သူများတတွေ ဒီဇင်ဘာလရောက်ရင် ပိုပျော်တာတို့  အကြိုက်ဆုံးလ ဆိုတာတို့  ၊ နှင်းတွေကျလို့  ဟိုရည်းစား ဒီရည်းစားလွမ်းတာတို့ အမျိုးမျိုးအထွေထွေ ရေးကြ တွေးကြ ဆွေးကြတယ် ... ဘာဖြစ်လို့ ပါလိမ့်လို့  အံ့သြသလိုဖြစ်မိတယ် .. တနှစ်မှာ ၁၂လ တောင်ရှိတာ .. ဘာလို့  ဒီ လကိုမှ ရွေးပြီးကြိုက်နေကြတာလဲနော် ။
ပူတဲ့ နေရာ ၊ပူတဲ့ တိုင်းပြည်မှာနေတဲ့ သူတွေက အေးတဲ့ အချိန်မျိုးကို ရွေးပြီးကြိုက်တယ် ။ အေးတဲ့နေရာမှာနေရတဲ့ သူတွေကလည်းပူတဲ့  အချိန်မျိုးကြိုက်ကြတယ် ။ လူ့ မနော လဲ တယ်ခက်ပေသကိုး။ဒီတော့ သူများကြောင်သလို လိုက်ကြောင်ကြည့်မလားလို့  အားတင်းပြီးဖြစ်ညှစ်စဉ်းစားကြည့် မိတယ်။
ဟိုး ငယ်ငယ်တုန်း ကလေးလေးဘဝ ပြန်မှတ်မိသလောက်ပြောရတာပေါ့ ။အပူအပင်ကင်းတဲ့ ခလေးလေးဘဝကိုတခါပြန်ပြီးရောက်ချင်သေးတယ် ဆိုသလိုလေ( အာ... ကိုထီးသီချင်းနဲ့ရောကုန်ပါပြီ) ။အင်းဟုတ်ပ ။ နှပ်ချေးတွဲလောင်းနဲ့  အရွယ်ကိုး ။ ရည်းစားမရှိသေးတော့ သူငယ်ချင်းဘဲရှိတော့ အတန်းထဲက ဘိုမလေး ဒင်းတင်ထွန်းတဲ့  သူ့ နာမယ်က .ဒင်း ..ဆိုတာ တမျိုးမထင်နဲ့အုံး Dean လို့ ပြောတာ .သူ့ အမကဒေါင်တဲ့ လေ (Dong) .။ တော်ပါသေးရဲ့ နောက် တယောက်ရှိရင် ဘဲလ်(Bell) လို့ ခေါ်မလားမသိ ။သီချင်းတပုဒ် ဆိုလို့ ရတာပေါ့ ။သူတို့ အမေက ဘိုမကြီးလေ ။ အဖေ ကလဲ ဘိုကပြား ( နှာခေါင်းရှည် အသားနီစပ်စပ်လို့  ဒီခေတ်မှာ အခေါ်ခံရရင်ဘယ်လောက်များစိတ်နာလိုက်မလဲ မသိဘူး၊တော်သေးတယ် သူအသေစောပေလို့ ) ၊ သူတို့ အိမ်က အင်းလျားကန် ကမ်းစပ် အနားမှာ .နှစ်တိုင်း ခရစ်စမတ်ဆိုရင် သူတို့ အိမ်မှာ တနေကုန် ဆော့ကြ ၊စားကြပေါ့ ။ပြီးတော့ ရေကန်စပ်မှာရှိတဲ့  သစ်ပင်ပေါ်မှာ လက်ဆောင်ပစ္စည်းတွေချိတ်ထားတဲ့  စက္ကူပတ်ထားတဲ့အထုပ်ကြီးကို သူငယ်ချင်းမလေးက မျက်စိ အပိတ်ခံရင်းနဲ့ တုတ်တချောင်းနဲ့  လိုက်ရမ်းပြီးရိုက်ချ ၊ ကျလာတဲ့  လက်ဆောင်လေးတွေ ၊ကစားစရာလေးတွေ ။စားစရာအထုတ်လေးတွေလိုက်ကောက်ပြီးပျော်ကြတယ် ။။ ခုများတော့  သူတို့ လဲ ဘိလပ်ပြည်ပြန်သွားပြီး အဆက်အသွယ်လဲ ပြတ်တာ ကြာခဲ့ ပြီဘဲ ။ ဒါလေးတခုတော့ နဲနဲ လွမ်းသလိုပါဘဲ ၊ ဆော့ရ စားရတာကိုး နော်။ ကျန်တာတွေတော့ လွမ်းလောက်စရာသိပ်မရှိပါ ။
