စာရေးရမှာ ပျင်းတာရော ၊ ရေးဖို့ ရာ အကြောင်း ထူးထွေ မရှိတာကြောင့် ရော ဘာ ပို့စ် မှ မရေးဖြစ်တာ အတော်ကြာပြီင်္ ပေါ့ ။ နောက် အကြောင်းတရပ်ကတော့ ညောင်းညာ ကိုက်ခဲ ဝေဒနာ တခုကြောင့် လည်း စာ မရေးချင် မရေးနိုင် ဖြစ်နေပါတယ် ။ ကိုယ့် ဝေဒနာ ကိုယ်ပြန်စမ်းစစ်ကြည့်လိုက်တော့ အသက်ကလေးရယ် ကထောက်တာ တကြောင်း၊ အစားအသောက် မဆင်ခြင်တာ တကြောင်း ၊ အနေ အထိုင် မတတ်တာတကြောင်း တို့ ကြောင့် ဖြစ်လာရတဲ့ ဝေဒနာ လေးမျှသာပါပဲ ။ အသက်နဲ့ အဝေးကြီး ပေမဲ့ နေရထိုင်ရ လှုပ်ရှားရတာ ကသိကအောင့် နဲနဲပါးပါးတော့ ဖြစ်တဲ့ ဝေဒနာ ၊ frozen-shoulder( ခေါ်) adhesive capsulitis ၊ မြန်မာလို အနီးစပ်ဆုံးဘာသာပြန်ရရင် ပခုံးအဆစ် အရွတ် အေးခဲခြင်း သို့မဟုတ် ယောင်ယမ်းကိုက်ခဲခြင်း လို့ ခေါ်ဆိုရမယ် ထင်ပါတယ်။ဘယ်သူမှ ရှောင်လွဲလို့ မရတဲ့ “ အို၊နာ၊ သေ ” ဖြစ်စဉ်အရ သင်လည်း တနေ့ နာ ရအုံးမှာ အမှန်ပါပဲ ။ နာကျင်မှု အနည်း အများကတော့ ကိုယ့်ပေါ်တည်ပါတယ်။ တချို့လည်း ဒီလို မဲ့ပြုံးပြီး နာတတ်ကြတယ် ။
အပေါ်ယံ အရေပြားတထောက်သာ ချောလှနေကြပေမဲ့ အပုပ်ကောင်ရုပ်ဆောင်နေကြတာကို တရားသဘောအရကြည့်မြင်တတ်ကြရင် အတွင်းကျကျ ဆက်ကြည့်နိုင်ကြပါတယ် ။ချောချောလှလှ ပုခုံးလေးရဲ့ အတွင်းမှာ တော့ ဒီလိုပုံပါ ။အရိုး၊ အရွတ်တွေ အမြှေးတွေ နဲ့ တကယ့်တကယ်ဆို ဘယ်လိုမှ အမြင်မလှပါဘူး ။
ပုခုံးဆစ်အေးခဲခြင်း (frozen-shoulder သို့မဟုတ် adhesive capsulitis ) အလွယ်တကူ ဆိုရရင် ပုခုံးဆစ်နာခြင်း ဟာ အဆစ်ထဲမှာ ရှိတဲ့ အရွတ် ကြွက်သားမျှောင်း အမြှေးအိတ် စသည်တို့  မှာ မတော်တဆ ထိခိုက်ဒါဏ်ရာ ရတဲ့အခါ သို့မဟုတ် ယောင်ယမ်းခြင်း တို့ ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲဝေဒနာ တခုပါ ။ အသက်အရွယ် ကြီး လာတာနဲ့ အမျှ အဆစ်မှာ တွယ်ကပ်နေကြတဲ့ အရွတ် အကြော ကြွက်သား တို့လည်း တင်းမာလာတတ်ကြတယ် ။ အဆစ်ထဲမှာ ရှိတဲ့ ဂျယ်လီလို အရည်တမျိုး ( synovial fluid) ဟာလည်း လျော့နည်းလာတတ်ကြတယ် ။ ဒီတော့ frozen-shoulder ဖြစ်ဖို့ အခြေအနေပေးလာတယ်။
ပုခုံးဆစ်နာတဲ့ရောဂါဟာ တခါတရံမှာ သူ့ ချည်းသက်သက်ဖြစ်တတ်ပြီး တခါတရံမှာ ကျောရိုးဆစ် ၊ လည်ပင်းဆစ် အကြောအရွတ်နာကျင်မှုတွေနဲ့ အတူတူ တပြိုင်ထဲ ဖြစ်တတ်ပါတယ်..။ ကွန်ပြူတာ ကြာရှည်သုံးရာမှာ ပုံစံမှန်စွာ မထိုင်သောသူများ အထူးဂရုပြုဖို့ လိုပါတယ်။
လည်ပင်းဆစ် နာတဲ့ အကြောင်းကို နောက်မှ သပ်သပ်ပြောပါမယ်။ ခု ဦးဆုံး ပုခုံးဆစ် အကြောင်းပဲ ပြောကြရအောင်။
ပုခုံးဆစ်ရဲ့ ဖွဲ့ စည်းပုံ ကို အနဲအကျဉ်း သိမှ နာကျင်ခြင်း အကြောင်းကို ပို သိနားလည်လွယ်မှာပါ။
ပုံမှာ ပြထားတဲ့ အတိုင်း ပုခုံးဆစ်ရဲ့ ဖွဲ့စည်းပုံ အလွယ်တကူပြောရရင် ရှေ့ မှာ ကော်လာရိုး ခေါ် ညှပ်ရိုး ( Clavicle) ၊ နောက်မှာ လက်ပြင်ရိုး( Scapular) ၊ ဘေးမှာ လက်မောင်းရိုး( Humerus) တို့  ရှိပါတယ်။ သူ့ ကို ကြွက်သား တွေ ၊ အရွတ်တွေ နဲ့ တွယ်ဆက်ထားကြတယ်။
ပုခုံးဆစ်တွေ ဘာကြောင့်နာလာရတာလည်း ။
အဓိက အကြောင်းရင်းကတော့ ယောင်ယမ်းခြင်း( Inflammation ) ကြောင့်ပါပဲ
။ ။ ( အပေါ်ပုံမှာ အပြာရောင် နဲ့ ကွင်းပြထားတဲ့) ၊ အရိုး ၃ ခု ရဲ့ အလယ်မှာ ညပ်နေသလို နေရတဲ့ ကြွက်သားနဲ့ အရွတ် ဟာ တခါတရံမှာ( ဥပမာ- အပြင်းအထန် လှုပ်ရှားမိတဲ့ အခါ ၊ဒါမှ မဟုတ် ထိခိုက်ဒါဏ်ရာရတဲ့ အခါ ) ယောင်ယမ်းလာတတ်တယ် ၊ အဲ့ဒီအခါကျရင် အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ပုခုံးဟာမခံမရပ်နိုင်အောင် နာကျင်တတ်တယ်။ ပုံမှာအနီရောင်နဲ့ ပြထားသလို အလယ်အလတ် အမြင့်လောက် မြှောက်မိရင် ကြွက်သားဟာ ဖိညပ်ခံရလို့ ပိုပြီး နာတတ်တယ်။
ပုခုံးဆစ်တွေ နာလာရင် ဘယ်လို လုပ်ကြမလည်း။
( 1 ) Analgesic -ချက်ချင်းလတ်တလောဖြစ်တဲ့ ယောင်ယမ်းခြင်း (Acute Inflammation )ကိုတော့ အကိုက်အခဲပျောက်ဆေး စားခြင်း၊ အပြင်းအထန် နာကျင်နေရင်တော့ အကိုက်အခဲပျောက်ဆေး ထိုးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ။
(2)Heat - အဲ့ဒီနောက်မှာ နာနေတဲ့ အဆစ်ကို
နာတဲ့ပုခုံးဆစ် ကို ဦးစွာ ရေနွေးအိပ် (သို့) ရေနွေးစိမ်ပြီးညှစ်ထားတဲ့ မျက်နှာသုပ်ပုဝါ နဲ့ ၅ မိနစ်မျှ အုပ်ပေးပါ ။ ( တကယ်လို့  ထိခိုက်ဒါဏ်ရာရပြီးပြီးချင်း ဆိုရင်တော့ ၂ရက်အတွင်းမှာ ၄နာရီမှ ၆နာရီခြားပြီး ၁၅ မိနစ်စီ၊ ရေခဲအုပ်ရပါမယ် ။အဲ့ဒီအချိန်မှာတော့ ဒီလို လေ့ကျင့်ခန်း လုပ်ဖို့  မသင့်တော်သေးပါဘူး ။ အယောင် လျော့တဲ့အထိ အကိုက်အခဲ ပျောက်ဆေး စား ပြီး ၊ အနားယူ၊ ပြီးမှသာ လုပ်သင့်ပါတယ် )
(3) Position- အနေအထားမမှန်လို့ ဖြစ်တာ ဆိုတော့ နာနေတဲ့ ပုခုံးကို အနားပေးရပါမယ်။ လက်မောင်းကို ဘေးတိုက် အပေါ်အောက် မြှောက်ခြင်း ချခြင်းတွေကို ပြင်းထန်စွာ မပြုလုပ်သင့်သေးပါဘူး..
(4) Exercise -ပုခုံးနာနေရင် ဘယ်လို လေ့ကျင့်ခန်းလုပ်မလည်း..
လေ့ကျင့်ခန်း လုပ်နည်းများစွာ ရှိပါတယ် ။ အလွယ်တကူ လုပ်နည်း တချို့ ကို နောက်ဖက်မှာ အသေးစိတ် ဖေါက်သည်ချပါမယ် ။
(5) Injection - နာကျင်ယောင်ယမ်းနေတာဟာ ဆေးထိုး ဆေးစားလို့ မှ မပျောက်ပဲ ပြင်းထန်စွာခံစားနေရပါက အဆစ်ထဲသို့ Steroid ပါတဲ့ ဆေးမျိုးထိုးပေးလို့ရပါသေးတယ် ၊ ဒီနည်းကိုတော့ ကျွမ်းကျင်သူဆရာဝန်များဖြင့်သာ ကုသမှု ခံယူသင့်ပါတယ်။
(6) Physiotherpy-မကြာခဏ နာတတ်နေပြီဆိုရင်တော့ လေ့ကျင့်ခန်းနဲ့ တွဲဖက်ပြီး ဒီလို စက်ကိရိယာကူညီအသုံးပြုခြင်းနည်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပုံအချို့  ပြထားပါတယ်။
(7) Surgery - ခွဲစိပ်ကုသခြင်း -ဒါကတော့ အပေါ်ကနည်းတွေနဲ့ မပျောက်မှသာ နောက်ဆုံးအဆင့် မှ စဉ်းစားကုသဖို့ ပါ ။
ပုခုံးဆစ်နာနေရင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများထဲမှ အလွယ်တကူ နည်းများ -
Weighted pendulum stretch
ခါးအနဲငယ် ကိုင်းပြီး နာတဲ့ ပုခုံးဆစ်ရှိတဲ့ လက်မောင်းကို အောက်ဖက် တွဲလောင်းချပြီး နာရီချိန်သီး လွှဲသလို ရှေ့ နောက် လွှဲပေးပါ ။ ထို့နောက် ဘယ်ညာ ဘေးတိုက် ၊ အဝိုင်းပုံ စသဖြင့် လှုပ်ရှားပေးပါ ( အကွာ အဝေး သိပ်အဝေးကြီး လွှဲရန်မလို ။ ၁ ပေ အကွာ လောက်သာ လွှဲပေးပါ ။ အခါ ၂၀ မျှလွှဲ ပါ ။အဆစ်နာကျင်မှု ရှိလာရင်တော့ လှုပ်ရှားမှုတွေ ရပ်လိုက်ပါ ) ။
ဒီလေ့ကျင့်ခန်းကို တနေ့ မှာ ၂ ကြိမ် မျှ လုပ်နိုင်ပါတယ် ။ ဒီလို လုပ်ပေးခြင်းဖြင့် တောင့်တင်းနေတဲ့ အကြော အရွတ်တွေ ပြေလျှော့စေပါတယ် ။

ရက် အနည်းငယ်ကြာလာတဲ့အခါ လက်ထဲမှာ ၁ပေါင်မှ ၂ပေါင်ခန့် ရှိတဲ့ အလေးချိန်တခု ( ဥပမာ ရေ ထဲ့ထားတဲ့ သောက်ရေသန့်ဘူး သေး တဘူး ) ကိုင်ပြီး အထက်မှ လှုပ်ရှားမှု များ အတိုင်း လှုပ်ပေးပါ ။
အဲ့ဒီ လေ့ကျင့်ခန်းပြီးရင် Passive stretching exercises ခေါ်တဲ့ အောက်ပါ လေ့ကျင့်ခန်းများ ဆက်လုပ်ပါ ။

Armpit stretch - ကောင်းနေတဲ့လက်တဖက် အကူအညီနဲ့ နာနေတဲ့လက်ကို မပြီး ၊ ပုခုံးထက်နိမ့်တဲ့ စားပွဲ မျက်နှာပြင်ပေါ် တင်ပါ ။ ပြီးရင် ပုံမှာ ပြထားသလို နာနေတဲ့ပုခုံး လက်မောင်းကို အထက်သို့ အနည်းငယ် ကြွ ပေးပါ။

Finger walk - နံရံအနား တထွာခန့်အကွာ မျက်နှာအပ်ပြီး ပုံမှာပြထားသလို လက်ချောင်းများအပေါ်သို့ရွှေ့ ပေးခြင်းဖြင့် လက်မောင်းကို ပုခုံး ထက်မြင့်အောင် ဖြေးဖြေးချင်း ပင့်တင်ပေးပါ ။
ဒီအောက်က ပုံလေးတွေ အတိုင်း လှဲရင်း၊ရပ်ရင်း လက်လွှဲ လှုပ်ရှားလို့လည်းရပါတယ်။
ဒါ့အပြင် အောက်မှာ ပြထားသလိုမျိုးတွေလုပ်နိုင်ပါသေးတယ်။

Towel stretch- မျက်နှာသုပ်ပုဝါအသေးကို ပုံမှာ ပြထားသလို ကောင်းသောလက်က အပေါ်မှ ကိုင်ပြီး နာနေသော ဖက်မှ လက်က အောက်မှ ကိုင်ကာ အထက်အောက် ဆွဲတင် ဆွဲချ လုပ်ပေးပါ ။ မျက်နှာသုတ်ပုဝါအား ၄၅ ဒီဂရီစောင်းအောင် ကိုင်ပြီး ဆွဲပါ။ ထို့ နောက် ရေပြင်ညီ အတိုင်း ဘေးတိုက် ဆွဲပေးပါ ။( တချို့ လည်း ရှေ့ တပုံမှာ ပြထားသလို အထက်အောက် ဆွဲကြပါတယ်)
Outward rotation exercise-

ပုံမှာပြထားသလို မျက်နှာသုတ်ပုဝါတခုကို လက်မောင်းနဲ့ကိုယ်လုံးအကြားခံထားပြီး ၉၀ ဒီဂရီ တံတောင်ဆစ်ကွေး အနေအထား ဖြင့် ရေပြင်ညီမျက်နှာပြင်အတိုင်း လက်နှစ်ဖက်ဖြင့် သားရေပတ်အား တင်းအောင် ဆွဲကိုင်ထားပါ။ ပြီးလျှင် နာနေသောပုခုံးဘက်ရှိ တံတောင်ဆစ် ကွေးမှ နေပြီး လက်မောင်းအား အပြင်သို့ ဆွဲလှည့်ပါ .၃လက်မ အကွာအဝေးလောက်ရောက်လျှင် ၅စက္ကန့်မျှ ထိန်းကိုင်ထားပါ ။ ထိုသို့  ၁၀ ခါမျှ ၁၅ခါထိ ပြုလုပ်ပါ ။
Inward rotation exercise- ထို့နည်းတုစွာ သားရေပတ်အား တံခါးလက်ကိုင်သို့မဟုတ် သင့်တော်တဲ့ အမြင့် ရှိတဲ့နေရာမှာချိတ်ပြီး လက်မောင်းအား အတွင်းသို့  ဆွဲလှည့်သောနည်းကိုပြုလုပ်ပါ ။
သို့မဟုတ် ဤပုံအတိုင်း လက်မောင်းကို ဆန့်ကျင်ဖက် လားရာများအတိုင်း အတွင်း နှင့် အပြင်သို့ တင်းအောင် ဆွဲလှည့်ခြင်း လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါတယ်။
Lifting exercise- ထို့နောက် ပုံမှာပြထားသလို သားရေပတ်ကို တံတောင်ဆစ်ကွေးမှာ စွပ်ပြီး လက်မောင်းကို ၅လက်မ ခန့် အကွာသို့ ဘေးတိုက် မြှောက်ပေးပြီး ၅စက္ကန့်မျှ တင်းထား တဲ့ လေ့ကျင့်ခန်း ကိုလုပ်ပေးပါ။
ဒီလို လေ့ကျင့်ခန်းတွေကို ပုခုံးဆစ် နာတတ်သူများအနေနဲ့ ရေရှည်လုပ်သွားနိုင်ပါတယ်။ဒါဆိုရင် သင့်ပုခုံးဆစ် နောက်ထပ် တကြိမ် ထပ်ယောင်ဖို့ အခွင့်အရေး နဲသွားပါမယ်။
ပုခုံးရိုး အဆစ်တွေရဲ့ ဖွဲ့ စည်း လှုပ်ရှား ပုံ လေး ကို ဒီနေရာ မှာ ရှင်းလင်းစွာ ကြည့်နိုင်ပါတယ် ။
ဒါလေးကတော့ ပခုံးအဆစ် အရွတ် အေးခဲခြင်းမှ ကာကွယ်ရန် အတွက် လေ့ကျင့်ခန်းလေးပါ ။ ဗီဒီယို ပုံ နဲ့ဆိုတော့ လိုက်လုပ်ရတာ အဆင်ပြေပါတယ်။ ရှည်ရှည်ဝေးဝေး ရေးနေ ဖတ်နေစရာ မလိုတော့ဘုးပေါ့ ။
အချက်အလက်နဲ့ ပုံများကို ဒီနေရာ ။ များ မှ ရယူပါတယ်။
တချို့ ပုံတွေကတော့ အလုပ်ဌာန အတွင်းမှ ယူထားတာပါ။ လည်ပင်းဆစ် ကျောရိုးဆစ်တွေနာကျင်တဲ့ အကြောင်း နောက်မှ သပ်သပ် ဖေါက်သည်ချပါမယ်။
ဆက်စပ်နေတဲ့ နာကျင်မှုတချို့ ကို ဒီနေရာ တွေ ၁ နဲ့ ၂ မှာ ဖတ်နိုင်ပါသေးတယ်။
နာကျင်မှုဒုက္ခများမှ အတတ်နိုင်ဆုံးကင်းဝေးနေထိုင်နိုင်ကြပါစေ။
ခေတ်သစ်သူတောင်းစား...
ဦးနှောက်ထဲမှာ ဗလာ ၊
ဆင်ခြင်တွေးခေါ်အသိဥာဏ်များ နဲနဲ ပေးသနားခဲ့ပါ ။
ရင်ဘတ်ထဲမှာ ဗလာ ၊
ချစ်ကြင်စာနာသနားမှုများ နဲနဲ ပေးသနားခဲ့ပါ ။
ငါ့ဘိုက်ထဲမှာ ဗလာ ၊
စားကောင်းသောက်ဖွယ်ရာများ နဲနဲ ပေးသနားခဲ့ပါ ။
ငါ့တကိုယ်လုံးမှာ ဗလာ ၊ ဗလာ ၊ ဗလာ၊
ကြိုးကြီးချိတ်၊ဘောင်းတော်စနဲ့ဝတ်ထည်ဆင်တန်ဆာများ နဲနဲ ပေးသနားခဲ့ပါ ။
ခိုနားစရာနန်းတော်ရိပ်မြုံများ နဲနဲ ပေးသနားခဲ့ပါ ။
စီးစရာ မော်တော်ကား နဲနဲ ပေးသနားခဲ့ပါ ။
သုံးစွဲရာ သပြာငွေကြေး နဲနဲ ပေးသနားခဲ့ပါ ။
စိန်ရွှေငွေကျောက်သံပတ္တမြား နဲနဲ ပေးသနားခဲ့ပါ ။
သဘာဝဓါတ်ငွေ့  ရေနံ ကျွန်းသစ်များ နဲနဲ ပေးသနားခဲ့ပါ ။
ရှေးအခါ မှတ်သားဘွယ်ရာ က ပညာရှာ ပမာသူတောင်းစား၊
ခုခေတ်မှာ ပြောင်းလိုက်ချင်တာက ဥစ္စာရှာ မဟာသူတောင်းစား။
ရလေ လိုလေ အိုတစ္ဆေ မို့ 
ရွာအတွင်း အတင်းတောင်းရုံနဲ့မပြီးသေး ၊
ရွာအပြင်ထွက် တောင်းလိုက်သေးတယ်တဲ့ ဒေါ်လာတွေ သန်းထောင်ပေါင်း။
အိုဘဲ့ ခမျာ ခေတ်သစ်သူတောင်းစား...
အကောင်းစားတွေချည်း တောင်းမယ် တောင်းတယ် ထပ်တောင်းတယ်
တောင်းမရရင် ခိုးမယ် ဝှက်မယ် တိုက်မယ် ရိုက်မယ်
မိုက်လုံးရယ် တဆင့်မြင့်တော့ အာဏာ ပါဝါ ရလေရာ ခိုးမယ် ခိုးတယ် ခိုးကြတယ်။
မသမာအာဇီဝနဲ့ ရှာဖွေခါ သိုဝှက်ထားတဲ့အရာရာတွေ ပြည့်စုံခါမှ၊
နောင်ဘဝအတွက်ပါလေအောင် ဒါန သီလ ဘာဝနာ ဝိပဿနာဖြင့် ကောင်းမွန်ရာ ကျင့်မယ်ဆိုရင်၊
သင့်အတွက် အချိန်မရှိတော့ပါ ။ အချိန်မလောက်တော့ပါ။ အချိန်မရောက်တော့ပါ။
ပုံကို ဂူဂယ် clipartguide.com မှ ရယူပါတယ် ။
ဒီတခါတော့ မရှိမကောင်း ရှိမကောင်း ဆိုသလို သတ်မှတ်နိုင်တဲ့ ပလပ်စတစ် နဲ့  သူ့ ကြောင့် ဖြစ်လာရတဲ့ အဖြစ်သနစ်တချို့  အကြောင်း ဖေါက်သည်ချလိုပါတယ်။
ပလပ်စတစ် ဆိုတာ ဘယ်လိုက ဘယ်လို ဖြစ်ပေါ် ခေတ်စားလာခဲ့တာလည်း ၊ ဘာကြောင့် မရှိမဖြစ် လိုအပ်နေတာလည်း လို့  အတွေးဝင်လာမိရတဲ့ အကြောင်းရင်း က ခုတလော ဒီနိုင်ငံရဲ့ သတင်းတွေထဲ အတော်ခေတ်စားနေတဲ့ သတင်းတရပ် ကို အခြေခံပါတယ် လို့ ဆိုရင်လည်း မမှားပါဘူး ။
သတင်း အကျဉ်းချုပ်ကတော့ ဒီလိုပါ ၊ အသက် ၃၁ နှစ်ရှိ အိမ်ထောင်သည် အမျိုးသမီး တဦးဟာ သူမ နေ့ စဉ် သောက်သုံးတဲ့ အချိုရည် တမျိုးကြောင့် အူမကြီးကင်ဆာဖြစ်သွားရပါတယ် လို့  စွတ်စွဲပြောဆိုလိုက်တဲ့ အကြောင်းပါ ။ သူမဟာ Sports Drink တမျိုးကို နေ့ စဉ် သောက်သုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ တဲ့ ။ ခု တလော နေထိုင်မကောင်းလို့  ဆေးရုံ မှာ စစ်ဆေးမှု တွေ လုပ်ကြည့်တဲ့ အခါမှာတော့ အူမကြီးကင်ဆာ နောက်ဆုံး အဆင့် ကို ရောက်နေပြီလို့ ဆရာဝန်က ပြောပါတယ် ။ သူ့  အသက်အရွယ်နဲ့ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးတဲ့ အခါမှာ ဒီအချိုရည်ထဲမှာ ပါဝင်တဲ့ 塑化劑 ( DEHP )ဆိုတဲ့ ဓါတုဓါတ်တမျိုး ကြောင့် ဖြစ်ရပါတယ် ဆိုပြီး အဆိုပါ ကုမ္ပဏီကို တရားစွဲဖို့  လုပ်ဆောင်နေပါတယ် တဲ့ ။
လူရယ်လို့ ဖြစ်လာရင် အစားအသောက် နဲ့လည်းကင်းလို့ မရ ။အသောက်အစားလေးတွေလည်း ရှိတတ်ကြပါသေးတယ်။ ရှေးခေတ်တုံးကတော့ ချက်ပြုတ်စားသောက်ကြတဲ့အခါ ပန်းကန်ခွက်ယောက် အတွက် မြေအိုး ကြွေအိုး တွေ အသုံးများကြတယ် ။ အခြားတနေရာသို့ အစားအသောက် သယ်ယူသွားဖို့ လိုရင်လည်း အင်ဖက် ငှက်ပြောဖက် ဝါးကျည်တောက် ဗူးသီးခြောက် လိုအရာတွေနဲ့  ထုတ်ပိုးထည့်သွင်း သုံးစွဲခဲ့ကြတယ်။ သဘာဝအတိုင်းရှိနေပြီးသားအရာတွေကို အသုံးပြုခဲ့ကြရာမှ ခေတ်မှီတိုးတက် ၊လိုအပ်ချက်များ အရ နောက်ပိုင်းမှာ တော့ ဖန်မှန် ပုလင်း တွေ သုံးစွဲ ခဲ့ကြပြီး ခုခေတ် မှာ ပေါ့ပေါ့ပါးပါး မကွဲမရှ တဲ့ ပလပ်စတစ်ပစ္စည်းတွေ နဲ့ အစားထိုးလာခဲ့ကြတယ် ။ ခုဆို ကိုယ့် ဘေးပါတ်ဝန်းကျင် ကို ကြည့်လိုက် ၊ တွေ့ သမျှ ရှိသမျှ သုံးသမျှ အရာတွေ အားလုံးလိုလို မှာ ပလပ်စတစ် ဆို တဲ့အရာ နဲ့ မကင်းသလောက်ပါပဲ ။
အနူမြူခေတ်၊ အာကာသဒုံးပျံခေတ် ၊အိုင်တီ၊ ခေတ်၊ အီးခေတ်၊ ယနေ့ မျက်မှောက်ခေတ် ကြီးမှာ လူတိုင်း နေ့စဉ်သုံးစွဲနေကြ အရာတွေမှာ ပလပ်စတစ်တွေ နဲ့ ထိတွေ့ နေကြရတာပါပဲ။ အိုးခွက်ပန်းကန် ၊ ပရိဘောဂ ၊ အဝတ်အထည် ၊ကလေးကစားစရာများ၊စာရေးကိရိယာများ၊ စားသောက်ကုန်များ ၊ ဆောက်လုပ်ရေး ပစ္စည်းများ ၊ဆေးပစ္စည်းများ စသဖြင့် စုံလို့ ပါပဲ ၊ ဒီပလပ်စတစ်တွေနဲ့ ပြုလုပ်ထားတဲ့ ဗူး၊ခွက်၊အိတ် တွေ နဲ့ ထုတ်ပိုး ထားတဲ့ အစားအသောက်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်း ( အကြောဆေးအတွက် Drip bag ,drip set,နှာခေါင်း ပိုက်၊ ဆီးပိုက်၊ကျောက်ကပ်ဆေးရာမှာ သုံးရတဲ့ ပိုက်၊ အစရှိတာတွေ ) နဲ့ အထိအတွေ့ များ လာ တဲ့အခါမှာ ပလပ်စတစ်ထဲမှာ အဓိကပါဝင်နေတဲ့ DEHP ဓါတ်ပစ္စည်းဟာ လူ ခန္ဓာကိုယ်ထဲ တဖြေးဖြေး စိမ့်ဝင်သွားတတ်ကြပြီး ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း တွေ့ ရှိလာကြပါတယ်။
ခုလို ပူအိုက်တဲ့ နွေရာသီ မှာ လူအများက ရေငတ်ပြေ soft drinks အအေး ဖျော်ရည်တွေကို ပိုပြီးသောက်သုံးလေ့ ရှိကြတယ် ။ချွေးထွက်များလို့  ဓါတ်ဆားအနေနဲ့ ပြန်လည် ဖြည့်တင်းပေးတဲ့ Sports drinks တွေလည်း အမျိုးပေါင်းစုံ ရှိပါသေးတယ်။ ဒီ အအေး ဖျော်ရည်တွေကို အဆင်သင့် သောက်သုံးနိုင်အောင် အလွယ်တကူ သယ်ဆောင် နိုင်အောင် ပလပ်စတစ် ပုလင်း ဗူး ခွက်တွေနဲ့ ထုပ်ပိုးရောင်းချကြတယ် ။ ရောင်းအားကောင်းအောင် ပုံစံ အရောင် ဒီဇိုင်းလှလှ ပလပ်စတစ် ပုလင်း ဗူး ခွက်တွေတွေ ထွင်လာကြတယ် ။ စီးပွားရေး အရ တွက်ချေကိုက်အောင်လည်း လုပ်ရသေးတယ် ဆိုတော့ ပလပ်စတစ် အရည်အသွေးကိုလည်း ဈေးသက်သာ အမြင်လှဖို့  တီထွင်ပြီး ဓါတုပစ္စည်းတွေ သုံးစွဲလာကြရတယ်။
ဒါ့အပြင် ဒီ sport drinks , soft drinks အချိုရည်တွေမှာ အရောင်နောက်နောက်ဖြူဖြူလေးတွေ ဖြစ်နေအောင် အနည်မထိုင်စေအောင် ထဲ့ကြတဲ့ ဆေးတမျိုး (Cloudy Agent-起雲劑)နေရာ မှာ လည်း ၊ ဈေးနှုန်းပိုချိုသာတဲ့ DEHP ကို အစားထိုး ထဲ့သွင်းသုံးစွဲလာကြတယ် ။ ဒါတင်မက မီးခိုးကြွက်လျှောက် စစ်ဆေးတွေ့ ရှိလာရတာတွေကတော့ အချိုရည်တွေ အပြင် တခြား စားသောက်ကုန်များ ၊ ကလေး အားဆေး ဗီတာမင် ဆေးများ ။အားဖြည့် အဟာရများ၊ လိမ်းဆေးများ အစရှိတာတွေမှာပါ DEHP ဓါတ်ပစ္စည်းများ ပါဝင်နေတယ် လို့  သိလာကြပါတယ်။ ခုဆိုရင် အစိုးရ ကျန်းမာရေးဌာနတာဝန်ရှိသူများ နဲ့ နိုင်ငံတော် ဓါတ်ခွဲခန်းများမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ခုလို အန္တရာယ် ဘေးဥပါဒ်ဖြစ်စေတဲ့ စားသောက်ကုန် ပစ္စည်း အမျိုးပေါင်း ရာထောင်ချီ တို့ ကို ရှာဖွေ စစ်ဆေး အရေးယူမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ဒီပုံကတော့ DEHP ပါဝင်တယ်လို့ ယူဆရတဲ့ အတွက်သက်ဆိုင်ရာ မှ ဓါတ်ခွဲ စမ်းသပ်မှု မပြီးမချင်း ဆိုင်တွေမှာ မရောင်းကြဖို့ သတ်မှတ်ထားတဲ့ အဟာရ ဖြည့်ဆေး ၊ စားသောက်ကုန်များ တချို့ပါ။
စမ်းသပ်စစ်ဆေးပြီးလို့ DEHP ပါဝင်မှု ကင်းရှင်းကြောင်း သေချာတဲ့ ဖျော်ရည်များကိုတော့ သတ်မှတ်ထားတဲ့ လက်မှတ် အထောက်အထားပြည့်စုံဖြင့် ရောင်းချခွင့်ပြုပါတယ် ။ဘေးဥပါဒ်ဖြစ်စေတဲ့ DEHP ကို စားသောက်ကုန်ကြမ်း အဖြစ် လိမ်ညာပြီး လက်လီလက်ကားရောင်းချသူများကိုလည်း ဖေါ်ထုတ် အရေးယူနေကြပါတယ်။
DEHP ဆိုတာ ဘာလည်း ၊ ဘယ်လို အန္တရာယ်ဖြစ်စေတတ်သလည်း လို့  သိချင်ကြမှာပါ ပဲ ။
ဒီလိုပါ ။ ပလပ်စတစ်ရဲ့ အခြေခံ ဓါတ်တမျိုးက polyvinyl chloride( PVC )လို့ ခေါ်တဲ့ ပလပ်စတစ်အမာစား ဖြစ်တယ် ။ သူ့ ကို ပျော့အောင် ပြောင်းလဲထုတ်လုပ်ရာမှာ Bis(2-ethylhexyl)phthalate, အတိုကောက် DEHP လို့ ခေါ်တဲ့ ဓါတုပစ္စည်း တမျိုးကို ထဲ့ပြီးသုံးကြတယ် လို့  သိရတယ် ။ အဲ့ဒီ DEHP ဆိုတဲ့ ဓါတုဓါတ်ဟာ အတိုင်းအဆ တခုထက် ကျော်လွန်ပြီး သက်ရှိ ခန္ဓာကိုယ်ထဲ မှာ ကြာရှည်စွာရှိနေခဲ့ရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ် ။
U.S. Food and Drug Administration ( FDA ) မှ သတ်မှတ်ချက် အရ လူတယောက် အတွက် ခံနိုင်ရည်ရှိတဲ့ ပမာဏ Tolerable Intake for DEHP မှာ -
သွေးကြောထဲမှ ဝင်ရောက်မှု အတွက် 0.6 mg DEHP /Kg / day ဖြစ်ပြီး
စားသုံးခြင်းဖြင့် ဝင်ရောက်မှု အတွက် 0.04 mg DEHP / Kg / day ဖြစ်ပါတယ်။
ဒီ ပမာဏ ထက် ကျော်လွန်သွားရင်တော့ ဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ် ။
ဒီဇယားကတော့ ခန္ဓာကိုယ်ထဲနည်းအမျိုးမျိုးနဲ့ ရောက်သွားနိုင်တဲ့ DEHP ပမာဏတွေပါ ။
ထိုင်ဝမ်နိုင်ငံ စားသောက်ကုန်နှင့် ဆေးဝါးဌာန မှ သတ်မှတ်ချက်ကတော့ အစားအသောက်မှာ DEHP 1.5ppm( parts per million) ထက်ပိုတဲ့ ပမာဏ ပါဝင်နေခြင်းကို ကျန်းမာရေးထိခိုက်စေတယ်လို့ သတ်မှတ်ပြီး ခွင့်မပြုပါဘူး ။
အကယ်၍ ကလေးငယ် တယောက် ဟာ တနေ့ မှာ DEHP 12ppm ပါဝင်နေတဲ့ ဖျော်ရည် ( အချိုရည် ) ၃၅၀ စီစီ တပုလင်း ကို နေ့ စဉ် သောက်သုံးပါက တနှစ်တာ အချိန်ကာလကြာလျှင် မျိုးပွား လိင်အင်္ဂါ နဲ့ ပတ်သက်တဲ့ ပြသနာများ ဖြစ်ပေါ်ခြင်းမှာ ၆ဆမှ ၈ ဆ အထိ များပြားလာနိုင်ကြောင်း ဖေါ်ပြလိုက်ပါတယ်။
အဆိုပါ DEHP ဟာ လူ့ ခန္ဓာကိုယ်ထဲမှာ ၅ နာရီမှ ၁၂ နာရီ အထိသာ(အချို့ က ၄၈ နာရီမျှထိကြာရှည်နိုင်သည် ဟုယူဆ ) နေပြီး ၊၄င်းတို့ကို ဆီး ဝမ်း ချွေး အသက်ရှုထုတ်ခြင်း အနေများဖြင့် ပြင်ပသို့ စွန့်ထုတ်နိုင်တဲ့ အတွက် သူတို့ကို စားသုံးမိရင်လည်း သိပ်ပြီးတော့ စိုးရိမ်စရာတော့ မလိုပါ ။ ဒါပေမဲ့ အတိုင်းအဆ လွန်ကဲ သွားရင်တော့ ကာလကြာရှည် တဲ့ အခါ ဥပါဒ်ပေးစေနိုင်တာမို့  သတိပြုကြဖို့  လိုပါတယ်။
ကြွက်၊ ပူး၊ ယုန်၊ ခွေး အစရှိတဲ့ တိရစ္ဆာန်မျိုးပေါင်းများစွာနဲ့ သုတေသနပြုချက်များအရ ဒီ DEHP ဟာ နှလုံးသွေးကြော ၊ ဦးနှောက်အာရုံကြော ၊ အစာအိမ် အူလမ်းကြောင်း ။ အသည်း ကျောက်ကပ် ၊မျိုးပွားလိင်အင်္ဂါ ၊ သိုင်းရွိုက်ဂလင်း အစရှိတာ တွေ မှာ ပုံမမှန် ခြင်း ။ ရောဂါ ဖြစ်စေခြင်း ၊ အဆိပ် ဖြစ်စေခြင်း ၊ ကင်ဆာဖြစ်စေခြင်း ၊ အချိန်မတိုင်မီ အရွယ်ရောက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာ တွေ့ ရှိထားကြပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လိုပုံစံ နဲ့ ဘယ်လောက်ထိ ပြင်းထန်တဲ့ ရောဂါ ဖြစ်ပေါ်စေနိုင်သလည်း ဆိုတာ သေချာ ကွဲပြားစွာ မသိရှိရသေးပေမဲ့ အရွယ်မရောက် သေးတဲ့ ယောကျာင်္း ကလေးများမှာ မျိုးပွားလိင်အင်္ဂါ ဖွံ့ ဖြိုးမှု နှေးကွေး သေးငယ်ပြီး ၊နောက်ပိုင်း ကြီးပြင်း အိမ်ထောင်ပြု တဲ့ အခါမှာ မျိုးပွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်းကိုတော့ အတည်ပြု နိုင်ပါပြီ ။
ခုဆိုရင် ကိုယ့်ရင်သွေးငယ်များ အတွက် စိုးရိမ်နေကြတဲ့ မိဘအများအပြား ရှိနေတဲ့ အတွက် အကယ်၍ မိမိတို့  ကလေးငယ်များဟာ နေ့ စဉ် အဆိုပါ ဖျော်ရည် ၊ အားဆေး စသည်များကို နေ့ စဉ် အချိန်ကြာမြင့်စွာ စားသုံးခဲ့ပါက နီးစပ်ရာ ဆေးရုံ များမှာ ကျွမ်းကျင်သူများ ထံ မေးမြန်း စမ်းသပ် စစ်ဆေးနိုင်တယ် လို့  သိရပါတယ် ။ဒါ့အပြင် မိမိတို့စားသုံးနေကျ အစာ ဆေးဝါးများကို သံသယ ရှိပါက အစိုးရ ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးစမ်းသပ်နိုင်ကြောင်း သိရပါတယ် ။ ( ပစ္စည်းတမျိုးချင်းစီအတွက် စမ်းသပ်ခ ကတော့ မိမိဘာသာ ပေးဆောင်ရမှာ ဖြစ်ပါတယ် )
ခုလို ရှည်ရှည်ဝေးဝေး ပြောနေရတာကတော့ တိုင်းတပါးမှာ ဒီိလို အန္တရာယ်ဖြစ်စေတတ်တဲ့ စားသောက်ကုန်မျိုး သို့မဟုတ် အသုံးအဆောင်မျိုးတွေ တွေ့ရှိလာတဲ့ အခါ ပြသနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြသလည်း ၊ဘယ်ပုံဘယ်နည်းနဲ့ စစ်ဆေး အရေးယူကြသလည်း ၊ စားသုံးသူတွေ အတွက် ဘယ်လို အာမခံချက်တွေ ပေးနေနိုင်ကြသလည်း ၊ဆိုတာ သိစေချင်လို့ပါပဲ ။
အကယ်၍သာ မြန်မာပြည်မှာလည်း အလားတူပြသနာများ တွေ့ ရှိပါက.....??? ( အကယ်၍သာ ဟုပြောပါ တယ် ၊ စစ်ဆေးမဲ့သူမရှိတော့ ဒီလို ပြသနာတွေ တွေ့ ဖို့ လည်း သိပ်မရှိလှပါဘူး..)
အင်း... ဒါတော့ မသိ ။ မိမိကိုယ်သာ ကိုးကွယ်ရာ လို့  အဆိုရှိတဲ့ အတိုင်း မျက်စိဖွင့် နားစွင့် ဦးနှောက်နဲ့ စဉ်းစား ၊သတိနဲ့ယှဉ် ပြီး နေထိုင် စားသောက်တတ် ရင်တော့ အကောင်းဆုံးပါပဲ လို့  ပြောချင်ပါတယ်။ ဘာလို့ လည်းဆိုတော့ နိုင်ငံခြားဖြစ်မှ အထင်ကြီး ဝယ်ယူစားသုံးတတ်သူများ အတွက် ထိုင်ဝမ် ဖရဲသီး၊ထိုင်ဝမ် သဘောင်္သီး၊သခွားသီး၊ ထိုင်ဝမ် အချိုရည် ၊ အဝတ်အထည် စသဖြင့် နာမယ်တပ်ရုံနဲ့ ဈေးကြီးကြီးခေါ်ကာ ရောင်းနေကြတာတွေကို၊ အထိန်းအကွပ်မဲ့ တင်သွင်း လာကြတာတွေကို ဘယ်သူမှ တာဝန်ယူ စစ်ဆေးခြင်း၊ စားသုံးသူအတွက် တာဝန်ယူပေးခြင်းများ ရှိမနေသေးတဲ့ အတွက်ကြောင့်ပါပဲ ။ နောင်တချိန်ချိန်မှာတော့ ဒီလို ယုံကြည်စိတ်ချရတဲ့ စားသောက်ကုန်နဲ့ ဆေးဝါး ကွပ်ကဲရေး အဖွဲ့အစည်းများ ပေါ်ပေါက်လာနိုင်လိမ့်မယ် လို့ လည်း မျှော်လင့်  မိပါတယ် ။
အားလုံး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ....
Ref;
http://en.wikipedia.org/wiki/Bis%282-ethylhexyl%29_phthalate
http://www.medterms.com/script/main/art.asp?articlekey=21002
http://michaelturton.blogspot.com/2011/05/dehp-food-scare-round-up.html
http://www.cpsc.gov/about/cpsia/toxicityDEHP.pdf
http://tw.nextmedia.com/applenews/article/art_id/33427691/IssueID/20110601
“ဟေးးး ရှင်မရေ.. ရှင်မ..ဘာလုပ်နေသလဲ ဟ.ဝုတ် ဝုတ် ဝူး.”
“ ကျုပ် မီးဖိုထဲ ရှိနေတယ်လေ ကိုအောင်နက်ရဲ့ .. ထုံးစံအတိုင်း ထမင်း ဟင်းချက် နေရတာပေါ့ တော် ..ငွေလေး တထောင်နဲ့ ဈေးဝယ်ရတာ ကိုက်စရာ အရိုးတောင် အနိုင်နိုင် တော့်..အာဝု”
ကျွန်ုပ်၏ ဇာတ်လိုက်ကျော်ကြီး အောင်နက် တကောင် မနက်စောစောလမ်းသလားထွက်ရာမှ အပြန် ကြားခဲ့ရသော သတင်း တပုဒ်ကို ပြောချင်ဇော နဲ့ ခွေးကတက်ပေါ်သို့  ဝုန်းကနဲ ခုန်တက်ပြီး သူ့ မဟေသီ ဂုတ်ကျားမကြီးကို အော် ဟစ် မေးလိုက်ခြင်း ဖြစ်လေသည် ။ထို့နောက် ဖြေသံကြားရာ နောက်ဖေး အဖီချ မီးဖိုထဲသို့ အမြီးတနန့်နန့်ဖြင့် အပြေးဝင်သွားလေသည်။
“ ဖြေးဖြေးလုပ်ပါ ကိုအောင်နက်ရယ် .. ကျုပ်တို့ တဲကလေး ခနော် ခနဲ့.. ရှင့်ခြေလှမ်းပုံနဲ့ ပြိုကျနေပါ့မယ် ၊ ဘာတွေများ အရေးတကြီး ဖြစ်နေတာ လည်း တော့်။ မဲတွေ လိမ် တဲ့ ရွေးကောက်ပွဲကြီးလည်း ပြီးသွားပြီပဲဟာ ၊ ရှင့်ဆရာတို့လည်း နေရာကောင်းလေး ရသွားကြပြီပဲ ။အေးဆေးပြောပါအုံးတော့လား ။”
“ အေးလေကွာ ၊ အဲ့ဒါကြောင့် ခက်နေတာပေါ့ ၊မအေးဆေးနိုင်ဘူး ဟေ့၊ ငါ့စိတ်တွေ ပူနေရပြန်ပြီ”
“ အဲ..ရှင်းစမ်းပါအုံး ၊ လောကကြီးထဲ ဘာတွေဖြစ်နေကြလို့လည်း ၊”အောင်နက်ကြီးရဲ့ မရှင်း မရှင်း စကားကြောင့် ဂုတ်ကျားမ စိတ်မရှည်နိုင်တော့ ။
“ ဒီလိုဟ ဒီလို ၊ ခု ငါတို့  သားတော်မောင်လေး ဖိုးမိုက်ခဲလပြည့် ကို နေရာကောင်းရသွားတဲ့ ငါ့ဆရာ ဆီ တပည့်ခံ ပညာသင်ဖို့  လွှတ်ထားတဲ့ ဟာလေ ကွ ”အောင်နက်ကြီး ရဲ့ အပြောကို ပြီးအောင်မစောင့် ၊..
“ အင်း လေ၊ ကျုပ်သိသားပဲ အဲ့ဒီ နေပီဒေါ် ကြီးဆီ လူတိုင်း ..အဲ့လေ .. ခွေးတိုင်းသွားပြီး နေရာယူချင်နေကြတာမဟုတ်လား တော့် ၊ ရှင့်ဆရာ ကောင်းမှု နဲ့ ကျုပ်တို့ သားလူလေး မောင်ရွှေသွေး လပြည့်လေးကို သူ့ အနီးကပ် သားတပည့် လို ခေါ်ပြီး စောင့်ရှောက်ထားနေမင့်ဟာ ၊ ဘာတွေ စိတ်ပူနေရပြန်တာလည်း၊ ရှင့်သားက အရင်လို ရပ်ကွက်ထဲ တုတ်ဆွဲ ဒါးဆွဲ နဲ့ လုပ်နေတဲ့ ဖွတ် အဆင့်မှ မဟုတ်တော့တာရှင့် ၊ သေချာပေါက် ကြီးပွားလာမှာပါ ၊ စိတ်ချ လက်ချသာ နေပါတော့လား”
ဂုတ်ကျားမက ပီတိတွေဖြာပြီး အောင်နက်ကြီးအား နှစ်သိမ့်လိုက်လေသည် ။
“ ဒါတော့လည်း ဒါပေါ့ကွာ ၊ ဒါပေမဲ့ မင့် သား အကြောင်းလည်း မင်းသိသားနဲ့ ၊ ဒီကောင်က ဟိုစပ်စပ် ဒီစပ်စပ် ၊ အနေအထိုင်မတတ် နေရာတကာ ပါတတ်လေတော့ ဘယ်နေ့  အဆိပ်တုံးမိမလည်း ဘယ်နေ့  ပိုးကူးမလည်း စိုးရိမ်နေရတယ် ကွ”
“ ဟင်...အဆိပ်တုံးတွေနဲ့ ပိုးတွေ က ဘာတွေ ဖြစ်နေလို့  လည်း ၊ လောကကြီးမှာ ရှင် ”ဂုတ်ကျားမ က ခုတလော ကွန်နက်ရှင် မကောင်း၊ ဂျီတော့ နဲ့ ဗီဇက်အို တွေပြောမရ ၊ ချက်တင် မဝင်နိုင်တာမို့ ၊ အင်တာနက် ဆိုင် မသွားတာ ကြာပြီ ဖြစ်သဖြင့် တလောက လုံးနဲ့ အဆက်ပြတ်နေသကဲ့သို့ ၊ သိချင်ဇော ဖြင့် မေးလိုက်သည် ။
“ အင်း ၊ မင်းကလည်း အင်တာ မနက် နိုင်တာ နဲ့ပဲ ဒီလောက်တောင် ခေတ်နောက်ကျသွားရသလား ၊ မင်းတို့  ဈေးထဲ လဖက်ရည်ဆိုင်ထဲ စပ်စုနေကြ သတင်းဖွ အတင်းတုပ် အဖွဲ့ တွေ ဘယ်ရောက်နေကြလို့ လည်း ”
“ ဟုတ်ပါ့ တော်၊ ဈေးထဲက လူစီတင်ရမ်း တို့ ၊ ထိပ်တင်ရှောက်ဟောင် တို့ ၊တနေ့ကပဲ နေပီတော် သွားလည်နေကြတယ်လေ ၊ ဟိုမှာ နိုင်ငံတကာ အဆင့်မှီ ဟော်တယ်ကြီးတွေ၊ ပန်းဥယျာဉ်ကြီးတွေ ၊ဝိုင်းလိုက်ဂါဒင် (Wild Life Garden) ကြီးတွေ ၊ ကစားကွင်းတွေ၊ ဂေါက်ကွင်းတွေ ၊ လေယာဉ်ကွင်းတွေ ရှိနေပြီ ဆိုပဲ ။ ကျုပ်တောင်မှ လိုက်လည်ချင်နေတာ ၊ ရှင်ကြောင့် မသွားရတာလေ တော့် ”
