ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး ၄ ပါး နဲ့ ပေါင်းစပ်ထားတဲ့ အကျွန်ုပ် ရဲ့ ခန္ဓာကိုယ် အတ္တဘောကြီး နဲ့  ပါတ်ဝန်းကျင် မှာ ရှိနေကြတဲ့ ဓါတ်တွေ အကြောင်း ၊အလုပ်မရှိ အလုပ်ရှာ တွေးကြည့် မိလို့  “ဓါတ်” သဘော တွေ ကို ရေးလိုက်ပါကြောင်း ။ “ဓါတ်ကြောင်”နေသူများ သတိဖြင့် ဖတ်ကြလေကုန် ။
ခုလောလောဆယ်မှာ “ဓါတ်ကျ” နေတဲ့ “ဓါတ်စာ” များ တောင် မစားရဲ ၊ ဘာကြောင့် လည်း ဆိုတော့ “ဓါတ်မြေသြဇာ” တွေ တွင်တွင်သုံး နေကြတာ က သြဘာ ( အာဘော ) .. မြန်မာ့သြဘာ အကောင်းဆုံးပါ....@#&% ၊ တီဗီကြော်ငြာ ကိုတော့ မကြားချင် မမြင်ချင်လို့ မရ ။အော်ဂဲနစ် တွေ ၊ အင်အော်ဂဲနစ်တွေ တော့ သေချာ မမှတ်မိ ၊တို့ တိုင်းပြည်မှာ၊“ အော်လေ ၊နစ်လေ” ဖြစ်နေကြတာ ကိုတော့ သေချာ သိနေတာမို့ ၊ မအော်ကြတာ ကပဲ ခပ်ကောင်းကောင်း ။
“ဓါတ်ဆီ” တွေ ကို ဓါတ်တူ နံတူချင်း ဝေမျှ ပြောင်းလွှဲ လုပ်ကိုင်စေ လို့  “ဓါတ်ရိုက်”၊ “ဓါတ်ဆင်” လိုက်ကြတာ လည်း ဓါတ်ပျက်စရာ ၊ ၂ လ အတွင်း ဓါတ်ဆီဈေးတွေ မတက်ပါ ဟု အာမဘန္ဓေ ခံ ထား တော့ ၂ လ ကျော်တာ နဲ့ ဈေးတက်ဦးမယ်ပေါ့ ၊ (ခုတော့ ၂ လ ကျော်လာပြီ ။ ဒါပေမဲ့ ဈေးတွေတော့ မတက်ကြသေး၊) အဲ့တာ ကြောင့် လည်း ဓါတ်ပျက် ရသူများက တို့ ပြည်သူ အများပါပဲ ။ဓါတ်ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ ဆီထည့်ဖို့  တန်းစီ စောင့်စားနေကြရတာ က ၊ဟို အရင် ဆီစာအုပ်ဖြင့် တနေ့  ၂ ဂါလံ ခွဲတမ်းချ ဓါတ်ဆီ ထည့်ရသည် ထက် ပို ဆိုး နေသည် ။ လိုသလောက် ထည့်နိုင်သည် ဟု လေလုံး ထွား ခဲ့ပေမဲ့ လက်တွေ့ မှာ တော့ ဒီလို မဖြစ်လာ ။ဒါတွေကလည်း ဓါတ်ပျက်စရာ ။
ရန်ကုန်မြို့ ကံဘဲ့ လမ်းမကြီးမှာ ရှိတဲ့ “ဓါတ်သတ္တု” ဝန်ကြီးဌာန ရဲ့  ဘဓရ ရုံးကြီး( ဂန္ဘီရ ဘကျောက် ကြီးရဲ့  ဘူမိနက်သန် မြေအမှန် ရုံးချုပ်ကြီး ) မှာလည်း ဓါတ်ပျက်စွာဖြင့် ဖျက်သိမ်းခံ လိုက်ရပြီးတော့ ဆိုင်ရာ ပိုင်ရာ ပုဂ္ဂိုလ်ကြီးတစ်ဦး ရဲ့  ပုဂ္ဂလိက ကလေးဆေးရုံကြီး ဖွင့်ကြ ဦးမှာ မို့ ဓါတ်ပျက်နေသော ကလေးများ အတွက်၊ “ဓါတ်ဆားရည်” တောင် မသောက်နိုင်ကြ၍ ၊ “ဓါတ်လုံး”များသာ ဆောင်ပြီး အသက် ဆက်ကြရပေတော့ မည်။
ဟိုနေရာ ဒီနေရာတွေ မှာ “ဓါတ်ပုံ” ပေါ်ပေါ်တင်တင် မရိုက်ရတာ မို့ အကျွန်ုပ် အပါအဝင် ဓါတ်ပုံဝါသနာရှင် အများလည်း ဓါတ်ပျက်နေကြတာ အမှန်ပါပဲ ။
တာရှည်ခံ “ ဓါတ်ခဲ” ဆိုတာကလည်း ရေခဲတုံးလောက်သာ ခံနိုင်ရည် ရှိမယ် ထင်ရဲ့  ၊ ရေခဲတုံး အရည်ပျော်ချိန်ကမှ ကြာလိမ့်ဦးမယ် ၊ ဓါတ်ခဲ သုံးပြီး လက်နှိပ်ဓါတ်မီးထွန်းပါက ခဏသာ ခံတာမို့  ၊ ပြန်လည်အားဖြည့်နိုင်တဲ့( Rechargeble) ဓါတ်ခဲများ သုံးတာက ပိုပြီးစရိတ် သက်သာ ပေလိမ့်မည် ။ဒါပေမဲ့ ဒီ ဓါတ်ခဲများကလည်း ဓါတ်ပေါက် လွယ်သည် ၊
ရေနွေးထဲ့တဲ့ “ဓါတ်ဗူး”တွေလည်း အမျိုးမျိုး အဖုံဖုံ ၊ ကွာလတီကို လိုက်ပြီး ဈေးအနည်း အများ ကွာခြားကြသည် ။ ဂျပန်ဖြစ်နှင့် တရုပ်ဖြစ် ယှဉ်လို့  မရ ။ တရက်လစ်ဖြုတ် အဲ့လေ.. တရုပ်လက်ဖြစ် ဓါတ်ဗူးတွေချင်းတူတာတောင်မှ ရှေးခေတ်က တရုပ်ပစ္စည်း တွေက တာရှည်အထားခံ၊ အပူခံသည် ။ ၂ ရက်လောက် ထဲ့ထားတာတောင် ရေက ပူ နေဆဲဖြစ်သည် ။ခုခေတ် တရက်စုတ် ၊ တရုပ်စက်များ ကဲ့သို့ ပင်၊ ရေပူထဲ့ကြည့် ၊ ဘယ်နှစ်နာရီမျှ မခံ၊ဒီထက်ဆိုးတာက ဒီဓါတ်ဗူးလုပ်တဲ့ သတ္တုပစ္စည်းတွေမှာ “ခဲ” ဓါတ်တွေ ပါဝင်နေကြသည် ၊ မြန်မာပြည် ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အချို့  နေရာများရှိ ရေ များထဲတွင် “အာဆင်းနစ်” ဓါတ်များပါဝင်နေကြသည် ။ဒီတော့ ဒီ “ခဲ” ဓါတ်တွေ နှင့် ဒီ “အာ” ဓါတ်တွေ ပေါင်းပြီး ဒို့  ရွှေပြည်သားတွေ “အာ” ကုန်ကြမလား “ခဲ” ကုန်ကြမလား ၊ ရေရှည် မှာ ရောဂါဘယ တစ်ခုမက ဖြစ်တော့မည် ။
နာမယ်ကြီး “ဓါတ်ရှင်” ( ရုပ်ရှင် ) မင်းသား မင်းသမီး တွေ၊ ဓါတ်ရှင် ကုမ္ပဏီတွေ ၊ “ဓါတ်ပြား” ( စီဒီခွေ ၊ ဒီဗီဒီ ခွေ ) ထုတ်လုပ်သူတွေ ၊အဆိုတော်တွေ ခမျာမှာလည်း ခိုးကူးခွေ(ကော်ပီခွေ) တွေကြောင့် ဓါတ်ပျက်နေကြရ ရှာလေသတဲ့ ။ သို့  သော်ငြားလည်း ကော်ပီခွေ ထုတ်သူ ရောင်းသူတွေမှာတော့ ဆိုင်ရာ ရဲ နဲ့ စည်ပင်ကို ခွန့် ထားကြပြီး အဖမ်းအဆီး မရှိ၍ နှစ်ဦးနှစ်ဖက် အကျိုးရှိကာ ၊“ဓါတ်ရွှင်”နေကြသတဲ့ ။ ကော်ပီခွေ ကြည့်သူများကလည်း ၃ချပ် တစ်ထောင် ဆိုတော့ ဈေးပေါပေါ နဲ့ ဝယ်ကြည့်နိုင် သမို့  အခွေ ကွာလတီင်္ မကောင်း ပေမဲ့ အဆင်ပြေနေကြသည်တဲ့ ။ မြန်မာ့အသံ တို့  မြဝတီ တို့ မှထုတ်လွှင့်နေသော ကိုရီးယား ဇာတ်လမ်းတွဲ အခန်းဆက်ပေါင်းများစွာကို အချိန်ကြာကြာ ဆွဲ မကြည့်ချင်သူများအဖို့ လည်း အကျိုးရှိလှသည်တဲ့ ။
ဘဲကင် ကြက်ကင်တွေ စားလို့ ကောင်းပေမဲ့ “ဓါတ်ကင်” ရတာ တော့ သိပ် မနိပ်၊ကင်ဆာ ဝေဒနာသည် တဦး ဓါတ်ကင်ကုသခွင့် ရဖို့ အတွက် အနူမြူရောင်ခြည်ဆေးဌာနတွင် အလှည့်ကျအောင် တန်းစီစောင့်ရသည်မှာ ၂လ ၃လ ကြာသတဲ့၊ဒီတော့ အသက်ကို အချိန် မစောင့်၊ ငွေပဲ စောင့်တာ မို့  ၊ မစောင့် နိုင်သူများက အပြင်ဆေးခန်း ဆေးရုံတွေမှာပဲ အကုန်အကျ များစွာ ခံ နေကြရသည်၊ နောက်ဆုံးတော့လည်း ပျောက်သွားကြပါသည် ၊ ( ငွေ ရော ၊ အသက် ရော ပေါ့ ) ၊ “ဓါတ်မှန်”ရိုက် ရတာ လည်း “ဓါတ်အား”မပြည့် လို့  ရုပ်ပုံတွေ သေချာ မပေါ် ဖြစ်ကြတာကြောင့် ၊“ဓါတ်ခွဲခန်း”က သွေးအဖြေတွေ မမှန်မကန်ဖြစ်ကြတာကြောင့်၊ ရောဂါတွေ အမှန်ရှာ မတွေ့ ပဲ၊ ဓါတ်လျှော ဓါတ်ပျက် အသက်ထွက်ရသူများ လည်း ရှိပါသေးရဲ့  ။မိုးရာသီ သွေးလွန်တုပ်ကွေး ကာကွယ်ရေး နဲ့  ကျန်းမာရေးအတွက် ဆောင်ရွက်ချက်ကလည်း မှတ်လောက်သားလောက်ပါပေရဲ့  ။ ပိုးလောက်လန်းတကောင်တွေ့ လျှင် ဒါဏ်ငွေ ကျပ် တစ်ထောင် တဲ့ ။ခြင်နှိမ်နင်းရေး အတွက် နောက်ဆုံးပေါ် နည်းသစ်ကြီးကို တီထွင် နိုင်သု အနှီသကောင့်သားအား နိုဘယ် ဆုပဲ ပေးသင့်ပေတော့သည် ။ ကြွက်အုပ်ကြီးတွေ နှိမ်နင်းဖို့  ကြွက်မြီးတချောင်း ငွေ ဘယ်လောက် ဆိုတဲ့ စီမံချက် ကဲ့သို့  ၊ တစ်ချက်မှ မခုတ်ရပဲ အားလုံး ပြတ်ကြရလေတော့မည်လား ၊
“လျှပ်စစ် ဓါတ်အား”တွေ မှန်မှန်ပေးတော့မယ် ဆိုတော့ “ဓါတ်လိုက်”ပြီး သေမဲ့သူတွေ တိုးပွားလာလေမလားလို့ လည်း တွေးပူရင် ဓါတ်ပျက်ချင်သလိုလို ဖြစ်မိပါသေးရဲ့  ။ ဒီတော့ “ဓါတ်ကြိုး”များ ယောင်လို့တောင့် မကိုင်ကြစေဖို့  သတိပြုကြပါလို့ ။
“စိတ်ဓါတ်” တွေပျက်ပြားနေကြတဲ့ တို့ ပြည်သူ ပြည်သားတွေ အကြောင်းလည်း တွေးမိတော့ ဓါတ်ပျက်မိတာအမှန်ပါပဲ ။
အကျွန်ုပ်လည်း ဓါတ်ပျက်တာတွေများလွန်း၍ ဓါတ်ဆားရည်သောက်ရန် လိုအပ်နေပါပြီ ။ဓါတ်တူ နံတူများအား ဓါတ်ဆားရည် အတူသောက်ကြရန် တိုက်တွန်းချင်ပါသည် ။
“လေးဆူဓါတ်ပုံ ” ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဖူးမျှော်မာန်လျှော့ ကန်တော့ရင်းဖြင့်၊ “ဓါတ်သက် ” မကြွေအောင် ဆင်ခြင်တုံတရားဖြင့် နေထိုင်ကြပါမှ တော်ကာကျပေတော့မည် ။
ရွေးချင်ရာရွေးပြီး ကောက်ချင်သလိုကောက်လိုက်ကြတဲ့ ဒီ ၂၀၁၀ ပွဲကြီးအပြီး အသာစံသူများရော၊ အညာခံသူများ အားလုံး ၊ ပထဝီ၊တေဇော၊အာပေါ၊ဝါယော.. ဓါတ်ကြီး ၄ပါး မျှတနိုင်ကြပါစေ ။
မိတ်ဆွေ အပေါင်းတို့  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ။
ခုခေတ် ခုအခါ နေရာတကာမှာ အဆင်သင့်ပြုလုပ်ထားပြီးဖြစ်တဲ့ ရယ်ဒီမိတ် ပစ္စည်းတွေ တယ်ခေတ်စားနေပေသကိုး။ တခုတော့ကောင်းတယ်ပေါ့၊ အချိန်ကုန် လူပင်ပန်း သက်သာ တာပေါ့လေ ။ဘယ်မှာကြည့်ကြည့် ရယ်ဒီမိတ်တွေ ရနေပြီပဲ ။
စားစရာ မှာ ကြည့်မလား ၊ ရယ်ဒီမိတ် မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ဒန်ပေါက်၊လက်ဖက်သုတ်၊ ငပိထောင်း တွေက အစ ကော်ဖီ ၊ လက်ဖက်ရည် ၊တူးအင်ဝမ်း ၊သရီးအင်ဝမ်းတောင် ပါလိုက်သေး ၊ အသား ငါး ဟင်းချက်ပြီးသား တွေအဆုံး အမျိုးစုံ ရနိုင်တယ် ၊ စားခါနီး မှာ ရောနှောလိုက်ရုံ ၊ ရေနွေး ထဲ့ ရုံ၊ မီးအပူပေးရုံ နဲ့တင် စားလို့ သောက်လို့  ရနိုင်ကြပြီဖြစ်တယ် ။ ရှေးယခင်ကလို သားငါး ဟင်းရွက်တွေ အစုံ ဈေးထဲသွားဝယ၊် ရေဆေး၊ ခုတ် ထစ်၊ ပင်ပင်ပန်းပန်း ချက်ပြုတ်နေစရာ မလိုတော့ ၊လတ်တာ မလတ်တာ အပထား ၊ကောင်းတာ မကောင်းတာအပထား၊ ရသာတဏှာ ချေးမများသူတွေ အတွက် ၊ အပျင်းကြီးသူတွေအတွက်၊ အချိန် မလောက်ငှသူတွေ အတွက် ၊ဝေးတမြေမှာနေပြီး အမိမြေမှ ရိုးရာ စားစရာလေးတွေကို အလွမ်းပြေ တမ်းတ အာသာပြေလိုသူများအတွက်တော့ အတော်လေး အဆင်ပြေလှ ၊ အဆင်သင့်လှ ပေတယ် ။ဒါက အစားအသောက်နဲ့ ပတ်သက်တဲ့ ရယ်ဒီမိတ်.... ကောင်းပေစွ ။
အဝတ်အထည်မှာ ကြည့်အုံးမလား ၊ ရှေးရှေးကဆို တေလာဆိုင်တွေ အပ်ချုပ်ဆိုင်တွေမှာ ကိုယ်အတိုင်းနဲ့ ချုပ်ဝတ်ရတဲ့ အဝတ်အထည်တွေများတယ်၊ ( ဖွားကိတို့  ငယ်ငယ်တုံးက ဆို၊ ကြီးတော်ကြီး ချုပ်ပေးတဲ့ အကျီင်္တွေ ၊ ဂါဝန်တွေ နဲ့ တင် ပြီးသွားကြရတာ ၊ အမေက ပိတ်စ တအုပ်လုံး ဝယ်ပြီး ညီအမအငယ်တတွေ ၄ ယောက်ကို ပုံစံဆင်တူနဲ့ သူ့  အစ်မ ဝမ်းကွဲဆီမှာ ချုပ်ခိုင်းတာ ၊ အမျိုးဆိုတော့ ကြီးတော်ကြီးခမျာ ချုပ်ခ မရတဲ့ အပြင် အပ်ချည်တောင် စိုက်ပေးရတယ်တဲ့လေ ) ၊ ခုခေတ်မှာတော့ ရယ်ဒီမိတ် ၊ အသင့်ချုပ်ပြီး အဝတ် အထည်တွေ တပုံ တပင် ပဲ ။ အံမယ် တချို့  သူတို့  ရယ်ဒီမိတ် ချုပ်ပြီးသားတွေ ဆို ဒီဇိုင်း အဆင် ပုံစံတွေ ပိုတောင်မှ ကောင်းနေသေးတယ် ၊ သူ့ ခေတ်နဲ့ သူ့ ဈေး တွက်ကြည့်လိုက်တော့လည်း မဆိုးလှပါဘူး ။ တချို့ တွေများ ချုပ်ခ သာသာလောက်ပဲ ရှိမယ် ၊ ဆိုင်မှာ အပ်ရင် ကိုယ်တိုင်း အတိအကျ fit size တော့ ရတာပေါ့ ၊ ဒါပေမဲ့ တချို့ နာမယ်ကြီးဆိုင်တွေ မှာ အပ်ထည်များလွန်းလို့ လနဲ့ချီပြီးစောင့်ယူရတာ ဆိုတော့ ၊ ဇီဇာမကြောင် သူများ ၊အမြန်ဝတ်လိုသူများ အတွက် ရယ်ဒီမိတ် အထည်တွေက စိတ်တိုင်းကျလောက်နီးပါး အဆင်ပြေလှ တယ် ၊ ဒီလိုနဲ့  လာဒ်မြင်တဲ့ စီးပွားရေးသမားတွေက အထည်ချုပ် ဆိုင်တွေ စက်ရုံကြီးတွေ ထောင်ပြီး တံဆိပ်မျိုးစုံ ၊ ဒီဇိုင်းမျိုးစုံ ရယ်ဒီမိတ်ထည်တွေ အပြိုင် အဆိုင် ထုတ်လုပ်လာကြသတဲ့ ။ဒီတော့ လူတွေလည်း အလုပ်အကိုင်တွေ ရကြ ၊ အဆင်ပြေကြတယ်ပေါ့ ၊ ပြီးတော့ ထုတ်လုပ်သူတွေ နဲ့ ကုန်သည်တွေက ပြည်တွင်းဖြစ် ကို ပြည်ပ ပို့ ကြ ၊ ပြည်ပ က ဟာတွေ ပြည်တွင်း သွင်းကြ နဲ့  ၊အရော အနှောတွေ လည်း များ လာတယ် ၊ အင်တွေ လည်း ပေါ မှ ပေါ ၊ Branded မှ ဝတ်ချင်သူများ ကတော့ သေချာ ရွေးပြီး ဝယ်ကြ သုံးကြ ၊ တချို့ လည်း အင် တွေ ထိကြ နဲ့  အဆင်မပြေ တပြေ လေးတွေ ရှိနေတာကလည်း ပျော်စရာ တမျိုးပါပဲ ၊ ဒါက အဝတ်အထည် နဲ့ ပါတ်သက်တဲ့ ရယ်ဒီမိတ်....ကောင်းပေစွ ။
