲ့ ဒီနည်းက ပိုသင့်တော်ပါတယ် ။အထဲက အလုံးအဖုတွေကို ဒါရိုက် မြင်နိုင်ပြီး biopsy အသားစယူ၍ စစ်ဆေးခြင်းကိုပါ တပြိုင်နက် လုပ်လို့ရတယ်ပေါ့ ။ အသားပိုလုံးတွေ့ ရင်လည်း တလက်စတည်း နဲ့  ဖြတ်လို့ ရပါတယ် ။
ပြီးတော့ Barium Enema ခေါ်တဲ့  ဆေးသွင်းပြီးဓါတ်မှန်ရိုက်တာ ၊CT Scan ရိုက်တာ ၊ Ultrasound အစရှိတဲ့  စစ်ဆေးမှု တွေလည်း လုပ်လို့  ရပါသေးတယ် ။
ဒါ့အပြင် tumor marker အဖြစ် သတ်မှတ်ထား တဲ့  သွေးတချို့  ကိုစစ်ဆေးခြင်းဖြင့် တချို့ ကင်ဆာ များကို သိရှိနိုင်ပါတယ် ။ သွေးရည်ကြည်ထဲမှာပါတဲ့ Carcinoembryonic antigen (CEA) ကိုစစ်ဆေးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နေခြင်းရှိ မရှိ ခန့်မှန်းနိုင်ပါတယ် ။ တခြားသော သွေးစစ်ခြင်းတွေ အနေနဲ့  CA 19-9 , AFP, Galactosyl Transferase II , ဓါတ်များကိုစစ်ဆေးခြင်းဖြင့်လည်း ခန့်မှန်းနိုင်ပါတယ် ။ ဘာလို့လည်းဆိုတော့ ဒီသွေး အဖြေများဟာ တခြားသော ကင်ဆာများ ဖြစ်ကြတဲ့  အသည်း ၊အစာအိမ် ၊ သရက်ရွက် ၊သားအိမ်၊ ဥအိမ် ၊အဆုပ် ၊) အစရှိတာတွေမှာလည်း ပုံမှန် ထက် များပြားနေတတ်ကြလို့ ပါဘဲ။
ဖြစ်ပွားစေတဲ့  အကြောင်းရင်းများ မှာတော့ -ခုထိ အဓိက အကြောင်းရင်းကို သေချာရှင်းလင်းစွာ မသိကြသေးပါ ။ ဒါပေမဲ့  အူမကြီးနဲ့  စအို အတွင်းနံရံတွေမှာ ပေါ်လာတတ်ကြတဲ့  မှိုပွင့် လို ပုံစံ နဲ့ အသားပိုအလုံး(Polyps) များ ကြောင့် အများဆုံး ဖြစ်နိုင်ခြေရှိပါတယ် ။ဒါကြောင့် သူ့ ကို အကြို ကင်ဆာ အသားလုံးလို့  ( precancerous cells (polyps) on the inside lining of the colon )လည်း ခေါ်ဆိုကြပါတယ် ။ တချို့ ကျတော့ အဖုလုံးလေးအနေနဲ့ မထွက်လာပဲ အူနံရံ မျက်နှာပြင်အတိုင်း တပြေးတည်း ပြားနေကြပါတယ် ။ ဒါကြောင့် သူ့ ကျတော့ ကြည့်ရင် သိပ်မသိသာလှပါဘူး ။
အမျိုးလိုက်ပြီး မျိုးရိုးဗီဇဆဲလ်များ ပြောင်းလဲ သွားမှု (Inherited gene mutations ) ကြောင့် လည်း ဖြစ်တတ်ပါတယ်။
ရောဂါ အနု အရင့် (Stages ) ။ ဒီ အဆင့်တွေပေါ်တည်ပြီး ရောဂါကုသမှု နဲ့  အကျိုးသက်ရောက်မှု များ ကွာခြားပါတယ် ။ အနာရှိရင် ဆေးသိတယ် ဆိုပေမဲ့  အချိန်လွန်ပြီး ရောဂါကျွမ်း နေပြီးတော့ မှ ကုသမှု ခံယူရင်တော့ အောင်မြင်မှု နည်းပါးမှာပါ ။ဒီတော့ ဒီရောဂါကို အဆင့်  ဘယ်နှစ်မျိုး ခွဲခြားထားသလည်း လို့ အကြမ်းဖြင်း ပြောရရင် Stage 0 to I , II(A,B) , III(A,B,C) , IV ဆို ပြီး ၅ ဆင့် ခွဲထားပါတယ် ။
ရောဂါဖြစ်နေပြီဆိုရင် ဘယ်လို ကုသကြမလည်း ။ ဒီကင်ဆာ က ဆေးထိုး ၊ဆေးစားရုံနဲ့ မပျောက်ကင်းနိုင်တဲ့ အတွက် အဓိက ကျတဲ့  ကုသမှု ကတော့ ခွဲစိပ်ကုသခြင်းပါဘဲ ။ တကယ်လို့ ရောဂါ နုစဉ်မှာ စောစော စီးစီးသိရလို့  စောစောခွဲစိပ်မှု ခံယူနိုင်ရင်များသောအားဖြင့် ပျောက်ကင်းနိုင်ပါတယ် ။ခွဲစိပ်ရာမှာ ရောဂါပြန့်ပွားနေတဲ့ ကင်ဆာ အကြိတ်ကို အတတ်နိုင်ဆုံး ခွဲစိတ် ဖြတ်တောက်ပြီး ကျန်နေတဲ့ အူမကြီး အပိုင်း နောက်မှာ ယာယီ သို့ မဟုတ် အမြဲတမ်းသုံး ဖို့ မစင်စွန့်ပေါက် ကို တည်ဆောက်ပေးရပါတယ် ၊သူ့ မှာ မစင်အိတ်( colostomy bag) နဲ့ ဆက်သွယ်ပြီး မစင်ကိုစွန့် ထုတ်ပေးရပါတယ် ။မစင်အိတ် ဆိုတာဒီအောက်ကပုံမှာ ပြထားတဲ့ အတိုင်းပါ ။
နောက်တဆင့် အနေနဲ့  Chemotherapy ခေါ် ကင်ဆာဆေးများသွင်းပြီးကုသခြင်း ၊Radiotherapy ခေါ် အဏုမြူ ဓါတ်ရောင်ခြည်ပေးပြီးကုသခြင်း အစရှိတာတွေ ကို ခွဲစိပ်မှု အပြီးမှာ ဆက်လက်ပြုလုပ်ပေးရပါတယ်။ တချို့ တလေမှာ အရမ်းနောက်ကျပြီးမှ သိရတဲ့ အခါ ခွဲစိပ်ကုသဖို့ မဖြစ်နိုင်တော့ရင်တော့ ဒီလို ဆေးသွင်း ၊ဓါတ်ကင် တာတွေလောက်ပဲ တတ်နိုင်ပါတော့တယ် ။
ရောဂါအဆင့် နှင့် အသက်ရှင်နေနိုင်နှုန်း ။
တနိုင်ငံနဲ့ တနိုင်ငံ သတ်မှတ်ချက်များမတူကြ ပါ ။ အကြမ်းအားဖြင့် အမေရိကန် မှာ ၅နှစ်အသက်ရှင်နေနိုင်နှုန်း ( 5 years survival rate) ၆၂ % ရှိပြီး ဥရောပ မှာ ၄၂% သာရှိပါတယ် ။ ရောဂါနူစဉ် ခွဲစိပ်ကုသမှုခံယူနိုင်ပါက အဆင့် ၁ မှာ ၉၃% ထိရှိနိုင် ပြီး အဆင့် ၃ ရောက်သွားပါက ၅၉% သာ ရှိပါတော့တယ် ။