“ အေးလေ ကွာ ၊ ငါတော့ အဲ့ဒီ ကွန်ကရစ်ခင်း ဟိုင်းဝေးလမ်းမကြီး နဲ့ အရမ်းမောင်းတဲ့ ကားတွေနဲ့ ၊ ယာဉ်တိုက်မှုတွေ ခဏ ခဏ ဖြစ်နေကြတာ ကြောက်တာနဲ့  မသွားချင်ပါဘူး ကွာ ၊ ဒါတွေ မကြည့်ရလို့ လည်း ဘာမှ မဖြစ်ပါဘူး ဟ ၊ ကိုယ့်ဗိုက်ကိုယ်ပြည့်အောင် နေ့ ဖို့  ညစာတောင် မရှိတဲ့သူတွေ အတွက် ဒါကြီးတွေ ဘယ်လောက်ခန်းနား ၊ စိတ်မဝင်စားနိုင်ပါဘူး ဟ ” အောင်နက်ကြီးက အကြောင်းပြချက် စုံလင်စွာနဲ့ ဂုတ်ကျားမကြီး စိတ်ပြေအောင် လေပြေထိုးလိုက်သည်။
“ အို ..ဘာပဲဖြစ်ဖြစ်တော် ၊ ကျုပ်ကတော့ ခွေးစဉ်မှီအောင် ခေတ်မှီအောင် အဲ့ဒီနေရာတွေ တခါလောက်ဖြစ်ဖြစ် သွားလိုက်ချင်သေးတယ် ၊ ကဲ..အဲ့ဒါတွေ ခဏ ထားလိုက်ပါအုံး ၊ ရှင့်သား အကြောင်း ပြန်ဆက်ပါ အုံး ”
“ အင်း ဟုတ်သားပဲ မင့်စကားနောက်လိုက်နေတာ နဲ့ နဂို လမ်းကြောင်းတောင် လွဲသွားပြီ ။ အဆိပ်တုံးလေ ဟ ။ ခွေးတွေကို အဆိပ်တုံးကျွေးပြီး လုပ်ကြံ ၊ အဲ့လေ၊ သတ်နေဖြတ်နေကြသူတွေ အများကြီးပဲ ဟ ၊ခုမှ မဟုတ်ပါဘူး ၊ လုပ်နေကြတာ ကြာပြီ ၊ ခုမှ သတင်းက ပွလာတာ ။”
“ ဘာလည်း ရှင်က ဇာတ်တူသား စားချင်သေးလို့လား” ဂုတ်ကျားမက အကွန့်တက်ပြီး မေးလိုက်သည်။
“ ဟာကွာ ၊ မင်းကလည်း ပြောရော့မယ် ၊ ငါက ခွေးဖြစ်ပေမဲ့ ဘယ်တော့မှ ဇာတ်တူသားမစားဘူး ကွ ၊ ခုဟာက လူတွေ ၊ လူတွေ ဟ ။ ငါတို့ ခွေးတွေကို နာမယ် ဖျက်ချင် တာ၊ အမဲဖျက်တာ ။ ဘယ့်နှယ် ကွာ ၊ သူတို့ ဟာ သူတို့  အစားသောင်းကျန်းကြပြီး လောဘဇောတက်လာတာ နဲ့ ၊ ရှားရှားပါးပါး ဈေးကြီး တဲ့ ဂျီသား ဆတ်သား ဆိုတာတွေ အတုလုပ် ရောင်းတဲ့သူကရောင်း ၊ ”
“ ဟင်.. ဟုတ်ရဲ့ လား ၊ဘယ်လိုအတုလုပ်တာတဲ့တုံး၊ သေချာ ရှင်းစမ်းပါအုံး တော် ”
“ ဟုတ်ပါသကော ရှင်မရယ် ၊ ခွေးသား ကို ခွေးသားပြောမရောင်းဘူး ၊ ခွေးတွေကို အဆိပ်ကျွေး သတ် ၊ ခွေးတကောင် ကျပ် သုံးထောင် တန်သတဲ့။အဲ့ဒါတွေ အခြောက်လှမ်းပြီး၊ ဈေးအဆမတန်တင်၊ ညာရောင်းတာက ဂျီသား ဆတ်သားခြောက်တဲ့ ကွာ ။ ငါတို့ ခွေးတွေ နှစ်ခါနာ ရတယ် ။”
“ အင်း ၊ဟုတ်သပေါ့တော် ၊ ကျုပ်တို့မှာ အသတ်လည်းခံရသေး ၊ အညာလည်းခံရသေး ၊ နေပါအုံး ၊ အဲ့ဒီ အဆိပ်သင့်နေတဲ့ အသားကို စားမိတဲ့ သူတွေမှာ ရော ၊ ဘာမှ မဖြစ်ဖူးတဲ့လား”
ဂုတ်ကျားမက ခွေးဖြစ်နေပေမဲ့ စဉ်းစားညာဏ်တော့ ရှိသေးသူမို့  နောက်ဆက်တွဲ အကျိုးဆက်ကို သိလိုလာသည် ၊
“ အဲ့ဒါတော့ ငါလည်း သေချာဘယ်သိပါ့မလည်း ကွ၊ ဖြစ်နိုင်ခြေတော့ရှိတာပေါ့ ။ ဝိသမသားတွေ ကပိုက်ဆံရဖို့ အဓိကပဲလေ။ ဘယ်သူသေသေ ငတေက မာ ပြီးသား ပဲ ဟ”
“ ဟုတ်ပါသကော ကိုအောင်နက်ရယ်၊ ကျုပ်တို့  ကိုယ့်ဟာကိုယ် ဆင်ခြင်နေဖို့  ပဲ အရေးကြီးတာပဲ၊နောက်တခု ။ ရှင်ပြောတဲ့ အထဲ ပိုးကူး မယ် ဆိုတာကရော ၊ ဘာကို ပြောတာ လည်း တော့် ” ဂုတ်ကျားမက ဆက်ပြီးမေးခွန်းထုတ်လိုက်သည်။
“ အေး ဟုတ်ပါရဲ့ ၊ နောက် တဒုက္ခ ကျန်သေးတယ်ကွ ၊ ဒီလိုဟေ့ ဒီလို ၊ ခုတလော ငါတို့ ဆရာတွေ နေတဲ့ အရပ်မှာ လေ ၊ ရူးတဲ့ ရောဂါတွေ ကူးစက်နေသတဲ့ ၊ လူတွေ ပြောတာက ခွေးရူးပိုး ပေါ့ကွာ ။ဒီခွေးရူးရောဂါ ဆိုတာ ငါတို့ပြည်မှာ အနှစ်နှစ် အလလ ကာလကြာရှည် ရှိနေခဲ့တာကြီးပါ ။ ဘာလို့များ သေချာ မနှိမ်နင်းနိုင်တာလည်း ဆို တာ ငါက ခွေးညာဏ်လေး လက်တသစ်လောက်နဲ့မို့  မသိဘူး ။ ငါထင်တာကတော့ လူတွေရူးလို့ လူရူးရောဂါ က ငါတို့ ဆီ ကူးလာတယ် ထင်တာပဲ ။”
“ ရှင်းစမ်းပါအုံး ရှင့်အထင်ကို ၊ ”
“ မင်းပဲ စဉ်းစားကြည့်လေ ၊ အဲ့ဒီအရပ်မှာ အရင်က ဒီ ခွေးရူးရောဂါ ထတယ်ဆိုတာ မင်းကြားဖူးလို့ လားဟ ၊ ခု မှ .. ခု မှ ..ဒီ အရူးရောဂါတွေ ပြန့် လာတယ် ဆိုတော့ ၊ ”
“ အင်း ၊ဟုတ်ပေသားပဲ ။ ဒါကြောင့် ရှင့်  ကို ဟို ပေါက်တတ်ကရ.အကြံပေး အဖွဲ့  မှာ ခေါ် ခန့် မယ် လို့  သတင်းထွက်နေတာ နေမှာပဲ ။” ဂုတ်ကျားမ က ချီးမွန်းသလို ခနဲ့သလို လေသံဖြင့် ပြုံးစစပြန်ပြောလိုက်တော့ အောင်နက်ကြီး သဘောခွေ့ သွားတော့သည်ပေါ့ ။
နောက်တော့ မှ သတိရသလို ဖြင့် “ ဟဲ့ ။ ငါတို့  သမီးလည်း ခုထိ အိမ်ပြန်မရောက်သေးပါလား၊ မိုးတောင်ချုပ်နေပြီ ” ဟု မဟေသီကြီးအား မေးလိုက်လေသည် ။
“ အို ၊ ရှင်ကလည်း ၊ စိတ်ပူမနေပါနဲ့၊ သူ့ အလုပ် က ဟိုး လှိုင်သာယာ စက်မှုဇုန် လေ၊ ရှင်မေ့နေပြီလား၊ ကားတွေ ကြပ်တာ နဲ့  ၊ ကားခတွေ ဈေးကြီးတာနဲ့ သူ့ ခမျာ လမ်းလျှောက်နိုင်သလောက် လမ်းလျှောက်၊ ကုန်းကြောင်း တတန်၊ ကားတတန် ၊ သွားရ ပြန်ရတာ၊ တခါတလေ အိုဗာတိုင် ဆင်းရသေးတယ် ၊အိုဗာတိုင်သာပြောပါတယ်တော်၊ သူတို့ ဟိုစက်ရုံ တရုပ်ခွေးသူဌေးက အလုပ်သမားတွေကို တန်ရာတန်ကြေး မပေးပဲ ခိုင်း၊ မကျေနပ်လို့ ဆန္ဒပြကြ နဲ့ အဲ့ဒါကြောင့် အိမ်ပြန်နောက်ကျတာပေါ့ ”
“ အေးလေ ။ အဲ့ဒါကြောင့် ခု ငါ့မှာ ပို စိတ်ပူ နေရတာပေါ့ ကွ ”
အောင်နက်ကြီးက မျက်မှောင်ကုပ်ပြီး သက်ပြင်းရှည်ကြီးချကာ တခွန်းချင်း လေးပင်စွာ ပြောလိုက်သည် ။
“ အလိုတော်၊ ရှင်က ရှင့်သားမှ ရှင့်သား အတွက်ပဲ စဉ်းစားနေကြ ၊ ခု မှ ဘယ်လို ဖြစ်လို့ သမီးတကောင် အတွက် ပူနေရပြန်တာလည်း ၊ စိတ်ချ ၊ ကျုပ်သမီး ကလျာထွန့်ထွန့်လူးက နာမယ်သာ လူး နေတာ ၊ လူက အဲ့လေ သူက အိနြေ္ဒရရ နေတတ်ပါတယ် တော့် ”
“ ဟမ်းးး မင်း ဘာသိ လို့ လည်းဟ ၊ သမီး မိန်းကလေး မွေးထားရတာ ဘယ်လောက် စိတ်ပူစရာကောင်းသလည်း ဆို တာ ။ ခု ပိုဆိုး ပြီ ၊”
“ ကဲပါ ၊ ရှင်ကလည်း စကားတခွန်းကို သေချာ လိပ်ပတ်လည်အောင် ပြောမှသာ ပြော ” ဂုတ်ကျားမကြီးက စိတ်မရှည်သလို ဖြင့် လင်တော်မောင်ကို ထေ့လိုက်တော့မှ ..
“ မင်းကလည်း ၊ ခေတ်အကြောင်း သတင်းစကားတွေ ဘာမှ မလေ့လာ ဘူးလား ဟ ။ တနေ့ ကပဲ လွှတ်လိုက် တယ်လေ ၊ ဘာတဲ့ ။ ၁နှစ်ကြီးများတောင် လျှော့ပေါ့ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် တဲ့ ကွာ၊ ထောင်ထဲက လူလိမ် အဲ့လေ ခွေးလိမ် ခွေးဆိုး ခွေးသူခိုး မုဒိန်းသမား ခွေးသတ်သမားကောင်တွေ ဦးစားပေး လွှတ်ပေးလိုက် တော့ .. ဟင်း ဟင်း.. ဘာတွေ ဆက်ဖြစ်မလည်း ၊ မင်းဟာမင်း ဆက်စဉ်းစား၊ ငါ တော့ ငါ့ သမီး အတွက် စိတ်ပူတယ် ။”
ဒီတခါတော့ သူ့  မဟေသီ ထံမှ ဘာများ ဆက်မေး မလည်းဟု စောင့်ပြီး နား ထောင်နေသော အောင်နက်ကြီး တကောင် အတော်ကြာသည်အထိ မေးခွန်း သံ မကြား ရသောကြောင့် မှိန်းထားသော မျက်လုံးကို ဖွင့်ကြည့်လိုက်သောသကာလမှာ မြင်လိုက်ရသည်မှာ.........
သူ့ ဘေးမှာ မျက်ဖြူဆိုက်ပြီး ပါးစပ်မှ အမြှုပ်တစီစီထွက်ကာ တဂစ်ဂစ် တက် နေသော ဂုတ်ကျားမကြီး တကောင်ရယ်ပေါ့ ၊
ဪ.. ခွေး ဖြစ်ရတဲ့ ဒုက္ခတွေလည်း မသေးလှပါ တကား....
ဒီနေရာ တွေ မှာ အဆိုပါ အကြောင်းအရာများနဲ့ ပတ်သက်သည့်မူရင်း သတင်းများ ရှိပါတယ် ။ ပုံများကို အထက်ပါ ဆိုဒ်များမှ ရယူဖေါ်ပြထားခြင်းဖြစ်ပါသည် ။
( ခွေးနဲ့ပတ်သက်သည့်သတင်းများ ဖတ်မိရာမှ ခွေးစိတ်ဝင်ပြီး /ခွေးနေရာမှ စိတ်ကူးယဉ် ဝင်ခံစားမိပြီး ) ရေးလိုက်ပါသည် ။း))
ခွေးဖြစ်ရတဲ့ ဒုက္ခများနဲ့ ပါတ်သက်ပြီး ဒီနေရာလေးမှာလည်း ခွေးစိတ်ဝင်ကာ ရေးခဲ့မိဖူးပါသည်....
အစစ်အမှန် နဲ့ အတုအယောင် ဆိုတာ မှာ များသောအားဖြင့် အစစ်အမှန်ကိုသာ ပိုပြီးတန်ဘိုးထား၊ အသုံးဝင် ၊လူကြိုက်များလေ့ရှိ ကြပါတယ် ။ ရှားပါးအဖိုးတန် လူကြိုက်များ တဲ့ အစစ်အမှန် ကို လူတိုင်း မသုံးစွဲနိုင်ကြလို့ ၊ ပေါပေါများများ အတု ဆိုတာက ရောယောင် ပေါက်ဖွားလာရခြင်း လည်း ဖြစ်နိုင်ပါတယ် ။အတုအယောင် မှာလည်း များသော အားဖြင့် အရည်အသွေးရော တန်ဘိုးချင်းရော နိမ့်ကျ နေတတ်တဲ့ အပြင် သုံးစွဲ သူကိုပါ အန္တရာယ် ဖြစ်စေတတ်တာမျိုး ရှိတတ်ပါတယ် ။ဝိသမ လောဘသားများ ဖြစ်ကြတဲ့ တရုပ်ပြည်က မယ်လမင်းနို့မှုန့် တို့ ၊ ဆေးဝါး အတု တို့၊ အသုံး အဆောင် အတုပေါင်းများစွာ တို့ ကြောင့် ဒုက္ခရောက်ကြရသူများ လည်း ဒုနဲ့ဒေးပါပဲ ။ သို့ပေသော်လည်း တချို့သော အတုများကြောင့် လူသား အသက် ကယ်နိုင်ခဲ့တာလေးများလည်းရှိနေတတ်ပါသေးတယ် ။ အလွယ်ကူဆုံး ဥပမာ ပြရရင်တော့ နှလုံးအတု တပ်ဆင်ပြီး အသက်ဆက်နေကြရသူများ၊ ခြေတုလက်တု တပ်ဆင်ပြီး ဘဝ ကို ဆက်လျှောက်လှမ်းနေကြရသူများ စသဖြင့် ပေါ့၊ အခု ပြောချင်တဲ့ အတု များ ကြောင့် ကြုံတွေ့ ရတဲ့ ကောင်းတာ တွေ ရော ၊ မကောင်းတာတွေရော ၊ ရောသမမွှေပြီး ဖေါက်သည်ချ ရ မယ် ဆိုရင် ဖြင့်...