အရောင်း အဝယ် အငှားအရမ်း တွေ အတွက်လည်း ရယ်ဒီမိတ် တွေ ရှိလာကြပြီ ။ အိမ် ခြံ မြေ ကား ၊ အရောင်းအဝယ် နဲ့ ငှားရမ်းခြင်း စာချုပ်စာတမ်းတွေ ရယ်ဒီမိတ် ရ နေပါပြီ ၊ ခြင်္သေ့ကြီး နှစ်ကောင် ကျောပေး ( တနည်း ဆိုရရင် ဖင်ချင်းပေါက် ) ထိုင်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အခွန် တံဆိပ်ခေါင်း ငွေတစ်ဆယ်ကျပ် ဆိုတဲ့ Template ခေါင်းစဉ်နဲ့ စာချုပ်တွေပေါ်မှာ အချက်အလက် တွေ ပြည့်စုံအောင် ရိုက်ထားပြီးသား ၊ အမည် ၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ ၊ ငွေကျပ် ..... ဘယ်လောက် ၊ အသိသက်သေ အမည်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ ဆိုတာ တွေ ကို ရေးဖြည့် လက်မှတ်ထိုး လိုက်ရုံနဲ့ ပြီးနိုင်ပြီတဲ့ ၊ ဒါတွေကို ရောင်းသူ ဝယ်သူ တွေက ဘာမှ ဦးနှောက်စားပြီး စာစီရေးသား စရာ မလို ၊ ပွဲစားတွေ ဆီမှာ အပ်ထားရင် သူတို့ ကပဲ သက်ဆိုင်တဲ့ စာချုပ်တွေ အစ အဆုံး အသင့်ပြင်ယူဆောင်လာတာမို့  လက်မှတ်ထိုးလိုက်ရုံပဲ ၊ ဒါပေမဲ့ စာချုပ်ပါ အချက်အလက်တွေ ပြည့်စုံမှန်ကန်ရဲ့ လား ဆိုတာ ကိုတော့ သေချာ စစ်ဆေး ဖတ်ရှုပြီးမှ ဖြစ်တာမို့  အဲ့ဒီ အချိန်လေးကိုတော့ စိတ်ရှည်ရှည် ပေးပြီးမှ လက်မှတ်ထိုးရမှာပေါ့ ။ ပြီးရင် မှတ်ပုံတင်ရုံးမှာ ရှေ့ နေ နဲ့တကွ တရားဝင် မှတ်ပုံတင် ပြီးမှ ဒီစာချုပ် တစ်ခုက အသက်ဝင် တရားဝင် ဖြစ်ကြောင်းကို သတိပြုသင့်တယ် ။ အရောင်းအဝယ် စာချုပ်မှာ ရောင်းသူ ၊ ဝယ်သူ နဲ့  အသိသက်သေများ လက်မှတ်ထိုးပြီးရုံ နဲ့ တရားမဝင်သေးဘူး ၊ ဒီတော့တန်ဘိုး ကြီးကြီးမားမား ကိစ္စတွေ ဆိုရင် တရားဝင် မှတ်ပုံတင်ထားမှ အရေးရယ် အကြောင်းရယ် တရားစွဲဖို့ ပြုဖို့  လိုအပ်လာရင် ကိုယ့်ဘက်က သေချာရလေအောင် မှတ်ပုံတင်ထားသင့်တယ် လို့  ပြောချင်ပါတယ် ။ ဒါပေမဲ့ အမြတ်တော်ခွန်ဆောင်ဖို့ ၊ ရှောင်ဖို့  ကိစ္စတွေ နဲ့ ပတ်သက်လာနိုင်တယ်နော် ၊ သတိတော့ ထားကြပေါ့လေ ။ အဟဲ ။ ဒါလေးကတော့ စာချုပ်စာတမ်း နဲ့  ပတ်သက်တဲ့ ရယ်ဒီမိတ်..... ။ မြန်၊ကောင်း၊သက်သာမို့  ဒါလည်း ကောင်းပေစွ တမျိုးပေါ့။
ဒါတင်မက ရယ်ဒီမိတ် ပညာရေးလည်း ရှိပါသေးတယ် ။ ယုံနိုင်ပါ့မလား ။ ရှေးယခင်က ပညာ ဆိုတာ အချိန်ကုန်ခံ၊ကိုယ်ပိုင် စွမ်းအား၊ ဥာဏ်နဲ့  ဝီရိယစိုက်ပြီး ရိုးရိုးသားသား ကြိုးစားစွာနဲ့  သင်အံယူကြရတယ် ။ အမှန်တကယ် သင်ကြားတတ်မြောက်တော့မှ ထိုက်ထိုက်တန်တန်ပေးအပ်လို့ ရရှိလာတဲ့ ဘွဲ့ ထူး ဂုဏ်ထူးတွေက တကယ်ပဲ တန်ဘိုးရှိ အသုံးဝင် လှတယ် ။ လူမှန် နေရာမှန် အလုပ်အကိုင်တွေ ရနိုင် လုပ်နိုင်ကြတယ် ။ ခုခေတ်မှာတော့ ငွေကို ရေလို သုံးနိုင်သူတွေ ရေလျှံနေသူတွေ တချို့ ကြောင့် ရယ်ဒီမိတ် ဘွဲ့ ထူး ဂုဏ်ထူးတွေ လည်း ရှိနေကြပြီ ။ တကယ် မတတ်ပေမဲ့လည်း အင်ထုထားတဲ့ ဘွဲ့ ထူး ဂုဏ်ထူးတွေ ရနိုင်ကြပြီ ။ နာမယ်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီး တယောက်ဆိုရင် ဘွဲ့ လွန် တက္ကသိုလ် ကျောင်းတောင်မှ မတက်လိုက်ရပဲ နဲ့  PhD ဒေါက်တာ ဘွဲ့ ကြီး ဆိုတာကို ရလိုက်ပါသေးတယ်ဆိုပဲ ။ ဒီ့အပြင် သီရိပျံချီ ဘွဲ့ ထူးကြီး ဆိုတာ ကလည်း ဘာလုပ်စားလို့  ရတယ်တော့ မသိ( တချို့ ကပြောကြတယ် ၊ ခုခေတ်ကြီးမှာ နူးနပ်နေအောင် “ပေါင်း”စားလျှင် အရိုးမစူးနိုင်ဘူး တဲ့ ၊ “ကြော်”စားလျှင် အရိုးပါ ဝါးစားလို့ ရသတဲ့ ) ၊ ဘယ်လောက်လှူရင် ဘာ ဘွဲ့  ပေးမယ် လို့ သတ်မှတ်ထားကြတယ် နဲ့ တူပါတယ် ၊ အလှူရှင်ကြီး အတော်များများမှာဘွဲ့ ထူး ဂုဏ်ထူးတွေ တပုံကြီး ရလို့  နေကြပါပြီ ။ရယ်ဒီမိတ် ကြိုတင်မဲများဖြင့် အပိုင်ကြံပြီး အနိုင်စံလိုက်ကြသူများ အဖို့လည်း ပျော်လို့  မော်လို့  မဆုံး ၊ တပြုံးပြုံးဖြင့် အောင်ပွဲခံနေကြလေပြီ ၊ ဒါကတော့ ပညာရေး ၊ လူမှုရေး၊ နိုင်ငံရေးတွေနဲ့  ပါတ်သက်တဲ့ ရယ်ဒီမိတ်..... ကောင်းလှပေစွ ကောင်းပေစွ ။
ဒီလို ရယ်ဒီမိတ်တွေ ခေတ်စားနေတဲ့ ဒီခေတ် ဒီကာလကြီးမှာ ဖွားကိ တို့ အမျိုးတွေကလည်း ခေသူများ မဟုတ်ကြလေတော့ များမကြာမီ ကာလတုံးက ရယ်ဒီမိတ် တခုတော့ရအောင်ယူလိုက်တယ် ။ ဘာရယ်ဒီမိတ်လည်း လို့  သိချင်ရင် တိုးတိုးတိတ်တိတ်လေး ပြောပြရအုံးမှာပေါ့လေ ။ ဒီ ရယ်ဒီမိတ် လေးတွေက တော့ ကောင်းတယ် မကောင်းဘူး ဆိုတာ ကာယကံရှင် မှ လွဲ လို့  ဘယ်သူက ဆုံးဖြတ်နိုင်ကြမှာလည်း ။ ဒီလို ဒီလို ပါ ။ “ရယ်ဒီမိတ်ကလေး”များ လို့ ဆိုရမယ် ထင်ပါရဲ့  ၊ ဖွားကိရဲ့ တူတော်မောင်တစ်ဝမ်းကွဲလေး ကလည်း ခေတ်မှီအောင် ရွေးလိုက်တာက ရယ်ဒီမိတ်ကလေး၂ယောက် ဖြစ်ကြောင်းပါ ။ ကလေး၂ယောက် အမေကို အချစ်တွေဝင် အပြစ်မမြင်မို့  ၊ သူ့ ခမျာ မင်္ဂလာဆောင်လိုက်တာနဲ့  ချက်ချင်းပဲ ကလေး၂ယောက်အဖေ ဘွဲ့ ကို အဆင်သင့် မပင်မပန်း ရရှိသွားပြီး ၊ ဖွားကိခမျာလည်း ရယ်ဒီမိတ် မြေးတဝမ်းကွဲလေးတွေ အချောင်ရလိုက်တာမို့  ဒီလို ရယ်ဒီမိတ် ကိုလည်း ကောင်းပေစွလို့ပဲ မှတ်ချက်ချလိုက်ချင်ပါရဲ့ လေ ။
( အသင်တို့ ရော ဘယ်လို ရယ်ဒီမိတ်များနဲ့  အဆင်ပြေ နေကြပါသလည်း ..... ) ။ ပြောပြချင်သူများ လွပ်လပ်စွာ ပြောပြ ရေးပြ နိုင်ပါတယ်း)) ၊
ဒီနေ့  ၁ ရက် နေ့ ။ ဒီလ နိုဝင်ဘာ လ ။ ခုနှစ်က ၂၀၁၀ ....
ထီဖွင့်ရန် (၇) ရက်သာ ကျန်တော့သည် ။အောင်ဘာလေသိန်းထီကြီးတော့ မဟုတ် ။ မကြာခဏ ကျနေသော ဂျောက်ကြီးထဲ နက်သထက် နက်အောင် တွန်းပို့ မည့် ဂျောက်ချပွဲ (ထီဖွင့်ပွဲ)ကြီး ခြိမ့်ခြိမ့်သည်းကျင်းပလေတော့မည် ။ ရိုးရိုးသားသား လူအများစု ပြာပုံ ဆက်တိုးကြလေရအုံးမည် ။ သာပေါင်းညာစား လူအနည်းစုတို့  လောကနိဗ္ဗာန်သို့  သူ့ ထက်ငါ အလုအယက် တက်ကြပေတော့မည် ။
စာမတတ်က ကြက်ခြေခတ် ဟု အသုံးလုံး မကျေသူများအား ပြောကြသည် ။ ဖွားကိ စာမတတ်ပါ ။ ထို့ ကြောင့်... ( X )။
အရေး အဖတ် အတွက် ဟူသော “အ” သုံးလုံး မကျေရုံသာမက “အကြံအဖန်” ၊ “အလိမ်အညာ” ၊ “အရမ်းအကြမ်း” ၊ “အတင်းအကြပ်” စသော “အ” အလုံးပေါင်းများစွာဖြင့် ပြည့်စုံလှသော အနှီ ထီ ပွဲကြီး အား အစာမကျေ ဖြစ်နေ၏ ။ ထို့ ကြောင့် ... ( X )
ခုတလောမျက်စိထဲ မြင်မြင်သမျှ ခရော့စ် ဖြစ်နေ၏ ။ နားထဲ ကြားကြားသမျှ ခရော့စ် ဖြစ်နေ၏ ။နာမည်ဆိုးဖြင့် ကျော်ကြားသူများ ရော ၊ နာမည် မရှိပဲ ကျော်ကြားသယောင် တပွဲတိုးလာသူများ ၊ အချောင်စံလိုသူများ ရော၊ အညာခံသူများ ရော.. ရှုပ်ရှက်ခပ်လို့ နေကြသည် ။ ထို့ ကြောင့်... ( X )
ချစ်(ခြစ်) စရာ က အမှန် တခုသာ ရှိ၏ ။ မမှန်သူ ထိုသူ အများအား မမှန်ရာ အကြောင်းသာ ခြစ်လို၏ ။ စိမ်း နီ ဝါ ပြာ အားလုံး ကို ကာလာ ဘလိုင်း ဖြစ်နေ၏ ။ ထို့ ကြောင့် ... ( X ) ။
ခုကတည်းက ရာသီဥတု ပူပြင်းနေပြီ။ နွေခေါင်ခေါင် မဟုတ်ပေမဲ့ နေပူလောင်နေကြသူများ အေးရာအေးကြောင်း ဆောင်းစရာ ခမောက်ကလည်း မရှိ ။ ထို့ ကြောင့် ... ( X ) ။
လမ်းတိုင်း နေရာတိုင်းမှာ ခြင်သေ..အဲ့လေ.. ခြသေ့င်္တွေ များပြားလှ၏ ။ တဝေါင်းဝေါင်းနှင့် မာန်ဖီ ဟိန်းဟောက်နေကြ၏ ။ တိုင်းသူပြည်သား လူအများတို့ သတိထား နေထိုင်ကြရန် လို၏ ။ ထို့ ကြောင့်... ( X ) ၊
အောက်မှ သီချင်းလေးတပုဒ်အား နားဆင်ကြည့်စေလိုပါသည် ။ထက်အောင်ရှိုင်းရဲ့ “အချောင်စံသူနှင့် အလိမ်ခံသူ ”၊ ဟုတ်၏ မဟုတ်၏ ၊ မှန်၏ မမှန်၏ ဆိုသည်များအား ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ကြပါလေ ။
ဟိုစပ်စပ် ဒီစပ်စပ် ယောင် ၆၀ လုပ်နေရင်း၊ ဟိုနေရာ ဒီနေရာ သွားရင်းလာရင်း နဲ့ ရလာတဲ့ လက်ကမ်းစာစောင်လေး ထဲမှ ကိုယ် မသိသေးတဲ့ အကြောင်းအရာ တချို့ ၊ ကိုယ့်လိုပဲ ဘာမှန်းမသိ ၊ ဘာကို ဘယ်လို ရှိမှန်းမသိ၊ ဘာလုပ်လို့  ဘာကိုရွေးရမှန်းမသိ ဖြစ်နေသူ များစွာ လည်း ရှိနေအုံးမယ် လို့  ထင်မိတယ် ။
ဒါ့ကြောင့် ဒါတွေက ဒီလို ရှိတယ် ၊ဆိုတာ မသိသေးတဲ့သူများ သိအောင် ထပ်ဆင့် ဝေငှ လိုက်ပါတယ် ။ မတရားသဖြင့် ခြောက်လှန့်ခံရခြင်းကြောင့် ကြောက်ရွံ့ နေရခြင်းမှ ကင်းဝေးကြပါစေ ။
ဒီနေ့ လည်း သွေးရောဂါဆေးရုံသို့  တခေါက်ရောက်ခဲ့ရပြန်ပါတယ် ။ ညီမလေးတယောက် ဆေးရုံတက်ရလို့ ပေါ့။ ဆေးရုံက မကြာခဏတက်နေရတော့ သူမအတွက်ကတော့ သိပ်ပြီးမထူးခြားလှပါ ။
သွေးမသွင်းခင်တရက် ပြင်ပလူနာဌာနကိုပြ ၊ သွေးရဖို့  စီစဉ်၊ နောက်တနေ့ မှာ ဆေးရုံတက်ပြီး သွေး ၂ အိတ်သွင်း၊ ဒါတွေက လုပ်နေကျ အစီအစဉ်လေးတွေပါ ။ သွေးသွင်းဖို့ အသွားမှာ လိုအပ်တဲ့ သွေးပိုက် ၊ ထိုးဆေး နဲ့ ဆေးထိုးအပ် ၊ လက်အိတ် ၊ ဂွမ်း ၊ အရက်ပျံ၊ ပလာစတာ ၊ အစရှိတာတွေကို အဆင်သင့် ဝယ်ယူပြင်ဆင်ထားရတယ် ။
ထိုးဆေးတမျိုးလိုနေလို့  ဆေးရုံကြီး ဝင်းအထဲမှာရှိတဲ့ ဆေးဆိုင်ကို အပြေးအလွှားသွားဝယ်ရတယ် ။ လိုအပ်တာတွေကို ဆေးရုံဝင်းအတွင်းမှာပဲ အလွယ်တကူ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားတာကိုပဲ ကြံဖန် ကျေးဇူးတင်ရပေမယ် ။
အင်းလေ... ကျေးဇူးတင်လို့ တောင် မဆုံးသေးဘူး ဆေးကောင်တာက အရောင်းစာရေးမလေးက ဆေးတမျိုးကို ၂ ခါ ပြန်ယူပေးရလို့ ငြူစူစူ လုပ်ပြတာ ခံလိုက်ရသေးတယ် ။ ဩော်..... လောကကြီးက ပြောင်းပြန်ပါလား ။