ဒါကြောင့် ခုဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိသူများ အတွက် စမ်းသပ်မှု များအနေနဲ့  တချို့ တွေ့ ရှိချက်များ ကို လုပ်ဆောင်နေဆဲပါ ။ Aspirin ဆေးကို သတ်မှတ်ထားတဲ့ ပမာဏ တိုက်ကျွေးခြင်းဖြင့် အူမကြီးကင်ဆာကြိတ်ကြီးထွားမှု နှုန်းကို နှေးကွေးစေတယ်လို့  သုတေသနပြုလုပ် တွေ့ ရှိ ရကြောင်း သိရပါတယ် ။ ဒါ့အပြင် ဗီတာမင် ဒီ နဲ့  ကယ်လ်ဆီယမ် တို့ ကို စားသုံးခြင်းဖြင့်လည်း အဲ့ ဒီ ကင်ဆာဖြစ်ပွားမှု နှုန်း ၇၂ % လျှော့နည်းစေတဲ့ အကြောင်း တွေ့ ရှိ ထားပါတယ် ။ ဒါပေမဲ့  သေချာအောင် မပြောနိုင်သေးလို့  ကိုယ့်ဟာကိုယ် အရမ်း ကာရော လျှောက်မသောက်သင့်ပါဘူး ။
'ဒါ့အပြင် ကာကွယ်ဆေး အနေနဲ့  Trovax ဆိုတဲ့ ဆေးတမျိုးကို ၂၀၀၆ ခုနှစ်က စမ်းသပ်တွေ့ ရှိထားပါတယ် ။ ဒါပေမဲ့  စမ်းသပ်မှု အဆင့် အနေနဲ့ပဲ ရှိနေသေးတာမို့  အများသုံး ထုတ်လုပ်နိုင်ဖို့  အတွက် လောလောဆယ် မှာ မရနိုင်သေးပါဘူး ။
ဒါကြောင့် ရောဂါတခုခု ဖြစ်လာမဲ့ အခြေအနေရှိရင် အချိန်မဆွဲပဲ တတ်သိနားလည်သော ဆရာဝန်များနဲ့  စနစ်တကျ စစ်ဆေးကုသ ဖို့  အရေးကြီးပါတယ်။
စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ လည်း ဒီလိုရောဂါများမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင် နေထိုင်နိုင်ကြပါစေ..
ွှ့ဤနေရာများ ၁ ၂ ၃ မှ အချက်အလက်များကို ရယူ တင်ပြပါသည် ။
( ဒီပို့ စ်လေးကို ရေးပြီး တင်လိုက်တဲ့  အချိန်မှာ ဘယ်လိုက ဘယ်လို ဖြစ်မှန်းမသိ ကွန်ပူတာကြီး ဂေါက်သွားပြီး လူလည်းဂေါက်သွားပါသောကြောင့် နောက်တကြိမ် စ ဆုံး ပြန်ရေးလိုက်ရပါတယ် ။ တချို့ နေရာများမှာ အထားအသိုများ အစီအစဉ် မကျ ဖြစ်ပြီး စာဖတ်ရတာ အဆင်မပြေရင် နားလည်ပေးကြပါရန် )
20 comments:
ကြောက်စရာကြီး ......း(((
ရေးတဲ့လူရော ကွန်ပြူတာရော ဂေါက်သွား၏ဆိုပါလား
ဒါဆို အလည်လာဖတ်တဲ့ ကျနော်မောင်သားကြီးလည်းဂေါက်သွားပါ
ကြောင်း :P
ဗဟုသုတပိုစ်လေးအတွက်ကျေးဇူးဗျာ
ဘလော့ထိုင်ဖတ်တာများရင်လိပ်ခေါင်းဖြစ်
တယ်လို့တချို့ပြောကြတယ်
ဟုတ်ရဲ့လားဗျာ :P
ဖွားကိရေ အခုလို အထပ်ထပ်အခါအခါ ရေးပေးလိုက် ရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် ရှယ်ရှယ် နဲ့ သောကျယ် နော် ... အခုလို သိချင်တာလေးတွေကို ရှယ် လုပ်ပေးတဲ့အတွက် ထပ်ပီး ကျေးဇူးတင်ပါတယ် .. ဟိုတနေ့က ကျနော်စိတ်တွေ ညစ်ပီး ရေးမိတဲ့ ပိုစ့်ထဲမှာ ပါတဲ့ အိမ်ဘေးနားက လူကြီးက အခု အဲ့ဒီ colon နဲ့ ဆုံးပါးသွားပါပီ .. သူ့မိသားစုကို ဒီရောဂါအကြောင်း အသေးစိတ်ရှင်းပြလို့ အခုရသွားပါပီ .. ဒီဦးလေးကြီးက သထုံလှဝင်းလို့ ခေါ်ပါတယ် မြန်မာ့အသံက အဆိုတော် ဟောင်း တယောက်ပါ ဓါတ်ပြားပေါင်း ၄၀ ကျော် ထုတ်ခဲ့တယ် သူ့မိသားစုက တောနေမိသားစုတွေဆို တော့ ဘာကိုမှ မှတ်တမ်းမထားခဲ့ပါဘူး ... အဲ့ဒီတော့ ကျနော်လည်း ပိုစ့်လေး မရေးနိုင်တော့ပါဘူး .. ဘာပဲ ဖြစ်ဖြစ်ပါ .. အခုလို ဖွားကိရဲ့  စေတနာကို လေးစားမိ ပါတယ် ... နောက်ပီး ပိုစ့်လေး ပြက်သွားတာက နောက်များရေးရင် ကွန်ထဲမှာ အရင်သိမ်းထားပါ နောက်ပြီး file hosting ဆိုဒ်တွေမှာ အရင်သိမ်းထားပါ အဲ့ဒီတော့ စိတ်ချရတာပေါ့ ... မန့်တာရှည်သွားလို့ တောင်းပန်ပါတယ်နော် ...
ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ဖြန့်ဝေပေးတဲ့ အစ်မကြီး ကျန်းမာသန့်ရှင်း ရောဂါကင်းနိုင်ပါစေဗျာ.....။ အသက်ကို ဉာဏ်စောင့် ဆိုပေမယ့် လိုက်နာပြီးသာနေရရင် စားစရာမရှိမှာတောင်ဆိုးရတယ်။ တရားဘက်က ကြည့်မယ်ဆိုရင်လဲ တဏှာကင်းသွားတာပေါ့ဗျာ...။ အကောင်းဘက်ကတွေးကြည့်တာပါ။ ပို့စ်ရေးတဲ့အခါ ကွန်ပျူတာဒေါင်းသွားရင် တော်တော် ဆိုးတယ်ဗျ.... ကိုယ်ချင်းစားပါတယ်။ ကွန်ပျူတာလဲ ဇရာရင့်လာလို့နေမှာပေါ့ဗျာ။
မယ်ကိ ရေ ..ကျနော့ အဖေ လည်း အဲဒီ ကင်ဆာ နဲ့ ၇၅ နှစ်မှာ ဆုံးသွားတယ်..သိတဲ့အချိန်မှာ ..အသက်က ကြီးနေတာရော..ရောဂါ က ကျွမ်းနေတာကြောင့် သေမဲ့အချိန်ကိုပဲ ထိုင်စောင့် နေရတာ.. ၄၀ကျော်မှ ..မျိုးရိုးလိုက်ပြီး..ဖြစ်တယ်..ဆိုရင် တော့..၁၀ နှစ် လောက်အေးအေးဆေးဆေး နေလို့ ရသေးတာပေါ့နော်.....မဖြစ်ဘူးမဖြစ်ဘူး..အမြန်..မိန်းမတယောက်လောက်တော့..အဖတ်တင်အောင်ယူထားမှ......
