ရန်ကုန်မြို့  အောက်ကြည့်မြင်တိုင်လမ်း ရပ်ကွက်တခုအတွင်း ဆိုက်ကားဂိတ်နှင့် မလှမ်းမကမ်း ကတ္တရာ မရှိသော ကတ္တရာလမ်းဘေး မြေကွက်လပ်တနေရာတွင် ရပ်ကွက်အတွင်းမှ အရွယ်စုံ အရောင်စုံ ကလေးငယ်များ ဆော့ကစားလျှက် ရှိကြသည် ။ ၄ တန်းကျောင်းသား အရွယ် မှ စ၍ ခါးထစ်ခွင်ချီ နှပ်ချီးတွဲလောင်း ကလေးငယ် ထိ အရွယ်စုံသည် ။ ပုံသဏ္ဍာန်လည်း စုံသည်ပေါ့ ။ ပိန်ပိန်ရှည်ရှည် သံချောင်း ၊ ဗိုက်ပူနံကား ချက်စူ ၊ အဖေ အမေ မြန်မာအစစ်ပေမဲ့  မီးသွေးက အဘခေါ်ရလောက်အောင် မဲတူးချိတ်နေတဲ့ နက်တူ။ ပုကွကွ ဂင်တိုတို နဲ့  ဒွေး ကို အလွန်ကြိုက်တဲ့ ခွေးညို ၊နှုတ်ခမ်းထော်ပြီး မဲ့ကာရွဲ့ ကာ မျက်စပြစ် ၍ သွက်သွက်လက်လက်နဲ့  ထက်ထက်၊သူ့ ခါးထစ်ခွင်ချီထားတာကတော့ သူ့ ထက် ၄နှစ်လောက်ငယ်တဲ့ မောင်လေး စနေ သူလေးကတော့ စကားမပြောတတ်သေး ။နောက်တယောက်က အသားဖွေးဖွေး တရုပ်မလေး ပိုးအိစံ ။ ကလေးတို့ ဘာဝ ကျောင်းပိတ်ရက်တွေ တနေကုန် နဲ့ ကျောင်းဖွင့်ရက်တွေရဲ့ ညနေပိုင်းလေးတွေ မှာ ဆော့ကြကစားကြလေ့ ရှိကြတာ နိစ္စဓူဝ ထဲက အရေးကြီးသော ကိစ္စလေးများပေါ့ ။
ဒီနေ့ တော့ စနေနေ့  ကျောင်းပိတ်ရက် မနက်ပိုင်း မှာ တော့ သူတို့ လေးတွေ ကိုယ်စီ မအားကြရှာပါ ။ လက်လုပ်လက်စား မိဘတွေ ဈေးရောင်းတာ ။ အကြော်ဆိုင် မှာ ။ လဖက်ရည်ဆိုင် မှာ ကူညီ ပေးကြရသည် ။ ကံမကောင်းတဲ့ သံချောင်းမှာ အဖေမရှိရှာတော့ ၊မုဆိုးမ အမေက အကြော်ရောင်းပြီး ရှာကျွေးကာ သူတို့  မောင်နှမ သုံးယောက်ကို ကျောင်းထားပေးရသည် ။ ဗိုက်ပူပူ ချက်စူ မှာတော့ မိဘ စုံလင်ပေမဲ့  အဖေ အရက်သမား ၊အမြဲ မူး နေတာ ။ အမေက ဈေးရောင်းပြီး ဘဝကို ကျားကန် နေရသည် ။ ဒွေးကြိုက်လို့ ခွေးလိုက်တာခံရသော ခွေးညို ..အဖေဆိုက်ကားဆရာ ၊ အမေက ဟိုးတရပ်ကွက် အလွန်က အတော်အသင့် ပြေလည်သူတွေ အိမ်မှာ အဝတ်လိုက်လျှော်ပေးရင်း တက်ညီလက်ညီ အလုပ်ကိုယ်စီပေမဲ့  တရက်တရက် အလျှင်မမှီကြရပါ။ဒီတော့ ဒွေးညို အဲ.. ခွေးညိုက အားလပ်ရက်မှာ ရက်ကွက်ထဲရှိ လဖက်ရည်ဆိုင်မှာ အကူလက်တိုလက်တောင်း အနေနဲ့ လုပ်ပေးရသည် ။ လဖက်ရည်ဆိုင်ဆိုတော့ လူစုံ ၊သတင်းစုံသည်။ ဆိုင်ထဲမှာ ထားရှိသော မဂ္ဂဇင်း ၊စာစောင်များထဲမှ ဒွေးပုံ ကိုကြည့်ပြီး ဒွေးကေ ထားချင်လို့  အမေကို ပူဆာတော့ ခဝါသည် အမေက ဆတ္တာသည် အဖြစ် ချစ်သားလေးကို လက်စွမ်း ပြ လိုက်တာမှာ ဒွေးကေ မရ ပဲ ရှေ့ တလက်မ နောက်ပြောင် ဖြစ်သွားရှာသည် ။နက်တူ ဆိုတာကလည်း ပညက်သွားရာဓါတ်သက်ပါသည်ပေါ့ ။ သူ့ အဖေက ရပ်ကွက်ထဲမှာ မီးသွေးရောင်းသည် ၊ နွေရာသီဆိုလျှင် ရေလှည်းတွန်း၍ အိမ်တွေမှာ လိုက်ပို့ ပေးသည် ။ထက်ထက်ကတော့ ချက်ကနဲ ဆို နားခွက် မီးတောက် ၊ မျက်ကနဲ ဒက်ကနဲ နဲ့  လက်ရဲ ဇက်ရဲ လည်း ရှိလှသူမို့  ယောင်္ကျား လေးများတောင်သူနဲ့  ကစားလျှင် ရှောင်လင်သိုင်း နင်းကြရသည် ။ သူ့ မောင်လေးကို ခါးထစ်ခွင်ချီထားရင်းနဲ့ တောင်မှ ကုလားမစည်း ကစားရင် ၂ကွက် ၃ကွက်လောက်က အသာလေး ခုန်ပျံကျော်လွှား နိုင်သည် ။ပိုးအိစံ ....သူကတော့ မိဘ က အနဲငယ်ချောင်လည်သည် ။ ရပ်ကွက်ထဲမှာ အပေါင်ဆိုင်ဖွင့် ငွေတိုးချေးစားတဲ့  အလုပ်နဲ့  မိဘနှစ်ပါးက ပေါက်ဖွားလာသူဆိုတော့ သူများအပေါ် နဲနဲတော့ တင်စီးချင်သည်။ဒါကြောင့် သူနဲ့ ကစားဖို့  ကျန်တဲ့ သူငယ်ချင်းလေးတွေက အင်တင်တင် ဖြစ်လေ့ရှိသည် ။ဒါပေမဲ့ သူ့ မှာ စိတ်ရင်းကောင်းလေးတော့ ရှိသည် ။ သူ့ အိမ်မှ စားစရာများကို ဖွက်ယူလာပြီး သူငယ်ချင်းများကို ကျွေးတတ်သည် ။ဒီတော့လည်း ကျန်သူများက သူတို့  အပေါ် အနိုင်ယူမှု များကို မုန့် မျက်နှာဖြင့် ခွင့်လွှတ်ထားကြသည် ။ ကလေးဆိုတော့ ရန်ဖြစ်ကြပြီးရင်လည်း တခဏပါပဲလေ ။ ဒီလို နဲ့  ဒီရပ်ကွက်လေးမှာ ညနေတိုင်း ကစား ဝိုင်းလေးနဲ့  စိုပြေနေကြတတ်သည်ပေါ့ ။အော်ဟစ်သံ ။ ငြင်ခုံသံများနှင့် တခါတရံတော့လည်း မနိုင်သူတွေရဲ့  ငိုသံ ၊များနှင့်ပေါ့ ။
ဒီစနေ ည လည်း ထုံးစံအတိုင်း ဆော့ကစားရင်း ။ ငြင်းရင်း ၊ ငိုရင်း နဲ့  ထုံးစံ အတိုင်းပဲ မီးပျက်သွားသည် ။ သူတို့  သူငယ်ချင်းတသိုက်လည်း ဟေးးကနဲ ၊ ဝေးး ကနဲ ဝိုင်းအော်ကြရင်း မှောင်မဲမဲထဲ အသင့် ဆောင်ထားကြသော တုတ်များ၊ဒါးများဆွဲ ၍ တယောက်နှင့် တယောက် ရိုက်ကြ၊ ခုတ်ကြ ပါတော့သည် ။ အိမ်မှ ရရာဆွဲခဲ့ ကြပြီး လုပ်ထားကြတဲ့  လက်နက်ပုန်းများပါ ။ သံချောင်းက အမေ့ အကြော်ဆိုင်မှ ထင်းချောင်းအတိုအစ ၃ ချောင်း ယူလာပြီး အပေါ်က အဝတ်စုတ် ပတ်ထားကာ လက်ကိုင်တုတ် အဖြစ် အသွင်ပြောင်းထားသည် ။တချောင်းက သူ ကိုင်ပြီး နောက်၂ ချောင်းက ချက်စူနဲ့  နက်တူ တို့ ကို မဟာမိတ် လက်ဆောင် ပေးထားတာ ဖြစ်သည်လေ။သူတို့  ၃ယောက်က တဖက် ။ သူတို့  ရဲ့  ဂိုဏ်းနာ မယ်ကို လှလှလေး ရွေးထားလိုက်ကြသေးသည် ။ " စွမ်းအားရှင် " တဲ့လေ ၊ သူတို့ ဟာသူတို့ ထွင်ထားကြသော စွန်းဝူခုန်း နဲ့  မျောက်မူး သိုင်းကွက် လေ့ကျင့်ရင်း မှောင်ထဲမှာ ထိုးစစ်ဆင်ဖို့  အသင့် ရှိနေပြီ ဖြစ်သည် ။
တဖက်အသင်းကိုလည်းခွေးညို နှင့် မိန်းမသား ၂ယောက် ပါလို့  အထင်သေး ၍ မရ ။ ထက်ထက်က လက်သံပြောင်ပါဘိနဲ့ ၊ တဖွဲ့ တည်းသား ခွေးညိုကတောင် အရှုံးပေးရသည် ။သူ့ ကိုယ်သူလည်း အမျိုးသမီးစွမ်းဆောင်ရှင် တဲ့  ။ပိုးအိစံကတော့ ပေသီးခေါက်တာ ကျွမ်းကျင်တော့ သူတို့  ၃ ယောက်ပေါင်းလောင်းကျော်တဲ့  ကြံ့ ဖွတ် အသင်းရဲ့  အတွင်းရေးမှူးနေရာ က တပြားမှ မလျှော့ ။ သူတို့ အဖွဲ့ ရဲ့  လက်နက်တွေကတော့ ခွေးညို အဖေ ဆိုက်ကားဆရာ ဂွေလိမ်နေတဲ့  စက်ဘီး ဂွေကို ဒိုင်းလုပ် ပြီး၊ ထက်ထက်တို့  အိမ်စည်းရိုးက ဝါးခြမ်းပြားတွေကို ဒါးသဖွယ် လုပ်ထားလိုက်ကြသေးသည် ။ ခွေးညိုက တခါတလေ ဂျက်လီ ကွန်ဖူးသိုင်းနဲ့ ခုန်ပျံကျော်လွှားနေလိုက်သေးသည် ။
ဖုန်းးးး ဒိုင်း ။ .... ဒုတ် ... .. ခွပ် ..... ဖြန်း ...... တိန် ....
ဟေ့ကောင် ... မပြေးနဲ့  ... အသေသာဆော် ကွ .... တယောက်မှ မလွတ်စေနဲ့ .... ဆွဲ သာဆွဲ .. မှတ်ပလားကွ ငါတို့ ကို အာခံချင်တဲ့ ကောင် ... ကားပေါ်ဆွဲတင်ဟေ့ ။
အား .... အင့် ...... အမလေး ..... မွေးမေလေ့ .... ဟိုကောင် ငါ့ကို တကယ်ဆော်တယ်ဟ .... ဗြဲ .... အီးဟီးဟီး...
အမှောင်ထဲမှ တိုက်ပွဲက တစ တစ ပြင်းထန်လာသည် ။အော်သံ ချသံ ဆဲဆိုသံ များ နှင့် ...အတော်လေး အရှိန်ရနေစဉ် မှာ ....
အားးး ပိုးအိစံ ဆီမှ စူးစူးဝါးဝါး အော်ငိုသံကြားတော့မှ ၂ဖက်စလုံး အရိုက် အနှက် ရပ်သွားကြတော့သည် ။ ပိုးအိစံခေါင်းမှ သွေးများ တစိမ့်စိမ့် စီးဆင်းလာလို့  လက်နဲ့  အုပ်ပြီး လဲကျသွားတာ ကို လရောင်သဲ့သဲ့  အောက်မှာ ဝိုးတဝါးမြင်လိုက်ရပြီး အားလုံး ကြောက်လန့် သွားကြပြီလေ ။ ခွေးညိုတယောက် အူယားဖါးယားနဲ့ ပြေးပြီး လမ်းထိပ် ဆိုက်ကားဂိတ်မှ သူ့ အဖေကို သွားခေါ် ။ ပိုးအိစံကို ဆိုက်ကားပေါ်တင် ပြီး နောက်တရက်ကွက်က ဆေးခန်းလေးဆီသို့  ခေါ်သွားကြတော့မှ သူတို့ ကလေးတသိုက်ရဲ့  ဆော့ပွဲ ရိုက်ပွဲလေး အဆုံးသပ်သွားရသည်ပေါ့ ။ ဒီနေ့ အဖို့  မပျော်နိုင်ကြတော့ ။ အိမ်ပြန်ရောက်လျှင် ထပ်ပြီး အဆူခံရ အရိုက်ခံကြရ ဦးမည် မဟုတ်ပါလား ။
( ဆင်းရဲသား ပစ္စည်းမဲ့  လူတန်းစား တွေ ရဲ့  ရပ်ကွက်ထဲမှ ကလေးငယ်များရဲ့  မီးမလာတဲ့ ညများ မှာ ကလေးတို့ ဘာဝ အတုမြင် အတတ်သင်ပြီး ရှာကြံကာ ဆော့ကြရတဲ့  အကြောင်းလေး ကို စိတ်ကူးနဲ့  ပုံဖေါ်ကြည့်မိထားခြင်း သာ ဖြစ်ပါသည် ။ သူများ တကာတွေလို မီးရောင်ထိန်ထိန်အောက်မှာ ကွန်ပြူတာ ၊ အင်တာနက် အပြည့် အဝ နဲ့  ဂိမ်းဆော့ ခြင်း ။ အွန်လိုင်း စာပေ ပညာရှာဖွေ ရယူခြင်း ၊ ဆက်သွယ်ခြင်း စတဲ့  အခွင့်အရေးများကို ငယ်ရွယ်စဉ် အခါမှာကတည်းက ဆုံးရှုံးနေကြရတဲ့  ရွှေပြည်ကြီးမှ များလှစွာသော ကလေးသူငယ်များ အတွက် နုနယ်လှတဲ့ အတွေးများနဲ့  ရှာဖွေ ဆည်းပူးသင့်တဲ့ ပညာအသိများ မှန်မှန်ကန်ကန် ရရှိနိုင်ကြဖို့  တာဝန်ရှိကြသော ခေါင်းဆောင်ဟုမိမိကိုယ် မိမိ ဆိုနေကြ သောသူများ မှာ တော့ ဤအရာလေးများအား မမြင် မတွေ့  မကြား မသိဖြစ်နေခြင်း ၊ မြင်တွေ့ ကြားသိပေမဲ့ လည်း ကိုယ့်တဘို့ သာကြည့်ပြီး လျစ်လျှုပြုထားခြင်းများအတွက် ရည်ညွှန်းပါသည် ။ တမင်တကာ တိုက်ဆိုင်မှုများ ရှိခဲ့ လျှင်လည်း အဟောသိကံ ကောင်းလေစွ ဟု မှတ်ယူပါသည်။ )
စွမ်းအားရှင်များ တုတ်ရိုက် လေ့ကျင့်
မျိုးကြီး
တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 19 နာရီ 36 မိနစ်
ရွှေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်တွင် ယခုတလော ညပိုင်းတွင် လျှပ်စစ်မီး အမှောင်ချကာ လမ်းများပေါ်တွင် စွမ်းအားရှင်များ တုတ်ရိုက်နည်း လေ့ကျင့် နေကြောင်း သံဃာတပါးက မိန့်ဆိုသည်။
သတင်းအပြည့်အစုံသိချင်ရင် ဒီင်္မှာ ရှိပါတယ် ။
13 comments:
မယ်ကိတို့..ငယ်ငယ်က တော်တော်အဆော့သန်ပုံရတယ်
ဆော့ပုံဆော့နည်းတွေ..ခုထိမမေ့ဘူး....