ဖွားကိ တိုင်းတပါးမှာ လုပ်ခဲ့တုံးက ဆေးရုံရဲ့ ဆောင်ပုဒ်တခုကို ပြေးပြီး အမှတ်ရလိုက်မိပါသေးရဲ့  ။ လူနာ( စားသုံးသူ) တို့ သည် အမြဲတမ်း မှန်ကန်၏ ( Customer is always right )တဲ့ ။
ဒါ့ကြောင့် ဆေးရုံ ဝန်ထမ်းတွေက ( လူနာ/လူနာရှင် ) ဘက်က ဘယ်လောက်ပဲ မှားမှား သည်းခံရမယ် တဲ့ လေ ။ နေမကောင်းလို့  ဆေးရုံလာတက်ကြတာ မို့  လူနာ( လူနာရှင်) တို့ ရဲ့  စိတ်နှစ်လုံးမှာ ပူပင်သောက ရှိနေလေ့ရှိတာမို့  သူတို့ စိတ်အေးချမ်းသာအောင် ဝန်ဆောင်မှု ပေးရမယ် တဲ့၊ ဒါက အဲ့ဒီနိုင်ငံမှာ ရှိတဲ့ အစိုးရဆေးရုံတွေမှာ ရော ၊ ပုဂ္ဂလိက ကိုယ်ပိုင် ဆေးရုံတွေမှာပါ ကျင့်သုံးနေကြတဲ့ ဆောင်ပုဒ်များထဲက တခုပါ။ ထားပါတော့ သူများနဲ့ မယှဉ်တော့ဘူး ။ ကိုယ့်ပြည် ကိုယ့်ရွာ ရဲ့ ဓလေ့ ၊ ဆောင်ပုဒ်တွေ ၊ ကျင့်သုံးမှုတွေ ဘယ်လိုရှိမှန်းသေချာမသိတော့တာမို့  သူ ငြူစူတာကို ကိုယ်ကပဲ အပြုံးလေးနဲ့  ( မချိပြုံးလို့ ပြောရရင် ပိုမှန်ပါလိမ့်မယ် ၊ ကိုယ်ပိုက်ဆံပေးပြီးဝယ်ရတာတောင် ဒီလိုပဲ ပြုံုးပြရတယ်လေ) ကိုယ်လိုတဲ့ ဆေးကလေး မြန်မြန်ရအောင် ပြောရသေးတယ် ။
နောက်တော့ လူနာဆီ ပြန်လာပြီး သွေးသွင်းဖို့  အလှည့်ကျအောင် စောင့်နေပါတယ် ။ အဲ့ဒီ အချိန်မှာပဲ ဆရာဝန်ကြီးတိုင်းခန်းလှည့်လည် .. အဲ့လေ.. ward round တယ် ။ သူ့ နောက်မှာတော့ ထုံးစံအတိုင်း ဆရာဝန် လတ် ၊ ဆရာဝန်ငယ် ၊ ဆရာဝန်ပေါက်စ ၊ ဆရာမကြီး စိမ်း ၊ ပြာ၊ နီ တို့  များစွာ ပါရှိလေတယ် ။ ဒီအချိန်မှာ ကိုယ့် ညီမလူနာ နဲ့  တစ်ကုတင် အကျော်က လူနာ အဒေါ်ကြီးတယောက် အမောဖေါက်နေပါတယ် ။ သူ့ ညာဘက်လက်ဖျံမှာတော့ အငန်ရည် ဒရစ်ပ် တစ်ပုလင်းသွင်းထားတယ် ၊ နှာခေါင်းမှာလည်း အောက်စီဂျင် ပိုက်လေး တေ့ထားတယ်။
သူ့ ဘေးမှာ သူ့ ယောကျာင်္း နဲ့ သမီးလို့  ယူဆရတဲ့ ဦးလေးကြီး တယောက် နဲ့ မိန်းကလေးတယောက် စိုးရိမ်ပူပန်ခြင်းမျက်နှာများနဲ့ စောင့်နေကြပါတယ် ။ သူတို့ ကို လှမ်းကြည့်လိုက်တော့ လူနာရှင် ဦးလေးကြီးက ကိုယ်နဲ့ အကြည့်ချင်း အဆုံ ၊ သူက ကိုယ့်ကို အကူအညီတောင်းခံတဲ့သဘောနဲ့ လှန်းပြောပါတယ် ။ “ဟိုနားက ဆရာဝန်ကြီးကို ခဏလောက် ခေါ်ပေးပါ ”တဲ့
ကြောက်ရွံ့ ခြင်းများစွာ အလည်မှာ ကြီးပြင်းရှင်သန်လာရသူ တွေ အတွက် နေရာတကာမှာ မပြောရဲ မဆိုရဲ ကြောက်ရွံ့  သိမ်ငယ်နေကြသလိုမျိုးပါ။
လူနာ အဒေါ်ကြီး အသက်ငင်နေပြီ ။ Gasping ရနေပြီ၊ ဒီအချိန်က အရမ်း အရေးကြီင်္းနေတဲ့ အချိန်ပေါ့ ။ ဒါကြောင့် ဟို မလှမ်းမကမ်းမှာ ရောင်းလှည့်နေကြတဲ့ ဆရာမတယောက်ကို သွားပြောပေးလိုက်ပါတယ် ။ ဟိုလူနာ အမောဖေါက်နေတယ် ပေါ့လေ။ ဒီတော့ ဆရာမ အနီလေးက လူနာကိုလာကိုင်ကြည့်တယ် ။ အဒေါ်ကြီး အိပ်နေတယ် ထင်သလားမသိ ။ လှုပ်နှိုးလိုက်တယ် ။
နောက် ၂ မိနစ်လောက်ကြာတော့ ဆရာဝန်ပေါက်စလေး တယောက် ရောက်လာတယ် ။ ပုခုံးမှာ နားကြပ်လေး ချိပ်လို့  ဟန်ပါပါလေးနဲ့ပေါ့ ။ လူနာရဲ့  လက်ကောက်ဝတ်ကိုကိုင်ပြီး သွေးခုန်နှုန်း စမ်းကြည့်တယ် ။
ပြီးတော့ ပါးစပ်က တတွတ်တွတ် ။ မျက်နှာက အေးတိအေးစက် ။ လှုပ်ရှားမှုက နှေးနှေးကွေးကွေး ။ ဒီလိုနဲ့  နောက်ထပ်အချိန် ၃ မိနစ်လောက် ကုန်သွားပြီ ။ နောက်ထပ် ဆရာဝန် ပေါက်စနလေး တစ်ယောက် ရောက်လာတယ် ။သူ့ လက်ထဲမှာ BP cuff တခု ကိုင်လို့ ။ သွေးပေါင်ချိန်ဖို့  ပြင်ဆင်နေတယ် ။ ကုန်သွားပြန်ပြီ နောက်ထပ်အချိန် ၂ မိနစ် ။ သွေးပေါင်ချိန်က တိုင်းလို့ မရသေး ။ zero pressure ဖြစ်နေပြီ ထင်ပါရဲ့  ။သူမဘေးက အားကိုးတကြီး ကြည့်နေတဲ့ လူနာရှင် ဦးလေးကြီးကို တခွန်းလှည့်ပြောလိုက်တယ် ။ “ လူနာကို အိမ်ပြန်ခေါ်သွားချင်လား ” တဲ့ ။ “ ကားသွားခေါ်ပါ” တဲ့ ။
ဦးလေးကြီးကလည်း သဘောတူစွာ ခေါင်းငြိမ့်တယ် ။
လူနာ အဒေါ်ကြီ်း gasping ရနေတာ ၃ ချက်လောက် အသက်ငင်ပြီး ငြိမ်ကျသွားပြီ ။ ဆရာမ အနီလေးတယောက် လူနာဘေးမှာ အသင့်ဝယိထားတဲ့ ထိုးဆေး တစ်လုံး ထိုးပေးလိုက်တယ် ။ နောက်ထပ် အချိန် ၃ မိနစ်လောက်ကုန်သွားပြီ ။ ဆရာဝန်ကြီး တိုင်းခန်းလှည့်နေရာ လူနာကုတင် မှ တချက် လှန်းကြည့်လိုက်တယ် ။ မျက်စိအကြည့်သာ သေခါနီးလူနာဆီ ရောက်လာတယ် ၊ ခြေဦးမလှည့်တော့
ခြေလှမ်းလည်း မရောက်လာတော့ ။ သူ့  အဖွဲ့ တပြုံတမကြီင်္း ထဲက ဘယ်သူမှ ဒီကုတင်ဆီ ခြေဦးမလှည့်တော့ ။ ဘယ်လိုမှ ကယ်တင်လို့  မရတော့လောက်အောင် ရောဂါကျွမ်းနေပြီ ထင်ပါရဲ့ ။ဒါမှမဟုတ် တခန်းထည်းမှာပဲ သူ့ လူနာ ၊ ကိုယ့်လူနာ ခွဲထားတာမို့  သူ့ လူနာ မဟုတ်တဲ့ ဒီဘက်အခြမ်းကို သူလာမကြည့်တာလည်း ဖြစ်နိုင်ပါတယ် ။ ဆေးရုံ အထာ သိနေတဲ့သူတွေကတော့ ဘယ်ကုတင်က ဘယ်ဆရာဝန်နဲ့ ဆိုင်တယ်ဆိုတာ သိနိုင်ပေမဲ့ အထာမသိတဲ့ အပြင်လူတွေ ၊ လူနာရှင်တွေ အနေနဲ့ ဒီလိုအကြောင်းတွေကို သိနိုင်ပါ့မလား ။ တောသူတောင်သား မလည်မဝယ် သူတို့ ခမျာ မြို့ကြီးပြကြီးမှ ဆရာဝန်ကြီးတွေက မျက်နှာမွဲ လူနာတွေကို ဂရုမစိုက်လေဘူး လို့  များ ထင်မှတ်မှားသွားလေ မလား ။ ကိုယ့်အတွေးများက ဟိုရောက် ဒီရောက်ပေါ့။
ဒီလိုနဲ့  ဘာကိုစောင့်နေမှန်းမသိ ။ ဘယ်သူမှ အရေးပေါ် အသက်ကယ်ခြင်းကို မပြုလုပ်ကြတော့ ။ လူနာရှင်တွေကပဲ မလုပ်လိုတော့ တာလား မသိ ။နောက်ထပ် မိနစ် အနည်းငယ် ကြာတော့ အဲ့ဒီ ဆရာဝန်ပေါက်စလေး ၂ယောက် ထဲမှ တယောက်က အီးစီဂျီ ဆွဲတဲ့ စက်ကလေး တွန်းလာတယ် ။ လူနာရဲ့  မျက်လုံးကို( pupil dilate )သူငယ်အိမ် ကျယ်၊ မကျယ် သိရအောင် ထိုးကြည့်စရာ လက်နှိပ်ဓါတ်မီး က အဲ့ဒီ ဆရာဝန်ပေါက်စဆီမှာ အဆင်သင့် မရှိ ၊ ဘေးကုတင်က လူနာစောင့် ညရေးညတာ သုံးဖို့ ထားတဲ့ တရုပ်ဖြစ်လက်နှိပ်ဓါတ်မီးတခု ငှားယူပြီင်္း ငြိမ်နေတဲ့ အဒေါ်ကြီင်္း မျက်လုံးကို မီးထိုးကြည့်တယ် ။ Light Reflex မရှိတော့မှန်း ဘေးက နေ မှန်းကြည့် နေမိတယ် ။
အင်းလေ ။ သေမယ်ဆိုလည်း သေလောက်ပြီပဲ ။ အိုး.... ဒီၤေလာက္နဲ့ ဘယ္ရမလဲ ။ သေချာအောင် အီးစီဂျီ ဆွဲကြည့် တာပေါ့ ၊ ( လူနာ အသက် မငင်ခင်တည်းက တပ်ဆင်ထားသင့်တဲ့ အီးစီဂျီမော်နီတာ မရှိ ၊ ထားလိုက်ပါတော့ ဒီစက်မျိုးက ICU အခန်းက လွဲရင် ဆေးရုံက လူနာအခန်းတိုင်းမှာ ရှိချင်မှ ရှိပေမယ် ။ )
အီးစီဂျီမှတ်တမ်းလေးကို စာရွက်ချွေတာရေး သဘော နဲ့ အဖြစ်သဘော လက်တထွာ မရှိတရှိ အရှည်လေး ဆွဲယူ လိုက်တယ် ။ စပ်စုတတ်တဲ့ ကိုယ့်မျက်လုံးက အဲ့ဒီစာရွက်ကို လှမ်းကြည့်မိလိုက်သေးတယ် ။
လူနာ နှလုံးခုန်ချက် မပြတော့ ။ flat line ကလေး အထက်အောက် မျဉ်းပြိုင် ၃ ကြောင်းကို တွေ့ လိုက်မိတယ် ။ ဪ.. ခုတော့ ရှောသွားပြီ ပေါ့ ....... ။ ဆရာဝန်ပေါက်စလေးမှ ဆွဲထားတဲ့ အီးစီဂျီ အပိုင်းအစ အတိုလေးကို စက်မှဆွဲဖြတ်လိုက်ပြီး လူနာအသက်မရှိတော့ကြောင်း လူနာရှင်ဦးလေးကြီးကို ပြောပြလိုက်တယ် ။
ဦးလေးကြီးမှာ ဘာခံစားမှုမှ မရှိတဲ့ မျက်နှာမျိုး ၊ အံ့သြခြင်း ၊ ဝမ်းနည်းခြင်း ၊ပူဆွေးခြင်း၊ ယူကြုံးမရဖြစ်ခြင်း ၊ ဘာဆိုဘာမှ ပြောင်းလဲမှု မရှိတဲ့ မျက်နှာ နဲ့  ဆရာဝန်မလေးရဲ့ ပြောကြားချက်ကို နားထောင်နေရင်း ဘေးက ရှိသမျှ သူ့ အသုံးအဆောင် ပစ္စည်းလေးတွေ ကို သိမ်းဆည်းနေတယ် ။ လူနာရဲ့ သမီးမှလည်း မျက်ရည် တစ်စက်မှ မကျနိုင်တော့ ။ သူမ လုပ်စရာ သိမ်းစရာများကို သိမ်းနေတော့တယ် ။ ဒီအချိန်မှာ ပဲ ထမိန်အနီ ဆရာမလေးတယောက် ရောက်လာပြီး “ ဦးလေး ၊ လူနာကို အဖျားတိုင်းလိုက်ပါအုံး ” တဲ့ လေ ။ လူနာရှင် ဦးလေးကြီး ကတော့ ဘာမှ ပြန်မဖြေ ၊
ပြန်မပြောတော့ နောက်တခေါက် ထပ်ပြောပြန်တယ် ။ ဘေးကနေ ကြားနေရတဲ့ ကိုယ်တယောက် “ဗုဒ္ဓေါ”... လို့ သာ တ လိုက်ချင်တော့တယ် ။ ဪ ... လူအရှင် နဲ့  လူ အသေကိုတောင် ခွဲခြားပြီး မသိနိုင်ကြတော့တာလား ။ အလုပ်တွေ သိပ်ရှုပ်နေလို့  သေချာ မကြည့်ပဲ ပြောလိုက်တာလားတော့ မသိတော့ပါ ။ သေပြီးတာတောင် နာရီဝက်လောက်ရှိနေပြီ ။ အဖျားလာတိုင်းခိုင်းနေပြန်သေးတယ်
ဒီတော့ မနေသာတော့တဲ့ ကိုယ့်အကျင့် အတိုင်း ဆရာမလေးကို ပြောပြရတယ် ၊ ဒီလူနာက Expired ဖြစ်သွားပြီ လို့ ၊ ဒီတော့မှ ဆရာမလေးလည်း ရှက်ကိုး ရှက်ကန်း နဲ့ ဪ..ဟုတ်လား တဲ့လေ။
ဘေးကုတင်က လူနာစောင့်တချို့ ကတော့ ပြုံးစိစိ နဲ့ပေါ့ ။ ကိုယ့်မှာတော့ ငိုရမလား ရယ်ရမလား ပဲ ။ နောက်ထပ် တစ်နာရီလောက်ကြာတဲ့ အခါမှာတော့ လူ၂ ယောက်က ဒီအဒေါ်ကြီးရဲ့  ရုပ်အလောင်းကို ဘာ အဖုံး ဘာအကာမှ မပါပဲ တွန်းလှည်းပေါ် တင်သွားကြပါတော့တယ် ။
နောက်မှ သိရတာက ဒီလူနာ ဒီအခန်းမှာ တက်နေရတာ ၁၀ ရက်လောက်ရှိပြီ ၊ အရိုးဆေးရုံမှာ တက်နေတာက တစ်လ တဲ့ ၊ လူနာရှင်ရဲ့  အပြောအရတော့ ရိုးတွင်းချဉ်ဆီအားနည်းလို့  တဲ့ ။ အရိုး သို့မဟုတ် သွေးကင်ဆာ လား လို့  မေးကြည့်တော့လည်း မဟုတ်ဖူး တဲ့ ၊ ဒါဆို ဘာ ရောဂါလည်းတော့ မသိ ၊( ဆေးမှတ်တမ်းတွေ မှာတော့ ရေးထားမှာ ပေါ့ ။ ) ဘာရောဂါပဲ ဖြစ်ဖြစ်ပါ ။ ရောဂါကျွမ်းပြီးမှ ဆေးရုံပေါ်ရောက်လာရင်တော့ ဘယ်လိုမှ ကယ်လို့ ကုလို့  ရမှာ မဟုတ်ပါဘူး ။
ဒါပေမဲ့ အသက်ထွက်ခါနီး အချိန်မှာ လူနာရှင် အားကိုးတကြီးနဲ့ ခေါ်လိုက်တဲ့ အချိန်မှာ မရှင်နိုင်တော့တဲ့လူတယောက်ကိုလည်း လာပြီး ကြည့်ပေးဖို့  ၊ လူနာရှင်ကို ရှင်းပြဖို့ ၊ အားပေးဖို့  လိုအပ်တယ် လို့  ထင်ပါတယ် ။ သေပြီးသား ရုပ်အလောင်းကို ဆေးရုံ အတွင်းမှ သယ်ဆောင်တဲ့ အခါမှာလည်း အခြားသူများ မမြင်ရအောင် ဖုံးထား အုပ်ထားဖို့  လိုပါတယ် ။ ခုတော့........
ဆေးရုံ ဆိုတာက လူသေတာ အများဆုံး နေရာတခုပါ ။ လူနာတွေ အသက်ထွက်တာကို မြင်ရပေါင်းလည်း မနည်းလှပါ ။ ဒီတခါလောက် အေးအေးဆေးဆေးရှိလှတဲ့ မြင်ကွင်းမျိုးကတော့ ရှားလှပါတယ်။
လူနာရှင် အနေနဲ့ လည်း မရှင်တော့မဲ့ အတူတူ ဆက်ပြီး အချိန်ကုန် ငွေကုန် လူပန်း မဖြစ်ရလေအောင် လက်လျှော့လိုက်တာကမှ သူလည်း ဝဍ်ကျွတ် ကိုယ်လည်း ဝန်ပေါ့ ၊င်္ဒိလို အေးအေးဆေးဆေး မြန်မြန်ဆန်ဆန် သွားလိုက်တာကမှ သူ့ အတွက်ရော ကိုယ့်အတွက်ပါ ပိုကောင်းတော့မှာမို့  ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာ လား လို့ သာ.......