အရမ်းကို ကောင်းပါတယ် ဖွားကိ
တခုလောက်ထပ်မေးပါရစေ..။
အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာကတူတူပါပဲလား
ကျနော့်သူငယ်ချင်း မနှစ်က အူမကြီးကင်ဆာဖြစ်ပါတယ်။ ကိကိပြောသလိုပဲ ၀မ်းမှာသွေးပါလို့ လိပ်ခေါင်းဆိုပီး သွားပြတာပါ။
အူမကြီးကင်ဆာဖြစ်နေလို့တဲ့..။ ဒါပေမဲ့.. ခုတော့ ဖြတ်ထုတ်ပစ်လိုက်ပီး အခြေအနေတော်တော်ကောင်းသွားပါတယ်။ ဂျပန်မှာဖြစ်တဲ့အတွက် အချိန်မှီကုသ နီုင်ပါတယ်။ နေ့စဉ် တော့ ဂရုစိုက်ရတာပေါ့..။ ဒါပေမဲ့ ဖြစ်စက ၃လလောက်ပါပဲ။ အခုတော့ အလုပ်ဆင်းနေနီုင်ပါပီ။
ဆရာဝန်က ပြောတယ်..FAST FOOD တွေ READY MADE အစာတွေ စားခြင်းဟာလဲ အဲဒီရောဂါကို ဖြစ်စေပါသတဲ့..။
ဒါကြောင့် ကျနော် သိပ်မစားရဲတော့ပါဘူး။
ကျန်းမာရေးဗဟုသုတတွေ အခုလို အမြဲ ရှင်းပြရေးပြနေတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
အမရေ့  ... ရှာဖွေ တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်
လွန်းပါတယ်။ ဘလော့ ရွာလေးထဲမှာ အမလို အမတစ်ယောက်
ရှိနေ၊ရပ်တည်နေတာ ကျွန်တော်တို့ အတွက် ဂုဏ်ယူစရာ
အလွန်ကောင်းသလို၊ကျေးဇူးလဲအလွန်များပါတယ်နော်။
အားလုံးအတွက် အပြုသဘောဆောင်ပြီး အချိန်ယူတင်ပြပေးနေ
ပေမဲ့  ကိုယ့် ကိုယ်ကိုလဲဂရုစိုက်ပါအုံးလို့ ။ ဘာအချိန်ဝင်ဖတ်
ဖတ် ကျွန်တော်တို့ တစ်ခုခုတော့ ရနေတာပဲ..။ အမတစ်ယောက်
အမြဲတန်းလတ်ဆတ်၊လန်းဆန်းနေပါစေဗျာ...။
ဝေး.... အချစ်တုံး... အသီးတုန်းကြီး ပြန်လာပြီ....
သူကလဲ ကြောက်ပါတယ်ဆို မနက်စောစောစီးစီး မျက်စိပြူးအောင် လုပ်နေပြန်ပြီ.... ဟဲဟဲ...
စတာ...
ငါ့တယ်ဂျင်းရေ... ဗဟုသုတတွေအတွက် ရှယ်ကျေးဇူး..
မမကိရေ ဗဟုသုတရစရာဖတ်သွားပါတယ်...
တော်တော်ကြောက်စရာကောင်းတဲ့ ရောဂါပဲ...
ပုံမှန်ဆေးစစ်ရမယ်ဆိုတဲ့ အသိဝင်လာတယ်...
အတတ်နိုင်ဆုံးတော့ လုပ်သင့်တာပေါ့နော..
အင်း...ဖွားကိတော့ ဂေါက်သွားပြီတဲ့.. ဘုရား.ဘုရား.. မဂေါက်ခင်ကတောင် ငါ့ကို ရူးရလို့ ခေါ်နေတာ .. အခုဂေါက်သွားရင်တော့... သေချာတယ် မလွယ်ဘူး..ပြေးပြီ.. ဘိုင်..ဘိုင်..!!!
yu ya
အူမကြီး ကင်စာအကြောင်း ဗဟုသုတအများကြီး ပေးသွားတာ ကျေးဇူးပါ ဖွားကိရေ..
yu ya
kiki ရေ လာဖတ်သွားပါတယ်။ သိပ်ကို ပြည့်စုံ ကောင်းမွန်လှပါတယ်။
“အဝလွန်သူ ၊လှုပ်ရှားသွားလာမှု နည်းပါးသူ ၊ ဆီးချိုရောဂါရှိသူ ၊ဆေးလိပ်သောက်သူ၊ အရက်သောက်သူ၊ အခြားကင်ဆာကြောင့် ဝမ်းဗိုက်မှာ ဓါတ်ကင်ကုသမှု ခံယူခဲ့ ဖူးသူ အစရှိသူတွေမှာ အူမကြီးကင်ဆာ ပိုမို ဖြစ်နိုင်ခြေရှိပါတယ်” ဆိုတာအပြင် အမျှင်ပါတဲ့ အစားအစာ(အထူးသဖြင့် ဟင်းသီးဟင်းရွက်နဲ့ အသီးနှံ) စားနည်းသူတွေမှာလည်း အဖြစ်များတယ် ဆိုတာတခု ထပ်ဖြည့်ချင်ပါတယ်။ မျိုးရိုးရှိသူချင်းမှန်ရင် အစားအသောက် စနစ်မျကျ စားသူမှာ ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်လို့ ဆိုလိုပါတယ်။
အားလုံးတိုက်ဆိုင်စစ်ဆေးပြီး.. အိုကေပါတယ်ရှင့်... :)
မကီရေ ဗဟုသုတ တကယ်ကိုရတယ်။
ဖတ်နေရင်းနဲ့ လက္ခဏာတွေ ဖတ်ရတော့ တခုချင်း ရှိမရှိ တိုက်ဆိုင် စစ်ဆေးမိသေးတယ်...။
ဒါနဲ့ ၀က်တွေ မှာရော အဲဒီလို ဖြစ်တတ်သလား ဖြေပေးနော်
ဝက်သားတုတ်ထိုးမှာ ဆောင်ရန်ရှောင်ရန်တွေ အတွက်ပါ :)
မငယ်နိုင် ---> ရောဂါ ဖြစ် နိုင်ခြေ ရှိသူများ ထဲ မှာ ...
" စားလေ့ရှိတဲ့ အစားအသောက်မှာ အသားချည်းပဲ အဓိကစားသူ ။အမျှင်များတဲ့  ဟင်းသီးဟင်းရွက် high fiber diet စားလေ့ မရှိသူ ၊တွေမှာ ဒီ ကင်ဆာ ဖြစ်ဖို့ ပိုများပါတယ် ။" လို့  ဖေါ်ပြ ပြီးသား ဖြစ်တာ မို့  အောက်ဖက် မှာ နောက်ထပ်တခေါက် ထပ် မရေး ပြ တော့ တာပါ ။ :) ..
ဘာပဲ ဖြစ်ဖြစ် ခုလို အရေးတယူ ဖြည့်စွက်ပေးတာ ကို ကျေးဇူးတင်ပါတယ်
မိုးမင်းကြီး --- >
အစာအိမ် နဲ့  အူမကြီး ကင်ဆာ က မတူပါဘူး ။
အစာအိမ်က အူလမ်းကြောင်းရဲ့  အပေါ်ပိုင်း မှာ ရှိ ပြီး ၊ အူမကြီး က အောက်ဖက်ပိုင်းမှာရှိပါတယ် ။
ရောဂါ ဖြစ်ပွားပုံ ။ လက္ခဏာများ ။ရှာဖွေပုံ၊ ကုသပုံ ။ ပြန့်ပွားပုံ တွေလည်း မတူကြပါဘူး ။ အစာအိမ် နဲ့ ပတ်သက်ပြီး နောင် မှ ပဲ ရှာဖွေ တင်ပြပေးပါမယ် ။
ပုံတွေကြည့်ပြီး ကြောက်တယ် မကိရယ် ဗဟုသုတ ရဖို့ ဖော်ပြပေးတဲ့ မကိရော တောင်းဆိုတဲ့ လူဂျီး(ကိုဇော့်) ကိုရော ကျေးဇူးတင်တယ်နော့်
ဘိုင် တာ့တာ
နောက်တခါ ကွန်ပူတာ ဂေါက်ရင် မီးရှို့ပစ်လိုက် အကောင်းပြောတာ သိလား ဟိဟိ
ဘွား ရေ ဗဟုသုတရသွားတယ်။ ကြောက်လဲ ကြောက်သွားတယ်။ ကျန်းမာရေး ဂရုစိုက်တော့မယ်။
ဦးသန်းရွှေကြီးလဲ အူမကြီးကင်ဆာဖြစ်နေတယ် ကြားတာပဲဗျ.. အဲဒါကို ဝန်ကြီးဦးသောင်းက ဒါဟာ နိုင်ငံတော်လှို့ဝှက်ချက်၊ ထိပ်တန်းလှို့ဝှက်ချက်လုပ်ရမယ်ဆိုပြီး အစည်းအဝေးမှာ တင်ပြပါသတဲ့... ရှင်းရင်းနဲ့ ဥိးသန်းရွှေရဲ့ စအိုဝမှာ အဆုံးသတ်တယ်လို့ ဖတ်ဖူးတာပဲ..အဟီးဟီး.. ဖတ်ဖူးတာလေးပါ၊
ဗဟုနဲ့သုတ ယူသွားပါတယ်ဗျာ...
(၁)- ဝမ်းသွားနေကျ အလေ့အထ ပြောင်းလဲ လာခြင်း ။ ရက်သတ္တပါတ် များစွာမှာ ဝမ်းက မာလိုက် ပျော့ပြဲလိုက် ၊ ဝမ်းချုပ်လိုက် ၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်လိုက် နဲ့  အမျိုးမျိုး ဖြစ်လာ တတ်ပါတယ်။
(၂) -ဝမ်းထဲမှာ သွေးစသွေးန များ ပါလာတတ်ပါတယ် ။ စအိုဝမှ သွေးယို သလို ဆိုတော့ တချို့  ကလည်း လိပ်ခေါင်း လို့  အထင်ရောက်တတ်ကြ ပါတယ်။
(၃)-ဗိုက်ရစ်ပြီး ၊ ဗိုက်အောင့် ဗိုက်နာ လေထိုးလေနာလိုမျိုး ခံစားရတတ်ပါတယ်။
(၄)-ဝမ်းသွားပြီးပေမဲ့  အကုန်မစင်ပဲ ကျန်နေသလိုမျိုး ခံစားရတတ်တယ် ။
(၄)-လူတကိုယ်လုံး အားမရှိသလို နုံး ပြီး ပင်ပန်းနွမ်းနယ် လွယ်တယ် ။
(၅)-အကြောင်း မရှိပဲနဲ့ ကိုယ်ခန္ဓာ အလေးချိန် လျော့ နည်းလာတတ်တယ် ။ တဖြေးဖြေးပိန်ချုံးလာတတ်တယ် ။
အဲဒီအချက်တွေအားလုံးဖြစ်မှအဲဒီရောဂါလို့ သတ်မှတ်လား... ပြီးတော့ အသက်အရွယ်အပိုင်းအခြား ဘယ်လောက်ကနေ ဘယ်လောက်အတွင်ဖြစ်သလဲ အတိအကျလေးသိချင်လို့ပါခင်ဗျာ..
Post a Comment