ဣထ္ထိယ ခေါ် ( တချို့က အိပ်မှထိရလို့ ဆိုပြီး ဆိုကြတာ၊ အိပ်ထိရ တဲ့..) အမျိုးသမီးများရဲ့  ရင်သားအလှကို ပုရိဿအမျိုးသားများ အထူးဂရုထား ကြလေတော့ အနှီအမျိုးသမီးတို့မှာလည်း ဆွဲငင်အား ကောင်းသထက်ကောင်းအောင် နဂိုရှိပြီးသား မိဘအမွေ ထိုထို နှစ်လုံးအား လှသထက်လှအောင်၊ ( ကြီးသထက်ကြီးအောင် ) နည်းမျိုးစုံ နဲ့ ပြုပြင်ဖန်တီးယူလာကြပါတယ် ။အသားကပ်နေတဲ့ ပြားချပ်ချပ် နဲ့ မတင်းတိမ်နိုင်ကြသူများမှာ အခုအခံဖြင့် အတုကိုအမှန် လုပ်ယူလာကြပါတယ်။ Augmentation Mammoplasty လို့ ခေါ်နိုင်ပါတယ် ။ ခေတ်ကြီးကလည်း တိုးတက်ပြောင်းလဲနေကြပေသကိုး ။ သေးတဲ့သူတွေ ကြီးအောင် လုပ်နိုင်ကြသလို ၊ အလွန်အမင်း ကြီးထွားလွန်းသူများကလည်း၊နေရ ထိုင်ရ သွားလာ လှုပ်ရှားရာမှာ အဆင်ပြေစေရန်၊အကြီးမှ အငယ်ဖြစ်စေရန် ခွဲစိပ် ဖြတ်တောက်ထုတ်ရတတ်ပါသေးတယ် ။ အဲ့ဒါမျိုးကိုတော့ Reduction Mamoplasty လို့ ဆိုကြတယ်ပေါ့ ။![]()
ဒါကတော့ ကြီးအောင် လုပ်ထားသူ အကြောင်း၊ မြေခွေးကိုကိုက်တဲ့ မြွေ..သေဆုံးသွားလေသတဲ့ ။ မြေခွေး ခေါ်ပေမဲ့ သူက ချောချောလှလှ လူမလေးပါ။ Orit Fox' လို့ အမည်တွင်တဲ့ အဇ္ဇရေး မော်ဒယ်ဂဲလ်လေး ၊တနေ့ မှာ သူတင်ဆက်တဲ့ တီဗီ အစီအစဉ်အရ မြွေကြီးတကောင်နဲ့  တွဲဘက်သရုပ်ဆောင်ရတယ်။(စပါးကြီးမြွေနဲ့ တူပါတယ်)။သူမဟာ မြွေကို အီစကလီ လုပ်ပြီး နမ်းလားပြုလားပေါ့ ။ နောက်တော့ မြွေကို သူ့ ရင်ဘတ်ထဲ ပေးဝင်စေတဲ့ အခါ သကောင့်သားခမျာ ကံကောင်းချင်တော့ မိန်းမချောလေးရဲ့ အနမ်း အမြှူ ခံရတဲ့ အပြင် အတွင်းပိုင်းတောင်ဝင်ရလေတော့ စိတ်မထိန်းနိုင်လေသလားပဲ ၊ မော်ဒယ်မြေခွေး မလေးရဲ့ ရင်သား ကို ဇတ်ကနဲ ကိုက်လိုက်ပါလေရော..မော်ဒယ်မလေးက အလန့်တကြားအော်ပေါ့။ဒါနဲ့ သူမကို အရေးပေါ် ဆေးရုံ ပို့  ၊ ပြုစု ကုသ ပေါ့နော်..၊ မေးခိုင်ကာကွယ်ဆေးလေးထိုး၊ ဒါဏ်ရာ ဆေးထဲ့ နဲ့ အခြေအနေ စောင့်ကြည့် နေကြတယ် ။ အဲ့ဒီအချိန်မှာ သကောင့်သား ကိုရွှေ မြွေ ခမျာ အဆိပ်တက်ပြီး မာလကီးယား ပြသွားလေသတဲ့ ။ အဲ့ဒါနဲ့ ဒီ မြွေကို စစ်ဆေးကြည့်ကြတဲ့ အခါ မော်ဒယ်မလေး ရဲ့  ခွဲစိပ်ပြုပြင်ထားတဲ့ ရင်သားအတု မှာပါတဲ့ ဆီလီကွန် ( Silocone)ကို စားသုံးမိတာ ကြောင့် အဆိပ်တက်ပြီး ကံဆိုးသူ မြွေခမျာ ဘဝတပါးသို့  ကူးပြောင်းရရှာခြင်းဖြစ်ပါသတဲ့။
လှတာမက်တော့ညစာခက်ရုံတင်မက၊ အသက်ပါ ထွက်ရရှာတဲ့ မြွေတကောင် အကြောင်းပါ ။ ဟိုးတနေ့ က သူ့ အကြောင်း တီဗီသတင်းမှာ ပြသွားပါတယ် ။အထူးအဆန်း သတင်းဟောင်းတွေ ပြန်ပြတဲ့ အစီအစဉ်မှာ The snake that died of silicone poisoning after biting a model's breasts ဆိုပြီးတော့ပြန်ပြပါတယ် ။အဲ့ဒီသတင်းနဲ့တွဲတင်ထားတဲ့ဗီဒီယိုကလစ်ဖိုင်က ဖွင့်မရတော့လို့  ၊ ထပ်ရှာလို့ တွေ့ တဲ့ဖိုင်ကို တင်ပေးလိုက်ပါတယ်။
-------------------------------------------------------------
ဒါ့အပြင် နောက်သတင်းတခု ၊ သူမကလည်း အခုအခံကောင်းလို့ အသက်မသေ ကျန်ရစ်ခဲ့ရသူပါ ။ ကံမကောင်းတော့ သေနတ်ကျည် သင့်တယ် ၊ ကံကောင်းချင်တော့ ခုခံထားတဲ့ ရင်နှစ်မွှာက သူ့ အသက်ကိုကယ်တင်လိုက်ပါသတဲ့ ။ Lydia Carranza လို့အမည်ရတဲ့ အမျိုးသမီးဟာ လော့အိန်ဂျလိစ် ပြည်နယ် သွားဘက်ဆိုင်ရာဌာနတခုမှ အလုပ်လုပ်နေသူပါ ။ သေနတ်သမား ပစ်လိုက်တဲ့ ကျည်ဆံဟာ သူမရဲ့  တကယ့်နှစ်လုံးသားစစ်စစ်ကို ရောက်ရှိဖို့ရာ မီလီမီတာ အနည်ငယ်ခန့် အကွာသာ လိုပါတယ်။ သူမ ပြုပြင်ခုခံထားတဲ့ရင်နှစ်မွှာသာ မရှိခဲ့ရင်တော့ကျည်ဆံဟာ နှလုံးထိ အောင်ဖေါက်ထွင်းပြီး ဝိဇိန်ချုပ်ရမှာပါ။ ဆေးမှတ်တမ်းအရတော့ ဒီလိုရင်သားအတုဟာ ကျည်ကာ (bulletproof) အတွက် မဟုတ်ပေမဲ့ ကံကောင်းသူအတွက်တော့ ဝင်လာတဲ့ ကျည်ဆံအရှိန်ကို လျော့သွားစေလို့ ဖြစ်နိုင်ကြောင်း ယူဆပါတယ် ။( ဒီကျည်ဆံကြောင့် ပျက်စီးသွားတဲ့ ရင်သားအတုကို ပလပ်စတစ်ဆာဂျင် ဆရာဝန်က ဈေးလျှော့ယူပြီး နောက်တကြိမ် ပြန်လည် မွမ်းမံပေးမယ်ဆိုတဲ့အကြောင်းလည်း သိရပါတယ်။)
ဒီနေရာမှာ သူ့ အကြောင်းရှိပါတယ် ။
---------------------------------------------------------------------
ဒီအတုကလည်း အသက်ကယ်ဖြစ်တဲ့ အကြောင်း ရှိပါသေးတယ်။ ဘူဂေးရီးယားမှ Elena Marinovaခေါ် အမျိုးသမီး တဦး၊ အသက် ၂၄ နှစ်ဟာ ကားကို အရှိန်ပြင်းစွာ မောင်းနှင်ရင်းနဲ့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရာမှာ အရွယ်အစား 40DD ရှိအောင်ခွဲစိပ်ပြုပြင်ထားတဲ့ ရင်သားအတု မှ လေအိတ် (airbag) သဖွယ် ကာရံတားဆီးမှုကြောင့် အသက်သေလောက်တဲ့ ဒါဏ်ရာ မရရှိခဲ့ပါဘူး ။ ဒါပေမဲ့ သူ့ ရဲ့ အခုအခံ ၂မွှာ ခမျာမတော့ ပြားကျေ ပျက်စီးသွားရပါတယ် တဲ့။တဖက်က ကားမောင်းသူခမျာလည်း ဒါဏ်ရာ ပြင်းထန်စွာ ရရှိသွားပါသတဲ့ ။ ဒါလည်း အတုလေး ကယ်ပေလို့ ပေါ့ ။ဒါပေမဲ့ လူတိုင်းက သူမလို ကံကောင်းနိုင်လိမ့်မယ် မဟုတ်ပါဘူး ။
----------------------------------------------------------------
နောက်တတု ကတော့ အတုတင်မက အညာပါစွက်လို့  နှစ်ဦး နှစ်ဖက် အသရေဖျက်ကြပါလေရောတဲ့ ။ဖြစ်ပုံက ဒီလို ။ ဂျာမဏီပြည်မှာ အမျိုးသမီး တယောက်ဟာ 'Tanja' လို့ သူ့ ကိုယ်သူ အမည်တုနဲ့ မှတ်ပုံတင်စာရင်းပေးပြီး၊ ရင်သားအတု ခွဲစိပ်ကုသမှု ခံယူ အပြီး၊ ပေးရမဲ့ ကျသင့်ငွေ( ဆရာဝန် ဆေးဖိုးဝါးခ လက်ခ ) ပေါင်၅၄၀၀(ယူရို ၈၀၀၀)၊ £5,400 (€8,000) ကို မပေးပဲ တိမ်းရှောင်နေတဲ့ အတွက် ဆရာဝန်က အဲ့ဒီ လူနာ အမျိုးသမီးရဲ့ ပြုပြင်ပြီးသား အတွင်းပစ္စည်း ပါတဲ့ ပုံကို လူအများ မြင်သာအောင် ဖေါ်ပြ အရှက်ခွဲလိုက်တဲ့ အကြောင်းပါ ။( အမှန်တကယ်ဆိုရင် ဆရာဝန်ကျင့်ဝတ်အရ ခုလို မိမိလူနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို လူနာသဘောတူညီချက်မပါပဲ ဘယ်သူ့ ကိုမှ ပြောကြားခွင့်မရှိပါဘူး )။
နောက်တခု ၊ အတုကြောင့် ဒုက္ခများသွားရှာသူကတော့ အသက် ၄၅နှစ်အရွယ်ရုရှားအမျိုးသမီးတဦး ၊ အခုအခံ ခွက်ကို F အရွယ်ထိကြီးမားအောင်ပြုပြီး မော်စကိုမှ ကယ်လီဖိုးနီးယားထိ Aeroflot Boeing 767-300 လေယာဉ် ခရီးစဉ်ဖြင့် ပျံသန်းနေခိုက်မှာ လေဖိအား အပြောင်းအလဲကြောင့် သူမရဲ့ ဆီလီကွန် အတုလေးမှာ ပေါက်ကွဲပြီး ဒါဏ်ရာရရှိခဲ့ပါတယ်။ ဆရာဝန်တွေကတော့ နောက်ထပ် အတုထဲ့ ခွဲစိပ်ဖို့ရာ အန္တရာယ် ရှိတယ် လို့ တားမြစ်ထားခဲ့ပါတယ်။
အမျိုးသမီးတွေပဲ ရင်သားအတုကို နှစ်သက်နေခြင်းမဟုတ် ၊ ယောကျာင်္းရင့်မကြီးတွေလည်း အနှီရင်သားဖေါင်းဖေါင်းကို စိတ်ဝင်စားစွာနဲ့ လုပ်ယူသူတချို့ ရှိပါသေးတယ်။ ကနေဒါနိုင်ငံသား Lane Jensen ဆိုသူဟာ သူ့ရဲ့  ခြေသလုံး ရှေ့ မှာ ဆီလီကွန် အတုတခုခံပြီး ဆေးမှင်ကြောင်စုပ်ထိုးကာ ဤသို့ အရူးထခဲ့ပါတယ်။
အဲ့ဒီ အခုအခံအနေနဲ့ များသောအားဖြင့် ၊ အငန်ရည် (Salt water /Saline ) နဲ့ Silicone gel ကို အိတ်ပျော့ ထဲမှာ ထဲ့သွင်းအသုံးပြုကြပါတယ်။
ရင်သားတု ခွဲစိပ်ခြင်းနဲ့ ပတ်သက်ပြီး သိလိုပါက ဒီနေရာမှာဆက်လက်လေ့လာနိုင်ပါတယ်။
ခွဲစိပ်မှုတိုင်းမှာလည်း အဆိုး အကောင်း ဒွန်တွဲလေ့ရှိတဲ့ အတွက် နောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများကိုလည်း သတိပြုသင့်ပါတယ်။ ဥပမာ ၊ မေ့ဆေး နဲ့ ပတ်သက်တဲ့ အန္တရာယ်၊ ခွဲစိပ်ခြင်းနဲ့ ဆက်နွယ်နိုင်တဲ့ ပိုးမွှားကူးစက်တဲ့ အန္တရာယ်၊သွေးထွက်ခြင်း၊ အနာယဉ်းခြင်း စသဖြင့် ရှိနိုင်ပါတယ်။
အခုအခံက ထဲ့ပြီး လှပသွားရုံနဲ့တင်မပြီးသေးပါဘူး ။ အတုတွေ အခုအခံ လုပ်ပြီးနောက်ပိုင်း ထိခိုက်ဒါဏ်ရာရလို့ အိတ်ထဲက အရည် ၊စိမ့်ယိုပြီး၊ ပုံစံပျက်သွားကြသူများ၊ ရင်သားတုနေရာရွေ့ လျောပြီး ဝမ်းဘိုက်ပေါ် ရောက်သွားတာမျိုး၊ဂျိုင်းအောက်ကို ရွေ့ သွားတာမျိုး၊ အကြီးတလုံး ၊အသေးတလုံး နဲ့ မမျှမတဖြစ်သွားကြသူများ၊ စသဖြင့်လည်း အမျိုးစုံလောက်အောင် ပြသနာတွေ ရှိတတ်ကြပါသေးတယ်။
တချို့က ခွဲစိပ်ပြုပြင်ပြီး နောက်ပိုင်း ရင်သွေးငယ်ရရှိတဲ့ အခါ ၊မိမိရင်သွေးကို နို့ချိုတိုက်ကျွေးလိုပါက အထူးသတိပြုသင့်ပါတယ် ။ အငံရည် အိတ် နဲ့ ခုခံထားသူများအတွက် အဲ့ဒီ အရည် စိမ့်ယိုမှု အတွက်က သိပ်အရေးမကြီးလှပါဘူး ။ သူက ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်ရှူး တွေထဲ သဘာဝအလျှောက် ပျော်ဝင်ပြီး အန္တရာယ် မဖြစ်စေတတ်ပေမဲ့ ဆီလီကွန် အရည် စိမ့်ထွက်နေတာဆိုရင်တော့ နို့ရည်ထဲမှာ ပါဝင်သွားတတ်ပြီး ကလေးအတွက် အန္တရာယ်ဖြစ်စေတတ်ပါတယ် ။
ဒီလိုခုခံထားကြသူတွေ အတွက် အဆိုပါ အရည်များကြောင့် ရင်သားကင်ဆာဖြစ်စေနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ မတွေ့ ရှိရသေးပါဘူး ။ ဒါပေမဲ့လည်း အရေးအကြောင်း နဲ့ လိုအပ်လာလို့ ပြုလုပ်ရမဲ့ နှလုံးစစ်ဆေးခြင်း ECG ၊ ultrasound ၊ MRI အစရှိတဲ့ ဆေးဓါတ်မှန်များရိုက်ကူးရောဂါရှာဖွေခြင်းတွေမှာ အနည်းငယ်တော့ အတားအဆီးသဖွယ် ဖြစ်စေနိုင်ပါတယ်။
နောက်တချက် စဉ်းစားမိတာကတော့ အရေးပေါ်အသက်ကယ်တဲ့ အခါ နှလုံးကိုရှော့ ရိုက်ခြင်း ( Cardiac defibrillation) လုပ်တဲ့အခါမှာ ဒီအရည်အိတ်ကြီးက ကြားမှာခံနေတဲ့အတွက် လျှပ်စီးဓါတ်မှာ နှလုံးသားဆီရောက်ဖို့ အတားအဆီး များ ဖြစ်နေမလား ဆို ပြီး ၊ စာအုပ်တွေထဲ ရှာကြည့်ပါသေးတယ်။ ရှာမတွေ့တဲ့ အဆုံး အရေးပေါ်ဌာန က ဆရာ တယောက်ကို မေးကြည့်မိတော့ သူက ရယ်ကျဲကျဲ နဲ့ ပြောတယ် ။ သူလည်း အနှစ် ၃၀ လောက် ဆရာဝန် သက်တမ်းမှာ အဲ့လို အတွေ့ အကြုံ တခါမှ မရှိဘူး သေးလို့ သေချာ မသိပါဘူး တဲ့ ။ သိသူများ ပြောကြားသွားနိုင်ပါတယ်။း))
အဲ့ဒါတွေကတော့ ရင်သား အတု ၏ ကောင်းကျိုး၊ ဆိုးကျိုး တွေထဲက လက်လှမ်းမှီသလောက် အချက်အလက်တွေ ကို ရှာဖွေ တင်ပြထားခြင်းများ ဖြစ်ပါတယ်။
အမျိုးသမီးထုကြီးအပေါင်းတို့.....မိမိတို့ရဲ့ ရင်သား အလှအပ နဲ့ပတ်သက်ပြီး ၊ မိမိရဲ့  ကံအရ၊ သဘာဝ အတိုင်း နဲ့ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ..း))
Ref;
http://en.wikipedia.org/wiki/Breast_implant
http://www.oddee.com/item_97645.aspx
အပြိုင် အဆိုင် အနိုင် ဆိုတဲ့ ခေတ်ကြီးမှာ တဦးထက်တဦး ထူးရလေအောင် ၊ တမျိုးထက်တမျိုး မရိုးရလေအောင် ၊ယှဉ် ပြိုင်နည်းတွေ စုံလို့ပါပဲ ။အကြီးဆုံး ၊ အသေးဆုံး၊ အရှည်ဆုံး၊ အမြင့်ဆုံး၊ အပုဆုံး၊ အလှဆုံး၊ အဝဆုံး..စသဖြင့် ဆုံး တကာ့ ဆုံး တွေ ပြိုင်ကြလေတယ် ။
ု“ငရုပ် ( ငြုပ် ) ဆို စပ်မှ ၊ တရုပ်ဆို ကပ်မှ” ။ မပူ မစပ်ရင် ငြုပ် လို့  မဆိုနိုင် သလို ကပ်တီးကပ်ဖဲ့ မလုပ်တဲ့သူကို တရုပ် လို့  မခေါ်နိုင် လောက်ပါဘုး ။( တရုပ်တွေကြားထဲ အနေများလာတော့ ဒီလိုပဲ မြင်မိပါတယ်၊ ကိုယ်တိုင်လည်း ကပ်တီးကပ်ဖဲ့လုပ်၊ ကပ်သီးကပ်သပ်ပြောနဲ့ ပေါ့ ) ။ ခုခေတ်မှာ မစပ်သောငြုပ် ၊ ချိုသောငြုပ် များ ၊စိမ်းပွပွ ငြုပ်ချိုများ ရှိပါတယ် ။သူ့ကိုတော့နာမယ်သာ ငြုပ် တွင် ပေမဲ့ ငြုပ် စာရင်းထဲ့ မထဲ့ချင်လှပါဘူး။ငြုပ်သီးစားမှတော့ စပ်မှာမကြောက်နဲ့ပေါ့နော် ။( ခွေးဖြစ်မှတော့ ဟိုဒင်းမကြောက်နဲ့ ဆိုသလို ... )။
ဟိုးအရင် ငယ်ငယ်တုံးက ထင်ခဲ့တာ အိန္ဒြိယ လူမျိုးတွေပဲ အစပ်စားနိုင်ကြတယ် လို့လေ။ ခုတော့ အသားနီစပ် ရွှေရောင်ဆံပင် တွေ လည်း စပ်တကာ့ စပ်တာတွေ စားနိုင်ကြပေတာကိုး လို့ အသိတမျိုးတိုးရပြန်ပါပြီ ။
ဘာတဲ့..တနေ့ က သတင်းထဲမှာ ကြားလိုက် တွေ့ လိုက်ရတာ.အစပ်ပြိုင်တာ တဲ့။ အစပ်ဆုံး ငြုပ် တဲ့လေ ။အစပ်စားနိုင်တဲ့သူ အစားနိုင်ဆုံးသူ ပြိုင်ပွဲတွေက သပ်သပ်ပါ ။ ခုဟာက ကမ္ဘာ အစပ်ဆုံး ငြုပ် ကို စမ်းသပ်တာပါ ။
အစပ်တိုင်းတဲ့ စံညွှန်းယူနစ် ကို (SHU = scoville heat units) လို့ ခေါ်ပြီးဓါတုဗေဒနည်း နဲ့ ဓါတ်ခွဲစမ်းသပ်ထားတဲ့ စံညွှန်းပါပဲ ၊
ယခုလောလောဆယ်မှာ ကမ္ဘာ့ အစပ်ဆုံး ငြုပ် အနေနဲ့ သြစတြေးလျနိုင်ငံ မှာ စိုက်ပျိုးထားတဲ့ Trinidad Scorpion Butch T Chilli က 1,463,700 SHU ဖြင့် စံချိန်တင်သွားနိုင်ခဲ့ပါတယ်။
အရင်က အစပ်ဆုံးစံချိန်တင်ထားတဲ့ Naga Viper pepper ကတော့ 1,382,118 SHU နဲ့ နောက်ကောက်ကျသွားပါပြီ ။
ဘာဘီကျူးဆိုင်၊စားသောက်ဆိုင်တွေ အိမ်တွေမှာ အသုံးများ ကြတဲ့ Tabasco sauce (HP Sauce ) တွေမှာတော့ အစပ်ယူနစ် 30,000–50,000 SHU သာ ပါရှိပါတယ် ။ အဲ့ဒီ Tabasco sauce ၂ ပုလင်းကို စက္ကန့် ၃၀ အတွင်းကုန်အောင်သောက်ပြ နိုင်သူတယောက်ရဲ့ ဗီဒီယို ဖိုင်က ဒီမှာ ရှိပါတယ်။
အစပ်စားနိုင်တဲ့သူများရှိသလို (လုံးဝ)မစားနိုင်သူများ လည်းရှိကြတော့ မကြာခင်လေးတင်က လွမ်းလိုက်ရတဲ့ ရွှေသင်္ကြန် နဲ့ မုန့်လုံးရေပေါ် ထဲမှ ငြုပ်သီးထဲ့ပြီး အချင်းချင်းစကြ နောက်ကြတာတွေ ပြန်တွေးမိလိုက်ပါသေးတယ် ။ ငြုပ်သီးမိပြီး ရှူးရှူးရှဲရှဲ ဖြစ်နေသူများကိုကြည့်ပြီး ရယ်ကြ ပျော်ကြတာတွေ ရောပေါ့။
အစပ်စားသူ ကြိုက်သူ များ အဖို့ တော့ အစပ်မပါရင် ထမင်းစား မမြိန်ဘူး လို့တောင်ထင်ကြသေးတယ်။ မကြိုက်သူများကလည်း အစာအိမ်ထိခိုက်မယ်၊ လိပ်ခေါင်းထွက်မယ် ဆိုပြီး အစပ်ဆို ဝေးဝေးက ရှောင်ကြတယ်ပေါ့။
တကယ်ဆိုရင်တော့ ငြုပ်သီးမှာလည်း ကောင်းနိုးရာရာလေးတွေ ရှိပါတယ် ။ ဗီတာမင် နဲ့ သတ္တုဓါတ်များစွာပါတဲ့ အတွက် အဟာရ ဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ပမာဏ အတိုင်းအဆနဲ့ ချင့်ချိန်စားသုံးပါက အကျိုးရှိနိုင်ပါတယ် ။ သူ့ မှာ ပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အတိအကျ ပြောရမယ် ဆိုရင် ငြုပ် ၁၀၀ ဂရမ် မှာ ပါဝင်တဲ့ တနေ့ တာ သတ်မှတ်ချက်ရာနှုန်းတွေ(in % of Recommended daily allowance) မှာ-
ဗီတာမင် စီ(Ascorbic acid) -၂၄၀ %
ဗီတာမင် ဘီ ၆ (Pyridoxine)- ၃၉%
ဗီတာမင် အေ - ၃၂ %
ဗီတာမင် ကေ-၁၁.၅%
ဗီတာမင် အီး- ၄.၅%
သံဓါတ် - ၁၃%
ကြေးနီဓါတ် ( copper ) ၁၄%
ပိုတက်စီယမ်( potassium) ၇% စသဖြင့် ပါဝင်ပါတယ်။
ဒီဓါတ်တွေဟာ သွေးကြော၊ အရေပြား၊ အာရုံကြော၊ အရိုး၊ ခန္ဓာကိုယ်အင်္ဂါ တည်ဆောက်မှု ၊ခိုင်မာမှု ၊ ဓါတ်တိုး ဓါတ်ပြုမှု တို့ အတွက် မရှိမဖြစ်အရေးကြီးပါတယ်။
ုငြုပ် ၁၀၀ ဂရမ်စားရင် စွမ်းအား ၄၀ ကီိလိုကယ်လိုရီ Kcalရမှာ ဖြစ်ပြီး ၊အဟာရ ရာနှုန်းအနေနဲ့
ကစီဓါတ် ၇ % ၊ အသားဓါတ် ၃ % ၊ အဆီဓါတ် Total Fat ၂ % ၊ အမျှင်ဓါတ် ၃% ၊ ပါဝင်ပြီး
အများကြောက်ကြတဲ့ ကိုလက်စထရော (လုံးဝ) မပါဝင်ပါဘူး Cholesterol -0% ပေါ့ ။ ဒါကြောင့် တချို့ က ယူဆကြတယ်။ ငြုပ်သီးစားရင် ပိန်တယ် တဲ့ ။ ငြုပ်စားပြီးဝိတ်ချ နိုင်တယ်တဲ့ ( ငြုပ်သီးချည်း စားပြီး ဝိတ်ချဖို့  ဆိုတာကတော့ မဖြစ်နိုင်ပါဘူး လေ၊အဟာရ မျှတအောင်တော့ တခြား အစားအစာ တွေနဲ့ တွဲဘက်စားသုံးရမှာပါ) ။( ထမင်းတလုပ်၊ ငြုပ်သီးစိမ်း တကိုက်၊ ဆားနဲ့ တို့ ပြီး စားလေ့ရှိကြတဲ့ အိန္ဒြိယလူမျိုးများ ၊ အများအားဖြင့် ပိန်ပိန်ပါးပါး ဖြစ်နေကြတာ အာဟာရ ချိုတဲ့တာကြောင့်လား၊ ကိုလက်စထရော မပါတဲ့ ငြုပ်ကြောင့်လား ဆိုတာလည်း စဉ်းစားစရာပါပဲ )။
အဆီကျအောင်၊ ပိန်အောင် လိမ်းကြတဲ့ ခရင်(cream) တွေမှာလည်း ငြုပ်ဓါတ်ကို ထဲ့သွင်းအသုံးပြုကြတာတွေရှိပါတယ်။ ငြုပ်ရဲ့ အပူဓါတ်က အဆီကို ခြေဖျက်နိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ် ။ ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း၊ လှချင်လွန်း၊ အဆီချချင်လွန်းလို့ အဲ့ဒီ ခရင်တွေ အလွန်အကျွံလိမ်းပြီး အရေပြားအပူလောင်သွား၊ အလာဂျီဖြစ်သူများလည်း အများကြီးရှိလို့ သတိပြုဖို့ လိုပါတယ်။တချို့များဆို ဗိုက်သားပြင် အဆီခေါက်ပေါ်မှာ ခရင်တွေလိမ်းပြီး အပူဓါတ် ကြာကြာထိန်းထားနိုင်အောင် ဆိုပြီး ပက်ကင်လုပ်တဲ့ပလပ်စတစ်ပါးပါးလေးတွေ အထပ်ထပ် ပတ်ပြီးအကြာကြီး ထားတော့ အထဲမှာ ချွေးပျံ ပြီး အရေပြားတွေ မီးလောင်ဖုလို ထွက်လာ၊ အနာတွေဖြစ်ကြတာလည်း ရှိပါသေးတယ် ။
ထို့နည်းတူစွာပဲ ငြုပ်အပါအဝင် အပူ အစပ် တွေ အလွန်အကျွံ စားသုံး မိရင်တော့ အာခံတွင်း၊လည်ချောင်း၊ အစာအိမ်အူလမ်းကြောင်း နံရံ ယောင်ယမ်း အနာဖြစ်ခြင်း၊ များ ဖြစ်စေတတ်ပါတယ်။
ဒါ့အပြင် ငြုပ်သီးထဲမှာ ပါတဲ့ မှိုတမျိုး aflatoxin (fungal mold)ကြောင့် အသည်း ရောဂါ (ကင်ဆာ)လည်း ဖြစ်စေနိုင်တာ မို့  မှို မတက်တဲ့ငြုပ် ကို ရွေးချယ်စားသုံးဖို့ ၊ ရေဖြင့်စင်ကြယ်အောင်ဆေးဖို့ အရေးကြီးပါတယ် ။
--------------------------------------------------------------------------------------------------------
သြစတြေးလျမှာ စိုက်ပျိုးထားတဲ့ ကမ္ဘာ့ အစပ်ဆုံး Trinidad Scorpion Butch T Chilli ငြုပ်ပင် နဲ့ ငြုပ်သီးများ
(အော်ဇီတွေစားပြတဲ့ ငြုပ်သီးစပ်စပ် )။ တခြား ဗီဒီယို ဖိုင်တခုထဲမှာ တော့ ငြုပ်သီးအစပ်လွန်လို့ နှုတ်မထိန်းနိုင်ပဲ ..S** t တွေ ၊ F** k တွေ ပြောတဲ့အထိ ရုပ်ပျက်ဆင်းပျက်ပါပဲ။
---------------------------------------------------------------------------------
အချပ်ပို @ -
ပြိုင်စရာ ရှားလို့ အစပ်ချင်းပြိုင်ကြတာတွေ တွေ့ လိုက်ရတော့၊ အညစ်ပြိုင်ပွဲကြီး ကျင်းပပေးမယ်ဆိုရင် ခေသူမဟုတ်သော ရွှေပြည်ကြီး မှ လူတစုက ကမ္ဘာ့ စံချိန်တင်နိုင်မယ်လို့  ထင်မိတယ် ။ထင်တာ မဟုတ် ။ သေချာပေါက် အပြတ်အသတ် ပက်ပက်စက်စက် ကို အနိုင်ရမှာပါပဲ ။
Ref:
-http://thepepperseed.com/peppers/the-worlds-hottest-chilli-pepper-trinidad-scorpion-butch-t/
-http://www.nutrition-and-you.com/chili-peppers.html
ဝမှာကြောက်သော အလှကြိုက် ခေတ်မှီ ပျိုပျို ကိုကို ဦးဦး ဒေါ်ဒေါ်တို့  ၊ အဆီတထပ် အသားတထပ် ဝက် ကြက် ဘဲ အမဲ သားများ ကို ရှောင်ကွင်းပြီး အဆီနဲနဲ အသားများများ တွေကို ရွေးချယ် စားသုံးလေ့ရှိကြပါတယ် ။ အဲ့ဒီ အဆီမထူအသားတွေက အဆင်းလှ အမြင်လှ သလို ဈေးတွေ လည်း ပိုလှကြပါပေတယ် ။ ဈေးကြီး မှ အကောင်းထင်သူအကောင်းကြိုက်တွေ အတွက် စိတ်တိုင်းကျ စေဖို့ တနည်းအားဖြင့် ရောင်းအား သွက်စေဖို့  ၊ စီးပွားရေးသမားတွေကလည်း ကြံဖန် ကြိုးစားပေးကြတယ် ။ဒါတွေရဲ့ နောက်ဆက်တွဲ အကြောင်းအရာလေးများကို သိချင်သပ ဆိုရင်တော့.....
ဟိုးယခင်တည်းက ကြက် မွေးမြူရေးလုပ်သူတွေဟာ ကြက်တွေ ကြီးထွားနှုန်းမြန်အောင် ၊ အသား တိုးအောင် ဆိုပြီး ဟော်မုန်းပါတဲ့ဆေးတွေ ကို အစားအစာထဲ ထည့် ကျွေးကြတယ် ။ ဟော်မုန်းဆေးတွေ ထိုးပေးကြတယ် ။ဒီတော့ အချိန်တိုတို အတွင်းမှာပဲ ဒီကြက်တွေ ကြီးထွားလာကြလို့  ဈေးကွက် မြန်မြန်ပို့  ၊ ငွေ မြန်မြန်ပေါ် ၊ များများ မြတ်ကြတာပေါ့ ။ စီပီကြက်ခေါ်တဲ့ မွေးမြူရေးကြက်တွေ လှမှလှ ၊ ဒါပေမဲ့ အသားက ပွစိစိ ၊အချိုဓါတ်က ပေါ့ရွှတ်ရွှတ်၊ အရေခွံအောက်မှာ အဆီတွေ ခပ်ထူထူ နဲ့ ၊စားလို့ တော့ သိပ်မကောင်းလှ ။အရသာ ပိုမချိုပေမဲ့ ရောင်းဈေးက အိမ်ကြက် တွေနဲ့စာရင် ပိုချို တော့ ဒီ စီပီကြက်တွေမွေးတာ ခေတ်စားလာတယ် ။ ကြက်ကြော် (fried chicken) ဆိုင်တွေလည်း ခုဆို တနေ့ တခြား ပိုများလာပြီး စီပီကြက်တွေရဲ့  အရေးပါမှုက ကြီးထွားလာခဲ့တယ် ။ဒီလိုကြက်ကြော်တွေ အစားများတဲ့ ကလေးသူငယ်အများစုဟာ အဝလွန်ခြင်း နဲ့ အရွယ်မတိုင်မီ ရင်သားကြီးထွားခြင်း၊ အသက်ငယ်ငယ်ဖြင့်ပင်( မိန်းကလေးများကအသက် ၈ နှစ်၊ ယောကျာင်္းလေးများက အသက် ၉ နှစ် မတိုင်မှီ) အရွယ်ရောက် လက္ခဏာများရှိလာခြင်း precocious puberty(လူပျို၊အပျို ဖြစ် မြန်လာခြင်း) တို့ တွေ့ ကြုံလာကြရပါတယ်။
ဒီပုံကတော့ အသားတိုးဆေးသုံးထားတဲ့ ဘဲငန်း ( ဘယ်ဘက်ခြမ်းမှ ) နဲ့ ဆေးမသုံးထားတဲ့ ဘဲငန်း (ညာဘက်ခြမ်းမှ ) တို့ ကို ယှဉ်ပြထားတာပါ ။ညာဖက်ခြမ်းက ဘဲငန်း ရင်အုပ်မှာ အရိုးငေါငေါ ထွက်နေပါတယ်။ဘယ်ဘက်ခြမ်းကတော့ အသားဆူဆူဖြိုးဖြိုးရှိပါတယ်။
နောက်ပိုင်းကျတော့ ကျန်းမာရေးအသိတွေ ပိုများလာတယ် လို့ ပဲ ယူဆရလေမလား ။ စီပီကြက် ကို စားတဲ့အခါမှာ အရေခွံတွေ ဖယ်ပြီး နွှာပြီးစားတဲ့သူတွေလည်း များလာတယ်။ အသားနဲပေမဲ့ အရသာ ရှိပြီး အဆီ နဲတဲ့ အိမ်ကြက်တွေ ကိုပဲ ဈေးပိုကြီးပေမဲ့ စားသံုးတဲ့သူတွေ လည်းရှိပါတယ် ။
ထို့ နည်းတူစွာပဲ ဝက်ရဲ့  အရေးပါမှု ၊ အရောင်းသွက်မှု ဟာ လည်း အဆီ နဲ များ ပေါ်တည်ပြီး ဈေးကွက်မှာ ကွာသွားကြတယ် ။ အသားတိုးဝက်တွေ ပိုမွေးလာကြတယ် ။ ဒါပေမဲ့ ဝက်စာ ကြက်စာ ဈေးတွေကလည်း ဒီရေလို တဖြေးဖြေး မြင့်လာတာမို့ ဈေးသက်သာမဲ့ အရာတွေ အစားထိုး ကျွေးလာကြတယ် ။ အဆီ နဲ ပြီး အသားတိုးစေဖို့ ( Lean mass များစေဖို့  ) ဝက်စာကြက်စာ တွေထဲ ဆေးတချို့ ကို ထည့်သွင်း ရောနှော လာကြတယ်။ ဒီဆေးတွေ ထဲမှာ အသုံးများတာ တွေကတော့ Salbutamol နဲ့ Ractopamine ဆိုတဲ့ဆေးတွေပါပဲ ။
အဲ့ဒါ ဘာဆေးတွေလည်း ဆိုတော့ ပန်းနာရင်ကျပ်ရောဂါ မှာ သုံးရတဲ့ လေပြွန်ကျယ်စေတဲ့ ဆေး ( Bronchodilator-beta agonist )တွေဖြစ်တယ်။Salbutamol ကို Ventolin အနေနဲ့ လူသိများပါတယ် ။ Ractopamine ကိုတော့ ခုနောက်ပိုင်းမှာ ရင်ကြပ်ပန်းနာလူတွေအတွက် အသုံးမပြုကြတော့ပါဘူး ။ ( လူတွေမှာ မသုံးပဲ တိရစ္ဆာန်တွေ အစားအစာမှာ ထဲ့သုံးဖို့တော့ ခွင့်ပြုထားတဲ့နိုင်ငံများ ရှိတာကြောင့် တိရစ္ဆာန်အခွင့်အရေး ( Animal rights ) ကို အလေးထားသူတချို့ကလည်း ဒီဆေးနဲ့ ပတ်သက်ပြီး အခြေအတင်ဖြစ်မှုများ ရှိလာပါတယ်။