ကိုယ့်ရပ် ကိုယ့်ရွာ ပြန်ရောက်တာ ၃ လကျော်ကြီးများတောင် ရှိနေပေမဲ့ နေသားက မကျ တကျ ဖြစ်လို့  နေဆဲ ။ တနေ့  တနေ့  ယောင်လည်လည် နဲ့  ဘယ်ကစပြီး ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိသေး ။
ကြွေးတင် ဝက်မွေး ဆိုလို့ဝက်ပဲမွေးရတော့ မလိုလို ( ကြာရင် ကြွေးတင်တော့မှာ မို့ ) ၊ ကြက်ပဲ မွေးရတော့ မလိုလို ၊ငါးတွေပဲ မွေးရတော့မလိုလို၊ ခရမ်း သုံးခွ ဖက် လျှောက်ကြည့် ဖြစ်ခဲ့သည် ။သမ္မာ အာဇီဝ အလုပ်တော့ အလုပ် ပါပဲ ။ ဪ .. အကုသိုလ် အလုပ်တွေ မလုပ်ကောင်းပါဘူးလေ လို့  စိတ်မှာ မှတ်ပြီး မွေးမြူရေး ဘက် မလှည့် လိုတော့။( လူကြား ကောင်းအောင် ပြောတာပါ ၊ တကယ်ဆိုရရင်တော့ ကြက်ချီး ဝက်ခ ဒီတော့ စိုက်ပျိုးရေး ပဲ လုပ်ရကောင်းမလားပေါ့ ။ မှော်ဘီ ဘက်မှာ နှင်းဆီခြံ တွေ ၊ သရက် ခြံတွေ နဂါးမောက်သီးခြံ တွေ ၊ နှစ်တို နှစ်ရှည် စားပင် ပန်းပင် ခြံတွေ အမျိုးမျိုး ။သူများတွေ စိုက်ထားကြတာ အားရစရာမို့  မိုးရွာကြီးထဲမှာ အားကျစွာဖြင့် သူများခြံတွေဆီ လိုက်ကြည့်ဖြစ်သေး ။ တကယ် လုပ်ကြည့်မှ တယ်မလွယ် လှကြောင်း ၊ အလုပ်သမား ထိန်းရ သိမ်းရသည်များ ၊ အလေအလွင့် တွေ နဲနိုင်သမျှ နဲအောင် စနစ်တကျ လုပ်ရသည့်  ဦးနှောက်ခြောက်ဖွယ် အရာများ ၊ သူငယ်ချင်းဖြစ်သူပြောပြတာ သိရမှ အင်တင်တင် နဲ့ ရှေ့ ဆက် မတိုးဝံ့ သေး ။
နောက်တဦးက အကြံပေးသည်က ကိုယ်ပိုင် ဆေးခန်း ဆေးရုံဖွင့်ရန် ၊ ဒါလည်း တယ် မလွယ်လှ အရင်းအနှီး က အင်မတန်များ ။ ဒီထက် အရေးကြီးသည်က တရားဝင် လိုင်စင်ရဖို့  သူတို့  အမျိုး အနွယ်များနှင့် ပါတ်သက်မှု ရှိမှ အဆင်ပြေ မည် ၊ ပေါင်းသင်းဆက်ဆံရေး မကောင်းလှသည့် ဖွားကိ ၊ ဟို ကောင့်ကပ် ဒီကောင့် ကပ် ဖို့ ဝေးစွ ဒစ်စ်ကောင့် ကဒ်တောင် မရှိသမို့  ဒီ အကြံပေးချက်များကိုလည်း ဥပက္ခာ ပြုထားလိုက်ရပါသည်။
ဒါဆိုရင်လည်း စားသောက်ဆိုင် ဖွင့်ပါလား တဲ့ ။ဘီယာစတေရှင်ဖွင့်ပါလားတဲ့ ၊ ကော်ဖီရှော့ပ် လေး ဖွင့်ပါလား၊ ကာရာအိုကေ ဆိုင်ပါ တွဲ ဖွင့်ပါလား တဲ့  ၊ လူဆိုတာ မဝတ်ရင်သာ နေလို့ ရတယ် ၊ မစားလို့  မရဘူး တဲ့  ၊ ဂလို ဆို ပြန်တော့လည်း ဟုတ်တုတ်တုတ် ၊ သတိထား ကြည့်လိုက်မိတော့ မှ ရက်စတောရင့် ကြီင်္းတွေ ၊ ခမ်းနားကြီင်္းကျယ်စွာ ဖွင့်ထားကြတာ မြင် မိသည် ၊ နာမယ်ကြီး စားသောက် ဆိုင်ကြီးများ မှာ လူ တွေ အပြည့် စားနေ သောက်နေကြတာ တွေ့ လိုက်ရသည် ။ ဘယ်လို လူတွေပဲ ဒီလို နေရာမျိုးမှာ စားသောက် နိုင်ကြကြောင်းကို တော့ တွေးကြည့်စရာတောင် မလို လှ ၊ ဆိုင်ရာ ပိုင်ရာ များကို အချိန်မှန် ဆက်သ နေမှသာ ဒီလုပ်ငန်းများ အဆင်ပြေ ချော မော စွာ လည်ပါတ်နိုင်ကြကြောင်း သိလိုက်ရသည် ၊ J ဒိုးနပ်ကြီးတွေ က နှစ်ပေါင်းများစွာ အလုပ်ဖြစ်နေကြပေမဲ့ အခွန်တောင် ဆောင်စရာ မလိုဘုးတဲ့ ၊ ပိုင်လိုက်ပုံများ နော် ။ အင်း ၊ My Garden အဲ့လေ .. ယောင်လို့  ၊ Oh My God ! ..ဒါလည်း မဖြစ်သေးပါဘူး ။
နောက်တယောက်... တလောကလုံးကို အဖြူရောင် ဆိုးချင်နေသော အဖြူလေး ဆိုသူက အကြံဥာဏ်ပေးလာပါသေးသည် ။ အင်တာနက်ဆိုင် ဖွင့်ပါလား တဲ့ ။ ဒါဆို တချက်ခုတ် အချက်ပေါင်းများစွာပြတ်ပေရော့မည် ။ ဟိုကလာ စစ် ။ ဒီကလာ စစ်နဲ့ ဖွားကိ ဇာတ်ရှုပ်တွေ ပေါ်ကုန်မှဖြင့် ၆၅ နှစ် နဲ့ တိုးနေမှာစိုး၍ ဤ အကြံပေးသူကို အမဲရောင်သာ ဆိုးပစ်လိုက်ချင်ပါသည် ။ အနှီသကောင့်သားအား ၁၁/၇ မတိုင်မီ ရွှေပြည်ကြီးဆီပြန်လာပြီး အသဲကြားက ပဲ တပြားလောက် ထုတ်ပြီး ပေးစေချင်လှပါသည် ။း))) ။ ယခုထက်တိုင် ဖွားကိတယောက် ဘယ်သူ့ ကို ဘာအပြား ပေးရမှန်းမသိ ။ နဝေတိမ်တောင် ဖြစ်လို့ နေဆဲပါပေ ။ သို့ ပေမဲ့လည်း ကိုယ့်လို ဘဝတူများစွာ ရှိနေမည် ဆိုတာတော့ သေချာလှပါသည် ။ ဒီတော့လည်း တပျော်တပါးကြီး ပဲ သွားပေး ဖို့  ၊ မပေးဖို့အသာထား ၊ ပဲ များပြလိုက်တာကမှ ကောင်းလေအုံးမည် ။ လိပ်နှုန်း နဲ့ ပြေးနေသော ကိုးနတ်ရှင် တွေ ၊ လာတချက် မလာနှစ်ချက် ဖြစ်နေတဲ့ လျှပ်စစ်မီးတွေ ၊ ကြောင့် ဆိုင် စရိတ်တွေ တက်ပြီး မကြာခင် ကိုယ့် ဖျာ ကိုယ် လိပ် ပြီး ပြန်ရမဲ့ ကိန်း ဆိုက်ရောက်မှာ ကို ကြိုသိနေလို့  ဒီအကြံကိုလည်း လက်မခံဖြစ်ပါလေ ။
ဒီလို နဲ့  ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် သတင်း သန့် သန့်  ကြားလိုက် မိတာမို့  စပ်စပ်စုစု လုပ်ဖြစ်သေးသည် ။ Without ကားတွေ တရားဝင် လိုင်စင် ထုတ်ပေးနေပြီ ဆိုပဲ ။ ဘာပါလိမ့် Without ကား ဆိုတာ .... ဩော် ရှင်းရှင်းလေး ကိုတောင် နားမလည် ဘူး ဆိုတော့ နားလည်သလို ပဲ ပြန်ရှင်းပြလိုက်ချင်သည် ။ within ဆိုတာ“ အတွင်း” လို့  အဓိပ္ပါယ် ရလျှင် without ဆိုတာ “အပြင်” လို့  ဆိုလိုမည်လား ။ အင်း ... ဒီလိုကြီး တိုက်ရိုက် ဘာသာပြန်လို့ လည်း မရသေးပါဘူး လေ။ With ဆိုတာ “ နှင့်  / ဖြင့် ” ဆိုတော့ Without ဆိုတာ“ မနှင့် /မဖြင့် ” လို့ ပဲ ပြောရမည်လား ။ နောက် မှ သိရသည်က တရားဝင် လိုင်စင် မရှိသော ( သို့ မဟုတ် ) လိုင်စင်မဲ့သော ကား များ ကို ကား လော က မှာ အတိုကောက် ခေါ် ဆို နေကြသော အသုံးအနှုန်း ဖြစ်ပါကြောင်း ။ အနှီ without ကားများကို လူဂျီးသားသမီး များ နဲ့ နီးစပ်ရာ အသိုင်းအဝိုင်း မှ မှန်မဲမဲ ကြီးများပိတ်ကာ ၊ မီးတဖြတ်ဖြတ် ထွန်းကာ စီးနေ ရမ်းနေကြသည် မှာ နှစ်ပေါင်း အတန်ကြာနေခဲ့ရာ မှ ခုတော့ တရားဝင် လိုင်စင် ထုတ်ပေးနေပြီ ဖြစ်ပါသတဲ့ ။ ဒါကလည်း သူ တို့  စားကွက် သူတို့ ထွင်ထား မှန်း ကလေးရော ခွေးပါ သိ နေကြသမို့  မျက်နှာမွဲ ကျောပြဲ ၊ အပြင်လူ တွေဘယ်လိုများ ဝတ်သ် နိုင်ကြပါမည်လည်း ။ ရှိစု မဲ့စု ကားအို ကားစုတ် ကလေးများ နယ်နှင်ခံ ၊ ဖျက်သိမ်းခံရခြင်းများ မဖြစ်ပါစေ နဲ့  ဟုသာ ဆုတောင်းနေကြရပါတော့မည် ။ ဖြစ်နိုင်ရင်တော့ဘားအံ ၊ မြဝတီ ၊ တာချီလိတ် ဘက်တွေ သွားပြီး တောင်ကျော်ကားများ ၊ ပင်လယ်ကျော်ကားများ ၊ စိတ်ကြိုက်ရွေးဝယ်ကြလျှင် ၊ သို့မဟုတ် ရေလိုသုံးနိုင်ကြလျှင် ၊ ဝါးတားတွေ ပါဝါတွေ အာဏာတွေ ရှိသူများအတွက်တော့ ကောင်းလေစွ ။ သေချာစွာ အလုပ်ဖြစ်နေကြသူများကတော့ “ အခွန်ဦးစီးမှူးများ” “ရာဖြတ်ကြီးများ ” ပင် ဖြစ်လေသည် ။ ထိုသူများကို ခွန့်လိုက်ပါက နှစ်ဦးနှစ်ဖက် အကျိုးရှိကြလေသည် ။ ဒီတော့ ရာပဲ ဖြတ်စားရမလား ၊ ထောင်ပဲဖြတ်စားရမလား ။ ထောင်ထဲမှာပဲ သွားစားရရင်ကောင်းမလား လို့  မစဉ်းမစား ဖြစ်မိသေးသည် ။ ဒီင်္ ဟာ မျိုး လေး လုပ်ရ ကောင်းမလား လို့  စဉ်းစား တွေ ဝေ နေတုံး မှာ ပဲ ....... ဟော... အခု ဒီ အခွန်ဆောင်တဲ့ ကိစ္စတွေမှာ လုပ်စားနေကြသူများ အကြောင်း အတော်အတန် သတင်းကြီးသွားပါသဖြင့် လောလောဆယ်မှာ ပိတ် ထား လိုက်ပြန်ပါပြီတဲ့ ။ ရှုံ့ ချည် ပွချည် လုပ်နေကျ ထိုသူ တို့  အကြောင်း နောကျေနေကြတဲ့ ဒို့ ရွှေပြည်သား တွေကတော့ ခပ်ပျော်ပျော်ပါပဲ ။ ပိတ် ပြီးရင် ပြန်ဖွင့် မှာ ပေါ့ လို့  ဆိုနေကြပါသေးသဖြင့် မကြာမီ ( ဘယ်လောက် ကြာမည် မသိ ) အချိန် အတွင်း လုပ်ကွက်လေးတွေ ပေါ်ထွက်လာ တဲ့ အချိန်ကို စောင့်မျှော် နေကြပါသည် ။
ဒီကြားထဲမှာ သတိထားမိလိုက်တာကတော့ ကားပွဲစား ၊ ငွေကြေး အရင်း အနှီးစိုက်စရာ မလို ၊ ပါးစပ်တခုပါလျှင် လေ အရင်းအနှီင်္းစိုက်ထုတ်ရုံဖြင့် မြက်မြက်ကလေး စားနိုင်ဝါးနိုင်နေကြသည် ။ ထို့ အတူ အိမ် ခြံမြေ ပွဲစား ၊ စိန်ပွဲစား ၊ ပတ်စပို့  ပွဲစား ။ အလိုလေး .. များ ပြားလိုက်ပါတဲ့ ပွဲစားများ ။ ယုတ်စွ အဆုံး လူ ပွဲစား ဆိုတာတွေတောင် ရှိသေး ။ ဒါတွေကရော သမ္မာ အာဇီဝ အလုပ် လား ၊ အရောင်း အဝယ် လေးဖြစ်အောင် ဟိုဖက် တမျိုးပြော ဒီဖက်တမျိုးလှည့်ပြော ၊ အစုတ်ကို အကောင်း ဖြစ်အောင်ပြော ၊ အဟောင်းကို အသစ်ဖြစ်အောင်ပြော ၊ အမှန်အတိုင်းပြောရင် ဈေးတွက် မကိုက်မစိုးလို့  မှန်တာတွေရော မမှန်တာတွေရော ပြော ၊ ဂျိုးပြော မိုးပြော ၊ ဂျပိုးကို လိပ်ဖြစ်အောင် ကြံဖန်ပြော ၊ မိုးလုံးပြည့်မုသာဝါဒါ တွေ မဟုတ်ပေမဲ့ သူ့ မှာလည်း လကာင်္ချော အောင် ပြော၊ ဒီလို ပြောပြီး စား နေကြရသူများ မို့  ပွဲစား ဆိုတာလည်း ဒယ်အိုး ရောက်မဲ့ သူများ လို့  ဒယ်အိုးဆရာတော်ကြီးက ဟောကြားဖူးတာ အမှတ်ရမိတာမို့  အင်း ... ဒါလည်း မဖြစ်သေးပါဘူး လေ ။
ဒီလို နဲ့ နောက်ဆုံးတော့လည်း ဖွားကိတယောက် ဟိုမရောက် ဒီမရောက် ယောင်၆၀ ( တနေ့ တခြား အစစ အရာရာ ဈေးတွေတက်နေတာမို့  ၁၀၉/ ၁၁၀ အပြင် ယောင် ၁၂၀ တောင် ဖြစ်နေလောက်လေပြီ ) ဘဝမှာ ပဲ ခြာလည်လည်ဖြင့် ကြာရင် မလွယ်ဘူး ၊ ရူးချင်တယ် ရယ် လို့  ဘယ်သူ့ ကိုမှ အပြစ်မတင်နိုင်တော့ပဲ ကိုယ့် အပြစ် နဲ့ ကိုယ် ဖြစ်နေရကြောင်းတင်ပြအပ်ပါသည် ။
ဒါ့ကြောင့် .... လုပ်စား ရမလား ၊ ရိုက်စားရမလား ၊ လိမ်စားရမလား ၊ ညာစားရမလား၊ ဖါးစားရမလား ၊ ဝါး စားရမလား ၊ ပွဲစားရမလား ၊ ဆွဲစား ရမလားးးးးးးး
ကား တော့ ကား ပါ ။ ဒါပေမဲ့ “သည်ကား” ( The Cars) ရုပ်ရှင်ဇာတ်လမ်း အကြောင်းတော့ မဟုတ် ။ မြန်မာလို “ကား” ။ အင်္ဂလိပ်လိုလည်း Car ။ အသံထွက်ခြင်း ဆင်တူသလို အဓိပ္ပါယ်ခြင်းလည်း တူတူပါပဲ ။ ဘယ်သူ့  ဘယ်သူ မွေးစားထားတဲ့ စကားလုံးမှန်းတော့ မသိ ။ ခုတလော ကို့ ယို့ ကားရား ဖြစ်နေကြ တဲ့ ကားများ ။ မြန်မာပြည်တွင်လည်း ထုတ်လုပ်သည် ဆိုသော ကားများ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလ မှာ ပင် မိတ္ထီလာ ဂျစ် ၊ ရန်ကုန်ဂျစ်၊ ရှမ်းစတား ဂျစ် များ ၊ ပုံပျက် ပန်းပျက် အရော အနှော ဂျစ်များ ထုတ်လုပ်ပြီးသကာလ ယခု မှာ တိုးတက်စွာ ထုတ်လုပ် လိုက်သည့် ကားများ မတော့ နဂို အော်ရီဂျင်နယ် ဂျပန်ပြည်ထုတ် တိုယိုတာ ပါဂျဲရိုး ၊ ပရာဒိုများ နှင့် ချွတ်စွပ်တူသော ကားများပင် ဖြစ်လေသည် ။ တူပေမပေါ့ ။ အော်ရီဂျင်နယ် ကားမှ အဆိုပါ တံဆိပ်များနေရာတွင် Myanmar Station Wagon( MSW) ဟူ၍ ပြောင်းလဲ ပြီး မြန်မာပြည်တွင် တပ်ဆင် ပေးလိုက်သောကြောင့်ပေတည်း ။ နောက်တမျိုး ရှိသေးသည် ။ Grand Tiger ဟု အမည်တွင်သော ပစ်ကပ်စတေရှင်ဝက်ဂွန်း ကားများ ။ ဒါကတော့ တရက်စုတ် သည့် တရုပ်စက်များဖြင့် ဖက်စပ်ဟုဆိုကြလေသည် ။ ဒါ့အပြင် အာရာဖတ် ဟူသော ကားမည်းမည်းကြီးများ တောက်ပြောင် ခန့်ညားစွာဖြင့် ပြေးလွှားနေကြလေသည် ။ အို ဘာတဲ့တုန်း အာရာဖတ် ခမျာမှာလည်း အငြိမ် မနေရ ၊ နာမည် အပေးတော်သော ရွှေပြည်သားများ လက်ထဲအရောက်မှာ Alphard ဆိုသော ကားအမည်မှ အာရာဖတ် ဖြစ်သွားရရှာလေသည် ။
လပေါ်မှ ဂျိုင့်ခွက် များထက် ပိုနက် ပိုခွက် နေသော ကတ္တရာ အပေါက်အပြဲ လမ်းကြမ်းများတွင် အဘယ်သော ကား များ ကြာရှည်ခံနိုင်မည် မသိ ။ စက်ရုံထွက် ပူပူနွေးနွေး အသစ်စက်စက် ကားလေး ကားကြီးများပင် ထို လမ်းမကြီး ငယ် များ၏ နှိပ်စက်မှု ဒါဏ်ကို တာရှည် တောင့်မခံနိုင်ပေ ။ တနှစ်အတွင်း ကားဝပ်ရှော့သို့  ရောက်သွားကြတာများသည် ဟု ဆိုကြသည် ။ ကားပြင်သော မက်ကင်းနစ် များ နှင့် ကားပစ္စည်းအရောင်းဆိုင်များ ၊ တာယာ ဆိုင်များ ထမင်းမငတ်နိုင်တော့ပေ။ ပျက်နေသော လမ်းတွေပြင်မပေးသော တာဝန်ရှိသူများကို တနေ့  အကြိမ် တစ်ရာ ဦးချ ဖို့ ကောင်းလှသည် ။
ယခင်က လိုင်စင်မဲ့တရားမဝင်ခိုးဝင်လာကြသော ကားများ (Without ကားများ ဟုကားဈေးကွက်တွင် ခေါ်ကြသည်) ကို ယခု တရားဝင် လိုင်စင်များထုတ်ပေးနေလေပြီ ။ ရာဖြတ်ဆိုသူက ဖြတ်ပေးလိုက်သော ကားတန်ဘိုး၏ ၈၅ % ကို အခွန်ဆောင်လိုက်လျှင် အနှီ ဝစ်သ်အောက်များမှာ ဝစ်သ်အင် ဖြစ်သွားကြလေသောအခါ သမယမို့  ရာဖြတ်များ၊ အခွန်ဦးစီးမှူးများ ဖြင့် အန်ဒါတေဘယ်လ် ( under table) လက်သိပ်ထိုးပေးကြသူများ နှစ်ဦးနှစ်ဖက် အကျိုးရှိကာ အလုပ်ဖြစ်နေကြလေပေပြီ ။အန်ဒါတေဘယ်လ် ဆိုတော့ စားပွဲခုံအောက်မှာ ဘာတွေ ဘယ်လိုလုပ်ကြတယ် မသိ ။စားပွဲခုံအပေါ်မှာတော့ ရှုပ်ပွဟောင်းနွမ်းနေသော စာရွက်များ၊ ဖိုင်တွဲများ ဖုန်ပင် တက်နေကြလေသည်။ သို့ အတွက်ကြောင့် ယခုအခါတွင် နေပီဒေါ်ကြီးမှ တိုက်ရိုက် ချုပ်ကိုင်၍ ကားအမျိုးအစားနှင့် ကားမော်ဒယ် မော်ဒယ်လ် အလိုက် ဈေးနှုန်းများ သတ်မှတ်၍ ကောက်ခံတော့မည် ဖြစ်ပါသဖြင့် ကားဈေးတွေလည်း ကျ ရမလို ၊ ပြန်ပြီးတက်ရမလို ဖြင့် ကို့ ယို့ ကားယားတွေ ပြန်ဖြစ်နေကြလေသည် ။ အထက်ကားတွေ ဈေးကျတာ မသိသာ လှပေမဲ့ အောက်ကားတွေ ခမျာ အလွန်မတရား ဈေးတွေကျလို့  အရောင်းအဝယ် တောင် မရှိလှ ။ ကားပွဲစားတန်းတွေ ရှိသော ယခင်ကြံတော ယခုတော့ ဘာခေါ်မှန်းမသိသော အရပ် ၊ တောင်ဥက္ကလာပ ကားပွဲစားတန်း ။ နေရာတွေမှာ လည်း မိုးတွင်းမိုးရေဗွက်ရေများထဲဝယ် ခြောက်ကပ်ကပ် ဖြစ်နေကြသည် ။ကားပွဲစားတန်းမှ ပွဲစားများ အလုပ် ဖြစ်၊ မဖြစ်တော့ မသိ ၊ အနီးအနားမှာ ဖွင့်ထားကြသော စားသောက်ဆိုင်များ ၊ လဖက်ရည်ဆိုင်များမှာတော့ ငါ့ဝမ်းပူစာ မနေသာ သူများ စားနေသောက်နေကြစမြဲမို့  သိသိသာသာကြီးတော့ ပြောင်းလဲသွားခြင်းမရှိပေ။
အခွန်မဆောင်ပဲ အင်ထု ပြီး စီးနေသူများလည်း ရှိနေသဖြင့် ရွှေပြည်ကြီးမှ ဘဲဥများ ၊ ပရုပ်လုံးများခမျာ ခုတလော အနှီသကောင့်သား ကားများကို လမ်းမကြီးပေါ်မှာ ကျီးကန်းတောင်းမှောက် မျက်စိဖြင့် ရှာဖွေ စစ်ဆေးနေကြရပေသေးသည် ။ သို့ ဖြစ်ပါ၍ ကားမည်းမည်း ပြောင်ပြောင်ကြီးစီးတိုင်းလည်း လွတ်ပြီတော့မထင်လေနှင့် ။ အဆင်မသင့်ပါက ကွိကနဲ ဖြစ်နိုင်ပါသေးသည် ။
မဟာရန်ကုန်မြို့ တော်ကြီးရှိ ဤလမ်းစုတ်လမ်းပျက် များ အပေါ်တွင် တုန်ရီစွာ ပြေးလွှားနေကြသော ဂွတ် စက်ကင်းဟန်း ကားလတ် ကားစုတ်များ အဖို့ တော့ အတော်လေး သနားစဖွယ် ရှိလှသည် ။ ရှိစုမဲ့စု အသပြာလေးများ ကုတ်ခြစ်ပြီး တန်ဘိုးကြီး ပေးကာ ဝယ်ယူထားကြရရှာသော အဆိုပါ အောက်ကားလေးများ မှာ ဘယ်နေ့  ဖျက်သိမ်း ခံရမည်လည်း ဘယ်နေ့  နယ်နှင်ခံရမည်လည်း ဟု စိတ်တထင့်ထင့် ဖြင့် ရှိနေကြသော ကားပိုင်ရှင်များ ဘဝ ၊ တနေ့  တနေ့  ကားကို လူကစီးလိုက် ၊ ကားက လူကို စီးလိုက်ဖြင့် သံသရာ လည်နေကြရသော ကားပိုင်ရှင်များ ဘဝ ၊ ဓါတ်ဆီတွေ ကြိုက်တဲ့ဆိုင်မှာ ကြိုက်သလောက် ထဲ့လို့ရနေပြီဖြစ်ပြီး၊ တဆင့် ပြန်ရောင်းစား မရကြတော့သဖြင့် တွက်ခြေမကိုက်ကြရတော့သော ပင်စင်စား ကားပိုင်ရှင်များဘဝ ၊ အနှီ ဘဝ များစွာမှာလည်း ကို့ ယို့ ကားယား ဖြစ်နေကြလေသတတ် ။
ဘယ်လိုပဲ ပြောပြော ၊ ကမ္ဘာပေါ်မှာ ရွှေပြည်သားတွေ အချမ်းသာဆုံး ဖြစ်ကြလေသည် ။ အခြား တိုင်းပြည်များထက် အဆပေါင်းများစွာ ယိုယွင်းဟောင်းနွမ်းနေသော ကား တပတ်ရစ် နှစ်ပတ်ရစ် သုံး လေး ငါးပတ်ရစ်နေသော ကားများကိုပင် အဆပေါင်းများစွာ ကြီးမားသော တန်ဘိုးငွေ ပေးချေပြီး ဝယ်ယူ စီးနင်းနေကြသောကြောင့် ဖြစ်ပါသည် ။ကားတန်ဘိုးများမှာလည်း သူများနိုင်ငံမှာတွေလို စက်ရုံထုတ် တသမတ်ဈေးမဟုတ် ။ ဆယ်ကျော်တန် ၊ ရာကျော်တန်များမှ ထောင်ကျော်တန် များအထိ အမျိုးမျိုး အစားစား ရှိနေကြလေသည် ။( မိတ်ဆွေ တဦး ဒီ ရွှေနိုင်ငံမှာ နေစဉ် သူ့ စီးတော်ယာဉ် တိုယိုတာ ဖင်ကောက် တစီးအား ကားဈေးတွေ တက်နေစဉ် အခါက ရောင်းချပြီး သကာလ ၊တဖက်နိုင်ငံမှာ တိုက် တလုံး နှင့် ကားအသစ် တစီး ပြန်ဝယ် စီး နေခဲ့ဖူးသည် )ပါးစပ် ဈေး တွေသာ ရှိနေကြသည်မို့  ကားပွဲစားများ အလုပ်ရှိနေကြရလေသည် ။ သူများတွေ ဆီမှာ ကား ဆိုသည်က အသစ်စက်စက် ဒီနေ့  ဝယ်၊ နောက် နေ့  ပြန်ရောင်းချင်လျှင်တောင် အရှုံး ပြနေပြီ ဖြစ်သည် မို့  ဘယ်သူမှ ကားဝယ်ရောင်း လုပ်မစားကြ ။ တပတ်ရစ် ကားများ ရောင်းဝယ်သည့် လုပ်ငန်းတော့ ရှိပါသည် ။ ယခင် ရွှေပြည်ကြီးမှာ ကားတွေ ဝယ်ရောင်းလုပ်ပြီး စီးပွားဖြစ်နေကြသူများ တခေတ် ရှိခဲ့ဘူး ပေမဲ့ ခုအချိန်မှာ တော့ ဘယ်သူမှ တုတ်တုတ် မလှုပ်ရဲကြတော့ပေ ။ အိမ်နီးချင်း တိုင်းပြည်ကြီးနှင့် ဖက်စပ်သည့် တာတာ ( TATA) ကား ကုမ္ပဏီ ကြီးလည်း များမကြာမီမှာ ပေါ်ထွက်လာဦးမည် လို့  ဟိုလူ ဒီလူတွေ ပြောနေကြသဖြင့် ကားဈေးတွေ ထပ်ကျ ပေလိမ့်ဦးမည် ဟု တွက်သူက တွက်နေကြသည် ။သို့ ပေမဲ့ ပြီးခဲ့တဲ့ ရက်များက လိုင်စင်မဲ့ အခွန်ဆောင်ခြင်းကို ဟိုနေရာမှ ချုပ်ကိုင်ပြီး ခုလောလောဆယ်မှာ ပိတ်ထားလိုက်ပြန်ပြီ ဆိုတော့ တချို့ ကားဈေးတွေလည်း ပြန်တက်နေကြလေပြီ ။
ဩော် ... တက်လိုက် ကျလိုက် ဂယောက်ဂယက် ဖြစ်နေသော ဤ ကားများ ၊ ဈေးကွက်များ အကြားတွင် ရှိသူတွေက ကောင်းတာတွေ တဝီဝီ ထည်လဲ စီးနေကြပြီး ၊ မရှိသူများကလည်း ဘတ်စ်ကားတွေ ကို တဂျီဂျီ ထည်လဲ စီးနေကြရလေသည် ။
ရွှေပြည်သားများ ဘယ်သူ ဘာကားတွေ ပဲ စီးနေ စီးနေ ၊ နောက်ဆုံးမှာတော့ လူတိုင်း စီးရမည့် ကားများ ၊ စိတ်ကြိုက် ရွေးပြီးစီးလို့ ရနိုင်ပါသေးသည် ။
ဒီတော့ အသင် ဘယ်ကား စီးပါမည်လည်း ။ ဤ ပုံကိုကြည့်ပြီး သူ့ ကိုသာ သတိရလိုက်ကြပါလေ ။( နာရေးကူညီမှု အသင်းကြီးဆီသို့  သွားရောက်ခဲ့စဉ် အခါက ကြော်ငြာ သင်ပုန်းပေါ်မှ ရိုက်ကူးခဲ့သော ဓါတ်ပုံ ဖြစ်ပါသည် ။
သင် ဘာကား စီးချင် လဲ ။?
ဘာ ကား စီး စီး နောက်ဆုံးတော့ .....“ ပြာ” ဘဲ ။
ပါသွားရမှာက .... “သရဏဂုံ နဲ့  သီလ” ။
လူသားအားလုံး အသိတရား မှန်နိုင်ကြပါစေ ။
ကြောက်ပါတယ် ကျောက်ရယ် ....
ကလင် .. ကလင် .. ကလင် ....
“ အစ်မရေ .. သမီး ဗိုက်အောင့် နေပြန်ပြီ၊ ဗိုက်လည်းကယ်တယ် ၊ တညလုံး မအိပ်နိုင်ဘူး ။ လုပ်ပါအုံး ။ ”
ဖုန်းသံကြောင့် စောစောစီးစီး လန့် နိုး လာရာမှ နာကျင်မောဟိုက်စွာ ဆက် ပြော သံများကြောင့် စိတ်ပူသွားမိသည် ။ ဒီကလေးမ တော့ မနေ့ ညက ဘာတွေ ဘယ်လောက်တောင် များ အစားသောင်းကျန်းခဲ့ပြန်ပြီလည်းဟူသော အတွေးက ချက်ချင်း ခေါင်းထဲ ရောက်လာဖြစ်သည် ။
“ ဟဲ့ ။ ဘာဖြစ်ပြန်ပြီလည်း ။ ဗိုက် ရဲ့ ဘယ်နေရာ မှာ အောင့်တာ လည်း ၊”လို့ပြန်မေးကြည့် လိုက်သည် ၊ ဝမ်းဗိုက် အပေါ်ပိုင်းညာဘက် အခြမ်း ဆိုတော့ အသည်း များ ပြန်ယောင်တာလား လို့ ထင်လိုက်မိသည် ။ အန်သလား ။ ဝမ်းလျှော သလား ၊ချမ်းတုန် ဖျားသလား ။ ဆီးရောင် ဝါသလား ၊ နီသလား ။ ဆီးပူ ဆီးကျင် သလား ။ အစရှိသဖြင့် လားပေါင်းများစွာသော မေးခွန်းတွေ ဆက်တိုက်မေးဖြစ်သည် ။ သူက ငယ်ငယ်တည်းက ချူချာပေမဲ့ ခပ်ပေပေတေတေ နေတတ်သူမို့ ၊ ပြောစကား နားမထောင်တတ်သူမို့  တခါတရံ သနားစိတ်၊ တခါတရံ ဂရုဏာဒေါသော စိတ်ဖြင့် ခင်တွယ် ဆက်ဆံနေခဲ့မိသူ ညီမငယ်လေး တစ်ယောက်ပါပေ ။ သည် နှစ် ဆန်းပိုင်းတည်းက မကြာခန ဗိုက်အောင့်နေတတ်သည် ။ ရင်ခေါင်းတောင့်သည် ။ ပျို့ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားအသောက် ပျက်ခြင်းတော့ မရှိ ၊ သင်္ကြန်မတိုင်မီက အစာအိမ်ယောင် ၊အသည်းယောင် အသားဝါ သည် ဆိုပြီး ဆေးရုံတက်ခဲ့ရသေးသည် ။ ဒါပေမဲ့ ဆရာဝန် ပြောစကား နားမထောင် ပဲ ဆေးရုံ ဆင်းလာပြီး နောက်ပိုင်းတွင်လည်း အစားမရှောင် ၊ အချဉ် အစပ်၊ အဆီ အကြော် ၊ အကင် များ ကြိုက်သလို စားသည် ။ ခုတလော သူမ ပိုပြီး ချူချာ နေသည် ။ အသည်း ဘက် နေရာ မှာ မကြာခဏ အောင့်တတ်သည် ။ နောက်ပိုင်းတွင် ရက်ဆက် နာလာသည် ။ လူက ခပ်ပိန်ပိန်ဆိုတော့ သည်းခြေကျောက်တည်တာ ။ ယောင်တာ တော့ သိပ်မဖြစ်လောက်ပါဘူး ဟု ထင်နေမိသည် ။ ဒီတော့ နာလာရင် အစာအိမ်ဆေး ( Antacid ) နဲ့ အနာ ပျောက်ဆေး ( Antispasmotic ,Anticholinergic ) တို့ ကို သောက်စေပြီး အလွန် နာလာလျှင်တော့ ထိုးဆေး ပြောင်းပေးရသည် ။
ဒီလို နဲ့ ပြီးခဲ့တဲ့ တပါတ်ကျော် တရက်မှာ နာကျင်လွန်းလို့  ဆေးရုံထပ်သွားရသည် ။ ဆေးရုံ တက်ရမှာ ကြောက်သော သူ့ ကို ဘယ်လိုမှ ပြောမရသည့် အဆုံး ထိုးဆေး ၊သောက်ဆေးများ ဖြင့် အိမ်ပြန်လာခဲ့သည်။ နောက်ရက်များမှာ မှ ဓါတ်မှန်ရိုက်၊ ultrasound ရိုက် ခြင်းဖြင့် သည်းခြေကျောက် ကို ရှာတွေ့ ခဲ့လေသည် ။ ပထမ အကြိမ် ပြည်သူ့ ဆေးရုံကြီးတွင် ultrasound ရိုက်စဉ်က အသည်း အနည်းငယ် ကြီးနေရုံမှ လွဲ၍ ဘာကျောက် မှ မတွေ့ ပဲ ၊ ဓါတ်မှန် ချပ်ထဲတွင် မှ ကျောက်တုံး ပုံရိပ်များ တွေ့ ရသဖြင့်၊ တစ်ပါတ် မျှအကြာမှာ ပုဂ္ဂလိက ဆေးရုံကြီးတရုံတွင် နောက်တကြိမ် ultrasound ထပ်ရိုက်ကြည့် ရသည် ၊ ထိုအခါကျမှ multiple gallstones ဟု အဖြေရလေသည် ။ ဒီတော့လည်း နာ၊ န၊ီ ဝါ ဆိုသည့် လက်သုံးစကား အရ ခွဲ စိတ် ကုသ ဖို့  အကြံ ပေးလေသည် ။ ( နာ၊ နီ၊ ဝါ ဆို သည် မှာ သည်းခြေကျောက်တည်နေသူများတွင် Pain ,Infection & Inflammation , Jaundice စသည့် အချက်များ ရှိပါက ခွဲစိတ်ကုသ ဖို့ လိုအပ်သည့် အခြေအနေပင်ဖြစ်လေသည် ။ ဤသည်မှာ ခွဲစိတ်ပါမောက္ခ ဆရာကြီး ဦးမောင်မောင်လေး သင်ကြားပေးခဲ့သော အတိုကောက် အသုံးအနှုန်း များဖြစ်ပါသည် ) ။
ထိုအခါတွင်မတော့ ခွဲစိတ်ဖို့  မပြောနဲ့ ဆေးရုံ တက်ရမှာ ကိုပင် ကြောက်လှသော ချစ် ညီမငယ်လေး တယောက် မျက်နှာငယ်စွာဖြင့် သနားစဖွယ်အသွင် ရှိနေလေတော့သည် ။ ထို အချိန်မှာ ပဲ ကြေးမုံသတင်းစာ တွင် ကြော်ငြာစာလေး တခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ မိသည် ။ သည်းခြေကျောက်ကို မခွဲ မစိတ်ရပဲ သက်သာပျောက်ကင်းသွားသူ ဦးသန်းဝင်း ၏ ကုသိုလ်ဖြစ် ကြော်ငြာချက်လေး ဖြစ်ပါသည် ။ ( များမကြာမီ အချိန် ကလည်း မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ထဲ့သွင်းရေးသား ခဲ့ဖူးသည် ဆိုတာ နောက်မှ သိရသည် ။အောက်တွင် ဦးသန်းဝင်းကိုယ်တိုင် ဘာသာပြန်ရေးသား ချက်များကို ဖေါ်ပြထားပါသည် ။ မူလ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသူ Dr . Lai Chiu-Nan ၏ မှတ်တမ်းများ ကို ဤ နေရာများ....(၁) နှင့် (၂)..တွင် ဖတ်ရှုနိုင်ပါသည် )
ကျောက်တည်ခြင်းမှ သဘာဝနည်းဖြင့် ပျောက်ကင်းစေခြင်းအကြောင်းကို မပြောမီ ၊ သည်းခြေကျောက် အကြောင်း ပြောချင်ပါသည် ။
ကျောက် ဆိုတာ ဘာလည်း ၊ ဘာကျောက်မို့  ကြောက်တာလည်း ။
ကျောက် တော့ ကျောက်ပဲ ။ ဒါပေမဲ့ ဇော်ဝမ်းရဲ့ လမ်းခင်းတဲ့ ကျောက်ခဲ မဟုတ် ။ “ ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားရအောင်” ဆိုတဲ့ ကနွဲ့ ကရ မင်းသမီးလေး ရဲ့  ကြော်ငြာ ထဲကလို တန်ဘိုးကြီး လှပသော၊လူတွေသည်းခြေခိုက်အောင် ကြိုက်ကြသော အဖိုးတန် ကျောက်များလည်း မဟုတ် ။ လင်ဆာဘကျောက် လို ဘူမိကျောက်များလည်း မဟုတ် ။ ဒီကျောက်တွေက သည်းခြေခိုက်အောင် နာကျင်စေတတ်သော သည်းခြေကျောက် ( Gallstones /Choleliths) များသာ ဖြစ်ပေသည် ။ ဆိုဒ် စုံ ၊ ဂိုက်စုံ ၊ ပုံစံစုံလှသော ဒီကျောက်များ ၊ တစ်ချို့ မှာ တစ်လုံးတည်း ၊ တစ်ချို့ မှာ အလုံးပေါင်းများစွာ အနေအထားဖြင့် သည်းခြေအိတ်ထဲတွင် တည်ရှိနေတတ်သည် ။ အရွယ် အမျိုးမျိုး ၊အမှုန် အစေ့ငယ်များအရွယ်မှ တစ်ချို့ မှာ ဂေါက်သီးလုံး မျှ ပင်ကြီးမားသည်ဟု ဆိုကြသည် ။ကင်ဆာရောဂါနှင့် ကျောက်တည်မှုများ ဆက်စပ်နေခြင်းကို ကင်ဆာ သုတေသီများ တွေ့ ရှိထားသဖြင့် ကျောက်တည်မှု သည်လည်း ကြောက်ချင်စရာကြီးလို ဖြစ်နေပါသည် ။