အဟား တခု သတိရလာပြီ ။ အဟင့် ရွှတ် ငိုရမလား ရယ်ရမလားမသိပါဘူး ။ ကျောင်းပြီးဘွဲ့ ရပြီးလို့ နောက်လေးနှစ်အကြာ တခုသော ခရစ်စမတ်ရဲ့ နောက်တရက်မှာ ငယ်ရည်းစားကြီးမင်္ဂလာဆောင်တယ်လေ ။ဒါပေမဲ့ သူတို့ သမီးက ကိုယ်မဟုတ်ခဲ့ပါဘူး ။ကံကောင်းသလား ကံဆိုးသလားတော့ မပြောတတ်ပါဘူး ။အဲဒီအချိန်တုန်းကတော့  ကိုယ်ဟာကိုယ် ကံမကောင်းဘူးထင်ခဲ့ တာ ။အခု အချိန် ပြန်တွေးကြည့်မိတော့မှ ငါကံကောင်းခဲ့ ပါလားလို့ ထင်မိတယ် ။ ဘာလို့ လဲ သိကြလား ။ ။သူ မိန်းမယူပြီးနောက် ၂ နှစ်လောက်အကြာမှာ ကားတိုက်မှုဖြစ်ပြီး ဆုံးပါးသွားခဲ့ တယ် ၊ သူ့ အတွက် ပြီးတော့ ကျန်ရစ်ခဲ့ တဲ့  သူ အမျိုးသမီး နဲ့  သမီးပေါက်စလေးအတွက် အတော်လေး စိတ်မကောင်းဖြစ်ခဲ့ ရသေးတယ် ။ သတ္တဝါတခု ကံတခုဘဲလေ ။ ကြံဖန်တွေးကြည့်တော့ ကလေး တယောက်နဲ့ မုဆိုးမ မဖြစ်လို့  တော်ပါသေးရဲ့ လို့  အတ္တဆန်စွာ အတွေးပေါက်ခဲ့ ရသေး ။ အင်းလေ ၊ ဒါလဲ လွမ်းလောက်စရာ သိပ်မရှိလှပါဘူး ။
ကျောင်းတက်နေရတဲ့ အချိန်တွေမှာဖြတ်ခဲ့ ရတဲ့ ဒီဇင်ဘာများစွာတွေမှာ ကျောင်းစာလုံးပန်းနေရတာနဲ့  Happy New Year ဆိုတာ သိပ်မခံစားဖြစ်ဘူး ။ အဟဲ . ဘာလို့ လဲဆိုတော့ အဲဒီ နယူးယားကြီးပြီးရင် ကျောယား ၊တကိုယ်လုံးယားရမဲ့ စာမေးပွဲတွေက တန်းစီပြီး စောင့် ကြိုနေကြလို့ လေ ။ စာကျက်ပျင်းတဲ့ ကိုယ်တယောက် နှစ်တိုင်း အမြဲ စာမေးပွဲ နီးမှ ဖုတ်ပူမီးတိုက် ကြိုးစားနေကြကိုး ။ဒီတော့ သူများတွေပြောကြ လွမ်းကြတဲ့  ဒီဇင်ဘာလမှာ ချမ်းတာ အေးတာတွေ မခံစားနိုင်ခဲ့ဘူး ။ သွပ် သွပ် သွပ် ...လူဖြစ်ရကျိုးတောင် မနပ်လိုက်ရသလိုဘဲနော် ။ မကျေနပ်ဖူးအချစ်ရယ် တစ်ကပြန်စမယ်...လောဘသိပ်မကြီးပါဘူး .၊ ၁၀ တန်းအရွယ်လောက်က ပြန်စရင်လဲ ရပါတယ် ၊ချစ်လို့ ကောင်းတဲ့ အရွယ်လေးမှာပေါ့။ ရည်းစားတွေ သက်စိထား ၊ ၁၀ တန်းတဖုံးဖုံးကျ ၊ကျောင်းပြေး ၊ အင်းလျှားကန်စပ် သွားထိုင် ..မလုပ်ဖုးူဘူးဆိုတဲ့ ရာဇဝင် တွင်ကျန် မနေရစ်အောင် လုပ်ချင်တာတွေသာ အကုန်လုပ်လိုက်ဖြစ်ရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ လို့ လေ ။ခုနေSuper Man ကြီးနဲ့တွေ့ ခွင့်ရလိုက်ရင်တော့ ဒီကမ္ဘာမြေကြီးကို နောက်ပြန် အနှစ် အစိတ်လောက်ပြန်လှည့်ခိုင်းချင်လိုက်တာ နော်....လွမ်းစရာလေးများ ကျန်ခဲ့ မလားလို့ ပါ.
အဟား ဘာရမလဲ ဒီနှစ်တော့  လူဖြစ်ရကျိုး နဲနဲလေး နပ်မလားမသိပါဘူး၊ ဘာလို့  လဲဆိုတော့ ဟက်ပီးနယူးရားကြီးကို အရင်ဦးဆုံးအော်လို့ ရတဲ့  တနိုင်ငံမှာ ရှိနေမှာလေ ။။ အဆင်ပြေရင်တော့  အော်ပရာဟောက်စ် ဆိုတဲ့  နေရာမှာ သွားအော်ရအုံးမယ် ။ ဒါမှ နောက် တနှစ်မှာ လွမ်းစရာလေး တခုခု ရေးလို့ ရလို ရငြား ပေါ့ နော် ။
►Posted by
:kiki
:
at
12/12/2008 12:39:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment