ဖလပ် ဖလပ် ဖလပ်...ရှေ့ မီးကြီး နှစ်လုံးကို တဖြတ်ဖြတ် ဖွင့်ပြီး အသကုန်မောင်းလာသော မှန်မဲမဲနှင့် ကားမြင့်မြင့်ကြီး ကိုလှမ်း တွေ့ လိုက်ရတော့ ရန်ကုန် မြို့ အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း ဆုံ မီးပွိုင့်မှာ တာဝန်ကျနေသော ဘဲဥ နှင့် ပရုပ်လုံးတို့ ပြာယာခတ်သွားကြသည် စတစ်ကာကပ်ကားများ ရှောင်တခင်အရေးယူမှုပြုလုပ် စတစ်ကာကပ်ကားများကို ယာဉ်ထိန်းရဲများက အရေးယူမှု မအောင်မြင်သည့်အတွက် တပ်မတော်တပ်ထိန်းက ပါဝင်အရေးယူမှုများ လုပ်နေကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
ရွှီးး ရွှီးးးး .. ခရာမှုတ်သံ .. ဝီစီမှုတ်သံ ..ဟိုဟာမှုတ်ဒီဟာမှုတ် ဝေါ်ကီ တော်ကီတွေနှင့် အလုပ်ရှုပ် သွားရပြန်ပါပြီ ။ အရေးထဲ နိုင်ဂံဂျားသွားမဲ့သူများ တက်ကသိုလ် က ကျောင်းတက်ချိန် နှင့် လာဆုံနေတော့ ကားတွေက ဒင်းကျမ်း ၊ မလှုပ်သာ မရှားသာတော့။ မတတ်နိုင်ပြီ ။ ပါးနှစ်ဖက်လုံးဖေါင်းပြီး လည်ပင်းကျောကြီး ထောင်လာတဲ့ အထိ ဝီစီကို ကျယ်လောင်စွာမှုတ်ပြီး နီနေသော မီးကို ချက်ချင်း စိမ်းအောင် ပြောင်းလိုက်ရသည် ။ ဖြစ်ချင်ရာ ဖြစ်ပဲ ။လူတွေ ကားတွေ ပိတ်နေတဲ့ လမ်းဖက်ကို ဦးစားမပေးနိုင်တော့ ။ခရီးသည် အပြည့်တင်ပြီး မီးပွိုင့်လွတ်အောင် မောင်းလာသော ဟိုင်းလက်ကားအိုလေးက ဒက်စတော့ အုပ်လိုက်ရတော့ ကားပေါ်ပါ ခရီးသည်များ ငချဉ်သိပ် မှ ဇီးဖြူသီးဘဝသို့ ပြောင်းသွားရရှာသည်ပေါ့ ။ အိုး .. အီး .. အား ။ အမလေးတော့ ။ သေဂျင်းဆိုးကြီး ၊ မွေးမေလေ့ ....@*%!+^# ထုံးစံအတိုင်း သံစုံ တီးဝိုင်း လေး မြည်သွားရသည်လေ ။
ဒီနေရာရောက် ကတည်းက ဒီဘဲဥ နှင့် ပရုပ်လုံးတို့ ရင်တထိတ်ထိတ် ကျီးကန်းတောင်းမှောက် မျက်လုံးပြူး မျက်ဆန်ပြူးနှင့် သုံးလုံး မကစားရပဲ နှစ်လုံးရောဂါ ရပါတော့မည် ။ စီမံချက် ရှိရင် လမ်းကြောရှင်းရင် ပိုဆိုးသေး ။ပုခုံးပေါ်က ကြယ်၂ပွင့် တကောင်ကောင် ဘေးမှာ ရှိနေတဲ့အချိန်ဆို ပိုဆိုးသေး ။ လေးဖက်ကာ ဝက်ခြံလို နေရာလေးထဲ ဗီဒီယိုဂိမ်းဆော့နေလို့ မရတော့ ။ ဟိုသစ်ပင်ရိပ်မှာ ရှိနေတဲ့ ဆလွန်းကားပြာလေးကိုပဲ အာရုံစိုက်နေရသည် ။ တူးစတား ကလည်း ခါးထောက် လမ်းသလားပြနေတော့ သူတို့ နှစ်ကောင်မှာ အမြီးကုပ်နေရသည်ပေါ့ ။ဒီနေ့  ကံမကောင်းပါ ။ဘန်ကြီးမွှန်းတို့ ၊ ဂန်ဖလားတို့ ကလည်း လာလာပြီး နှောက်ယှက်နေကြတဲ့ အခါသမယ ။ အဆင်မသင့်ရင် လေနဲ့ လွင့်သွားနိုင်သည် ။
လာပြန်ပြီ နောက် တမီး ။။ တဖြတ်ဖြတ်နဲ့  ။ ဒီတစီးကိုတွေ့ ရင် သူတို့ တဥ နဲ့ တလုံးတို့ မျက်နှာမှာ သကာရည်နဲ့ ကျောက်ကျော လောင်းထားသကဲ့ သို့ ချိုမြ ပြုံးဖြီးသွားရသည်ပေါ့ .အင်းယားလမ်းမီးပွို့င်နဲ့  မနီးမဝေး ရှိ တေပေပေ ဇ နဲ့နေကြသော နန်းတော်ဝင်းကြီးမှ အဝါရောင်တောက်တောက် ဖယ်ရရီ ပြိုင်ကားလေး အရှိန်ပြင်းပြင်း မောင်းထွက်လာတော့ သူ့ ကားလေး ဘရိတ်မပွန်းရလေအောင် မီးနီကြီးကို ရုတ်တရက် စိမ်းပေးလိုက်ရပြန်ပါသည် ။ ဒီတော့ ကန့်လန့်ဖြတ်လမ်း က အိုမင်းမစွမ်း ကားလေးများ ။ ငပိသိပ်ခံနေရသော ခရီးသည်များ စီးနင်းလိုက်ပါလာကြတဲ့ ဒတ်ဆန်း နှင့် ဟီးနိုး ကား၂စီးမှာလည်း ကျွီ ကနဲ ထိုးရပ်..