ဒီကျောက်တွေမှာ ကိုလက်စထရောကျောက်( Cholesterol Stone ) ၊ အရောင်ကျောက်( Pigment Stone) ဟူ၍ အဓိက ၂ မျိုး၂စားရှိပြီး အရော အနှော ကျောက် ( Mixed Stone ) တွေလည်း ရှိနေတတ်သည် ။ သည်းခြေရည်တွင် သည်းခြေဆား ( bile salt) ၊ ကိုလက်စထရော ( cholesterol)နှင့် လက်စီသင်( lecithin) ဓါတ်များ ပါဝင်သည် ။ ထို သည်းခြေရည်များ ပြစ်ခဲမှု များလာပါက ကျောက်တည်ခြင်း ဖြစ်စေတတ်သည် ။
Cholesterol Stone မှာ သည်းခြေကျောက်များတွင် အများဆုံး တွေ့ ရသော အမျိုးအစားပင်ဖြစ်ပြီး ၇၀ မှ ၈၀ % ထိ ရှိတတ်သည် ။ အများအားဖြင့် အစိမ်းရင့်ရောင် ရှိပြီး ဖြူဝါရောင်များလည်း ဖြစ်နေတတ်သည် ။သည်းခြေရည်တွင် ကိုလက်စထရောဓါတ်များရာမှ ထိုကျောက်များဖြစ်ပေါ်လာရခြင်းပါပေ ။ ( သွေးရည်ကြည်ထဲတွင် ကိုလက်စထရော များသူတိုင်း သည်းခြေကျောက်တည်တတ်သည် လို့တော့ မဆိုလိုပါ ) ။
Pigment Stone ကတော့ ၂၀ % မျှ ရှိပြီး အရောင်မှာ မဲနက်သည် ။ သူ့ ထဲတွင် bilirubin ဟုခေါ်သော သွေးနီဥကွဲပျက်ခြင်းမှ ထွက်ပေါ်လာသော ဘီလီရူဘင် အဝါဓါတ်များ ၊ ကယ်လ်စီယံဆားဓါတ်များ ပါဝင်သည် ။
ထို့အပြင် အတုအယောင်ကျောက် ( Pseudolith or fake stone ) ဆိုတာလည်း ရှိသေးသည် ဆိုပဲ ။ လူတွေမှာသာ အတုအယောင် လုပ်တတ်ခြင်း မဟုတ် ။ ကျောက်တွေလည်း တုတတ်သေးသည် ။ ဒါတွေကတော့ ကျောက်တုံး ကျောက်ခဲ အသွင် မရောက်သေး မဖြစ်သေး ၊ sludge အမှုန်ခပ်ပြစ်ပြစ် အဆင့်သာ ရှိသေးသည်ပေါ့ ။

ဒီကျောက်တွေ ဘယ်လိုဖြစ် ။ ဘယ်သူတွေမှာ ပိုဖြစ် ။
တချို့ က အမျိုးလိုက်သည် ။ တချို့ က ခန္ဓာကိုယ်ဓါတုဓါတ်များအပေါ်တည်သည် ။ ကိုယ် အလေးချိန်ပေါ် တည်သည် ။ အစားအသောက်(ကာဘိုဟိုက်ဒရိတ် ကစီဓါတ်များသော အစားအစာ)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ အလေ့အထအပေါ် တည်သည် ။ ဟော်မုန်းဓါတ် များပြားမှုသုံးစွဲရမှုပေါ် တည်သည် ။ ကိုယ်ဝန်ဆောင်မှု ပေါ်တွင်တည်သည် ။ ကျောက်အဖြစ်များရခြင်း အကြောင်း ကို 4 F - Fat , Female , Fertile , Forty ဟူ၍ အမှတ်ရ လွယ်အောင် ဆိုကြသည် ။ ( သို့ပေမဲ့လည်း ၄၀ ဝန်းကျင် ကိုယ်ဝန်သည် မိန်းမ ဝဝ ကြီး ကို တွေ့ တိုင်း သူ့ တွင် သည်းခြေကျောက်ရှိလား ဟူ၍ သွားမမေးမိပါစေနှင့် ၊အဆင်မသင့်လျှင် သင် အရိုက်ခံရနိုင်ပါသည် ...း))) နဂိုရောဂါအခံ ၊ ဆီးချို ၊ အချို့  သွေးအားနည်းရောဂါ .. ဥပမာ Sickle cell anemia ၊အသည်းခြောက်ရောဂါ စသဖြင့် ရှိသူများတွင်လည်း သည်းခြေကျောက်တည်မှု ပိုများတတ်သည် ။
ဘယ်လို ခံစားရမလည်း ။
သည်းခြေတွင် ကျောက်တည်သူတိုင်း နာကျင်တတ်သည်တော့ မဟုတ်ပါ ။ တချို့တွင် သည်းခြေကျောက်များ ကာလရှည်စွာ ရှိနေသော်လည်း ဘာမှ ဒုက္ခမပေး၊ မနာမကျင်ဖြင့် တသက်လုံး နေသွားကြရသူများလည်း ရှိပါသည် ။ ကံကောင်းလေစွ ။ ထိုသူများ အတွက် မည်သည့် ကုသမှုမျှ မလိုအပ်ပါ ။
ထိုကျောက် တစ်လုံး သို့မဟုတ် ကျောက်များကြောင့် သည်းခြေအိတ်နှင့် သည်းခြေပြွန်တို့  ယောင်ရမ်း ပိတ်ဆို့ ပါက အသည်းနေရာဝန်းကျင် ( ယာဘက်ဝမ်းဗိုက် အပေါ်ပိုင်း ) တွင် ပြင်းထန်စွာ နာကျင်တတ်သည် ။ ဇောချွေးများပြန်သည်ထိ မခံမရပ်နိုင်အောင် နာကျင်နိုင်သည် ။ အသည်းနှင့် သည်းခြေမှာ နီးကပ်စွာရှိနေသဖြင့် အသည်းယောင်ခြင်းနှင့် သည်းခြေယောင်ခြင်းတို့ ကြောင့် နာကျင်သော နေရာမှာ အတူတူပင်ဖြစ်ပြီး ထင်ယောင် ထင်မှား ဖြစ်စေနိုင်သည် ။ တချို့မှာ နာကျင်ခြင်း အပြင် အန်ခြင်း ။ ရင်ခေါင်း တောင့်ခြင်း ၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ၊ ချမ်းတုန်ခြင်း ၊ အဖျားတက်ခြင်း ၊ အသားဝါခြင်း ၊ ဆီးဝါခြင်း ၊ တို့ ရှိသည် ။ သည်းခြေပြွန်မကြီးတွင် ကျောက်ပိတ်ဆို့ နေပါက ရွှံ့ နှစ်ရောင် ဝမ်း ( clay color stool ) သွားတတ်ပြီး အသားအရေ ယားယံတတ်သည် ။
ဘယ်လို ကုသမလည်း ။
ကျောက်ကြောင့် နာပါက ၊ ( မကြာခဏ နာကျင်နေပါက ) အနောက်တိုင်း ဆေးပညာ အရ ခွဲစိပ်ကုသခြင်းကို စဉ်းစားကြလေသည် ။ နာကျင်နေသော အချိန်တို အတွင်း နာကျင်မှု ပျောက်ကင်းစေရန် ဆေးဝါးများ ( သောက်ဆေး ၊ထိုးဆေး များ) ဖြင့်တော့ ဦးစွာ ကုသကြပါသည် ။ အန်နေလျှင် အအန်သက်သာဆေး၊ အဖျားတက် လျှင် အဖျားကျဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး များ ပေးခြင်း ဖြင့် ရှိသော လက္ခဏာ များကို သက်သာစေရန် ဆေးများပေးကြသည် ။ တချို့ ကလည်း ကျောက်ပျော်ဆေးများ( Ursodeoxycholic acid , Chenodeoxycholic acid စသည်တို့ ) သောက်ရန်ညွှန်းကြသည် ။ ကျောက်ပျော်ဆေးမှာ လပေါင်းများစွာ၊ တချို့ မှာ နှစ်ချီ၍ သောက်ရမည် ဖြစ်သဖြင့် အသုံးနည်းကြသည် ။အဆိုပါ ဆေးကို မသောက်ပဲ ဖြတ်ထားလိုက်ပါက တချို့ လူနာများမှာ ကျောက်ပြန်တည်တတ်သည် ။သို့ ဖြစ်၍ ခွဲစိပ် ကုသခြင်းကို ဦးစားပေး စဉ်းစားကြသည် ။
ခွဲစိတ်ကုသရာတွင် ယခင်က သမားရိုးကျ ခွဲနည်းဖြင့် ယာဘက်ဝမ်းဗိုက်တွင် ၁၀ စင်တီမီတာကျော်သော ဒါးရာရှည်ကြီးဖြင့် ဗိုက်ဖွင့်ကာ ကျောက်ရှိနေသော ၊ ယောင်နေသော သည်းခြေအိတ်ကို ဖြတ်ထုတ်ရသည် ။ တိုးတက်နေသော ဆေးပညာ ကြောင့် ယခုခေတ်တွင်တော့ ၁ စင်တီမီတာမျှသာ ရှိသော အပေါက်ငယ်လေး ၃ ပေါက်ဖြင့် တယ်လီဗီးရှင်းကြည့်သကဲ့သို့  ပြွန် ကရိယာ မှ တဆင့် သည်းခြေအိတ် နှင့် ကျောက်ကို ဖြတ်ထုတ် ဖယ်ရှား နိုင်ပြီ ဖြစ်သည် ။ Laparoscopic cholecystectomy ဟုခေါ်သည် ။ ကျွမ်းကျင်သော ဆရာဝန်က ခွဲစိတ်ပေးပါက မိနစ် ၂၀ မျှ အချိန်အတွင်း အောင်မြင်ပြီးစီးနိုင်သည်မို့  ကြောက်မက်ဘွယ်ရာ ခွဲစိတ်မှုမျိုးတော့ မဟုတ်တော့ပါ ။
ခွဲစိတ်ဖို့  ကြောက်ရွံ့  နေသော လူနာ များအဖို့  ဘယ်ပုံဘယ်နည်းဖြင့် ကြောက်ရွံ့ ခြင်းမှ ကင်းဝေးစေနိုင်မည်လည်း ဟု သိလိုပါသလား ။ ဆန္ဒတွေ မစောပါနှင့် ၊ ပြောပြပါမည် ။ ဖေါက်သည်ချပါမည် ။ ယုံကြည်စွာ ကျင့်သုံးပါက အကျိုးထူးမည်ဖြစ်ကြောင်း ဦးစွာ ပြောလိုပါသည် ။ ကိုယ်တွေ့ ကြားရ မြင်ရ သည်များကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါသည် ။
ကျွန်ုပ် နှင့် ညီမငယ်တို့ ၂၀၁၀ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် ၃၈၃ ၊ပထမထပ်၊ ကျိုက်ကဆံလမ်း ၊ (တာမွေ အခွန်လွတ်ဈေး အနီး )တွင် နေထိုင်သော ၊ မခွဲစိတ်ပဲ သည်းခြေကျောက် ပျောက်ကင်းသွားသော အငြိမ်းစား အင်ဂျင်နီယာချုပ် ဦးသန်းဝင်း ထံ သွားရောက်တွေ့ ဆုံ အကူအညီ တောင်းပြီး ၊ သိရှိရသော အောက်ပါ အချက်အလက်များ အား လက်ဆင့်ကမ်း လိုက်ပါသည် ။ ဦင်္းသန်းဝင်း ပေးဝေ လိုက်သော လက်ကမ်းစာရွက် မှာ ပုံတွင် ပြထားသည့်အတိုင်း ရှိပြီး သဲကွဲစေရန် ထပ်ဆင့် ပြန်လည် ရေးသားပြလိုက်ပါသည် ။
သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း အခမဲ့ပေးသည် ။ ဦးသန်းဝင်း ဖုန်း ၀၉၅၀၇၀၁၅၇ ။
လက်ဆင့်ကမ်းမျှဝေပေးပါ
ဤစာတမ်းကို ယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤ ဆေးနည်းသည် အမှန်တကယ် စွမ်းပါသည် ။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ့ တင်ပြချက်များကို အင်တာနက်ပေါ်တွင် ရှုာနိုင်ပါသည် ။ “ ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ ” ။
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း ။
(Dr . Lai Chiu-Nan နည်းပေးသည် )
ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း ကို အခြားသူများသို့  လက်ဆင့်ကမ်းပေးပါ ။
Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ ။တစ်စုံတစ်ယောက်သည် သင့်ထံမှတဆင့်ကြားပြီး ဤဆေးနည်းကြောင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှင် သင်ရရှိသောဆုလာဘ်ဟုမှတ်ယူပါ ။
သည်းခြေကျောက်သည် လူတိုင်း၏စိုးရိမ်သည့်အချက်တော့မဟုတ်ပါ ။သို့ ရာတွင် လူတိုင်းတွင်ရှိသည့်အရာဖြစ်သဖြင့် ကျွန်ုပ်တို့ အားလုံးသည် စိုးရိမ်သင့်ပေသည် ။ ထို့ အပြင် သည်းခြေကျောက်သည် ကင်ဆာရောဂါဖြစ်စေနိုင်သည် ။ Chiu-Nan က “ ကင်ဆာရောဂါဆိုသည်မှာ မည်သည့်အခါမျှ ရှေးဦးဆုံး ဖြစ်သောရောဂါ မဟုတ်ပါ ။” ဟုထောက်ပြခဲ့ပါသည် ။ “ အများအားဖြင့် ကင်ဆာဖြစ်စေသော အခြားပြသနာအများအပြားရှိပါသည် ။ တရုတ်ပြည်တွင် ကျွန်မ၏ သုတေသနပြုချက်အရ ကင်ဆာရောဂါ ဝေဒနာသည်များသည် အများအား ကျောက်တည်သူများဖြစ်ကြကြောင်း မှတ်တမ်းများတွေ့ ရှိရပါသည်။ ကျွန်ုပ်တို့ အားလုံးတွင် သည်းခြေကျောက်များရှိပါသည် ။ အကြီး အသေးနှင့် အနည်းအများသာ ကွာခြားပါသည် ။
သည်းခြေကျောက်တည်သောရောဂါ၏ လက္ခဏာ တစ်ခုမှာ အစာကို များများစားပြီးနောက် ဝမ်းပိုက် ပြည့်အင့် ဖေါင်းကားလာသကဲ့သို့ ခံစားရခြင်းဖြစ်ပါသည် ။ အစာမကြေသကဲ့သို့ လည်း ခံစားရပါသည် ။ အကယ်၍ ရောဂါအခြေအနေဆိုးပါက အသည်းတဝှိုက်တွင် နာကျင်မှုကို ခံစားရပါမည် ” ဟုလည်း ပြောပြပါသည် ။
အကယ်၍ သင့်တွင် သည်တွင် သည်းခြေကျောက်တည်နေသည်ဟုထင်လျှင် သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းကို Dr . Lai Chiu-Nan က အောက်ပါအတိုင်း နည်းပေးထားပါသည် ။
အသည်းနှင့် သည်းခြေကျောက်တို့ သည် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြသည် ဖြစ်ရာ အောက်ပါကုသနည်း ( သို့ မဟုတ် ) ဆေးနည်းသည် အသည်းအားနည်းသူများ အတွက်လည်း သင့်လျှော်ပါသည် ။
စနစ်တကျ စားသောက်နေထိုင်ခြင်းဖြင့် ကုသနည်း ( သို့ မဟုတ် ) ဆေးနည်း ။
၁ ။ ပထမ (၅) ရက်တွင် နေ့ စဉ် ပန်းသီးဖျော်ရည် (Apple Juice ) ၄ ခွက် သောက်ပါ ။ ( သို့ မဟုတ် ) ပန်းသီး လေး၊ ငါး လုံး စားပါ ။ ( ပန်းသီး ဖျော်ရည် သို့ မဟုတ် ပန်းသီး မိမိ နှစ်သက်ရာ စားသောက်နိုင်သည်) ။ ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ထို ၅ ရက် အတွင်း အစားအစာကို ပုံမှန် စားသုံးပါ ။
၂ ။ ၆ ရက် မြောက်သောနေ့ တွင် ညစာ မစားဘဲ နေပါ ။
၃ ။ ထိုနေ့ ည ၆ နာရီတွင် ဆားခါး ( Epsom salt ) (MgSO4 ) တစ်ဇွန်းကို ရေ နွေးနွေး တစ်ဖန်ခွက်နှင့် သောက်ပါ ။
၎။ ည ၈ နာရီတွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
ဆားခါးသည် သည်းခြေအိတ် ပြွန်များကို ပွင့်စေပါသည် ။
၅။ ည ၁၀ နုာရီတွင် သံလွင်ဆီ ( သို့ မဟုတ် ) နှမ်းဆီ ပန်းကန်လုံး တစ်ဝက် ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံး တစ်ဝက် နှင့် သောက်ပါ ။ အဆိုပါ နှစ်မျိုးကို သေချာစွာ ရော မွှေပြီးမှ သောက်ပါ ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့ စွာ ထွက်စေနိုင်ပါသည် ။
( မှတ်ချက် ။ ။ ပန်းကန် တစ်လုံးစာ = ၂၅၀ မီလီ လီတာ ။
သံပုရာရည် ပန်းကန်လုံး တစ်ဝက် = သံပုရာသီး ၁၀ လုံး ခန့်  )
နောက် တစ်နေ့  ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင် ကျောက်တုံးများကို တွေ့ ရပါမည် ။ Dr . Lai Chiu-Nan က “ များသောအားဖြင့် ကျောက်တွေက မစင်ရဲ့  အပေါ်ပိုင်းမှာ ရှိတတ်ပါတယ် ။ရေတွက်ကြည့်ချင်ရင်လည်းရပါတယ် ။ ကျောက်တုံး ၄၀ - ၅၀ ကနေ ၁၀၀ လောက် အထိ ကျတဲ့လူတွေလည်း တွေ့ ဖူးပါတယ် ။ တကယ်များတာပါ ” ဟု မှတ်ချက်ချပါသည် ။
ဤ ဆေးနည်းကိုအခြားသူများသို့  လက်ဆင့်ကမ်း၍ အခမဲ့  မျှဝေပေးခြင်းဖြင့် ကူညီပါ ။
(ဤဆေးနည်းကို ဦးသန်းဝင်း က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့  ပြန်ဆိုထားပါသည် ။)
...................................................................................................................................................................................................................