တကယ်လို့ ဒီဆေးတွေ ကို အသားတိုးဆေးအနေနဲ့ သုံးထားတဲ့ ကြက်၊ဘဲ၊ဝက်၊အမဲ စတဲ့ အသားများကို အတိုင်းအတာတခုထက် လွန်ကဲစွာ စားသုံးမိသူတွေမှာ ၊ ရင်တုန်၊ နှလုံးခုန်မြန်၊ သွေးပေါင်ချိန်တက်၊ မောပန်း၊ အသက်ရှုမဝ၊ နားအူ၊ ခေါင်းမူး၊ခေါင်းကိုက်၊ ရင်ဘတ်အောင့်၊ရင်ပူ၊ စိတ်လှုပ်ရှားလွန်၊စိတ်ဂနာ မငြိမ်ဖြစ်၊ အစာမကြေ၊ပျို့  အန်၊ဝမ်းလျှော၊ ခန္ဓာကိုယ်တခုလုံး မအီမသာဖြစ်၊ကြွက်တက်၊ ကြွက်သားများ အလိုအလျှောက် တဆတ်ဆတ်တုန်ခါ၊ အိပ်မပျော်၊ ချောင်းဆိုး၊ လည်ချောင်း တစ်ဆို့ဆို့ ဖြစ်၊ နှာခေါင်းသွေးယို၊ အစရှိတဲ့ လက္ခဏာ များ ဖြစ်ပေါ်လာတတ်ကြပါတယ် ။ ဆိုးဝါး ပြင်းထန်ပါက အသက်ရှုကြပ် ၊ ရုတ်တရက် နှလုံးခုန်ရပ်ပြီး အသက်ဆုံးရှုံးစေပါတယ်။
Salbutamol ကြောင့်ဖြစ်တဲ့ ဘေးထွက်လက္ခဏာတွေက Ractopamine ထက် အဆ တစ်ရာမျှ ပိုပြင်းထန်ပါတယ် တဲ့။ ဒီဆေးတွေက အပူချိန်အတော်များများထိ ခံနိုင်ရည် ရှိတာမို့  အသားကို ကျက်အောင်ချက်ပေမဲ့လည်း ဆေးအာနိသင်တွေ ပျောက်သွားဖို့  သိပ်မလွယ်ကူကြောင်းလည်း သိရပါတယ် ။
ဒီဆေးတွေ ပါတဲ့ အသားကို ဘယ်လောက်အတိုင်းအတာထိ စားမိရင် ဒီလိုဖြစ်နိုင်သလည်း ဆိုတာကတော့ တနိုင်ငံနဲ့တနိုင်ငံ သတ်မှတ်ထားတဲ့ စံညွှန်းချင်း မတူကြပါဘူး။
ဥရောပနိုင်ငံအများစု၊ တရုပ် နဲ့  ထိုင်ဝမ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆၀ မှာတော့ ဒီလိုဆေးတွေကို အသားတိုးဆေးအနေနဲ့ သုံးတာကို တရားဝင် ခွင့်ပြုမထားပါဘူး။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံကြီး ၂၆ နိုင်ငံ ( အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင် စသည်တို့  အပါ အဝင် ) မှာ တော့ Ractopamine ကို အသားတိုးဆေး အဖြစ် အတိုင်းအတာ တခု ထိ ခွင့်ပြုထားပါတယ်၊ ဥပမာ - မလေးရှားနိုင်ငံမှာ အသား အမျိုးအစားကို လိုက် ပြီး ၁၀ မှ ၉၀ ppb ထိ ပါဝင်မှု ကိုအန္တရာယ် မဖြစ်စေနိုင်ဘူးးလို့ သတ် မှတ်ခွင့်ပြုထားပါတယ် ။အကြောင်းကတော့ ဒီဆေးရဲ့ သွေးထဲမှာအာနိသင်ရှိစေတဲ့ အချိန်အတိုင်းအတာ က ၄ နာရီမျှသာရှိလို့ အချိန်တိုအတွင်း မှာ ပြင်ပကို စွန့်ပြစ်စေနိုင်တဲ့ အတွက်ကြောင့်လို့  ဆိုပါတယ် ။ ဒါပေမဲ့ ဒီဆေးတန်ဘိုးက ပိုကြီးမြင့်တဲ့ အတွက် တရားဝင် ခွင့်ပြု မထားတဲ့ ၊ ဈေးသက်သာစေတဲ့ ဆေးမျိုးကို အစားထိုး သုံးစွဲလာကြတာ တွေ့ ရပါတယ်။ အဲ့ဒါအတွက် ဥပဒေ အရ ထိုက်သင့်သလို အရေးယူ ထိန်းချုပ်မှုတွေ လုပ်နေရပါတယ်။
၂၀၁၁ နှစ်ဦးပိုင်းက ထိုင်ဝမ်နိုင်ငံမှာစားသုံးဖို့ အမေရိကန်နိုင်ငံမှ တင်သွင်းလာတဲ့ အမဲသား ၂၂၈ ကီလို ကို ကျန်းမာရေးဌာန က ဓါတ်ခွဲစစ်ဆေးကြည့်ရာ မှာ အသားတိုးဆေး (瘦肉精)အဖြစ်သုံးထားတဲ့ Ractopamine(培林) ၅ ppb( 5 parts per billion ) ပါဝင်နေကြောင်းတွေ့ရတဲ့ အတွက် ဒီအသားတွေကို ရောင်းချဖို့  ခွင့်မပြု ခဲ့ပါဘူး။
တချို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိခိုက်စေတဲ့ အတွက် ၊ သတ်မှတ်ချက် အတိအကျ လုပ်ဖို့ အခြေအတင်ဖြစ်ရာမှာ တတ်ကျွမ်းသူတွေ ပြောကြားချက် အရတော့ ၆၀ ကီလိုအလေးချိန်ရှိသူ လူတဦးဟာ အသားတိုးဆေး ၁ မှ ၂ ppb ပါတဲ့ အသားကို တနေ့မှာ ၃၀ ကီလိုမှ ၆၀ ကီလို ထိ ကာလရှည်စွာ စားသုံးမှသာလျှင် ဘေးဥပါဒ် ဖြစ်စေနိုင်တယ် လို့  ပြောပါတယ်။ ဒီတော့ ကာလအတိုင်းအတာ ဘယ်လောက်ထိ စားမှလည်းဆိုတာ သေချာ မတိကျ သလို၊ လူတယောက်က သူ့ ခန္ဓာကိုယ် အလေးချိန် တဝက်လောက်ရှိတဲ့ အသားတွေကို ဘယ်လိုနည်းနဲ့ စားဖြစ်မလည်း ဆိုတာ ကလည်း မရေ မရာ ဖြစ်နေပါသေးတယ်။
လှတာချည်းပဲ ရွေးစားမလား၊ ဘယ်လိုအသားမျိုးစားမလည်း၊ ယှဉ်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။
ရောင်းမကောင်းတဲ့ ဈေးသည်ခမျာမှာ တော့..
ဒီတော့ အသက်ကို ဥာဏ်စောင့် ဆိုသလို ၊ အဆီမပါ အသားလှလှ များ စားသုံး အပြီး အထက်မှာ ပြောထားတဲ့ ၊ လက္ခဏာများ တမျိုးမျိုး ခံစားလာရပါက၊ အသိနဲ့ယှဉ်ပြီး အချိန်မနှောင်းစေပဲ တတ်ကျွမ်းသူ ဆရာဝန် ကျန်းမာရေးဝန်ထမ်းများ နဲ့ ပြသ ကုသမှု ခံယူသင့်ပါတယ် ။ လှတာမက်တော့ ညစာခက်မဲ့ အဖြစ်မျိုးမှ လွတ်ကင်းအောင် သတိနဲ့ ယှဉ်ပြီး ရွေးချယ် စားသောက်နိုင်ကြပါစေ။
Reference ။ ။
http://tw.nextmedia.com/applenews/article/art_id/33114941/IssueID/20110115
http://en.wikipedia.org/wiki/Ractopamine
http://www.ansc.purdue.edu/swine/porkpage/nutrient/paylean/ractopamine/sld001.htm
http://thestar.com.my/health/story.asp?file=/2006/11/5/health/20061105091851&sec=health
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်၊ တန်ခူးအတာ သင်္ကြန်ချိန်လွန်မြောက်လို့  တနှစ်ကူးခဲ့ပြန်ပါပြီ၊ ၁၃၇၃ ခုနှစ် မြန်မာသက္ကရာဇ် နေ့ သစ် ၊ နှစ်သစ် မှ စ၍ ၊ မြန်မာနိုင်ငံသူ နိုင်ငံသား ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အပေါင်းတို့ ၊ ဘေးဘယာ ဝေးကွာ ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စွာဖြင့် မိမိတို့ ခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ လို့  ဦးစွာ ဆုတောင်း မေတ္တာ ပို့အပ်ပါတယ် ။
နှစ်သစ် မှာ ၊ ကိုယ့် အဖြစ် တောင် ကိုယ်မသိ ဖြစ်ခဲ့မိလို့  ကိုယ့်ဘလော့ အိမ်ပျောက်နေမှန်း မသိ လို့  ခုလို နောက်ကျ သွားရတဲ့ ဆုတောင်း လေးအတွက် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရပါတော့မယ်။
နှစ်ဆန်းတရက်နေ့က မရွှေစင်ဦး မေးလာမှ သိရတဲ့ အဖြစ်ပါ ။ နဂို ရှိနေတဲ့ ဘလော့လိပ်စာ www.kiki-idiotlove.com ရဲ့ ဒိုမိန်းက ဒီ ဧပြီလ ကုန်မှာ သက်တန်း ပြည့်ပါမယ်၊ ဒါကို ဆက်မထားလိုတော့လို့ ( အမှန်ဆုံး ပြောရရင်တော့ ဘလော့မှန်မှန်ဆက်ရေးဖို့  သိပ်မသေချာတော့တာမို့ ပိုက်ဆံ ထပ်မပေးလို၍- )အလကားသုံးရတဲ့ www.kiki-idiotlove.blogspot.com ကိုပဲ သုံးဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ဒိုမိန်း ဝယ်တဲ့နေရာက ရေးထားချက်တခုက အကယ်၍ ဆက်မသုံးပါက သတ်မှတ်ရက်လွန်သွားရင် နဂို ရှိရင်းစွဲ ဘလော့ ပျက်သွားနိုင်တယ် လို့  ဆိုထားတာကြောင့် ဘလော့စပေါ့ သို့  အရင် ပြောင်းနှိပ်မိလိုက်ပါတယ်။ ( ကိုယ့်ဘလော့လေး သံယောဇဉ်က ရှိနေသေးတာကိုး... ) ဒါကြောင့် နဂို ဒေါ့ ကွန်း မှ နေပြီးတော့ ဘလော့စပေါ့ ဖြစ်သွားတာ ကိုယ့်ဟာကိုယ်လည်း သတိမထားလိုက်မိပါဘူး ။
သင်္ကြန်တွင်း မှာ လည်း ဖဘ(facebook ) မှာပဲ ပျော်ရွှင်စွာ သင်္ကြန်ကျနေမိတာကြောင့် ဘလော့ အိမ်များနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။
နှစ်ဆန်းတရက်နေ့ ။ ။ မရွှေစင်ဦး မေးလာတော့ မှ အလန့်တကြား နဲ့ ကိုယ့်ဘလော့ ကိုယ်ဘယ်အပေါက်ကဝင်ရမှန်းမသိ ။နောက်ဆုံးတော့ မှ ဟိုနှိပ် ဒီနှိပ် နဲ့ ဘလော့စပေါ့ ပြောင်းနေမှန်း သိလိုက်ရတယ်။ ဒါနဲ့ ကိုဇော် ဆီ အပူကပ်ပြီး ဘလော့လိပ်စာလေး ပြန်ပြောင်းတင်ပေးပါ လို့ လှမ်းအော်မိပါသေးတယ်။
သူလည်း ပြောင်းတင်ပေးပါတယ်။ အဲ့ဒီနေ့ က ချက်ချင်းပြောင်းတင် မရလို့  နောက်နေ့မှ တင်ပေးမယ် ဆိုတော့ အိုကေ ပေါ့လေ.. ကျုပ်ကျက်လိ လိုက်ပါ ပေါ့ ။
ဒီနေ့ တော့ ကိုဇော်ဆီက မက်ဆေ့ခ်ျ တွေ့လိုက်တယ်။ ဘလော့စပေါ့နဲ့ လင့်ပြန်ချိတ်လို့ လဲ မရ ဘူး တဲ့။
ဒီတော့ ဘယ်လိုလုပ်ရမှန်းမသိ။။
ဒါ နဲ့ ပဲ လောလောဆယ်မှာ ဒေါ့ကွန်း နဲ့ ပဲ ဆက်သုံးနေပါတယ်...
မကြာမီ ရက် ပိုင်း အတွင်းမှာ တော့ ဒီ “ဒေါ့ကွန်းကြီး ”ပျောက်ကောင်း ပျောက်သွားပါလိမ့်မယ် ။
ပျောက်သွားခဲ့ရင်တော့ .. www.kiki-idiotlove.blogspot.com အဖြစ်နဲ့  အော်တိုဝင်၊ မဝင်တော့ မပြောတတ်သေးပါ။
တကယ်လို့  အော်တို မဝင်ခဲ့ပါက ချစ်မိတ်ဆွေများရဲ့ အိမ်မှာ ချိတ်ထားပေးတဲ့ အကျွန်ုပ် ရဲ့ ဘလော့စပေါ့ လိပ်စာလေးကို ပြောင်းပြီး ချိတ်ထားပေးကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်။ မိတ်ဆွေများ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရင် လည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
အလှထူးတဲ့ လတန်ခူးသို့  ရောက်ခဲ့ရပြန်ပြီ ။ ပူလောင်လှတဲ့ နွေရာသီမှာ နေရထိုင်ရတာ မသက်မသာ ရှိပေမဲ့ သူ့ အလှနဲ့သူ ရှိနေတာမို့  အလွမ်းဓါတ်ခံ ရှိသူများ နှစ်သက်ကြပါလိမ့်မယ်၊ နွေဥသြတွန်ကျူးတာတို့  ၊ လေအဝှေ့ မှာ နွေရွက်ကြွေတာ တို့ ၊ပိတောက် နဲ့ ငုရွှေဝါတို့  အဖူးအစုံ ပွင့်တာတို့ ကို ကဗျာဆန်စွာ ခံစားတတ်သူများလည်း စာဖွဲ့  ကဗျာစပ်ကြလေတယ်ပေါ့ ၊ ဒီနွေမှာ ပဲ အတာရေဖြန်းပြီး နှစ်သစ်ကြို ပွဲ လည်း ရှိနေသေးတော့ နှစ်သက်စရာ ကာလလေးတခုလို့  ဆိုရင်လည်း လွန်မယ် မထင် ၊ ငယ်စဉ်အခါတုံးက ပျော်ရွှင်ခဲ့ရတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတွေကို ပြန်သတိရ အောင်းမေ့ စွာ နဲ့ ပဲ ဒီနှစ်မှာ ကြိုတင်ကျင်းပခဲ့တဲ့ အဝေးရောက် မြန်မာပြည်သားတွေ ရဲ့ ( တနည်းပြောရရင် ) တရုပ်ပြည် က မြန်မာတန်း မှာ ဧပြီလ ၁၀ ရက် ၊ ဒီနေ့ မှာ ကျင်းပခဲ့တဲ့ နှစ်ကူးသင်္ကြန်ဆင်နွှဲကြပုံများကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။ သူ့ ဒေသ ၊ သူ့  ကာလ မှာ ၊ ကိုယ့်ဓလေ့ ကိုယ့်ရိုးရာ လည်း မပျက် ၊ ပျော်စရာ လွမ်းစရာ ပုံရိပ်များ အမှတ်တရ အဖြစ် နဲ့ ရှုစားကြပါ ။
မြန်မာပြည်ဖွား တရုပ်အများ နေထိုင်ကြတဲ့ ကျုံးဟို ရပ်ကွက် ဝှာရှင်း လမ်းမ အဝင်မှာ ဦးစွာ တွေ့မြင်ရတဲ့ ဗုဒ္ဓဘုရားရှင် ရုပ်ထု ၊ ပူဇော်ထားကြတဲ့ မဏ္ဍပ်ပါ ။ တချို့ က ပြောတာ ...လမ်းအဝင်ဝမှာ ဘုရားကို အစောင့်ချထားသလိုမျိုးဖြစ်နေပါတယ်တဲ့။ သူတို့ ကတော့ အန္တရာယ်ကင်းသဘောမျိုး နဲ့  ပူဇော်ပသထားတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်...
ဒါကတော့ ဇာတ်စင်ပေါ်မှာ မြန်မာအကနဲ့ ဖျော်ဖြေနေကြတဲ့ မြန်မာပြည်ဖွား တရုပ်များပါ ။
ပန်းကုံးစွပ်ထားတဲ့ သူကတော့ ထိုင်ပေမြို့ သစ်က မြို့တော်ဝန် ပေါ့ ။သမ္မတကြီးက အစ၊ ဘယ်လောက်ရာထူးကြီးကြီး ၊ လူတွေကြားထဲထွက်ဖို့ ၊ ဆင်းဖို့  ဝန်မလေးကြပါဘူး ။ သူလို ကိုယ်လို တွေပါပဲ ။( ရွှေပြည်ကြီးက မြို့ တော်ဝန်ကြီး နဲ့  ယှဉ်ပြီးတော့ မပြောလိုတော့ပါဘူး...း))))
ဓါတ်ပုံတွေကို တစုတဝေးထဲ ကြည့်ချင်သူများအတွက်ပါ ။သိပ်မလုပ်တတ်လို့ ပုံတွေ ဝါးတားတားဖြစ်နေတာ သည်းခံတော်မူ......