ဟင် ။ အို ။ အံမလေးတေပါဘီ ။ &$*@&%!*+# .. ဆူညံသွားရပြန်သည်ပေါ့ ။ဆဲသံ ဆိုသံ များကို ဂရုမစိုက်အား ဘဲဥတို့  အတွက် ဒီနေ့ ကြက်သားဟင်းစားရဖို့ သေချာပြီဘဲ ။ ဒီဝါဝါလေး တခါဖြတ်တိုင်း သူတို့ အတွက် ဆေးလိပ်ဖိုး ဘီယာဖိုး ကြက်ဖိုး ရတတ်တော့ ဒီလို ကားမျိုးတွေ အမြဲ များများ ဖြတ်ပါစေ ဟု ဆုတောင်း နေမိတတ်တာ လည်း အပြစ်မဆိုသာပေဘူး ။ မဟုတ်က ဟုတ်က ဆုတွေ တောင်းတတ်ကြသူများ အတွက် ဆုတောင်းတာတွေတိုင်း လည်းပြည့် နေတတ်ကြတာ အံ့ရော ။
ဟယ် ... နိပ်ပဟ ..စီမံချက် တခု လာပြန်ပြီ ။ စားရကံကြုံလို့  ဘဲဥတို့ မုတ်ဆိတ် ပျားတုပ် အဲ .. ပျားစွဲပေရအုံးမယ် ။ ဒီလို ပျားမျိုး စွဲယုံ မက တုပ်ချင်သလောက်တုပ်ပါစေလေ ။ လူတွေအပူသက်သာအောင် နေထိုးသက်သာအောင် ကားမှန်ပေါ်မှာ ကပ်ထားကြတဲ့ စတစ်ကာတွေ ၊ အလှ ကပ် စတစ်ကာတွေ ကို ရိုးရိုးသားသား သာမန်လူတွေ ကပ်ခွင့်မရှိတဲ့ ။ချွင်းချက်တော့ရှိတာပေါ့ ။ ဟိုလူဂျီးတွေ ကျတော့ နေပူ မခံနိုင်တဲ့ အယ်လ်ဗီးနိုး (အရေပြားခရုသင်း ရောဂါတမျိုး) ဖြစ်နေကြလို့ ၊ လူမြင်မခံဝံ့ တဲ့ အတွက် သူတို့ ရဲ့  အဲလကွန်း နဲ့  ကားမြင့်ကြီးတွေကို ခန်းလုံးပြည့် ..အဲ .ကားလုံးပြည့် အမှောင်ချပြီးစီးနေကြရရှာတယ်။ အဲ့လို ၊အဲ့ လို ပြည်သူနဲ့တသားတည်း လက်ရည်တပြင်စီး ။ ဒီတော့ ဘဲဥ တို့ ကလည်း ရသမျှ အခွင့်အရေး လက်လွတ်ခံလို့ မဖြစ်ပေဘူး ၊ ဆရာ့ ဆရာကြီးများ ရဲ့ လမ်းစဉ်မှာ တပည့်ကျော်တို့ က ပို၍ လက်စောင်းထက် ပြရတော့မှာပေါ့ လေ ။
ရွှီး .. ရွှီး... ရွှီးးး .. အချဉ်တစီး လာနေပြီ ၊ လှမ်း နှိပ်လိုက်ဦးမှ ၊ ပါးညောင်းတာလောက်တော့ အကြောင်းမဟုတ် ။ လည်ပင်းကျောကြီးတွေထောင်လောက်အောင် ဝီစီကို လွှတ် မှုတ် ။
"ရပ်စမ်းပါအုံး ။ နောင်ကြီး ကားမှာ ဘာဖြစ်နေတာလည်း သိတယ်ဟုတ်လား"( ဘဲဥ က စွတ်ဟောက်လိုက်၏)
"ဆရာရယ် ။ ကျွန်တော် မီးနီ ၊ မီးဝါ လည်း ဖြတ်မမောင်းရပါဘူး ။ယာဉ်ကြောအတိုင်းပဲ မောင်းလာပါတယ် ။ ဟွန်းလည်း မတီးမိပါဘူး ၊ ရှေ့ မီး နောက်မီးတွေလည်း အကုန်လင်းနေပါတယ်ခင်ဗျာ" ။