ဦးသန်းဝင်း ဆိုသူမှာ အငြိမ်းစား အင်ဂျင်နီယာကြီး တစ်ဦးဖြစ်သည် ။ သူ၏ ဇနီးမှာလည်း အင်ဂျင်နီယာ ဖြစ်ပြီး နှစ်ဦးစလုံး ဖေါ်ရွေကြသည်။ဘုရား တရားကြည်ညိုကြသည် ။ သူကိုယ်တိုင် သည်းခြေကျောက်တည်ခြင်း ဝေဒနာကို နာကျင်စွာ ခံစားခဲ့ရပြီး ဆရာဝန်များဖြင့် ပြသရာ ခွဲစိတ်ကုသဖို့  ပြောသဖြင့် ၂၀၁၀ ဇွန်လ ဆန်းတွင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ရာ မှ သူ၏ မိတ်ဆွေ တစ်ဦးက အင်တာနက်တွင် ရှာဖွေ တွေ့ ရှိသော အထက်ပါ ဆေးနည်းအား ကူးယူ ပြသ သဖြင့် ၊ ထိုနည်းအတိုင်း စားသုံးခဲ့ရာ၊ မခွဲ မစိတ် မနာမကျင်ပဲ ၊ တပါတ်ခန့် သာ ကြာမြင့်သော အချိန်ဖြင့် သည်းခြေကျောက်များ ပျောက်ကင်းခဲ့ရပါသည် ။ သို့ ဖြစ်၍ သူ့ လို ခံစားနေကြရသော ဝေဒနာသည် လူအများ တွင် ဤရောဂါမှ ပျောက်ကင်းစေလိုသော စေတနာ မေတ္တာ တို့ ဖြင့် ၊ အခကြေးငွေ လုံးဝ ( လုံးဝ ) မယူပဲ ၊ သူ့  ကိုယ်ပိုင် အချိန် ၊ကာယ၊ ဥာဏအားနှင့် ငွေကြေး စိုက်ထုတ်ကာ ဤဆေး အညွှန်း ၊ နည်းလမ်း ၊ သောက်သုံးပုံ အသေးစိတ်ကို စိတ်ရှည် လက်ရှည် ဖြင့် ရှင်းလင်း ပြောကြား ပေး နေပါသည် ။သူ့ ထံသို့  လူကိုယ်တိုင် သွားရောက် မေးကြားလိုပါက ဖုန်းဖြင့် တစ်ရက် ကြိုတင် ရက်ချိန်းယူနိုင်ပါသည် ။တခြားအချိန်တွင် ဆက်သွယ်သူများလွန်လှ၍ သူ့ ဖုန်းကို ပိတ်ထားတတ်သဖြင့် နေ့ လည်ပိုင်း ကျော်လွန်ပြီးမှ ဆက်ပါ ။
အကြံပေးချက် ။ ။
ပန်းသီးဝယ်ယူရာတွင် အလုံးကြီး အခွံနီ က ပိုကောင်းသည် ။ တရုပ်ပြည်မှ ဝင်သည် ။ရန်ကုန်တွင် နေသူများ အတွက် သီရိမင်္ဂလာ ဈေး ၊ ဒိုင်တွင် ဝယ်ပါက စီးတီးမတ် ထက် တစ်ဝက်မျှ သက်သာသည် ။ တစ်နေ့  ၅ လုံး ဆိုတော့ ၅ရက်စာ ၂၅ လုံး ၊ အခွံမခွာပဲ ဝါးစားနိုင်ပါက ပိုကောင်းသည် ။ အများကြီး စားရမည် ဖြစ်သဖြင့် တစ်ချို့ သူများ ပါးစပ်နာ နိုင်သည်။ ပွန်းပဲ့ နိုင်သည် ။ အစိတ်သေးသေး အတုံးသေးသေးလေးများ စိတ်ပြီး မနက် ၂ လုံး ၊ နေ့ လည် ၂ လုံး ၊ ည ၁လုံး တမြုံ့ မြုံ့  ဝါးစားပါ ၊ လုံးဝ မဝါးနိုင်တော့ပါက သစ်သီးဖျော်စက် ဖြင့် ကြိတ်ပြီး စားပါ ။ သံဓါတ်များသော သစ်သီး ဖြစ်သဖြင့် အရောင်အဆင်းတော့ မလှမပ ဖြစ်နေမည် ၊ဝမ်းလည်းချုပ်စေတတ်သည် ။ ရောဂါပျောက်ရန် ကြိုးစားပြီး စားပေးပါ ။ သံလွင်ဆီမှာ ဝယ်ရမလွယ် ( သို့မဟုတ် ) ဈေးပိုကြီးတတ်သဖြင့် နှမ်းဆီ ကို သုံးပါ ။ အာနိသင်ခြင်းတူတူပင်ဖြစ်သည် ။
ဝမ်းမခိုင်သော ညီမငယ်လေးတယောက်လည်း ထိုနည်းအတိုင်း လိုက်နာ စားသုံးခဲ့ရာမှ ဆားခါးနှင့် နှမ်းဆီ ၊ သံပုရာရည် များ မသောက်ရသေးမီ (၅ ) ရက်မြောက် နေ့ တွင်စတင်၍ ဝမ်းထဲမှတဆင့် သည်းခြေကျောက်များ ထွက်ကျပြီး ၊ နောက် တစ်ရက် ဆားခါး ၊ နှမ်းဆီ ၊ သံပုရာရည် အစွမ်းကြောင့် ဆက်လက် ဝမ်းလျှော သည် ။ ယခုအခါတွင် သည်းခြေ ကျောက် နှိပ်စက်မှုကြောင့် နာကျင်မှု များ ကင်းဝေးကာ စိတ်ရော ကိုယ်ပါ ကျန်းမာ ပျော်ရွှင်နေပြီ ဖြစ်ပါသည် ။( သူ့ ဓါတ်ပုံများကို တင်ပြလိုသော်လည်း ခွင့်ပြုချက် မရသဖြင့် အဆိုပါ ကျောက်တုံး မျိုး ဆင်တူများ ၊ ပုံများ ကို အင်တာ နက်တွင် ရှာဖွေ ပြီး ကူးယူ ဖေါ်ပြလိုက်ရပါသည် )
အလားတူ ဝေဒနာ ခံစားနေကြရသူများလည်း မခွဲမစိတ်ရပဲ သည်းခြေကျောက် ရောဂါမှ ပျောက်ကင်းနိုင်ကြပါစေ ။ ကျောက်ဖို့ကောင်းပေမဲ့ ကျောက်စရာ မလိုတော့တဲ့ ဒီကျောက်တုံးများကြောင့် သည်းခြေအိတ် ဖယ်ထုတ်ခံရပြီး အမှတ်သည်းခြေ မရှိသူများ အဖြစ်မှ လွတ်ကင်းကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည် ။
ဘလော့ဂါ ဘကျောက်( ငွေရတု ) တယောက် အသည်းမှာ ဒါဏ်ရာတွေကြောင့် လင်ဆာ သလိုလိုဖြင့် တပါးနိုင်ငံတွင် ဆေးရုံတက် ၊ ရောဂါရှာဖွေ ကုသခြင်းခံယူနေရသော သတင်းကြားမိသဖြင့် အမိပြည်မှ ၀င်ရခက်နေသော သူ့ ဘလော့ကြီးထဲ ကျော်ခွဝင်ရောက် ဖတ်ရှုဖြစ်ပါသည် ။ နှာခေါင်းရှည်ရှည် အသားနီစပ်စပ် ဟူ၍ အမည်နာမ တပ်ထားခြင်းခံနေရသော အနှီလူမျိုးများ၏ နိုင်ငံကြီးတွင် သူ့ မြေ သူ့ ပြည်ဖွား မဟုတ်သော လူအများကိုပင် လူလိုဆက်ဆံပြီး လူလိုအခွင့်အရေးအပြည့်အဝပေးထားခြင်းများကို အားကျစွာဖြင့် ဖွားကိတယောက် အားကျမခံ ကိုယ့်ပြည်ကိုယ့်ရွာမှ ကိုယ့်လူမျိုးများ ကျန်းမာရေးနှင့် ပါတ်သက်ပြီး ရရှိနေသော အခွင့်အရေးများ ၊ အခြေအနေများကို ရေးသားတင်ပြလိုက်ပါသည် ။ ဘကျောက်ကြီး တယောက်ယခု ရွှေပြည်ကြီးမှ ရွှေပြည်သားများဘဝနှင့် စာလျှင် အတော်ကြီး တော်ပေသေးသည်ဟု မှတ်ယူကာ စိတ်အေးချမ်းသာစွာဖြင့် ရောဂါဝေဒနာများကုသမှုကို ခံယူနိုင်ပါစေကြောင်း စကားဦးပျိုးလိုက်ရပါသည် ။
ပြည်သူ့ ဆေးရုံသို့  တက်ရောက်ခြင်း၊ ပြသခြင်း
၂၀၁၀ ဇူလိုင်လလည် ။
မိတ်ဆွေတစ်ဦး သွေးရောဂါဖြင့် ဆေးရုံတက်ရမည် ဖြစ်သဖြင့် မရောက်တာကြာပြီဖြစ်သော ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ( ယခင် အခေါ် R.G.H ၊ ယခုတော့ Y.G.H ) သို့  အဖေါ်အဖြစ် လိုက်ပါခဲ့သည် ။့  ကျောင်းသားဘဝက ပုံရိပ်တချို့  ပြန် အမှတ်ရမိသည် ။ ခုတော့ အရာရာ သည် ပြောင်းလဲ နေကြလေပြီ ။ အနိစ္စ အမြဲမရှိပေကိုး ။ ထို ပြောင်းလဲမှုများကို စိတ်ဖြာကြည့်လျှင် တိုးတက်ခြင်း နှင့် ဆုတ်ယုတ်ခြင်း ၂ မျိုးသာ ခြားနားပါသည် ။ အများပိုင် အရာ တွေ ဆုတ်ယုတ်မှု များနေကြခြင်းအတွက်တော့ စိတ်မချမ်းသာ ဖြစ်မိသည် ။ ပုဂ္ဂလိက ပိုင်တွေမှာတော့ တိုးတက်ခြင်းတွေ များလှသည် ပေါ့ ။ အကျင့် စာရိတ္တ နှင့် စိတ်ဓါတ်များ ပျက်ပြား ဆုတ်ယုတ်ခြင်း အတွက် တော့ ဘယ်အရာမှ စပြီး ပြုပြင်ရမည်ကို ဘဲဥအစရှာမရသလို ဖြစ်နေမိသည့် အတွေးက ဝင်လာမိသေးသဖြင့် သက်ပြင်းရှည် မှုတ်ထုတ်ရင်း ရန်ကုန် ပြည်သူ့  ဆေးရုံကြီး ၏ အရေးပေါ် ဌာန ဆီသို့  ရောက် မှန်းမသိ ရောက်နေပြီ ဖြစ်သည်။
ယခင် ဟောက်ဆာဂျင် ဘဝဖြင့် ကျင်လည် ခဲ့ရသည့် နေရာတချို့ လည်း ပြောင်းလဲနေပြီ ။ တာဝန်ကျဆရာဝန် အခန်း ဖက် အဝင်ဝ တံခါးမကြီးမှာ တော့ ယခင်ကလို အဝင်အထွက် မလုပ်နိုင်တော့ ။ ဘေးဖက် မှာ ရော အတွင်းဖက်တွေမှာပါ သံဇကာ များ အထပ်ထပ် ကာရံထားသည် ။ အတွင်းရှိ ခန်းမကြီးမှာ တော့ အကြီးအကဲကြီးဆိုသူရဲ့  ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် မူဝါဒ ဆိုင်းဘုတ်ကြီးက အခန့်သား နေရာယူထားလေသည် ။ အပူပေါင်းများစွာဖြင့် ဤနေရာသို့  ရောက်နေကြသူများစွာ ထဲမှ အဘယ်သောသူများက စိတ်ဝင်တစား ဖတ်မိလေမည်လည်းမသိ ။သားနားစွာ ရေးသားထားသော အချက်ပေါင်းများစွာ ထဲမှ ဘယ်နှစ်ချက်ကို လက်တွေ့  အကောင်အထည်ဖေါ်ပေးနေသည်ဆိုတာလည်း မသိ ။ ထားပါတော့ သူ့ ဟာသူ နံရံမှာ ကပ်နေတာကမှ မျက်စိနောက်သက်သာပါသေးသည် ။
(ဓါတ်ပုံ မရိုက်ရ ဟု ပြောသဖြင့် လက်ယားနေသော ဖွားကိတယောက် အသည်းပါယားရင်း အဆိုပါပုံရိပ်များကို စာသားဖြင့်သာ သရုပ်ဖေါ်နိုင်ပါတော့သည် ။ နားလည် သဘောပေါက်ကြစေလိုပါသည် )
ဦးခေါင်းဟက်တက်ကွဲပြီးသွေးသံ တရဲရဲ ဖြင့် မိန်းမကြီး တယောက် လမ်းလျှောက်ဝင်လာသည် ။ ဝှီးချဲ နှင့် ထရော်လီ များ မရှိပေလို့ လားမသိ ။ ကိုယ့်ဒါဏ်ရာ ကိုယ့်လက်ဖြင့် အုပ်ကာ လူနာ မှတ်တမ်းရေး စာအုပ်ကို ကိုယ်တိုင်လုပ်နေရသည် ။ လူနာ မှတ်ပုံတင်သည့် နေရာမှ အမျိုးသမီး ၂ ဦးအဖို့ အနှီသွေးများမြင်ရသည်မှာ ရိုးနေလောက်ပေပြီ ။ သူတို့ မေးစရာ ရှိသည်များကို အေးဆေးစွာ မေးရင်း ရေးရင်း သူ့ တို့ အလုပ် သူတို့ လုပ်နေကြလေသည် ။ ထိုအဆင့် ပြီးမှ အတွင်းဖက်ခန်းသို့  သွားရန် ညွှန်ကြားလေတော့သည် ။ တော်ပါသေး၏ ။ ခေါင်းမှ သွေးများက အလိုက်သိစွာ တိတ်သွားခဲ့သည်မို့  လူနာကိုယ်တိုင် အေးဆေးစွာ လမ်းလျှောက်ရင်း သူ့ အနာ ချုပ်ရန် အတွင်းခန်းသို့  ဝင်သွားနိုင်တော့သည် ။
နောက်တဦးက ပိန်လှီနေသော ၃ နှစ်သားအရွယ် ယောက်ကျား ကလေးတဦး ၊ အရေးပေါ်ဌာန၏ ခွဲစိတ်ခန်း ရှေ့ ရှိ ခမ်းမကျယ်ကြီးဘေး နံရံတခုတွင်ကပ်ထားသော ထော်လီရွဲ့ ရွဲ့ တခု အပေါ်တွင် ဖင်တုံးလုံးလှဲလျှောင်းကာ ငိုနေသည် ။ ညာဘက် ပေါင်တခုလုံးယောင်ကိုင်းကာ နီရဲနေသည် ။ အတော်လေး နာကျင်နေပေသည် ။ ထိုကလေး၏ အမေဖြစ်ဟန်တူသော အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးမှာလည်း သားဖြစ်သူနှင့် အပြိုင် မျက်ရည်တွေ ကျ လို့  မျက်နှာတခုလုံး ဖေါင်းအစ်နေသည် ။ အိပ်ရေးမဝတာ အချိန်အတော်ကြာပြီ ထင်သည် ။ စပ်စုတတ်သော ဖွားကိ ထိုအမျိုးသမီးဆီသွားပြီး အကျိုးအကြောင်းမေးကြည့်မိသည် ။ ကလေးဘာဝ ဆော့ကစားရင်း လူတရပ် အမြင့်မှ ပြုတ်ကျပြီး ညာဘက်ဒူးခေါင်း ပွန်းပဲ့ကာ တစတစ ယောင်လာသည်မှာ တပါတ်ကျော်ခဲ့ပေမဲ့ လက်ထဲမှာ ငွေမရှိသော မိဘများအနေဖြင့်လည်း မည်သည့် ဆေးခန်း ဆေးရုံ မျှ သွားမပြခဲ့ကြ ။ ဆေးမြီးတို လိမ်းဆေးလေးသာ လိမ်းပေးခဲ့ကြသည် ။ အဆိုပါဒါဏ်ရာ လေးမှ တဖြေးဖြေး ကြီးထွားလာပြီး အဖျားတက် ၊ အကိုင်မခံ နိုင်လောက်အောင် နာကျင်မှုကြောင့် ငိုချင်းချနေရသော အချိန်ကျမှ ရသမျှ လေး ဟိုချေးဒီချေးဖြင့် သူတို့  နေထိုင်ရာ ဒလ တဖက်ကမ်းမှ ရန်ကုန်ဘက်သို့ အရဲစွန့် ကူးလာကာ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြခြင်းဖြစ်သည် ။ ရှိသမျှ ငွေစလေးက ခရီးစရိတ် သာသာလေး ဆိုတော့ စရိတ်မျှပေး ဓါတ်မှန် တချပ်ရိုက်အပြီး အရိုးမကျိုးမှန်းသိရပေမဲ့ ပြည်တည်နာကြီးကို ခွဲစိတ်ရန်လိုသည် ။ ပဋိဇီဝပိုးသတ်ဆေးများ ထိုးရန် သောက်ရန် လိုသည် ။ လောလောဆယ် လက်ထဲပါသမျှလည်း မကျန်တော့ ။ ဆေးလည်းမဝယ်နိုင် ။ သို့ ပါ၍ နံနက် စောစောတည်းက အဆိုပါ နံရံဘေးတွင် ကလေးတင်ထားသော ထော်လီလေး ကပ်ထားကာ စောင့်နေရသည်။ ဘာ ကို စောင့် နေရသလည်း၊ ရှင်းပါသည် ။ ငွေ ဟုခေါ်သော ပိုက်ဆံ ပဲပေါ့ ။ ဘယ်လောက်ကြာကြာ စောင့်ရမည်လည်း ၊ ဘယ်သူမျှ မသိနိုင် ။ ကုဋေ ၈၀ သူဌေးသမီး မဟုတ်သော ဖွားကိ တယောက် တတ်နိုင်သလောက် ဆေးဖိုးအလှူ ကုသိုလ်ပြုခဲ့ပါသည် ။ ကလေး လေး တယောက် ရောဂါ အမြန်ပျောက်ကင်းပါစေ ဟုလည်း ဆုတောင်းပေးမိပါသည် ။ မနေ့ ည ကတည်းက ဘာမှ မစားရသော ကလေးငယ် တယောက် နောက်တနေ့ နေ့ခင်း အထိ ဆာတာရော နာတာရောကြောင့် သနားစဖွယ် ငိုကြွေးနေရသည့် မြင်ကွင်းကို ယခုထိ ပြန်မြင်ယောင်နေမိပါသည် ။
အပြင် ခန်းမကြီး ရှေ့  တနေရာ ရှိ လူနာမှတ်ပုံတင်သည့် နေရာတွင် လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ပြီးသကာလ ရရှိလာသော စာရွက်ပိုင်းလေးတခုကို ယူပြီး အတွင်းခန်းရှိ ဆေးရုံတက်ရန် မှတ်တမ်းရေးသော နေရာသို့  သွားပြီး ရေးမှတ်ရပြန်သည် ။ မည်သည့် ဌာန တွင် မည်သည့် ဆရာဝန်ကြီးဖြင့် မည်သည့် ရောဂါ အတွက် ဆေးရုံတက်ပါမည့် အကြောင်း စာရွက်လေးကို ယူဆောင်ပြီး တက်မည့် နေရာသို့  သွားရပါသည် ။ မသွားခင်မှာ မိမိလိုအပ်မည့် ဆေးများ( သောက်ဆေး၊ ထိုးဆေး) ၊ ဆေးပုလင်းအသုံးအဆောင်များ ကို မိမိအစီအစဉ်ဖြင့် ဝယ်ယူ( သယ်ဆောင် )လာရပါသည် ။ ထိုနေရာ မှ အထွက် အရေးပေါ်ဌာနနှင့် ဆေးရုံကြီးအဆောင် ကြား အမိုးပါလုကူးလမ်း ၊လမ်းခုလပ်တနေရာတွင် ဆေးရုံ အလုပ်သမား တဦးက ဆေးရုံတက်ရမည့် လူမမာ အဖိုးကြီးတယောက်အား သံပြားသက်သက်သာရှိသော ထော်လီဖြင့်အခင်းမပါ ၊ အခြုံမပါ ၊ ဘေးတွင် ဆရာမ မပါ ပဲ တွန်းလာသည် ။သံပြားချည်းသာရှိသော ထော်လီဖြင့်တင်ပြီးတွန်းလာသဖြင့် အစက လူသေအလောင်းဟု ထင်ထားမိရာမှ အနီးမှ ဖြတ်သွားစဉ် ထို အဖိုးကြီး လက်က လှုပ်ရှားလိုက်သဖြင့် ရုတ်တရက်မို့  လန့်ဖြန့် သွားမိသေးသည် ၊နောက်ဆက်တွဲ အနေဖြင့် သက်ရှိလူသားတစ်ဦးကိုဤသို့ တင်ဆောင်သွားခြင်းကို မြင်ရသည်မှာ စိတ်မသက်မသာဖြစ်မိလိုက်သည်။ ကိုယ့်မိတ်ဆွေ လူနာတက်ရောက်မည့် ဌာနတွင် ဆေးရုံတက်ခွင့် စာရွက်အား တာဝန်ကျ ဆရာဝန် နှင့် ဆရာမများကို ပြန်လည်ပြသပြီးသကာလ ကုတင်နေရာ စောင့်ယူရပါသည် ။မောနေသော လူနာတဦးမှာ မိမိကုတင်နေရာမရမီ လွတ်နေသောကုတင်တလုံးတွင် ခေတ္တလဲလျှောင်းအနားယူနေမိသဖြင့် အနီဝတ်ဆရာမလေးတယောက်၏ မြည်တွန်တောက်တီးမှုကိုခံရရှာသည့် မြင်ကွင်းကို အံ့သြစွာ မြင်လိုက်မိသေးသည် ။