ခုခေတ်သင်္ကြန်ပွဲတော် ဆိုတာ ကတော့ ဟေးလားဝါးလား သဘောလောက်သာ ရှိနေပါတော့တယ်။မြန်မာပြည်မှာလည်း ရှေးမူမပျက် ရိုးရာယဉ်ကျေးမှု မပျက် ဆက်လက်ထိန်းသိမ်း ထားကြတဲ့ သင်္ကြန်ပွဲကျင်းပတဲ့နေရာများလည်း မရှိသလောက် ရှားပါးနေကြပါပြီ။ သီချင်းကျယ်ကျယ်ဖွင့် စင်မြင့်ပေါ်ကလူတွေရော၊ စင်အောက်ကလူတွေပါ မပေါ်တပေါ်ဝတ်၊ ယိမ်းထိုးလှုပ်ရှားကကြ၊ အရက်မူး၊ရန်ဖြစ်ကြ ၊ အဲ့ဒါ မြန်မာ့သင်္ကြန် နှစ်ကူးပွဲ လို့ သတ်မှတ်ထားကြသလိုပါပဲ ။မနှစ်ကနဲ့ မတူ ..တိုးတက်လာ တဲ့ တချက် ကတော့ မဏ္ဍပ်တိုင်းမှာ CCTV ရုပ်သံဖမ်းစက်နဲ့ ဗုံးရှာ ကရိယာ တွေ ပြည့်စုံပါမှ သင်္ကြန်မဏ္ဍပ်လို့ သတ်မှတ်လာကြတာပါပဲ ။ ဪ... ဟေးလားဝါးလား ပျော်ဖို့ အတွက် ဟေးလားဝါးလား သတ်မှတ်ချက်တွေ ...။
သူ့ ခေတ်အခါအလျှောက် ဟေးလားဝါးလားကြိုက်သူများအတွက် လိုက်ဖက်ညီတဲ့ သီချင်းလေးကတော့ ဒီမှာရှိပါတယ် .. နားဆင်လိုရင် “ကလစ်” တော် မူလိုက်ပါ၊
![]()
မြန်မာဆန်ဆန် သင်္ကြန် သီချင်းကို နားဆင်လိုကြသူများအတွက် နွေအလှ က ဒီမှာ ရှိပါတယ်၊
![]()
၂၀၁၁ သင်္ကြန်သံချပ်များကို နားဆင်လိုပါက.. ဒီနေရာ မှာရှိပါတယ် ..
နှစ်သစ်မင်္ဂလာအခါသမယမှာ ကမ္ဘာသူ ကမ္ဘာသား အားလုံး ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာစွာ ရှိကြပါစေ ။။။

ဖွားကိတယောက် စာမရေးတာကြာပြီမို့  စာမရေးတတ်တော့တာလား၊အသိဥာဏ်တွေ ချို့ ယွင်းကုန်လို့ မှားရေးကုန်ပြီလား၊ဘာလား ၊ ညာလား လို့ တွေးမယ်ဆိုလည်းတွေးစရာ ပါပဲ မိတ်ဆွေတို့ ။ စာရေးတယ်ဆိုတာ ရေးချင်စိတ်လည်းရှိမှ၊ ရေးစရာ အကြောင်းအရာလည်းရှိမှ၊ ရေးဖို့ ရာ အချိန်ကလည်း ပေးနိုင်မှ၊ ထိုင်ပြီိးရေးဖို့ ကီးဘုတ်ကြီး နှိပ်ဖို့  ညောင်းညာ ကိုက်ခဲခြင်း တွေလည်း ကင်းမှ ၊ အကြောင်းအရာ ညီညွတ်မှ ဖြစ်မှာ မို့ ဘာပို့ စ်မှ ဆက်မရေးဖြစ်တော့တာ ၊ ခုတော့ စိတ်ထဲ အသည်းထဲတယားယား ဖြစ်နေတာမို့  ထုံးစံအတိုင်း ရေးချင်ရာ ရေးလိုက်တယ် ။
အားလုံးသိတော်မူကြတဲ့ အတိုင်း၊ ၁၅ မိနစ်အမြန် ညာချ ခေါင်းပေါင်းဝတ်၊ ချိတ်ထမိန်ခြုံ ၊ ပုတ်သင်ညို လွှတ်တော်ကြီးမှ ဘယ်လို စံထားပြီး ရွေးလိုက်ကြမှန်းမသိတဲ့ အစိုးရသစ်ကြီး ခန့်ညားထယ်ဝါ စွာ ပေါ်ပေါက်လာပါပြီ ။ ရွှေ ခေတ် မှ စိန်ခေတ် သို့  တလူးလူးတလွန့် လွန့်  ငြိမ်းချမ်း သာယာစွာ ကူးပြောင်း လျှက်ရှိနေပါပြီ ။
ရွှေ ခေတ်တုံးက ရွှေအလျှောက် ရွှေ့ ပါတ်ဝန်းကျင် မှာ ရွှေရော စိန်ရော သီးခဲ့ကြသလို စိန်ခေတ်မှာလည်း စိန့့်ပါတ်ဝန်းကျင် မှာ စိန်ရော ရွှေရော သီးကြအုံးမှာ မလွဲပါဘူး ။ သူတို့ ခေတ်သို့ ရောက်ရမည်မှာ မလွဲပါပေါ့ ။
ဒီတော့သူတို့ ရဲ့ သမိုင်းပေးတာဝန် အရ၊ ဒီ စိန်ခေတ်ကြီးမှာ စိန်တွေ ပွားအောင် လုပ်ဖို့ အရေး အိမ်နီးချင်း အပေါင်းအသင်းများနဲ့ ဒိုးတူဘောင်ဖက် ပုလင်းတူ ဗူးစို့  ရှာကြဖွေကြရပေတော့မယ် ။ အဖြူရယ် ၊ အညိုရယ်၊ အမည်းရယ် ၊ အသားအရေမတူ၊ လူမျိုး၊ဘာသာ၊စကား ကွဲနေကြပေမဲ့ စိတ်ဝမ်းမကွဲ တဲ့ အနူ နူ ချင်း အတူတူ လှုပ်ရှား သွားလာ ရှာဖွေ စားသောက်ကြပေအုံးတော့မှာပဲပေါ့ ။
ဒါ့အတွက် ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်၊ကြီးတယောက်လည်း များမကြာမှီအချိန်အတွင်းမှာ အေးချမ်းသာယာ ဘက်စုံ ဖွံ့ ဖြိုးတိုးတက် နေပြီ ဖြစ်တဲ့ အမိ အဘ နေပြည်တော် ရွှေပြည်တော်ကြီးသို့  လာရောက်လည်ပတ်ကြတော့မှာ ဖြစ်တယ် ။ နှစ်နိုင်ငံ ဖွံ့ ဖြိုး တိုးတက်ရေးလို့ တော့ ထုံးစံအတိုင်း လူကြားကောင်းအောင် အကြောင်းပြရတာပေါ့လေ ။
“ဆွေမျိုးပေါက်ဖေါ်” ဆိုတဲ့ အဆိုအရ တော့ အတူတူပေါက်ဖွား ကြီးပြင်းလာကြတဲ့ အဆွေအမျိုး..လို့ ဆိုရပေမလား၊ ဆိုးတူ ကောင်းဖက်၊ ဒိုးတူဘောင်ဘက် ရင်းနှီးချစ်ခင်ကြသူများလို့ဆိုရပေမလား၊ ဒီအခေါ်ဝေါ် ကို “ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်”လို့ ပြောင်းခေါ်လိုက်တော့ ရော ..ဘယ်လိုများ အဓိပ္ပါယ်ဆောင်လေမလည်းလို့  တွေးကြည့်မိရင်း ၊ အကြောင်းတိုက်ဆိုင်လာလို့ ကြားဖူးနားဝ ဟာသလေးတခု ထဲက ၊ ရယ်စရာ လိုလို နဲ့  လူမျိုး တမျိုးအလိုက် ရှိနေတတ်တဲ့ အကျင့် မျိုးကို ဖေါ်ညွှန်းထားတဲ့ ဟာသလေး တခု ကို ပြန်ပြီး ဖေါက်သည်ချ ပါမယ် ။
------------------------------------------------------------
အပိုင်း (၁)
တစ်ခါတုံးက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးတို့ ဟာ သဲကန္တာရ တစ်ခုမှာ ခရီးအတူ သွားကြတယ် တဲ့  ။ တစ်နေရာရောက်တော့ ပုလင်းတစ်လုံးကို တွေ့ တယ်။ ပုလင်းအဖုံးကို ဖွင့်လိုက်တဲ့အခါမှာ အဲ့ဒီပုလင်းကို စောင့်တဲ့ နတ်သားတစ်ပါး ထွက်လာတယ်တဲ့ ။ (အာလာဒင်ပုံပြင် ဆန်ဆန်ပေါ့ ကွယ်)။
နတ်သားက အဲ့ဒီ ခရီးသည်တွေ တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို တောင်းဆိုစေပါသတဲ့။
ပထမဦးဆုံး အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော" -- " ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"--"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
ဒီလိုနဲ့ အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရလေသတဲ့။
ဒုတိယဖြစ်တဲ့ ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"--" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ"--"ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရလေသတဲ့။
နောက်ဆုံး တရုတ်လူမျိုး အလှည့်ရောက်တော့ "ကျွန်တော်မျိုး ရေဆာတယ်၊ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"--"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"--"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်
လုပ်ပေးပါ"
အဲ့ဒီတော့ ဟို ၂ ယောက် တရုပ်ရှေ့ မှောက် ပြန်ရောက်လာရတာပေါ့ကွယ် ။
.................................................................
အပိုင်း (၂)
အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်နဲ့ပဲ တရုတ်လူမျိုးနဲ့ အတူ ခရီးဆက်ရပြန်တယ်။ တစ်နေရာ ရောက်တော့ ပုလင်းတစ်လုံးကို တွေ့ပြန်ရော။ ပုလင်းအဖုံးကို ဖွင့်လိုကတဲ့အခါ နတ်သားတစ်ပါး
ထွက်လာပြန်ရော။ နတ်သားကလည်း တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေရောတဲ့ကွယ်။
အင်္ဂလိပ် နဲ့ ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမှာ စိုးတဲ့အတွက် ကိုတရုပ်ကြီးကို အရင် တောင်းဆို စေလေသတဲ့။
တရုတ်လူမျိုး " ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သား " နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "
" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"တဲ့ ။
ဒါကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင်မှာပဲ နတ်သားမှာ ပျောက်ကွယ်သွားပါလေရော။
...............................................................
အပိုင်း (၃)
အင်္ဂလိပ်နဲ့  ပြင်သစ်တို့ မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သတဲ့လေ ။တစ်နေရာတော့ ပုလင်းတစ်လုံးကို တွေ့ပြန်တယ် ။ နတ်သားတစ်ပါး ထွက်လာပြီးတစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၁)မျိုးကို တောင်းဆိုစေပြန်တယ် ။ဒီတော့ အင်္ဂလိပ်နှင့် ပြင်သစ် က အရင်ဦးအောင် တောင်းဆိုကြပြန်တယ် ။
အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"
ကဲ .. အကြံပိုင်တဲ့ ရွှေတရုပ် ပဲပေါ့။ သူ့ ရှေ့ က ဟို ၂ ယောက် တောင်းထားတဲ့ဆုတွေ မပြည့်စေအောင် လုပ်တတ်ပလေတယ် ။
......................................................................
အပိုင်း (၄)
ဒီလိုနဲ့ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဟာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်တယ်တဲ့ ။ တစ်နေရာရောက်တော့ ပုလင်းတစ်လုံး တွေ့ပြန်တယ်။ နတ်သားတစ်ပါး ထွက်လာပြီးသူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ တောင်းဆိုစေတော့တယ်။ ( အဲ့ဒီခေတ်အခါမှာလည်း ပုလင်းတွေ ရော ၊ဆုတွေ အလကားပေးတဲ့ နတ်သားတွေပါ အတော်ပေါကြပုံရပါတယ် )
အင်္ဂလိပ်နဲ့  ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို အရင် တောင်းဆိုစေပြီး နတ်သားကိုလည်း တရုပ်ရဲ့ ဆန္ဒ မပြည့်စေဖို့တိုးတိုးလေးပြောထားလိုက်သေးတယ် ။သူတို့ကိုယ် သူတို့ လည်လှပြီ အထင်နဲ့ပေါ့ ကွယ် ၊
တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ နေတာ မကြည့်ရက်လို့ပါ " တဲ့ကွယ် ။ အဲ့ဒီတော့ ဟို နှာခေါင်းရှည်ရှည် အသားနီစပ်စပ် ၂ ယောက်ခမျာ ဘယ်လိုလုပ်ပြီး နေရပ်ပြန်ရောက်ပါတော့မလည်းပေါ့ ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ။....
-----------------------------------------------------------------
အင်း..ဒီတော့ ဘယ်လို ဆုတွေ ဘယ်လို ပုံစံ နဲ့ ပဲ တောင်းတောင်း .. ကို ရွှေတရုပ် ကိုတော့ ဘယ်လူမျိုး မှ ယှဉ်နိုင်မယ် မထင် ၊ လက်တလုံးခြား လှည့်ကာ ပါတ်ကာ နဲ့  သူ့ အတွက် ကျန်ပြီး သူများ ဒုက္ခရောက်အောင် လုပ်တတ်ပလေ တယ်။ ဒါ့ကြောင့် မဟုတ်တရုတ် ..လို့ များ တင်စားပြီးပြောကြလေတာပေလား ။ (အဲ..ဖွားကိ တယောက်လည်း တရုပ်ပြည်နေ၊ တရုပ်နားစားပြီး တရုပ်မကောင်းကြောင်းတွေ ပြောနေပြန်လို့  ဘယ်တော့များ ပြေးပေါက်မှားရအုံးမယ် မသိ ..။)
ဒါပေမဲ့ ဘယ်လူမျိုး မကောင်းဘူး၊ ဘယ်လူမျိုးကောင်းတယ် ဆိုတာ တသမတ်ထဲ သတ်မှတ်ထားလို့ တော့ မရပါဘူး ။ တရုပ်တိုင်းတော့ ဒီလိုမျိုးကျင့်ကြံကြမယ် လို့  မဆိုလိုပေမဲ့ ယေဘူယျအားဖြင့်တော့ ဒီလို ရှိကြတာ များပါလိမ့်မယ် ။( ဒါကတော့၊ပြေးပေါက်ရှာမတွေ့ မှာ စိုးလို့  ပြန်ပြီး ဖြေရေး ရေးပေးလိုက်တာပါ ၊း))
တခြားမကြည့်နဲ့ နီးနီးလေးက တို့များ ဘဘဂျီးတို့ရဲ့  မဝေးသေးတဲ့ သမိုင်း စဉ်လာ ကိုကြည့်၊ရင်းရင်းနှီးနှီး တခရီးတည်းသွားနေကြတာ ။အိမ်နီးချင်း ၊ ခြံချင်းနီး ဆွေမျိုးပေါက်ဖေါ်တို့ ၊ ဆွေမျိုးဂေါ်ရင်ဂျီ တို့ ၊ သူ့ အိမ် သွားလည်လိုက်၊ ကိုယ့်အိမ် လာလည် လိုက် နဲ့၊ တွေ့ လိုက်ရင်၊ အိမ်က မိန်းမတောင် အထင်လွဲရလောက်အောင် ဖက်လှဲတကင်းတွေပါပဲ ၊ ။နောက်တော့သာ ဘယ်သူ့ ဘယ်သူ နောက်ကျောဓါးနဲ့ထိုးကြ မယ် မသိ ၊တို့များရဲ့ ဘဘဂျီးတွေ ကလည်း မြေပေါ် မြေအောက် ရှိရှိသမျှ သူပိုင် ပစ္စည်း အမှတ်နဲ့ ရက်ရက် ရောရော ရှိပါပေတယ် ။ဧည့်ဝတ်ကျေလိုက်ပုံများ ၊ မြစ်တွေ ချောင်းတွေ တောတွေ တောင်တွေ လက်ညှိုးထိုးလို့  ရသမျှအားလုံး ကို ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်၊တသိုက်နဲ့ ဝေစား မျှစားကြ ပေါ့လေ ။နောက်ဆုံးတော့ ဘယ်သူပြန်လမ်း မရှိ ဖြစ်မယ် မသိ ၊
သူတို့ တတွေ ဒီလိုလုပ်တာ အကြောင်းမဟုတ်၊ ကိုယ်တို့မြေက ..ဧရာဝတီလည်း ငိုစရာမျက်ရည်တွေတောင်ခမ်းခြောက် ၊ သောင်ထွန်း၊ ဥတုရာသီ တောကိုမှီစရာ မရှိတော့တဲ့ တောင်ကတုံး တို့ လည်း နွေပူပူမှာ ရေဆူဆူ တွေ ဖြစ်လိုဖြစ်၊ မဟာပထဝီမြေကြီး မှာရှိထားတဲ့ ပတ္တမြားငမောက်၊ ရတနာ စိန်ကျောက်တို့ လည်းပျောက်၊ ရေစောင့် မြေစောင့်နတ်နဂါး မြွေနဂါးကြီးတို့ လည်းဒေါသတကြီး လူးလွန့် လှုပ်ရှား ငလျှင်များဖြစ်လိုဖြစ်၊ ဘယ် အရာ နဲ့မှ မတူပေတဲ့ ဒို့ပြည်၊ ဒို့ ရွာ၊ဒို့ လူတွေရဲ့  အစိုးရသစ် နဲ့ ၂၀၁၁ ခုနှစ် လို့ သာ ပြောလိုက်ချင်တော့တာပါပဲ ။

