"ခင်ဗျားကား စည်းကမ်းမညီဘူးဆိုတာ မသိဘူးလား" ။
"ဟုတ်လား ၊ ကားက နဲနဲ ဟောင်းနေတော့ အင်ဂျင် ကျနေတာ ။ နောက် အိပ်ဇောက မီးခိုးထွက်နေတာကိုပြောတာလားဆရာရယ် ။ ကျွန်တော့ကားက ဒီဇယ်ဆိုတော့ မီးခိုးတွေလည်းပိုအူနေတာ ခွင့်လွှတ်ပါဆရာရယ်" ။
"ဒီလောက်ပြောနေတာတောင် မသိသေးဘူးလား ဦးလေးကြီး" ။
"ကျွန်တော့ သမီးလေး နေမကောင်းလို့  ဆေးရုံတင်ထားရပါတယ်ဗျာ ။ အရေးကြီးနေလို့ ဒီတခါတော့ ခွင့်လွှတ်ပါ ဆရာရယ်" ။သူ့သားအရွယ် ဘဲဥလေးကို ခြေသလုံးဖက်ကိုက် အဲ ဖက်ပြီးတောင်းပန်ရတော့ မတတ် တောင်းပန်နေရှာတဲ့ အဖိုးကြီး မှာ စိတ်အတော် ညစ်နေရပြီ ။ ဒီဘဲဥ အရစ်နဲ့ တော့ သူ ဒီနေ့ အောက်ဆိုက် ဆွဲထားတာလေး ဖို့ မလောက်တော့မှန်းသိလိုက်ပြီ ။"ခင်ဗျားကဘာတွေလာပြောနေတာလည်း ၊ ကျုပ်တို့မှာ တာဝန်အရ လုပ်နေကြတာဗျ ။ ဒီလို စတစ်ကာ မျိုးတွေ ခင်ဗျားတို့  ကားမှန် မှာ ကပ်ခွင့် မရှိဘုး ဆိုတာ မသိဘူးလား" ။
"ဗျာ ..... ကျွန်တော် ဒီကားလေး သုံးနေတာဘဲ ၁၀ နှစ်ကျော် နေပါပြီ ခင်ဗျာ ။ အရင်တည်းက ကပ်ထားတာပဲလေ ။ အသက်ကြီးတော့ နေထိုးတာ မျက်လုံးမခံနိုင်လို့ နေကာ သဘောပါဘဲဗျာ ။ တခြား ဘာမှ မဟုတ်တာတွေ လည်း မလုပ်ရပါဘူး" ။
"အရင်က ဟာ အရင်ကဘဲ ၊ခု ဟာက အခု ။ စီမံကိန်း ဗျ ။ ဒီလို မဲမဲမှောင်မှောင်တွေနဲ့ ဆို ရာဇဝတ်မှုတွေ တိုးလုပ်လို့  ရတယ်ဆိုတာ ခင်ဗျား နားမလည်ဘူးလား ။ အထက်က အမိန့် အတိုင်း ကျုပ်တို့လုပ်နေကြတာ ။ဒီတော့ ခုချက်ချင်း ဒီမဲမဲကြီးတွေ ကို ခွာ ပစ်ပါ" ။"ဟုတ်ကဲ့ပါခင်ဗျာ ။ ခွာဆိုလဲ ခွာပါ့မယ် ။ခုတော့ အရေးတ ကြီးဆေးရုံသွားရမှာမို့ နောက်နေ့မှ ခွာပါရစေ"။
"မရဘူး ခုချက်ချင်းခွာ ပါ ။ မခွာရင် ကျုပ်တို့ ဝတ္တရားနှောက်ယှက်မှု နဲ့ တမှု ထပ်တိုးသွားချင်လား"
"ကဲ .. မောင်မင်းကြီးသားတို့  သဘောရှိ သလိုသာ ခွာကြပါတော့ ဗျာ "။