မိတ်ဆွေ၏ကုတင်နေရာရပြီး ကုသမှုခံယူနေစဉ် အထူးကု ဆရာဝန် ပရော်ဖက်ဆာကြီး လူနာလှည့်လည်စစ်ဆေးခြင်း အချိန်တိုက်ဆိုင် နေသဖြင့် နားစွင့်နေမိသည် ။ ကုတင် ၉ လုံးဆန့်  လူနာဆောင် အတွင်း အစွန်ဆုံးဒေါင့် တနေရာတွင် ရှိနေသော အသက် ၅၀ ကျော်ခန့် အမျိုးသမီးလူနာပိန်ပိန်တဦး အား ပြောကြားနေသော စကားများပါပေ ။ “အဒေါ့်ရောဂါက ငွေ သိန်း ၁၂၀ ကျော်လောက် ကုန်ကျ ခံနိုင်ရင် ပျောက်နိုင်ပါတယ် ”တဲ့ ..... ။ ဘာရောဂါမှန်းတော့ မသိ ။ လူနာ မှတ်တမ်းစာအုပ်လည်း ကုတင်နားမှာ မရှိသည့်အတွက် ဆရာဝန်ကြီး ကြည့်ရှု လှည့်လည် အပြီးမျက်နှာလေးငယ်နေသော ထိုအဒေါ်ကြီင်္းအား မေးကြည့်မိသည် ။ လူနာအား မည်သူမျှ ရှင်းလင်းမပြသေးသောကြောင့် သူကိုယ်တိုင်လည်း ယနေ့ ထိ ဘာရောဂါမှန်း သေချာ မသိ သေးပါကြောင်းသာ အဖြေရသည် ။သူ့ လည်ပင်းမှာ လည်း ပြည်ရည်စိုရွှဲနေသော gauze တစ အုပ်ထားသည် ။ညာဘက် လည်ပင်းရှိ အကြိတ် တခုကို အသားစ ယူပြီး စစ်ဆေးထားခြင်း မှ အနာမကျက်ပဲ ပြည်ရည်ထွက်နေခြင်းပါပေ ။ ခွဲထားသည်မှာ ၁ လခန့် ရှိနေလေပြီ ။ ဒီတော့ ဆီးချိုများရှိနေသလား ၊ တီဘီ အကျိတ်လား ။ တီဘီဆိုလျှင် သိန်း၁၂၀ လောက်တော့ မကုန်နိုင်တာမို့  ကင်ဆာ အကျိတ် တခုခုတော့ ဖြစ်လေမည် ။ သိန်း ၁၂၀ ကုန်ပြီးလျှင် ဥစ္စာပျောက်မည်လား ၊ အသက်ပျောက်မည်လား ၊ ဘာပျောက် မည်လည်း ဆိုတာတော့ ကံကြမ္မာအတိုင်းသာ ထားရပါတော့မည် ။
“စရိတ်မျှပေး ”ဆိုသည်ကို စပ်စုစွာ မေးမြန်းမိသေးသည် ။ လူနာတဦးက ပြောသည်မှာ တဝက်သော စရိတ် ကိုပေးရပါသည် တဲ့ ။ ဒီတော့ ဆေးရုံတွင်တာဝန်ထမ်းနေသော သူငယ်ချင်း ဆရာဝန်တယောက်ကိုမေးကြည့်မိသည် ၊ တတ်နိုင်သူများ တတ်နိုင်သလောက် အလှူငွေ ထည့်ကြပြီး ထိုငွေများထဲမှ ချို့တဲ့သူများ အတွက် လိုအပ်သည့် ဆေးဝါးများ ပြန်လည် ဝယ်ယူကာ သုံးစွဲပေးနေကြပါသည် တဲ့ ။တခါတရံ ရန်ပုံငွေ မလုံလောက်သည့်အခါများတွင်တော့ သူတို့  ဆရာဝန်များ အိတ်စိုက် ကာ ကုသပေးကြရပါသည် တဲ့ ။ ဒီလိုဆိုတော့လည်း အိတ်စိုက် ဆရာဝန်များဘဝက သနားစဖွယ်ပင် ။ အိတ်လိုက်နှိုက်နေနိုင်ကြသော ဆရာဝန်ကြီးများ ကိုယ်ချင်းစာနိုင်ကြပါစေ ဟုမဆီမဆိုင် ဆုတောင်းမိလိုက်ပါသည် ။
ဒီတော့ ယနေ့ ခေတ် ရွှေပြည်ကြီးမှ လူနာများနှင့် ပါတ်သက်၍ ကောက်ချက်တခု ချမိလိုက်သည် ။
-အလွန့်အလွန် တတ်နိုင်ကြသူများ တော်ရုံ နေထိုင်မကောင်းလျှင်ပင် နိုင်ငံရပ်ခြားသို့ သွားရောက်၍ အချိန်မှန်စစ်ဆေးခြင်း နှင့် ဆေးကုသခြင်ုး ခံယူကြသည် ။
-အတော်အတန် တတ်နိုင်သူများ ရောဂါ ပြင်းထန်ပါက နိုင်ငံရပ်ခြားသို့ သွားရောက်၍ ဆေးကုသမှု ခံယူကြပြီး တော်ရုံရောဂါများကို ပြင်ပ ပုဂ္ဂလိက အထူးကုဆေးရုံကြီးများ ဆေးခန်းကြီးများတွင် ကုသမှု ခံယူကြသည် ။
-တော်ရုံ တတ်နိုင်သူများ နှင့် အနည်းငယ် တတ်နိုင်သူများ ရောဂါ ပြင်းထန်ပါက ပြင်ပ ပုဂ္ဂလိက အထူးကုဆေးရုံကြီးများ ဆေးခန်းကြီးများတွင် ကုသမှု ခံယူကြပြီး တော်ရုံရောဂါများကို ပြည်သူ့ ဆေးရုံ ၊ဆေးပေးခန်းများတွင် ကုသမှု ခံယူကြသည် ။
-မတတ်နိုင်သူများ ရောဂါ ပြင်းထန်လျှင်ရော ၊တော်ရုံရောဂါများကိုပါ ပြည်သူ့ ဆေးရုံ များတွင် ကုသမှု ခံယူကြသည် ။
-အလွန့် အလွန် နှင့် လုံးဝ မတတ်နိုင်သူများ တော်ရုံရောဂါများကို ဆေးမြီးတိုဖြင့် ကုသပြီး ရောဂါ ပြင်းထန်လျှင် ပြည်သူ့ ဆေးရုံ များတွင် ကုသမှု ခံယူကြသူများရှိသကဲ့သို့  အသက်ပျောက်မည့် အတူတူ ပိုက်ဆံပါပျောက်မည့် အရာကို ရှောင်လွှဲပြီး အသက်အသေခံနေကြသူများလည်း ရှိနေကြပါသည် ။ စရိတ်မျှမပေးနိုင်တော့ အသက်သာ မျှပေးနေကြရပါတော့သည် ။
ဤသည်တို့ မှာ ယနေ့ မျက်မှောက် ရွှေပြည်ကြီး၏ ပြည်သူ့  ဆေးရုံကြီးတွင် နာရီပိုင်းလေးအတွင်း မြင်မိ ကြားမိ ကြုံတွေ့ မိ၊ ခံစားမိ သည်များကို ဖေါက်သည်ချလိုက်ခြင်းသာ ဖြစ်ပါသည် ။ နှစ်ပေါင်းများစွာ ဆိုလျှင်တော့ ဘဝပေါင်းများစွာရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်ပေါင်းများစွာ ရှိနေမည်မှာ အမှန်ပင် ဖြစ်ပါတော့သည် ။
ခြင်ဆိုတာ ကောင်းကျိုးမပေး ၊ ရွှေပြည်ကြီးမှာ မိုးတွင်းအခါသမယ ခြင်နှင့် ယင်များ နှိပ်စက်မှုကြောင့် သွေးလွန်တုပ်ကွေး ၊ ဝမ်းလျှော ဝမ်းပျက် ရောဂါတွေ ပိုများလာလေ့ရှိသည်ကို အားလုံးအသိပင် ။ ဒီတော့ ခြင်နှိမ်နင်းရေး တွေ လုပ်ကြသည် ။ ခြင်ရဲ့  ဘဝအစ ပိုးလောက်လန်းတစ်ကောင် ငွေတစ်ထောင် ဆိုပြီး ဒါဏ်ရိုက်သည် ဟူ၍ဂျာနယ်တစောင်မှာ ရေးသားထားသည် ဆိုတာကို ဒီဗီဘီမှ တင်ပြသွားလေသည် ။ အဆိုပါ ခြင် နှိမ်နင်းရေးအတွက် မဟာဗျူဟာကြီး တခုပါပေ ။ ကျန်းမာရေးပညာပေးတာ မရလို့ ဥာဏ်ကြီးရှင်များက ရွှေဥာဏ်တော် စူးရောက်ကာ ဒီဗျူဟာကြီး ချမှတ်လုပ်ဆောင်ရလေသည်လား မသိ ။ ဘာပဲ ဖြစ်ဖြစ် ခြင်တွေရဲ့ ဆိုးကျိုးပေးမှုကို အားလုံးနားလည်လာကြလေသည်ကိုတော့ ငြင်းမရ ။ထို့ အတူပင် ခြင်ဆေးခွေ ထုတ်လုပ်သူများ အတွက်တော့ ဤခြင်တွေ ကမ္ဘာလောကကြီးမှ ပျောက်ကွယ် မသွားမခြင်း ခြင်ကိုမှီ၍ စီးပွားဖြစ်နေအုံးမည် ဆိုတာကိုလည်း ငြင်းမရ ။ ထားပါတော့ ကောင်းကျိုးမပြု တဲ့ ဒီ ခြင်များ အကြောင်း ။ ...
ယခု ပြောချင်သည့် ပြောပြမည့် “ ခြင် ” ဆိုသည်မှာတော့ တခြားမည်သူ့ ကို ကောင်းကျိုး ပြု ၊ မပြု ကျွန်ုပ် မသိ ။ ကျွန်ုပ် အတွက်မတော့ ချစ်မိတ်ဆွေကြီးပင် ဖြစ်လေတော့သည် ။ အဝေးတနေရာစီ ရောက်နေကြသော ကျွန်ုပ် နှင့် ခြင်တကောင်တို့  လေလှိုင်းတွင် မိတ်ဆွေ ဖြစ်ခဲ့ရသည်မှာ ဤဘလော့လေး မှာစပြီး မတောက်တခေါက်စာများကို တောင်ခြစ် မြောက်ခြစ် ခြစ်ရင်း ရေးရင်းဖြင့် ချစ်မိတ်ဆွေကြီး ဖြစ်ခဲ့ ရပေသည်။ ထို့ နောက် မှာတော့ အဆင်မပြေမှုများ တွေ့ ကြုံရတိုင်း ၊ စိတ်ညစ်စရာ အကြောင်းများ ဖြစ်ပေါ်ရတိုင်း သူ့ အကြောင်း ကိုယ့်အကြောင်း ၊ အပြန်အလှန်ရင်ဖွင့်ကြသည် ။ပြောမနာ ဆိုမနာ ဖြစ်ကြသည် အထိ ရင်းနှီးသွားခဲ့ကြလေသည် ။ အကျွန်ုပ် ရွှေပြည်ကြီးသို့  ပြန်ရောက်အပြီး ဆက်လက် ရေးသားခဲ့သော ဤဘလော့စာတိုပေစ ပေါက်ကရများကိုလည်း ချစ်စဖွယ် ခြင်၏အကူအညီဖြင့် ဘလော့စာမျက်နှာပေါ်သို့  တင်ပို့ ခဲ့ရလေသည် ။ အကျွန်ုပ် ခမျာမတော့ လိပ်နှုန်းဖြင့်ပြေးနေသော အိမ်သာနတ်ကြီးအား ဦးမချခဲ့သဖြင့် အခြား ဘလော့စပေါ့များကိုလည်း မဝင်နိုင် ၊ မလည်နိုင်ဖြင့် ချစ်သော ဘလော့မိတ်ဆွေများနှင့် အဆက်ပြတ်နေခဲ့ရသည်မှာ ၂ လပင် ကျော်လွန်ခဲ့လေပြီ ။
ခြင့် အပြင် မျောက်အကြောင်း လည်း ပြော ရဦးမည် ။ ကျွန်ုပ်၏ “မျောက် ”မှာ စိန်မျောက်မျောက်တို့  ၊ မျောက်မူးလဲ တို့  ဆိုပြီး ကောင်းချီးသြဘာ ပေးခံနေရသော မျောက် လောင်း လေး ( ယခုတော့ မျောက်နာလေး) အကြောင်းတော့မဟုတ် ။ အကျွန်ုပ်သည် မျောက် မဟုတ်ပေမဲ့ မျောက် ကို ချစ် သည် ။ ငယ်စဉ် အခါတည်းက မျောက်ရှုံးအောင် ဆော့ခဲ့သည် ။ သို့ ပေကြောင့်လားမသိ ၊ မျောက် သွေးပါသော ကျွန်ုပ် မှာ မျောက်ကိုက်ခြင်းရော မျောက်ကုတ်ခြင်းပါ ခံခဲ့ရဖူးသည် ။ မဟာရန်ကုန်ရှိ တိရစ္ဆာန်ရုံ မျောက်ရွာ ထဲ မှ ပါတ်ပါတ်လည် မှာ ကျွင်းကြီးသဖွယ် ပြုလုပ်ကာ ခြားထားသော စည်းရိုးပေါ်ထိ တက်ထိုင်ကာ ခြေတွဲလောင်းချ လှုပ်ရွနေသော အကျွန်ုပ်ထံ မျောက်တစ်ကောင် ခုန်ကျော်ပြီး ခြေထောက် ကို ကိုက် ၊ ကုတ်ခြစ် ကာ လွတ်ထွက်သွားသောကြောင့် အနီးရှိ လူအများ အထိတ်တလန့်  ဖြစ်ခဲ့ရသော မြင်ကွင်းအား ယနေ့ ထိ အမှတ်ရနေဆဲပင်ဖြစ်လေသည် ။ ထို့  အပြင် ကလေးဘဝ ပုပ္ပါးတောင် တက်ခဲ့ကြစဉ်က လည်း မျောက်များကို အစာကျွေးနေစဉ် အစလွန်သွားသဖြင့် အဆိုပါမျောက်များထဲမှ မျောက်မကြီးတကောင်၏ ကုတ်ခြစ်ခြင်းကို ခံခဲ့ရဖူးလေသည် ။ ဤသည်မှာ ကျွန်ုပ် နှင့် မျောက် များ၏ ရှေးရေစက် အကြောင်းများ ဖြစ်ပါသည် ။ မျောက်ကိုက်လျှင် ရွှေချ ဟုပြောကြသည်မှာ ဘာကြောင့်မှန်းတော့မသိ ။ ရွှေတော့ မချဖူးခဲ့ ၊ ထို့ ကြောင့် ယခု အချိန်မှာ ငရွှေ၏ ထု နှက် မှုများ ခံနေရလေသည်လား ဟု ဤစာရေးနေရင်း မဆီမဆိုင် တွေးမိ လိုက်သေးသည် ။ဤသည်ကား အကျွန်ုပ် မျောက်အကြောင်း တစွန်းတစပင်ဖြစ်လေသည် ။
မဟာ ခြင်တကောင် စလုံးမှ ပျံ(ပြန်) လာသည် ။ သူ့ မှာ အတောင်ပံ ရှိပေမဲ့ ဝေးဝေးပျံလို့  မရတာ မို့  လပျံ ( လေယာဉ်ပျံ ) ကြီးစီးကာ ဝေဟင်ခရီးဖြင့် အမိရွှေမြို့ တော်သို့ ပျံလာသည် ။ ရွှေပြည်ကြီးမှာ ၁၀ ရက် ကြာ နေသွားတဲ့ ခြင်တကောင် ၊ ခြင်တွေ အကိုက်ခံရတာ ၁၀ဘုမက ထွက်သွားသည် ။ ဘာပဲ ပြောပြော ခြင်နှင့် မျောက်တို့  ရွှေပြည်ကြီးတွင် တွေ့ ဆုံ ခဲ့ကြသည် ။ မိတ်ဟောင်း ဆွေဟောင်း ငယ်ပေါင်း များသဖွယ် ပြောမဆုံးပေါင် တောသုံးထောင် မက တောပေါင်းများစွာ အကြောင်းအရာ ပေါင်းများစွာ ပြောဖြစ်ကြသည် ။ မျောက် ၏ မာတာမိခင်ကြီး ဆေးရုံတက်နေရသည့်  ကာလအတွင်းမှာ ပင် ၊ ညဘက် ဆေးရုံမှာ လူနာ စောင့် တာဝန် ယူအပြီး နေ့ ဘက်မှာ ခြင် နှင့် မျောက်တို့  တွေ့ ကြ ၊ ပြောကြ ၊ပြောင်ကြ၊ သွားကြ ၊ စားကြ ဖြင့် ၁၀ ရက်တာ အချိန်များ လျှင်မြန်စွာ ကုန်ဆုံး ခဲ့ရလေသည် ။
ထူးဆန်းသော ခြင်က မျောက် အကြိုက်များကို သိနေသလို ၊ မျောက်ကလည်း ခြင့်စရိုက်များကို ထူးခြားစွာ သိနေလေသည် ။ ပျော်တတ်သော ခြင် နှင့် လောင်တတ်သော မျောက် တို့  တနေ့  တနေ့  ပါးညောင်းမတတ် ပြော လိုက်ကြသည့် စကားများက ရေပက်မဝင်။ သတင်းရော အတင်းပါ စုံလင်လှသည် ။များမကြာမီက ဟော့တ်နယူးစ် ဖြစ်ခဲ့သော ဘုန်းကြီးတစ်ယောက်( တစ်ပါး) အကြောင်း ကို ကြားလိုက်ရတော့ လောကကြီး နှင့် အဆက်ပြတ်နေတာ ကြာပြီဖြစ်သော မျောက်တကောင် နှင့်ခြင်တို့ မျက်လုံးရော မျက်ဆန်ပါ ပြူးသွားခဲ့သေးသည်။ဪ...အွန်လိုင်းပေါ်မှာ ဒါမျိုးလည်း ဖြစ်တတ်သေးသည်ကိုး။ ကဲ..သူများအကြောင်းပြောလျှင် အပြစ်တင်ခံနေရမည် စိုးသဖြင့် ကိုယ့်အကြောင်းကိုယ် ဆက်ပြောပါမည်။
မနက် စောစော ကျီးမနိုးမှီ ခြင် နှင့် မျောက်တို့  နိုး နေလေ့ ရှိပြီး ၊ နေမထွက်မှီပင် ခြင် နှင့် မျောက်တို့  အပြင်ထွက်နေခဲ့ကြသည် ။ အင်းယားကန်ဘောင်ပေါ်တွင် ကို့ ယို့ ကားယား ပြေးလွှားရင်းဖြင့်လည်း တော်ကီပွားတတ်ကြသေးသည် ။ မိုးရွာနေလျှင်တောင်မှ ထီးဆောင်းရင်း အပြေးတဝက် လမ်းလျှောက်ဖြစ်ကြသေးသည် ။ အား-က-စား ဆိုတော့ လည်း အားတာနဲ့ စား လိုက်ကြပုံများ ပေါင်ချိန်(စက်)တောင် ပျက်သွားပြီလားဟု ထင်နိုင်လောက်သည် ။ မျောက် တကောင်မှာ ဝိတ်မကျသည့် အပြင် တိုး လာသည့် အတွက် ပေါင်ချိန်စက် ကိုပင် အထင်လွဲမိပေတော့သည် ။ ခြင်ခမြာ မတော့ ရာသီဥတု အပြောင်းအလဲကြောင့် တုပ်ကွေးချင်သလိုလို ဖြင့် မျက်နှာချောင်သွားလေသည် ။သို့ ပေမဲ့ အကိုက်မပျက် ခဲ့။ အရိုး ကို ဆိုလိုသည် ။ ( ပွင့်သစ်ဆန်းမှာ ခြင်က နံပြားနှင့် ဆိတ်ရိုးစွတ်ပြုတ် ကိုက်သကဲ့သို့  မျောက်အကြိုက်ဝါးတာကတော့ ကီးမားပလာတာ ဖြစ်လေသည် ။ လဖက်ရည်ကြိုက်တာချင်းလည်း တူကြသည် ။ အဆိုပါ ၂၄ နာရီ ဖွင့်သော စားသောက်ဆိုင်တွင် အင်တာနက်လည်း အလကားသုံးနိုင်သဖြင့် ခြင် နှင့် မျောက်တို့  အတွက် အဆင်ပြေလှသည်။ ကြော်ငြာခ မယူပဲ ကြော်ငြာပေးလိုက်ခြင်း ဖြစ်သည် ။ ) တရက်မှာတော့ အား-က-စား အပြီး ဘုရားတက်ကြသည် ။ ဘောင်းဘီတိုကိုယ်စီနှင့် သရုပ်ပျက် လှသဖြင့် ရွှေတိဂုံ ဘုရားကြီးရင်ပြင်ပေါ်သို့  မတက်ချင် ။ ဂေါ်ဒွင်လမ်းရှိ ရှေးဟောင်းစေတီလေးဆီသို့ သာ သွားရောက်ဖူးမျှော်ခဲ့ရသည် ။ထိုစေတီလေးမှာ လူသူရှင်းသည့် အတွက် ခြင်နှင့်မျောက်တို့  စိတ်အေးချမ်းစွာဖြင့် ၊ ဘုရားလည်းဖူး လိပ်ဥလည်းတူး ... (ဆောရီး ယောင်လို့  ... မရွှေစင် ရဲ့ ဆောရီး ဖက်ရှင် ကို အားကျ၍ ) ကုသိုလ်ယူခဲ့ကြပါသည် ။ ခြင်မပြန်မီ တရက် ၊ 1 Two 4 ဆိုင်မှာ ဘိုက်ကလေး တည်ခင်းသော ညစာ မှ အစားနှင့်အသောက်များကိုလည်း မျောက်တကောင် မမေ့နိုင်ပါ ။
ခြင်ရဲ့ မျောက်အတွက် အမှတ်တရ လက်ဆောင်လေးကို အမှတ်ရနေအောင် ကြွားလိုက်ပါသည် ။ အောက်ပါပုံ တွင် ရှုစားနိုင်ပါသည်။
ခြင့်အတွက် အမှတ်တရ စကားများလည်း ပြောပြချင်ပါသည် ။
ကျေးဇူးတင်ပါတယ် သူငယ်ချင်း ခြင် ရေ ။ နင့် ရဲ့ ချစ် စဖွယ် မျောက်ရုပ်လေး အတွက် ရော ။ ရယ်စရာ ပျော်စရာ အချိန်လေးများ အတွက်ရောပေါ့ ...၊
မပြောဖြစ်လိုက်တဲ့ ကျေးဇူး စကားများကို ရင်ထဲမှာ ပြောဆိုရင်း အမှတ်တရ ရေးဖွဲ့  လိုက်ပါသည် ။ နောင်လည်း ဒီလို ပျော်စရာ အခြေအနေလေးများ ထပ်မံကြုံတွေ့ ရနိုင်ပါစေ လို့  ....
ခြင့် အကြောင်း အသေးစိတ် သိလိုပါက ဤနေရာတွင် စုံစမ်းနိုင်ပါသည် ။
သူငယ်ချင်းသို့ အမှတ်တရ ရေးထားခြင်းသာ ဖြစ်သည့်အတွက် မည်သည့် ရသ နှင့် ဗဟုသုတ မှ ပေးစွမ်းနိုင်ခြင်းမရှိသော စာတပိုဒ်ပင် ဖြစ်ကြောင်း ဝန်ခံ ပါသည် ။း))