ကိရေ
ကစားနည်းတွေ ခုထိမေ့သေးဘူးပေါ့...
နှင်း
ဖတ်သွားတယ်နော် မယ်ကိရေ
အော် အကောင်းဘက်လှည့်တွေး အဲလို ကွန်ပူတာ ဂိမ်းတွေ ဘာတွေမကစားရတော့ မျက်စိမမှုန်ဘူးပေါ့လေ နော် မကိရာ ဟိဟိ စ တာနော် ဟုတ်ပါ့ မီးမလာတာကို အမြင်ကတ်တာ မကိရာ ကိုရီးယားကားလဲ ဖြောင့်အောင် မကြည့်ရတဲ့ဘဝ အော် ဘာထူးလဲ ဒီရောက် တော့ ကိုရီးယား ကားကြည့်တော့ဘူးလေ ဂျပန်သရဲကား ကြည့်တယ် သိရား ဟိဟိ
တွားမယ် ပြန်မယ် တာ့တာ ဒါဗြဲ ဖရဲသီးယို ယိုချင်တာယို ဘိုင် ဘိုင်
အတုမြင် အတတ်သင်ပေါ့ ကိကိရ။
ဟို ခွက်စုတ်နဲ့ ထမင်းကြွေးတဲ့ ပုံပြင် သိတယ် မဟုတ်လား။ သားလုပ်သူက ခွက်လုပ်နေတာ အဖေတို့ ကြီးလာရင် ကြွေးဖို့ ဆိုတာ။
မအယ်
အဟဲ......
လက်စသတ်တော့ မယ်မယ်ကိ က သမီးကြီးထက် ပိုဆိုးနေပါလား ဟိဟိ။
ဘာမှ ပြောတော့ပါဘူးနော်။
စာလာဖတ်သွားတယ် ကိကိရေ၊ အားပေးလျက်ပါ။
ကိရေ.... အင်းနော်..
ဒီလို ဆော့ပြီး အကျင့်ပါသွားရင် မိဘတွေရင်ကျိုးရချည်ရဲ့ကိရေ...
ဖွားကီနော် ဟွန်းးး သားတို့က လေ့ကျင့်တယ်ဆိုတာ ကိုယ့်ရန်ကို ကိုယ်ကာကွယ်တာပါနော် ခုဖွားဖွားလုပ်မှ လူများတွေ သားတို့ပေါ် အမြင်တွေ စောင်းတော့မယ် သားစိတ်ညစ်တယ်း)
လေးစားလျက်
တောင်ပေါ်သား
ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါကွယ်... နားလည်ပေးပါ ကလေးရယ်... အဲငှယ်.. :P
သေချာတာပေါ့...
ရက်ကွက်ထဲမှာ ဒီလိုထက်တောင် ပိုဆိုးတယ်.....
သတင်းတွေ ဖတ်မိတိုင်း စိတ်မကောင်းဖြစ်မိသလို
ဒင်းတို့တွေကိုလည်း အခဲမကြေဖြစ်မိပါတယ်...။
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် အနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ........ :))))
ပိုး ကိ စံ ဆိုတဲ့ နာမည်လည်း လှသားပဲ...
းဝ)
သြော်...... ဘဝတွေ.. ဘဝတွေ... ဘဝတွေ..
Post a Comment