"ပြောမရသည့် အဆုံး လက်လျှော့လိုက်ရသည် ။ စိတ်ထဲ မတော့ ..."သကောင့်သားတွေ ခွာစရာမရှိ ကပ်ခွာ ကိုတောင် လိုက်ခွာ နေကြပါလား ။မိုးကောင်းတုံး ရွာထားအုံးပေါ့ ကွာ" ..ဟူ၍ ။
ဘဲဥ နဲ့ ပရုပ်လုံးနတို့  ၁၀ မိနစ်မျှ စိတ်ရှိလက်ရှိ ခွာနေကြတုံး ။လျှင်လိုက်တဲ့ မျက်စိ များက ဟိုးအဝေးမှ လာနေသော ဘိလပ်မြေအိတ်အပြည့်နှင့် ကုန်တင်ကား တစီးကို လှမ်းတွေ့ လိုက်ကြသည် ။ ဒီတော့လည်း တပြားတချပ်မှ မရသည့် မှန်ကပ်ခွာ တွေကို ဆက်မခွာ လိုတော့ဘူးပေါ့ ။
"ကဲ .. ဦးလေးကြီး ၊ ကျန်နေတဲ့ နဲနဲပါးပါး ခင်ဗျားဟာခင်ဗျားပဲ အိမ်ကျမှ ဆက်ခွာလိုက်တော့ ။ နောက်တခါ ထပ်တွေ့ ရင်တော့ ဒါဏ်ငွေ ဆောင်ရ မှာနော်။ သွားလို့ ရပြီ "။
"ကောင်းပါပြီ မောင်မင်းကြီးသားတို့ ရယ် ။ အခု သွားလို့ ရပြီပေါ့နော်"။ ဟူး... သက်ပြင်းရှည်ကြီးချပြီး ပရုပ်လုံးအနားမှ မောင်းထွက်လိုက်ရသည် "
ဘဲဥက ဒါမျိုးတော့ အတော်လျှင်သည် ။ လူက ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေသော ဘိလပ်မြေအိတ်ကား အနား အပြေးလေး ကပ်သွားတာမှ ၂ မိနစ် မကြာလိုက် ဒရိုင်ဘာ ဖက် တံခါးဘောင်မှာလက်လေးတင်ပြီး ပြန်ခွာလိုက်ချိန် မတော့ တထောင်တန် အခေါက်လေး လက်ကြားမှာ ညှပ်ပါလာပြီး ဖြစ်သည် ။ ဪ ။။ ဒီ ကပ်ခွာ လေးကျတော့ လည်း မြန်သား ။ ၂ယောက်ခွဲယူကြရမှာဆိုတော့ ၂ မိနစ် မှာ ၅၀၀ တန်သွားတယ်ပေါ့ ။
အလယ်မျဉ်းဖြူ ၂ကြောင်းတားထားတာကို ကျော်ပြီး နောက်ယာဉ်ကျောထိ မောင်းဝင်လာတဲ့ ကက အနီကားတစီး၊မီးဝါ ဖြတ်လာတာ တွေ့ လိုက်ပြန်ပြီ ။ဒီတခါတော့ ပရုပ်လုံးအလှည့် ။ .. ရွှီးးး ရွှီးးးး ။ အချဉ်ဖမ်း ဖို့  အကွက်ကောင်းပေါ့ ။ တိုက်စီ မောင်းလာတဲ့ ဗလတောင့်တောင့် မဲမဲ တယောက် ။သူ့ အနားသို့  ကျွိ ကနဲ ဘရိတ်ဆောင့်အုပ် ရပ်လိုက်သည် ။ ပရုပ်လုံး နဲနဲ တော့ ဖြုံသွားသည် ။ ဟန်ကိုယ့်ဖို့ ဆိုတော့ ဟန်မပျက် ပြောလိုက်သည် ။
"နောင်ကြီး ။ လိုင်စင်လေး တဆိတ်လောက်" ။...
လိုင်စင်ကို စစ်ကြည့်လိုက်တော့ ဘာအပြစ်မှ မရှိ ရက်လည်းမကျော် ။ ဝှီးတက်စ် ကလည်း လုပ်ထားတာ မကြာသေး ။ ဒါပေမဲ့  ယာဉ်ကျော မှားဝင်ကျော်လာတာဆိုတော့ ညှစ်စရာ အကွက် ရှိနေသေးသည် ။
" ခင်ဗျား ခုန ယာဉ်ကျော မှားဝင်တာ သိတယ်နော်" ။
" ဟုတ်လို့ လား ။ ခင်ဗျားတို့ ဘယ်မှာ သက်သေ ရှိသလည်း" ။ ဗလကြီးက ဂျစ်ကန်ကန် ဖြေသည်။
" ကျုပ်တို့ က ၂ယောက် ။ အဲဒါသက်သေဘဲ ။ဒီအမှုက ချလံဖြတ် လမ်း၅၀ ရုံးချုပ်ရောက်သွားရင် ဘယ်လောက် တန် သလဲ ၊ ခင်ဗျား သိလား" ၊ ( ပရုပ်လုံးကလည်းမလျှော့ ၊)" ၁၂၀၀၀ အနဲဆုံး ပဲ ကိုယ့်လူ "။
ဗလကြီးက ရှုးရှူးရှဲရှဲ ဖြစ်သွားသည် ၊
"ခင်ဗျားတို့ က ဒါ တွေ နဲ့  ဓါးပြတိုက်နေကြတာလား ။ ဘာ ချလံ ဖွင့်မယ်ပြောနေတာလည်း ။ကျုပ်ဘာကောင်လည်း သိချင်လား"
အခြေအနေ တင်းမာလာတော့ ဘဲဥက မနေသာ ။ ကြားဝင်လာသည်ပေါ့ ။ ပရုပ်လုံးကို မျက်ရိပ်မျက်ချေ ပြလိုက်သည်။
" ဒီမှာ နောင်ကြီးက ဒီကိစ္စတွေ ကျွန်တော်တို့ ညှိယူလို့  ရပါတယ်ဗျာ ။ အေးအေးဆေးဆေးပြောကြတာပေါ့ ။ ဒီလို လုပ်ကြရအောင်ပါ ။ ဒီက နောင်ကြီးလည်း မနစ်နာရအောင် ။ ကျွန်တော်တို့  နှစ်ယောက်လည်း ဒီနေ့ အတွက် ထမင်းဖိုးလေးရအောင် အဆင်ပြေ သလို ကြည့်ပေးပါလားဗျ" ။
"ဘယ်လောက်ပေးရမှာလဲ ၊ ပြော" ။
"ဟိုလေ ... တဝက်ဈေးပေါ့၊ ၆၀၀၀ ပဲ ပေးပါ လား ၊ဗျာ" ။
"ခင်ဗျားတို့ ကျုပ်ကို နားမလည်ဘူး ထင်နေတာလား ။ ၅၁ လမ်း ရုံးမှာ ကျုပ် အမျိုးရှိတယ် ။ဒါပေမဲ့ အချိန်ကုန် လူပမ်းမခံချင်လို့ ပြောနေတာ ။ များတယ် ။ နဲနဲ လျှော့"......
ဒီလိုနဲ့ ဈေးညှိရင်း ဆစ်ရင်း ၅၀၀၀ နဲ့ တည့်သွားသည်ပေါ့ ။
ဟူး ... ဒီ ကပ်ခွာ တခု ကတော့ သတိထားပြီး ကပ်လိုက်ရသည် ၊ အခွာမတော်ခဲ့လျှင် လည်း သူက ပြန်ပြီး ကိုယ့်ကို ခွာသွား ဦးမည်လေ ။
အဟော်.. တွေ့ ပြန်ပြီ နောက် တစီး ၊ ဆလွန်းကားအဖြူ လိပ်တက် မော်ဒယ်လေး ၊ မီးဝါနေတာတောင် အရှိန်မလျှော့ ။ မီးနီကြီးလဲ ဖြတ်လိုက်သေး ။ မှန်တွေကလည်းတစီးလုံး မဲနက်နေတော့ ဘဲဥတို့ ရုတ်တရက် ကြောင်သွားကြသည် ၊ ပြီးမှ သူတို့ဆီ မှာရှိတဲ့ စာရင်းထဲက ပွိုင့်လွှတ်ပေးရမဲ့ အထဲ မပါတော့ ဝမ်းသာ သွားသည်ပေါ့ ။ ဒီနေ့ ဘဲဥတို့  ကံကောင်းနေပါလား ။ ကျားရှေ့ မှောက်ရက်လဲ နဲ့လာတွေ့ နေရသေးသည် ။ ထုံးစံအတိုင်း ဝီစီသံပေးတော့ ရှေ့ ကိုက် ၁၀၀ လောက်မှာမှ အနှီကားလေးက မရပ်ချင် ရပ်ချင်နဲ့ရပ်ပေးလိုက်သည် ။ ဘဲဥကရှေ့ မှ အပြေးကလေး သွားပြီး လက်ကလည်း အဆင်သင့် ဖြန့် ပြီးသား ၊ အနီးရောက်လို့ ကားမှန်ချ ပေးလိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဘဲဥ ကြွေခါနီး တည်းတည်း ဖြစ်ရပြီ ၊ ရင်တွေ တဒုန်းဒုန်း ခုန်လို့  အာခေါင်တွေလည်း ခြောက်ကပ် သွားရသည် ။ အလိုလေး ။။ သူ့ အသည်းစွဲ ကလေး .. ခု ခေတ်နာမယ်ကြီး အဆိုတော် မော်ဒယ် ရုပ်ရှင် မင်းသမီးလေး ရှင်ထွန့် ထွန့် လူး ပါလား ။ အတော်ပါဘဲ ဒီလို အခွင့်ကောင်း ရဖို့ ဆိုတာ မလွယ်လှပေ ဘူး ။
"ညီမလေး .. ယာဉ်မောင်းလိုင်စင် လေး တဆိတ်လောက် ပြပါလား ဟင်" ။
ရှင်ထွန့် ထွန့် လူး တယောက် ဇကောလောက် အရွယ် နေကာ မျက်မှန် ကြီးကို ခေါင်းပေါ် ပင့်တင်လိုက်ပြီး သူ့ ဆလင်းဘက် ထဲ ဖွင့်ရှာ သည် ။ ဟို ဇစ်ဆွဲ ၊ဒီဇစ်ဖွင့် နဲ့ ၅ မိနစ်လောက် အချိန်ကြာသွားသည် ..ဒီအချိန်မှာ ပရုပ်လုံး ကလည်း ကားအနီးသို့ ရောက်လာပြီ .ဘဲဥ နဲ့မျက်ရိပ်မျက်ခြေပြ . ဒီဥ ကတော့ သွားရည်တမြားမြား နဲ့ အချိန်ကြာလေ ကောင်းလေ ဟု သဘောထား နေပုံ ရသည် ။ ဒါမှ သေသေချာချာ ကသိုင်းရှုလို့ ရတော့မှာပေါ့ ။ ၁၀ မိနစ်မျှ ကြာသွားသည် ။ သူမကဆံပင်ကောက်အနီရောင်လေးကိုဟိုခါ ဒီခါလုပ်ပြီးရှာနေဆဲ ။ယာဉ်မောင်းလိုင်စင် ပါလာပုံမရ .။ လိုင်စင်မဲ့ယာဉ်မောင်းခြင်း တမှု ရပြီ ။ ဒီတော့ ဝှီးတက်စ် လေး သိမ်းရုံ ပဲပေါ့ ။ ဒါဆို သောင်းနဲ့ ချီပြီး ပွပေါက် ။
"ဟင့် အကို တို့ ရယ် ..ညီမ ကလေ .. ရှုတင် သွားဖို့ ရယ် ပြီးတော့လေ.. နောက်ဆုံးထုတ် ကာရာအိုကေ ဗီစီဒီ ပရိုမိုးရှင်းအတွက် အချိန် နောက်ကျ နေလို့  လောပြီး မောင်းလာမိပါတယ် ။ အိတ်ကလည်း ပြောင်းကိုင်လာလို့  လိုင်စင် က ဒီထဲ ပါမလာ မိတာပါ ။။ တောင်းပန်ပါတယ်နော် ။ ဟင့်..."
မျက်လုံးလေး မှေးပြီး ညူကလီးယား တသိန်းမီဂါဝပ်ထဲ မှာ အီစီကလီ နှုတ်ခမ်းမဟတဟ နဲ့  ချွဲ ပြစ်ပြစ် အသံ လေးကြောင့်  ဘဲဥ နှင့် ပရုတ်လုံး တို့  ညနေ လေညှင်းမှာ အရည်ပျော်သွားမတတ် ဖြစ်ရပြီပေါ့ ။
"ေ ရာ့  နော် ဒီမှာ ညီမ တကိုယ်တော် ရှိုး အခွေ .. ကိုယ်တိုင်လက်မှတ်ထိုးထား တာလေး .. တယောက် တချပ် လက်ဆောင် ပေးမယ် နော် ။"
စီဒီခွေ ၂ ချပ် ပေါ်မှာ ခြင်္သေ့ လေး ၂ကောင် ငုတ်တုတ် ။ ထောင်ကို မြင်တော့ သောင်းကို မေ့ သွားကြတဲ့ သကောင့်သား ၂ယောက်မှာတော့ တဟဲဟဲ နဲ့ ...ချလံ ဖြတ်ဖို့ လည်း သတိမရတော့ ။ ဝှီးတက် သိမ်းဖို့ လည်း စိတ်မကူးတော့ ။ မှန် ပေါ်က စတစ်ကာ မဲမဲ တွေ ခွာဖို့ လည်း သတိ မရတော့ ၊ဒီလို လေးသာ ဆံနီမလေး အနားမှ ကပ်ပြီး မခွာချင် တော့....
ဒီနေ့ အဖို့  မုတ်ဆိတ် ပျားစွဲ .. ကပ်ခွာ နဲ့  ဘဲဥ တို့  အကြောင်း ဤတွင် တခန်းရပ် ပါသည် ....
မျိုးချစ်သူ/ ၁၄ စက်တင်ဘာ ၂၀၀၉
ယခင်လကုန်ပိုင်းမှ စတင်ကာ စစ်တပ်မှတပ်ထိန်းများက စတစ်ကာကပ်ကားများကို စစ်ဆေး၍ တွေ့ရှိသောနေရာတွင်ပင် စတစ်ကာများကို ခွာပစ်အရေးယူမှုများ လုပ်နေကြောင်း အစိုးရနှင့် စီးပွားရေးလုပ်ငန်းစီမံကိန်းများ ပေါင်းစပ်လုပ်ကိုင်ခွင့် ရထားသည့် အဆိုပါလုပ်ငန်းရှင်က ပြောသည်။
ဒီအောက်မှ ဗီဒီယို အပိုင်းတိုလေးက တော့ ဗမာ ဘဲဥ များ မဟုတ်ကြပါ ။ အပန်းပြေ ရယ်စရာ တခု အနေနဲ့  ဝေမျှ ပေးခြင်း သာ ဖြစ်ပါတယ် ။ မျက်စိ ရှက်တတ်သူ များ မကြည့် ကြဖို့  ကြိုတင် အသိပေးအပ်ပါတယ် ။ ကြည့်လိုသူများ ကလစ်သာ လုပ်ကြည့်ပါတော့ ။ အမြင်ရိုင်းတာတွေ တင်ပြတယ် ထင်ရင်လည်း ... ..
ဘဲဥ ... ပရုပ်လုံး စသည်တို့ မှာ ရွှေပြည်ကြီးမှ ရွှေမော်တော်ယာဉ် ထိန်းရဲ များကို ရွှေပြည်သားများက ချစ်စနိုး ဂုဏ်ပြု ခေါ်ဆို ကြသော အသုံးအနှုန်း များသာ ဖြစ်ပါကြောင်း ကို အကျယ်တဝင့် မရှင်းပြလိုတော့ပါ ။။
20 comments:
ကယ်ကြပါဦးဗျို့ ....
သူတို့ ရဲ တွေကလည်း အထုပ်နဲ့ အထည်နဲ့ ကိုး...
လူဆိုးမမ ကျဲကျဲ...ဥပုတ်နေ့ မှာမှ...
ဖွားကိရယ် ရေးလဲ ရေးတတ်ပါ့လို့မပြောတော့ဘူးနော် ဟွင်းးးး ဥပုသ်နေ့မှာ ဥပုသ်မစောင့်ပဲ ဘာလဲ အဲလိုယာဉ်ထိန်းရဲတွေ လိုက်ကြည့်နေလား ဟားဟားးးးးးးးးးး
မြန်မာပြည်က ဘဲဥကို အဲဒီပုံစံ ၀တ်ပေးရမယ်။
မယ်ကိကိုယ်တိုင်ပါဝင်သရုပ်ဆောင်သေးသလားလို့...
ကြံကြံဖန်ဖန်ရေးတတ်ပါ့မယ်ကိရယ်..ဟီး..ဟီး...
kiki က တော်တော် ရေးတတ်တာပဲနော့်။ သတင်းကို ဟာသဖြစ်အောင် လုပ်တတ်တယ်။
ဖွားကိတို့ ကတော့နော် ရှာရှာ ဖွေဖွေ တတ်လည်းတတ်နိုင်ပါပေ့ဗျာ အဟား
မြန်မာပြည်က ကပ်ခွာ ဘဲဥတွေက အဲ့လိုပဲဗျာ
အဟီး ဟိုနေ့က ၀ယ်စရာလေး ရှိလို့ TGI STAR လေးနဲ့သွားမိပါတယ် ၀ယ်ထားတာ နှစ်ပတ်ပဲရှိပါသေးတယ်
လိုင်စင်ကမကျသေးပါဘူး ယာယီလိုင်စင်ပါ ထုံးစံအတိုင်းသွားတော့ ဘဲဥနဲ့သွားတိုးပါတယ် စစ်တယ်ပေါ့ ယာယီလိုင်စင်လေး ထုတ်ပြပါတယ်။ အပေါ်မှာ ၀က်ခြံတင်ထားတယ် တဲ့ ဒီထဲမှာ ဂျစ်တဲ့ ဂျစ် က အဲ့ဒါတင်လို့ မရဘူးတဲ့ မဟုတ်ပါဘူး ကျွန်တော့်ဟာက wagon ပါဆိုတော့ ဒီမှာရေးထားတာက ဂျစ်တဲ့ အဲ့ဒါပုံမှားရိုက်တာ တဲ့ဗျာ အမှုကပိုတိုးလာရော ဟိုမှာသွားဆောင်ရင် သုံးသိန်းတဲ့ဗျာ အဲ့ဒီတော့ အဟဲထုံးစံအတိုင်းပေါ့ စကားလည်းမပြောချင်တာရယ် သူတို့ခေတ်ရယ်ဆိုတော့ နှစ်သောင်းခွဲနဲ့ဈေးတည့်ပြီးပြန်လာခဲ့ရတယ်
သြော်ဘဲဥ ဘဲဥး) အိုးဘဲဥလေးတောင် စားချင်လာတယ်း)
လေးစားလျက်
တောင်ပေါ်သား
ရေးတတ်ပါ့... တော်တီးတီးတော်...
သူတို့လည်းမရှိလို့လုပ်စားရတာနေမှာ...
ရှိလျက်နဲ့လုပ်စားတဲ့လူတွေအကြောင်းလည်းရေးပါဦး... :)
ဖွားကိရေ.. သီတင်းကျွတ်မှာ ကတော့ခံရတာကို ဘယ်နှယ့် ဘဲဥပုံပြင်တွေ ပြောပြီး ဆုပေးနေရတာလည်း..အဟီး။
yu ya
အပေါ်ကစာကိုဖတ်ပြီး စိတ်က ချဉ်နေတာ
အောက်က ဗီဒီယိုကြည့်ပြီး ရီရပြန်ရော
:D
သိပ်ပြည့် စုံတာပဲအမရေ...ဖတ်ရတာကြည့် ရ
တာရယ်လဲရယ်ရတယ်ဗျို့ ၊လွမ်းလဲလွမ်းမိပါ
တယ်၊ဗမာပြည်ကဘဲဥတွေကိုလေ၊မနက်လေး
နာရီလောက်ကတဲက အမှတ်(၃)လမ်းမကြီးထိပ်
မှာကြိုးစားပန်းစားအိုဗာတိုင်ထွက်ဆင်း အဲ...
ထွက်ထွက်တောင်းနေကြတာလေ။
ရှင်ကလျာထွန့်ထွန့်လူးဆိုတာ ဖွားကိရဲ့ ငယ်နာမည်မဟုတ်ဘူးလား...
"မျက်လုံးလေး မှေးပြီး ညူကလီးယား တသိန်းမီဂါဝပ်ထဲ မှာ အီစီကလီ နှုတ်ခမ်းမဟတဟ နဲ့  ချွဲ ပြစ်ပြစ် အသံ လေး..."
အဲဒီပုံမျိုး သရုပ်ပြန်ဆောင်ပြပါ... ဒါပဲ...
းဝ)
ဘဲဥများကို အားရပါးရတွယ်ချင်လျှင် ဒီမှာရှိသေးတယ်...
http://mogaungthu.blogspot.com/2009/10/blog-post.html
းဝ)
ဖွားကိ... မျက်လုံးကြီး က ဂလောက်တောင် မြင်တတ်တဲ့ အတွက်..... ရပ်ကွက်ရုံးမှာ ဒါဏ်ငွေလာဆောင်စေ.....
ပြီးတော့..... နေအိမ် အကျယ်ချုပ် ယောက်ကျား မယူပဲ.. နှစ်ပေါင်း... ၂၀၀၀ ခံစားစေ.....
ပုံ
အမန့်တော်... အဲလေ... အမိန့်တော်...
မှ
ခြင်စုတ်ခြင်ပျက်...
နိုင်ငံတော့ သမ္မတအိ ဇနီး....(စစ်စစ်ရေမရော)
မော်တော်ပီကယ်တွေလား....
အမျိုးသမီးတွေလဲ အဲလိုမြင်တော့ မျက်လုံးပြူမျက်စံပြူးပြီးကြည့်ကြတာပါပဲ။
ဖွားကိရေ ဘဲဥ နဲ့ ပရုတ်လုံးတို့ အကြောင်းကို ဟာသတွေနှောပီး ရေးထားတာ သရုပ်ပေါ်လိုက်တာဗျာ ဗမာပြည်က ဘဲဥနဲ့ ပရုတ်လုံးတွေကတော့ မသာထာရေစာတွေစားပြီး ကြီးပွားနေလိုက်တာနော် ...
ရေးတတ်လိုက်တာ ဘဲဥ မကြိုက်တော့ပါဘူး။ မမကိရယ်။ သီတင်းကျွတ်မှာ သတင်းတွေ ပြွတ်တင်မယ်လို့များ မမကိ ရှာဖွေထားသလိုပဲ။ အင်းးးးးမရှိလို့ နော်. ကျန်းမာပျော်ရွှင်ပါစေ
အခုမှသိလား.... အဲဒါ ဖြစ်နေတာ ကြာ ကြာလှပေါ့ဗျာ... ဥပဒေက သူတို့ ပါးစပ်ထဲမှာ.. မီးပွိုင့်ကလဲ သူတို့ပဲ ကစားနေတာ ဒီတော့ မမိပဲနေမလားဗျာ။ အဲလို ခဏခဏ ခံယူနေတော့ ကျနော်တို့ကတော့ တွေ့တာနဲ့ ငါ့အဖေလူကြီးကွ ဆိုတာနဲ့ စပြောတာပဲ ကိုယ်မှားမှန်း သိရင်တော့ ညိုတာပေါ့ဗျာ အဟိ။
8 Oct 09, 01:43
မချစ်ရ: အမနော် ဘာကားအဖြူလည်း ကားအမဲလုပ်ပါလား ကိုယ့်ဟာကိုယ်
8 Oct 09, 01:45
မချစ်ရ: အဲဒါအမကားအမဲယူမောင်းတုန်းက မီးပွိုင့်အ၀ါဖြတ်မိလို့ဘဲဥစီစီမှုတ်တာလေ
အဟားးးးးးးးးး ယာဉ်ထိန်းရဲတွေ လာငမ်းတာ။ အဟဲ။။
ရန်စရအောင်လို့ ပါ။။
Post a Comment